← Chapters

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း(121)

ယောင်ပင်းကို တောင်းပန်ပြီးနောက် လျို့ချင်းက အင်္ကျီရှည်ဝတ် အမျိုးသမီးအား အေးစက်စွာ အမိန့်ပေးလိုက်သည်။ အမျိုးသမီးကလည်း လင်ဗန်းကို ကိုင်ဆောင်ကာ အကုသိုလ်ဖော်မှန်ကို လျို့ချင်းထံ ပေးအပ်လိုက်၏။

လျို့ချင်းက အကုသိုလ်ဖော်မှန်ကို လက်ထဲတွင် ကိုင်ထားပြီး အနည်းငယ် လှည့်ကြည့်ကာ ရှင်းပြလိုက်သည် ။

“ကျွန်တော်က အကုသိုလ်ဖော်မှန်အကြောင်းကို သခင်လေးယောင်လောက် မသိပေမဲ့ ဒါက မစင်ကြယ်တဲ့ အရာတွေကို သိနိုင်စွမ်းရှိတယ်ဆိုတာတော့ ကျွန်တော် သိပါတယ်၊

ဒီမှော်ရတနာကို ကိုယ့်ဘေးမှာ ထားခြင်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်လို့ သတ်မှတ်လို့ ရတယ်၊ ဒါကိုတော့ အတုလို့ သတ်မှတ်လို့ မရဘူး မဟုတ်ဘူးလား”

ဂျောက်... ဂျောက်...

လျို့ချင်း စကားဆုံးသည်နှင့် အကုသိုလ်ဖော်မှန်၏ ပတ်လည်မှ စက်ကိရိယာ တစ်ခုခု လည်ပတ်နေသည့် အသံမျိုး ထွက်ပေါ်လာသည်။

လျို့ချင်းနှင့် နီးကပ်နေသူ တချို့မှာ အကုသိုလ်ဖော်မှန် ပတ်လည်ရှိ ပန်းလက်ရာများမှာ ဖြည်းဖြည်းချင်း လည်ပတ်နေသည်ကို မြင်လိုက်ရ၏။

နောက်ဆုံးတွင် ထိုပန်းလက်ရာများမှာ ရွှေနဂါးပုံသဏ္ဌာန် ဖြစ်ပေါ်လာပြီး အစ်ကိုထောင်၏ နောက်ကွယ်မှ သန်မာသော လူကြီးတစ်ဦးထံသို့ ဖြည်းဖြည်းချင်း ချိန်ရွယ်လိုက်လေသည်။

“ပြောစမ်း... မင်း ဒီနောက်ပိုင်းမှာ ထူးထူးဆန်းဆန်း အရာတွေနဲ့ တွေ့ခဲ့ရတာ ရှိလား”

လျို့ချင်းက အစ်ကိုထောင်ကို မျက်စိတစ်ချက် ပစ်ပြလိုက်ရာ အစ်ကိုထောင်က ထိုသူကို ချက်ချင်းပင် တင်းမာစွာ မေးမြန်းလေတော့သည်။

“ကျွန်တော်... ကျွန်တော်... ကျွန်တော်”

ထိုသူမှာ တုန်ရင်နေပြီး ပြောလာ၏။

“ကျွန်တော် ခဏခဏ... ညစ်ညမ်းတဲ့အိပ်မက်တွေ မက်နေတာ... အဲဒါက... အဲဒါက ထူးဆန်းတယ်လို့ ပြောလို့ရလား”

ဝုန်း...

ခန်းမအတွင်းရှိ လူတိုင်းမှာ တဟားဟား ရယ်မောလိုက်ကြတော့သည်။

လူအုပ်ကြီး:

“ဒါက ကောင်းတဲ့အရာပဲလေ၊ ဘယ်လိုလုပ် ထူးဆန်းတယ်လို့ ပြောလို့ရမှာလဲ”

“မင်းက ညတိုင်း ပါတီတက်နေတာဆိုတော့ အပြင်လောကနဲ့ အိပ်မက်ကိုတောင် ခွဲမရတော့တာ မဟုတ်ဘူးလား”

အစ်ကိုထောင်သည်လည်း အရှက်ရသွားသဖြင့် ထိုသူ၏ ခေါင်းကို ရိုက်လိုက်သည်။

“သေစမ်း၊ မင်းဘာတွေ လျှောက်ပြောနေတာလဲ.. သေချာပြန်စဉ်းစားစမ်း၊ တခြား ထူးဆန်းတာ ဘာရှိသေးလဲ”

ထိုသူက သူ၏ ခေါင်းကို ပွတ်ရင်း အပြစ်ကင်းသည့်ပုံဖြင့်ပြောလာ၏။

“အစ်ကိုထောင်... တစ်ခါနှစ်ခါ မက်တာကတော့ အိပ်မက်ကောင်းပေါ့၊ ဒါပေမဲ့ ကျွန်တော်က နေ့တိုင်း မက်နေတာလေ၊ နေ့တိုင်း အဲဒါကြီးကို လုပ်နေရတာ ကျွန်တော့်ကို သတ်နေတာပဲ

အခုဆို ကျွန်တော် လမ်းလျှောက်ရင်တောင် ခြေထောက်တွေ မခိုင်ချင်တော့ဘူး... အစ်ကိုထောင် ကြည့်ပါဦး၊ ကျွန်တော့် မျက်ကွင်းတွေလည်း ညိုနေပြီ”

ထိုသူ ပြောလေလေ၊ လှောင်ပြောင်သံများမှာ နည်းပါးသွားလေလေ ဖြစ်ပေသည်။ တကယ်ပင် ထိုသူမှာ ဖြူလျော်နေပြီး မျက်ကွင်းများမှာလည်း အကြီးအကျယ် ညိုနေကာ အားအင်ကုန်ခမ်းပြီး အိပ်ရေးမဝသည့် ပုံစံမျိုး ပေါက်နေပေသည်။

ထိုသူ၏ အသွင်အပြင်ကို မြင်လိုက်ရပြီးနောက် ပတ်ဝန်းကျင်ရှိ လူများ၏ မျက်နှာမှာ တဖြည်းဖြည်း တည်ကြည်လာကြ၏။

လျို့ချင်းကအေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“အဲဒါပဲပေါ့”

ထိုသို့ပြောပြီးနောက် သူသည် အကုသိုလ်ဖော်မှန်ပေါ်ရှိ ရွှေနဂါးခေါင်းကို နှိပ်လိုက်လေသည်။

ချက်ချင်းပင် အကုသိုလ်ဖော်မှန်၏ အလယ်ရှိ ကြေးမှန်ပေါ်တွင် အရိပ်တစ်ခု ပေါ်ပေါက်လာချေပြီ။

ထို့နောက် အနက်ရောင် မီးခိုးတန်း တစ်ခုသည် နဂါးခေါင်းဆီမှ လျင်မြန်စွာ ထွက်ခွာသွားပြီး ထိုသူထံသို့ ပြေးဝင်သွားတော့သည်။

“အား”

ထိုသူက အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ ယိမ်းထိုးသွားကာ ကြမ်းပြင်ပေါ်သို့ ဝုန်းကနဲ လဲကျသွားတော့သည်။ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်ထဲမှ အနက်ရောင် အရိပ်တစ်ခုက တဖြည်းဖြည်း ထွက်ပေါ်လာပြီး သူ့ကိုယ်ပေါ်တွင် တွယ်ကပ်နေချေ၏။

ရောက်ရှိနေသူ အားလုံးမှာ ဤအရိပ်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသဖြင့် သူတို့၏ မျက်နှာတွင် အံ့ဩခြင်းနှင့် သံသယများ ပြည့်နှက်သွားတော့သည်။

ထိုအနက်ရောင် မီးခိုးတန်းမှာ ထိုသူထံသို့ ရောက်သည်နှင့် ရုတ်တရက် လက်ကြီးတစ်ဖက်အဖြစ် ပြောင်းလဲသွားပြီး သူ၏ကိုယ်ပေါ်ရှိ အရိပ်ကို ဖမ်းဆွဲကာ အားဖြင့် ဆွဲထုတ်လိုက်လေတော့သည်။

“အား”

စူးရှသော အော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။ လူတိုင်းမှာ အံ့ဩတုန်လှုပ်စွာ ကြည့်လိုက်သောအခါ ထိုသူ့အပေါ် ပူးကပ်နေသော အနက်ရောင်အရိပ်မှာ ချက်ချင်းပင် လုံးထွေးသွားကာ အော်ဟစ်နေခြင်း ဖြစ်ပေသည်။

အော်ဟစ်သံများထွက်လာသည်နှင့် ထိုအနက်ရောင် မီးခိုးတန်းမှာ လက်ကြီးအဖြစ်မှ ကြီးမားသော ပါးစပ်ကြီးအဖြစ် ပြောင်းလဲသွားကာ ထိုအရိပ်ကို တစ်ကိုယ်လုံး ဝါးမြိုလိုက်လေတော့သည်။

“အား”

အော်ဟစ်သံမှာ ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားချေပြီ။

အရိပ်ကို ဝါးမြိုပြီးနောက် အနက်ရောင် မီးခိုးတန်းမှာ ပတ်ချာလည် လှည့်သွားပြီး အကုသိုလ်ဖော်မှန်ထဲသို့ ပြန်လည် ဝင်ရောက်သွားတော့သည်။

ဂျောက်... ဂျောက်...

မီးခိုးတန်း ပြန်ဝင်သွားပြီးနောက် မှန်၏ ပတ်လည်မှ အသံများ ထွက်ပေါ်လာပြန်သည်။ အကုသိုလ်ဖော်မှန် ပတ်လည်ရှိ ပန်းလက်ရာများမှာ တဖြည်းဖြည်း လည်ပတ်သွားပြီး မူလအခြေအနေသို့ ပြန်ရောက်သွားချေပြီ။

အကုသိုလ်ဖော်မှန်မှာ မူလအတိုင်း ပြန်ဖြစ်သွားသည်နှင့် ကြမ်းပြင်ပေါ်တွင် လဲကျနေသော ထိုသူမှာ ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး ယိုင်တိယိုင်ထိုင်ဖြင့် မတ်တပ်ရပ်ကာ နားမလည်နိုင်သော ပုံစံဖြင့် မေးလိုက်သည်။

“ခုနက ဘာဖြစ်သွားတာလဲ ကျွန်တော် ဘယ်လိုလုပ် ကြမ်းပြင်ပေါ် ရောက်နေရတာလဲ”

သူသည် မည်သည့်အရာများဖြစ်သွားသည်ကို လုံးဝ မသိလိုက်ပုံရ၏။ ခန်းမအတွင်းရှိ လူအုပ်ကြီးမှာ မယုံနိုင်စရာဖြစ်ရပ်ကို စိုက်ကြည့်နေမိကြသည်။

အချိန်အတော်ကြာအောင် တိတ်ဆိတ်မှုက လွှမ်းမိုးသွားခဲ့လေ၏။ ရုတ်တရက် တစ်စုံတစ်ယောက်က မေးမြန်းလိုက်သည်။

“မစ္စတာလျို့... ခင်ဗျား ဒီအကုသိုလ်ဖော်မှန်အတွက် ဘယ်လောက်အထိ ပေးချေလိုစိတ် ရှိသလဲဆိုတာ ကျွန်တော် မေးလို့ ရမလား”

လူတိုင်း လှည့်ကြည့်လိုက်သောအခါ ထိုသို့ မေးလိုက်သူမှာ ကျဲ့ကျန်း အရှေ့ပိုင်းမှ သြဇာကြီးသူ တစ်ဦးဖြစ်သော ဟောင်ထျန်းချိုင်ပင် ဖြစ်နေတော့သည်။ ဟောင်ထျန်းချိုင်မှာ ကျဲ့ကျန်း အရှေ့ပိုင်းတွင် အချမ်းသာဆုံး သူဌေးကြီး မဟုတ်သော်လည်း အကျော်ကြားဆုံး ရှေးဟောင်းပစ္စည်း စုဆောင်းသူ ဖြစ်လေသည်။

သူ၏ ကိုယ်ပိုင် စုဆောင်းထားသော ပစ္စည်းတချို့မှာပင် နက္ခတ်ဗေဒင် ကိန်းဂဏန်းများဖြင့် တန်ဖိုးဖြတ်ခြင်း ခံထားရသည်ဟု ဆိုကြသည်။

ထို့ကြောင့် ဟောင်ထျန်းချိုင် စကားပြောလိုက်သည်နှင့် ဂိုဏ်းစတားကြီးများမှာ တစ်ဖန် စိတ်ဝင်စားလာကြပြန်သည်။

အကယ်၍ အကုသိုလ်ဖော်မှန်သည်က ယောင်ပင်း ပြောသကဲ့သို့ အံ့ဖွယ် မဟုတ်ခဲ့လျှင်ပင် ၎င်း၏ တစ္ဆေများကို ဝါးမြိုနိုင်သည့် စွမ်းရည်မှာ သူတို့ကို မနာလို ဖြစ်စေရန် လုံလောက်သည်။

“ဟုတ်တယ်၊ ဟုတ်တယ်၊ မစ္စတာလျို့... ဈေးနှုန်းကို ပြောလိုက်စမ်းပါ”

“ဒါကို ကျွန်တော် အရင် ပြောတာနော်၊ ကြားဖြတ် မလုပ်ကြနဲ့ဦး”

“မစ္စတာဟောင် ပြောတာကို ကြည့်ပါဦး၊ အရေးကြီးတာက ခင်ဗျားမှာ ပေးနိုင်တဲ့ ပိုက်ဆံ ရှိမရှိပဲလေ ၊ မစ္စတာလျို့ ပြောတာ မကြားလိုက်ဘူးလား သူတောင် သန်းပေါင်းများစွာ ပေးခဲ့ရတာ၊ တကယ်လိုဝ မစ္စတာလျို့သာ ဒါကို လက်လွှဲပေးချင်တယ်ဆိုရင် ဒါက သန်းပေါင်းများစွာထက် ပိုပြီး တန်ဖိုးရှိမှာပဲ”

…

ခဏချင်းမှာပင် အေးစက်စက် ကြည့်နေခဲ့ကြသော ဂိုဏ်းစတားကြီးများမှာ ရုတ်တရက် စကားများ ဖောင်းပွလာပြီး လျို့ချင်းထံမှ အကုသိုလ်ဖော်မှန်ကို ဈေးကြီးပေး၍ ဝယ်ယူလိုကြတော့သည်။ ယောင်ပင်း တစ်ဦးတည်းသာ တည်ငြိမ်နေပြီး မည်သည့် လှုပ်ရှားမှုမျှ မရှိပေ။

ဤသည်ကို မြင်သောအခါ ဂိုဏ်းခေါင်းဆောင်က သူ၏ အသံအမြင့်ဆုံးဖြင့် အော်ဟစ်လိုက်သည်။

“သခင်လေးယောင်... မင်း ဒီအကြောင်းကို သိတယ်မလား၊ တစ်ချက်လောက် ကြည့်ပေးပြီး ဒါက တန်ဖိုးရှိမရှိ ငါ့ကို ပြောပြပါဦး၊ တကယ်လို့ တကယ် တန်ဖိုးရှိတယ်ဆိုရင် ငါ ဂိုဏ်းခေါင်းဆောင်ကတော့ ဒါကို လွယ်လွယ်နဲ့ လက်လွှတ်မှာ မဟုတ်ဘူး”

စကားတစ်ခွန်းတည်းဖြင့် ဂိုဏ်းခေါင်းဆောင်က ယောင်ပင်းကို လူတိုင်း၏ အာရုံစိုက်မှုအောက်သို့ ထပ်မံ တွန်းပို့လိုက်ပြန်ချေပြီ။ ဂိုဏ်းခေါင်းဆောင်၏ အသံမှာ အလွန်ကျယ်လောင်လှသဖြင့် သူ၏ စကားကြောင့် ဂိုဏ်းစတားကြီးများ၏ အာရုံမှာ ယောင်ပင်းထံသို့ ချက်ချင်း ရောက်ရှိသွားတော့သည်။

လျို့ချင်းကတော့ လှောင်ပြုံး ပြုံးလိုက်၏။ ယခုအခါ ရောက်ရှိနေသူ အားလုံးမှာ အကုသိုလ်ဖော်မှန်၏ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရပြီ ဖြစ်သဖြင့် ယောင်ပင်းအနေဖြင့် မည်သို့ဆက်ပြောဦးမည်ကို သူ ကြည့်ချင်နေမိသည်။

ဂိုဏ်းခေါင်းဆောင်က လျို့ချင်းအား အမြင်ကတ်သောကြောင့် စကားစလိုက်ခြင်းမှာ ယောင်ပင်းအတွက် အလွန်ခက်ခဲသော ပြဿနာကြီးတစ်ခုကို ပစ်ပေးလိုက်သကဲ့သို့ ဖြစ်သွားချေ၏။

လျို့ချင်းအပါအဝင် ခန်းမဆောင်အတွင်းရှိ ဂိုဏ်းစတားကြီးများအားလုံး၏ အာရုံမှာ ယောင်ပင်းထံသို့ ရောက်ရှိသွားကြသည်။

အခြားသော ဂိုဏ်းစတားကြီးများမှာ အကုသိုလ်ဖော်မှန်အပေါ် ယောင်ပင်း၏ အကဲဖြတ်ချက်ကို စောင့်ဆိုင်းနေကြပေသည်။ မည်သို့ပင်ဆိုစေ ယောင်ပင်းသည်က ငယ်ရွယ်သော်လည်း ဤအရာနှင့်ပတ်သက်၍ အတော်ပင် ကျွမ်းကျင်ပုံရချေသည်။

အကယ်၍ သူသာ ထောက်ခံချက်ပေးလျှင် သူတို့အနေဖြင့် ပို၍စိတ်ချလက်ချ ဝယ်ယူနိုင်မည် မဟုတ်ပါလား။

လျို့ချင်းကတော့ ယောင်ပင်းတစ်ယောက် အရှက်ရသွားမည့်အခြေအနေကို စောင့်ကြည့်နေခြင်းပင်။

မည်သို့ပင်ဆိုစေ ဤအကုသိုလ်ဖော်မှန်က ရန်ငြိုးကြီးသော တစ္ဆေများကို ဝါးမြိုနိုင်သည်ကို ဂိုဏ်းစတားကြီးများအားလုံး မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ကြပြီးပြီဖြစ်၍ ၎င်းအတွက် ဈေးကြီးပေးရန်လည်း သူတို့အားလုံး အသင့်ရှိနေကြပေသည်။

ယောင်ပင်းက မတိုင်ခင်ကမှ ဤအကုသိုလ်ဖော်မှန်မှာ အတုဖြစ်သည်ဟု ပြောထားခဲ့သည်။

ယောင်ပင်းအနေဖြင့် သူပြောခဲ့သောစကားကို မည်သို့ပြန်လည် ရုပ်သိမ်းမည်နည်းဆိုသည်ကို သူ မြင်ချင်နေမိတော့သည်။

ယောင်ပင်းက ဂိုဏ်းခေါင်းဆောင်၏ မေးခွန်းကို တိုက်ရိုက် မဖြေဘဲ လျို့ချင်းဘက်သို့ လှည့်ကာ မေးလိုက်သည်။

“မစ္စတာလျို့... ခင်ဗျား ဒီအကုသိုလ်ဖော်မှန်အတွက် ဘယ်လောက် ပေးခဲ့ရတာလဲ”

“သန်းသုံးရာ”

လျို့ချင်းက ခေတ္တမျှ တုံ့ဆိုင်းသွားသော်လည်း ယောင်ပင်းအား အမှန်အတိုင်း ပြောပြလိုက်၏။

ဤသည်မှာ ဂိုဏ်းစတားကြီးများအား ဤအကုသိုလ်ဖော်မှန်ကို ဝယ်ယူလိုပါက အနည်းဆုံး သန်းသုံးရာအထက် ပေးရမည်ဖြစ်ကြောင်း တစ်ပါတည်း အသိပေးလိုက်ခြင်းလည်း ဖြစ်ပေသည်။

ယောင်ပင်းက ခေါင်းငြိမ့်ပြလာသည်။

“ဒါက တကယ်ပဲ သန်းသုံးရာ တန်ဖိုးရှိပါတယ်”

လျို့ချင်း၏ တင်းမာနေသော အကြောများမှာ ချက်ချင်းပင် လျော့ကျသွားတော့သည်။

သူ၏အကုသိုလ်ဖော်မှန်မှာ သန်းသုံးရာ တန်သည်ဟု ယောင်ပင်းက ဝန်ခံလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

ဂိုဏ်းခေါင်းဆောင်၏ မျက်လုံးများမှာလည်း ပြူးကျယ်သွားသည်။

“ဒါက တကယ်ပဲ သန်းသုံးရာ တန်တာလား”

သူ စကားမဆုံးမီမှာပင် ကျဲ့ကျန်းမှ သြဇာကြီးသူတစ်ဦးဖြစ်သော ဟောင်ထျန်းချိုင်က ချက်ချင်းပင် အော်ဟစ်လိုက်သည်။

“မစ္စတာလျို့... ကျွန်တော် သန်းလေးရာ ပေးပါ့မယ်၊ ကျေးဇူးပြုပြီး လက်လွှဲပေးပါ”

“ကျွန်တော် သန်းငါးရာ ပေးမယ်”

“သန်းငါးရာ့ငါးဆယ်”

“ကျွန်တော်က သန်းခြောက်ရာ ပေးမယ်”

…

ဤအကုသိုလ်ဖော်မှန်သည် ရန်ငြိုးကြီးသော တစ္ဆေများကို အရှင်လတ်လတ် ဝါးမြိုနိုင်သည်ကို သူတို့ မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ကြရပြီး ဖြစ်သည်။ ထို့အပြင် ယောင်ပင်းနှင့် လျို့ချင်းတို့မှာ ဆက်ဆံရေး မကောင်းသော်လည်း ယောင်ပင်းကိုယ်တိုင်က ဤမှန်က သန်းသုံးရာ တန်သည်ဟု ပြောလိုက်သဖြင့် ရောက်ရှိနေသော ဂိုဏ်းစတားကြီးများမှာ ဆက်လက်၍ မအောင့်နိုင်ကြတော့ပေ။ သူတို့က အကုသိုလ်ဖော်မှန်ကို ရရှိရန်အတွက် ထိုနေရာတွင်တင် ဈေးပြိုင်ပေးကြလေတော့သည်။

ဤသည်မှာ လျို့ချင်း၏ အစီအစဉ်ထက် လုံးဝကျော်လွန်သွားခဲ့ချေပြီ။

သူ၏ အစီအစဉ်မှာ အကုသိုလ်ဖော်မှန်ကို ယောင်ပင်းအား အလကားပေးရန် ထောင်ချောက်ဆင်ပြီးမှ ဂိုဏ်းစတားကြီးများ၏ မနာလိုစိတ်ကို လှုံ့ဆော်ကာ သူ၏မျက်စိစူးစရာဖြစ်နေသော ယောင်ပင်းကို ဖယ်ရှားပစ်ရန် ဖြစ်ပေသည်။

သို့သော် ယောင်ပင်း၏ လုပ်ဆောင်ချက်ကြောင့် ဂိုဏ်းစတားကြီးများအားလုံးက သူ၏အကုသိုလ်ဖော်မှန်ကို ဝယ်ယူရန် ဈေးကြီးပေးလာကြလိမ့်မည်ဟု လျို့ချင်း ထင်မှတ်မထားခဲ့ပေ။

*

အခန်း(122)

“ချင်းဇီ... သူတို့ ပေးတဲ့ဈေးက ငါတို့ ဝယ်ခဲ့တဲ့ဈေးထက် အများကြီး ပိုနေပြီ၊ မြန်မြန် ရောင်းလိုက်တာ ပိုကောင်းမယ်”

ဈေးနှုန်းများ တက်သထက် တက်လာသည်ကို မြင်သောအခါ အစ်ကိုထောင်၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းလာခဲ့သည်။

“အဲဒီ ယောင်ပင်းဆိုတဲ့ ကောင်လေးကိုတော့ နောက်မှ ဖယ်ရှားဖို့ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်”

လျို့ချင်းက အစ်ကိုထောင်ကို စိုက်ကြည့်လိုက်သည်။

“အသုံးမကျလိုက်တာ... ငါက ဒီအကုသိုလ်ဖော်မှန်ကို ရောင်းရင်းနဲ့ တစ်ပြိုင်နက်တည်း အဲဒီကောင်လေးကို သတ်နိုင်မယ့် နည်းလမ်းကို စဉ်းစားပြီးသားပဲ”

အစ်ကိုထောင်က စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။

“ဘာနည်းလမ်းလဲ”

လျို့ချင်းက ယုတ်မာစွာ ပြုံးလိုက်၏

“မကြာခင် မင်း သိရမှာပါ”

ယခုအခါ သူသည်က အခွင့်အရေးကောင်းကိုသာ စောင့်ရန်လိုတော့သည်။ သူ၏ မူလဈေးထက် သုံးဆခန့် ပေးမည့် ဂိုဏ်းစတားတစ်ဦး ပေါ်လာသည်နှင့် သူက ဤအကုသိုလ်ဖော်မှန်ကို ရောင်းချလိုက်မည်ပင်။

နောက်ဆုံးတွင် ကျဲ့ကျန်းမှ သြဇာကြီးသူ ဟောင်ထျန်းချိုင်က အော်ပြောလိုက်လေသည်။

“သန်းကိုးရာ၊ ဘော့စ်လျို့သာ လက်လွှဲပေးမယ်ဆိုရင် ကျွန်တော် သန်းကိုးရာ ပေးပါ့မယ်”

ခန်းမတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားတော့သည်။

သန်းကိုးရာ ဆိုသည်မှာ လျို့ချင်း ဝယ်ခဲ့သောဈေးထက် သုံးဆမျှ ရှိပေသည်။

ဤသည်မှာ လူအများစု၏ မျှော်မှန်းချက်ထက် များစွာ ကျော်လွန်နေပေခဲ့သည်။ သူတို့ာ လျို့ချင်းထံတွင် မည်သည့်ရတနာရှိသည်ကို လာကြည့်ကြခြင်းဖြစ်ပြီး တချို့မှာ အလကားပင် ရလိုရငြား မျှော်လင့်လာကြသူများ ဖြစ်ပေသည်။

ဟောင်ထျန်းချိုင်က ရုတ်တရက် ဈေးကို သန်းကိုးရာအထိ မြှင့်လိုက်သဖြင့် အခြားသူများ၏ အကုသိုလ်ဖော်မှန်ကို ဝယ်ယူလိုသော စိတ်အားထက်သန်မှုမှာ ချက်ချင်းပင် ငြိမ်းသတ်ခြင်း ခံလိုက်ရတော့သည်။

“သန်းကိုးရာ... သန်းကိုးရာတောင် ချင်းဇီ... သန်းကိုးရာအထိ ရောက်နေပြီ လက်ခံလိုက်တော့ရအောင်”

အစ်ကိုထောင်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ရင်နေခဲ့သည်။

“ငါတို့က အမြဲတမ်း စီးပွားရေး လုပ်နေတာပဲလေ၊ ဘယ်စီးပွားရေးက ဒီလောက်အထိ အမြတ်ထွက်မှာလဲ တစ်ထိုင်တည်းနဲ့တင် အရင်းထက် နှစ်ဆလောက် ပိုမြတ်တာပဲ”

လျို့ချင်းက ခေါင်းငြိမ့်ပြလိုက်သည်။

သန်းကိုးရာဆိုသည်မှာ ရောင်းချရန် တကယ်ပင် သင့်တော်သော ဈေးနှုန်းဖြစ်ပေသည်။

“အစ်ကိုဟောင်က ဒီအကုသိုလ်ဖော်မှန်ကို တကယ်ပဲ မြတ်မြတ်နိုးနိုး ရှိနေမှတော့ အစ်ကို့ကိုပဲ ပေးလိုက်ပါ့မယ်”

လျို့ချင်းက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်ပြီး အင်္ကျီရှည်ဝတ်စုံဖြင့် အမျိုးသမီးအား အကုသိုလ်ဖော်မှန်ကို ဟောင်ထျန်းချိုင်ထံ ပေးအပ်ရန် အချက်ပြလိုက်သည်။

ထိုအမျိုးသမီးက ဟောင်ထျန်းချိုင်ထံသို့ ယဉ်ကျေးသိမ်မွေ့စွာ လျှောက်သွားပြီး အကုသိုလ်ဖော်မှန်ကို ပေးအပ်လိုက်ချေ၏။ ဟောင်ထျန်းချိုင်သည် အကုသိုလ်ဖော်မှန်ကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များပင် ဝဲလာလေသည်။

ထိုစဉ် အမြဲတစေ ပွဲဖျက်တတ်သော ဂိုဏ်းခေါင်းဆောင်က ကြားဖြတ်ပြောလိုက်ပြန်သည်။

“ဘော့စ်လျို့ပြောတာက ‘မြတ်မြတ်နိုးနိုး ရှိလို့ အစ်ကိုဟောင်ကို အကုသိုလ်ဖော်မှန် ပေးလိုက်တာ’ တဲ့၊ တကယ်က အစ်ကိုဟောင်က ပိုက်ဆံအလုံအလောက် ပေးလို့ ရောင်းလိုက်တာပဲ မဟုတ်ဘူးလား၊ ခင်ဗျားသာ တကယ် စေတနာရှိရင် အစ်ကိုဟောင်ကို အလကား ပေးသင့်တာပေါ့”

“ဟားဟားဟား... ဘော့စ်လျို့ရဲ့ စကားတွေက ရိုင်းချင်ရိုင်းမယ်၊ ဒါပေမဲ့ အမှန်တရားပဲ ဘော့စ်လျို့က ဒါကို ပိုက်ဆံအတွက် လုပ်တာလေ၊ ဟောင်ထျန်းချိုင်ရဲ့ မျက်နှာကြောင့် မဟုတ်ဘူး”

“ဒါ ဘော့စ်လျို့နဲ့ ပထမဆုံးအကြိမ် ဆက်ဆံဖူးတာလား၊ သူက စကားအပိုတွေ ပြောတတ်တာကို လူတိုင်း သိတာပဲ၊ ပိုက်ဆံလည်း ယူမယ်၊ စကားကောင်းတွေလည်း ပြောဦးမယ်”

…

ဂိုဏ်းခေါင်းဆောင် စကားပြောလိုက်သည်နှင့် အခြားသော ဘော့စ်များကလည်း ဝိုင်း၍ ရယ်မောကြလေတော့သည်။ လျို့ချင်း၏ ယခင်က ဝင့်ကြွားနေသော မျက်နှာမှာ ဂိုဏ်းခေါင်းဆောင်နှင့် အခြားသောဘော့စ်များ၏ လှောင်ပြောင်မှုကြောင့် နီတစ်လှည့် ဖြူတစ်လှည့် ဖြစ်သွားရပြီး အကြီးအကျယ် အရှက်ရသွားတော့သည်။

ရောက်ရှိနေသော ဂိုဏ်းစတားကြီးများ ငြိမ်သက်သွားသောအခါမှ လျို့ချင်းက စကားပြောလိုက်သည် ။

“သခင်လေးယောင်... ကျွန်တော့်မှာ နောက်ထပ် တောင်းဆိုစရာ တစ်ခု ရှိပါသေးတယ်”

“မစ္စတာလျို့... ဘာများတောင်းဆုချင်လို့လဲ”

ယောင်ပင်းက အနည်းငယ် ပြုံးပြလိုက်သည်။ သူသည်က မတိုင်ခင်က လျို့ချင်းနှင့် ဖြစ်ပျက်ခဲ့သော တင်းမာသည့် အခြေအနေများကို မေ့သွားပုံရသည်။

“တကယ်လို့ ခင်ဗျားက ဆုကြေးငွေ သန်းနှစ်ရာကို အကြွေးထားဖို့ ပြောမှာဆိုရင်တော့ မပြောပါနဲ့တော့၊ ကျွန်တော်က ပိုက်ဆံ လိုနေလို့ပါ”

သူနှင့် လျို့ချင်းမှာ ဆက်ဆံရေး မပြေလည်သော်လည်း ဆုကြေးငွေ သန်းနှစ်ရာကိုမူ သူ လိုချင်သေးသည် မဟုတ်ပါလား။

“သခင်လေးယောင်.. မင်း စိတ်ချပါ၊ မင်း ဒီဘဏ်ကနေ မထွက်ခင်မှာ ပိုက်ဆံကို အဆင်သင့် ပြင်ထားပေးပါ့မယ်”

ယောင်ပင်း၏ အာရုံမှာ ဆုကြေးငွေအပေါ်တွင်သာ ရှိနေလိမ့်မည်ဟု လျို့ချင်း ထင်မှတ်မထားခဲ့ပေ။ သူသည် ခေတ္တမျှ ဆွံ့အသွားပြီးမှ ဆက်ပြောသည်။

“အကုသိုလ်ဖော်မှန်နဲ့ ပတ်သက်ပြီး ငါ သေသေချာချာနားမလည်သေးတဲ့ အချက်တစ်ချက် ရှိနေပါသေးတယ်၊ အခု အကုသိုလ်ဖော်မှန်ကို အစ်ကိုဟောင်ဆီ ရောင်းလိုက်ပြီဆိုတော့ အရာအားလုံးကို အသေးစိတ် ရှင်းပြဖို့ လိုအပ်ပါတယ်၊ ဒါကြောင့် သခင်လေးယောင်ရဲ့ လမ်းညွှန်မှုကို ကျွန်တော် နှိမ့်ချစွာ တောင်းခံပါရစေ”

ဤသည်မှာ ယနေ့ပွဲ၏ တကယ့် အထွတ်အထိပ်အပိုင်းပင် ဖြစ်ပေသည်။ ဆိုရလျှင်လျို့ချင်း ခုနက ကြံစည်ထားသော “မြှားတစ်စင်းတည်းဖြင့် ငှက်နှစ်ကောင်ပစ်”မည့် နည်းဗျူဟာပင် ဖြစ်၏။

ဂိုဏ်းစတားကြီးများ အားလုံးမှာလည်း လျို့ချင်း ဆိုလိုသော “နားမလည်သည့် အချက်”က မည်သည့်အရာဖြစ်မည်ကို သိချင်သဖြင့် ဟောင်ထျန်းချိုင်၏ လက်ထဲရှိ အကုသိုလ်ဖော်မှန်ကို စိုက်ကြည့်နေကြတော့သည်။

ဟောင်ထျန်းချိုင်ကတော့ အကုသိုလ်ဖော်မှန်ကို အဖိုးတန် ရတနာတစ်ခုကဲ့သို့ အဖက်ဖက်မှ သေသေချာချာ စစ်ဆေးနေ၏။ မည်သို့ပင်ဖြစ်စေ သန်းကိုးရာ ပေးခဲ့ရသည့် ဤမျှ တန်ဖိုးရှိသော မှော်လက်နက်ကို မည်သူမဆို မြတ်နိုးကြမည်သာ ဖြစ်ပေသည်။

သို့သော် လူတိုင်း နားမလည်နိုင်သည့်အချက်မှာ ယောင်ပင်းနှင့် သိသိသာသာ ရန်လိုနေသော လျို့ချင်းသည် အဘယ်ကြောင့် ရုတ်တရက်ကြီး ဤမျှအထိ စိတ်ရင်းမှန်ဖြင့် အကြံဉာဏ် တောင်းခံနေရသနည်း ဆိုသည့်အချက်ပင်။ တစ်စုံတစ်ခုသော လျှို့ဝှက်ချက် ရှိနေမည်ဟု လူတိုင်း ခံစားနေကြရသည်။

ခိုင်ယဲ့မှာလည်း အနည်းငယ် ထိတ်လန့်သွားရ၏။ ဤသည်မှာ လျို့ချင်း ဆင်ထားသော ထောင်ချောက်တစ်ခု ဖြစ်ကြောင်းကို သူ မသိမသာ ခံစားမိနေသည်။

သို့မဟုတ်ပါက လျို့ချင်းက အဘယ်ကြောင့် ယောင်ပင်းကိုမှ အကုသိုလ်ဖော်မှန်ကို စစ်ဆေးခိုင်းရပါသနည်း။

သူက ယောင်ပင်းအား သဘောမတူရန် တားဆီးဖို့ နည်းလမ်းရှာနေစဉ်မှာပင် ယောင်ပင်းက လွယ်လွယ်ကူကူပင် သဘောတူလိုက်သည်။

“ကောင်းပါပြီ၊ ဘော့စ်လျို့အတွက် ကျွန်တော် ကြည့်ပေးပါ့မယ်”

ထိုသို့ပြောပြီးနောက် ယောင်ပင်းက ဟောင်ထျန်းချိုင်ထံသို့ တည့်တည့်လျှောက်သွားပြီး အကုသိုလ်ဖော်မှန်ကို တောင်းယူကာ အနီးကပ် စစ်ဆေးလေတော့သည်။

ခိုင်ယဲ့ကတော့ စိတ်မအေးနိုင်ဖြစ်ပြီး ယောင်ပင်းအား အကုသိုလ်ဖော်မှန်ကို မထိတွေ့ရန် အကြိမ်ကြိမ် အချက်ပြနေခဲ့သော်လည်း ယောင်ပင်းမှာ အကုသိုလ်ဖော်မှန်ကို စစ်ဆေးရန်သာ အာရုံရောက်နေသဖြင့် သူ၏ အချက်ပြမှုများကို လုံးဝ မမြင်တွေ့ခဲ့ပေ။

ဂိုဏ်းခေါင်းဆောင်နှင့် အဘိုးကြီးလူ အပါအဝင် ကျင်းကျုံး ဂိုဏ်းရှစ်ဂိုဏ်းမှ အခြားသော အဖွဲ့ဝင်များလည်း တစ်ခုခု မှားနေသည်ကို သတိပြုမိလိုက်ကြသည်။

ယောင်ပင်းက ဟောင်ထျန်းချိုင်ထံသို့ သွားပြီး အကုသိုလ်ဖော်မှန်ကို အနီးကပ် စစ်ဆေးသောအခါ သူတို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။

အကယ်၍ နောက်ပိုင်းတွင် ထူးခြားသော အခြေအနေ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက သူတို့ လုံးဝ ငြိမ်ကြည့်နေကြမည် မဟုတ်ပေ။

ယနေ့ ယောင်ပင်း ပေါ်ထွက်လာချိန်တွင် သူတို့က နှုတ်ဆက်ချင်ကြသော်လည်း ယောင်ပင်းဘက်မှ ဂရုမစိုက်သည့် အမူအရာဖြင့်ရှိနေကာ မည်သည့် ရင်းနှီးမှုကိုမျှ ပြသခဲ့ခြင်း မရှိပေ။

ထို့ကြောင့် သူတို့နှင့် ပတ်သက်မှုကို သူစိမ်းများအား မသိစေချင်သော ယောင်ပင်း၏ ဆန္ဒကို သူတို့ ချက်ချင်း သဘောပေါက်လိုက်ကြသည်။ ထို့ကြောင့် ဂိုဏ်းစတားကြီးများက ငြိမ်နေကြပြီး ယောင်ပင်းကို အချိန်မရွေး ကာကွယ်ပေးရန် တိတ်တဆိတ်သာ စောင့်ကြည့်နေကြခြင်း ဖြစ်ပေသည်။

ယခုအခါ လျို့ချင်းက ယောင်ပင်းအား ဖိတ်ခေါ်လိုက်သည်ကို မြင်ရသောအခါ သူတို့၏ မျက်နှာများ တည်ကြည်သွားပြီး အသင့်အနေအထား ပြင်လိုက်ကြတော့သည်။

ယောင်ပင်းက အကုသိုလ်ဖော်မှန်ကို ကောက်ကိုင်လိုက်သည်နှင့် လျို့ချင်းသည်လည်း အစ်ကိုထောင်ကို မျက်စိတစ်ချက် မှိတ်ပြလိုက်၏။

အစ်ကိုထောင်က သဘောပေါက်သွားပြီး သူ၏နောက်မှ သန်မာသော လူကြီးတစ်ဦးကို ခေါင်းငြိမ့်ပြလိုက်သည်။ ထိုသူသည်လည်း ခေါင်းငြိမ့်ပြကာ ဘယ်သူမှ သတိမထားမိခင် ခန်းမဆောင်အတွင်းမှ အမြန် ထွက်ခွာသွားတော့သည်။

ယခုအချိန်တွင် ယောင်ပင်းက အကုသိုလ်ဖော်မှန်ကို အဖက်ဖက်မှ သေချာ စစ်ဆေးပြီးသွားချေပြီ။

သူက ခေါင်းမော့လိုက်ပြီး လျို့ချင်းအား မေးလိုက်သည်။

“ဘော့စ်လျို့... ခင်ဗျား နားမလည်တာ ဘာရှိလို့လဲ”

သူ စကားပြောပြီးသည်နှင့် အကုသိုလ်ဖော်မှန်ကို ကိုင်ထားသော သူ၏လက်တွင် အနည်းငယ် ထုံကျင်မှုကို ခံစားလိုက်ရ၏။

ယောင်ပင်း နှာခေါင်းရှုံ့လိုက်ပြီး အချိန်ကိုက်ပင် သူ၏လက်ကို လွှတ်လိုက်တော့သည်။

ခွမ်း..

အကုသိုလ်ဖော်မှန်မှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားချေပြီ။

အကုသိုလ်ဖော်မှန်၏ အလယ်တည့်တည့်ရှိ ကြေးမှန်သားမှာ ချက်ချင်းပင် အက်ကွဲသွားတော့သည်။

ခန်းမဆောင်အတွင်းရှိ လူတိုင်းမှာ ထိတ်လန့်သွားကြ၏။

“မင်း!”

ဟောင်ထျန်းချိုင်၏ မျက်နှာမှာ ထိုမြင်ကွင်းကြောင့် နာကျင်မှုဖြင့် ရှုံ့တွသွားတော့သည်။ သူသည် သူ၏ ထိုင်ခုံမှ ဝုန်းကနဲ ထရပ်လိုက်ပြီး ယောင်ပင်းကို ဒေါသတကြီး စိုက်ကြည့်ကာ တုန်ရင်နေသော လက်ညှိုးဖြင့် ထိုး၍ပြောလာ၏။

“ငါ ခုနကတင် ရထားတဲ့ အကုသိုလ်ဖော်မှန်ကို မင်း ဖျက်ဆီးပစ်လိုက်တာလား၊ ဒါအတွက် မင်း ဘယ်လိုများ လျော်ကြေးပေးမှာလဲ”

လျို့ချင်းသည်လည်း ထိုအခွင့်အရေးကို အရယူကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်လေ၏။

“သခင်လေးယောင်... အစ်ကိုဟောင်က ဒီအကုသိုလ်ဖော်မှန်ကို သန်းကိုးရာပေးပြီး အခုပဲ ဝယ်ထားတာလေ၊ မင်းဘယ်လိုလုပ် ခွဲပစ်ရတာလဲ ၊

ငါ့အပေါ် ရန်ငြိုးရှိတာက ထားပါတော့၊ ဒါပေမဲ့ ဒီအကုသိုလ်ဖော်မှန်က အစ်ကိုဟောင်ရဲ့ ပစ္စည်း ဖြစ်နေပြီလေ၊ မင်း ဘယ်လိုလုပ်ပြီး ဒီနည်းလမ်းနဲ့ ငါ့ကို ကလဲ့စားချေရတာလဲ ၊ လာခဲ့ကြ!”

သူကတစ်ဆက်တည်းအမိန့်ပေးလိုက်၏။

လျို့ချင်း၏ အမိန့်ပေးသံနှင့်အတူ ပတ်ဝန်းကျင်မှ သန်မာသော လူအုပ်ကြီးမှာ မတ်တပ်ရပ်လိုက်ကြတော့သည်။ ဟောင်ထျန်းချိုင် ခေါ်ဆောင်လာသော ပညာရှင်အဖွဲ့ကလည်း ယောင်ပင်းကို ဝိုင်းရံထားလိုက်ကြလေ၏။

ကျင်းကျုံး ဂိုဏ်းရှစ်ဂိုဏ်းမှ လူများမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ယောင်ပင်းကို ကာကွယ်ရန်အတွက် အလိုအလျောက်မတ်တပ်ရပ်ရန် ပြင်လိုက်ကြတော့သည်။

ခန်းမဆောင်တစ်ခုလုံးမှာ ချက်ချင်းပင် တင်းမာမှုများ လွှမ်းမိုးသွားပြီး အန္တရာယ်နိမိတ်များဖြင့် ပြည့်နှက်သွားလေပြီ။

*

All Chapters