← Chapters

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

အခန်း(125)မိုးကြိုးလျှပ်စီးတိုက်ကွက် ထွက်ပေါ်လာခြင်း

ယောင်ပင်းက ရယ်မောလိုက်လေ၏။

“မစ္စတာလျို့... ခင်ဗျားနဲ့ ဒီမှာရှိတဲ့ လူတွေရဲ့ ဆက်ဆံရေးကို ကျွန်တော် ဂရုမစိုက်ဘူး၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ အကူအညီကို လိုချင်တဲ့သူတိုင်းကတော့ ကျွန်တော့်ရဲ့ အခြေအနေကို သဘောတူရပါမယ်”

သူ၏ လေသံမှာ ကလေးတစ်ယောက်ဆိုးသွမ်းနေကဲ့သို့ပင်။ သူသည် ဤအခြေအနေတစ်ခုတည်းကိုသာ လက်ခံမည်ဖြစ်ပြီး ကျန်သည့်အရာများကို ဂရုမစိုက်ကြောင်း ပြသလိုက်သည်။

လျို့ချင်းတစ်ယောက် ဒေါသကြောင့် အသက်ပင် ရှူရခက်သွားချေပြီ။ ယောင်ပင်းက တမင်သက်သက် ပြဿနာရှာနေခြင်းဖြစ်ပေ၏။

ယခု သူ့တွင် အားကိုးစရာဟူ၍ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သော စီးပွားရေး ဆက်ဆံရေး ကွန်ရက်သာ ရှိတော့သည်။ လျို့ချင်းက နှာခေါင်းရှုံ့လိုက်သည်။

“မင်း အိပ်မက်မက်နေတာပဲ၊ ဒါပေမဲ့ မင်း အရင်ဆုံး ဒီဂိုဏ်းစတားကြီး အားလုံးကို နားချနိုင်ဦးမှပေါ့”

သူ ဖိတ်ခေါ်ထားသည့် ဤမျှ များပြားလှသောလူများက သူ၏ နယ်မြေထဲတွင် သူ့ကို အရှက်ခွဲဝံ့ကြလိမ့်မည်ဟု သူ မယုံကြည်ပေ။

သို့သော် မကြာမီမှာပင် လူအများရှေ့တွင် အရှက်ခွဲခံရခြင်းဆိုသည်မှာ မည်သို့သောအရာဖြစ်ကြောင်းကို လျို့ချင်း သိလိုက်ရတော့သည်။

ဤသည်မှာ သာမန် အရှက်ခွဲခံရခြင်း မဟုတ်ဘဲ လူပေါင်းများစွာ၏ အရှက်ခွဲမှုကို ခံလိုက်ရခြင်းပင်။

သူ စကားမဆုံးမီမှာပင် ဂိုဏ်းခေါင်းဆောင်က အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။

“ဒီကောင်လေးရဲ့ အတွေးက အိပ်မက်ဖြစ်မဖြစ်တော့ ငါမသိဘူး၊ ဒါပေမဲ့ မစ္စတာလျို့ .. မင်က ငါတို့ကို ဒီကို ဖိတ်ပြီး ငတုံးလို့တွေးထားတာကိုတော့ ငါ သိတယ်၊ မင်းရဲ့ အကုသိုလ်ဖော်မှန်ကို ဈေးကြီးပေး ရောင်းချင်တာက ထားပါတော့၊

ဒါပေမဲ့ အထဲမှာ မိစ္ဆာတစ်ကောင်ကိုတောင် ဖုံးကွယ်ထားသေးတယ်၊ မင်းက လူရော ဟုတ်ရဲ့လား၊ ဒီခန်းမထဲမှာ အရမ်းမှောင်နေတဲ့အတွက် မင်းကို မရှာနိုင်လို့သာပေါ့၊ ရှာသာတွေ့ရင် မင်းကို အရင်ဆုံး သေတဲ့အထိကန်ကျောက်ပစ်လိုက်မှာ”

ခန်းမအတွင်းရှိ ဂိုဏ်းစတားကြီးများမှာ သာမန်အားဖြင့် အလိုလိုက် အကြိုက်ဆောင်ခံရသူများ ဖြစ်သဖြင့် ယခုကဲ့သို့ အခြေအနေမျိုးနှင့် တစ်ခါမှ မကြုံဖူးကြပေ။

သူတို့၏ ရင်ထဲတွင် မကျေနပ်မှုများ ပြည့်နှက်နေကြပေ၏။ ယခုအခါ ဂိုဏ်းခေါင်းဆောင်က စတင်ပြောလိုက်သဖြင့် သူတို့ကလည်း ချက်ချင်းပင် ဝိုင်းပြောကြလေတော့သည်။

“ဟုတ်တယ် ဘော့စ်လျို့ရဲ့ စီးပွားရေး လုပ်ဆောင်ချက်တွေက မရိုးသားတာ တော်တော်ကြာနေပြီ၊ အခုကျတော့ ယဉ်ကျေးမှုကိုတောင် လက်လွှတ်ပြီး ငါတို့ အားလုံးကို ဒုက္ခပေးဖို့ လုပ်နေတာလား ၊အခုမှ ဆက်ဆံရေးအကြောင်း ပြောဖို့ နောက်မကျလွန်းဘူးလား”

“သေစမ်း၊ ငါတော့ ဂရုမစိုက်တော့ဘူး လျို့ချင်းနဲ့ စီးပွားရေး ဘယ်လိုပဲ လုပ်လုပ်၊ ငါကတော့ အသက်ရှင်ချင်သေးတယ်”

“ငါလည်း အတူတူပဲ ရှောင်ယောင်... ငါ,ကော်တာ့ဟွားကတော့ မင်းရဲ့ အခြေအနေကို သဘောတူပါတယ်၊ အဲဒီလျို့ချင်းဆိုတဲ့ ကောင်နဲ့ ဘာမှ ပတ်သက်တော့မှာ မဟုတ်ဘူး”

“ငါလည်း သဘောတူတယ်”

“ငါလည်းပဲ”

…

ခဏအတွင်းမှာပင် ခန်းမအတွင်းရှိ ဂိုဏ်းစတားကြီးများ အားလုံး သူတို့၏ သဘောထားကို ဖော်ပြလိုက်ကြသည်။ သေခြင်းနှင့် ရှင်ခြင်းကြားတွင် သူတို့က ကိုယ့်အသက်ကို ကယ်တင်ရန်သာ ရွေးချယ်လိုက်ကြချေပြီ။

ယောင်ပင်း: “ကန့်ကွက်မယ့်သူ ရှိသေးလား”

ခန်းမအတွင်း တိတ်ဆိတ်သွား၏။

သူတို့သည်ကား သာမန်အားဖြင့် လျို့ချင်းနှင့်စီးပွားရေးအရ လက်တွဲ၍ လုပ်ကိုင်ခဲ့ကြသည်။ သို့သော်လည်း စီးပွားရေးဆိုသည်မှာ တခြားသူနှင့် ပြောင်းလဲလုပ်ကိုင်၍ ရသော်လည်း အသက်သာ ဆုံးရှုံးသွားပါက အရာအားလုံးဆုံးရှုံးသွားမည် မဟုတ်ပါလား။

ယောင်ပင်းက ထပ်မေးသည်။

“ဘယ်သူမှ မပြောဘူးဆိုရင် အားလုံးက ကျွန်တော့်ရဲ့ အခြေအနေကို သဘောတူတယ်လို့ မှတ်ယူမယ်နော်”

ခန်းမအတွင်း တုံ့ပြန်သံများ ဆူညံသွားလေသည်။

“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ အားလုံး သဘောတူပါတယ်”

“သဘောတူတယ်၊ သဘောတူတယ် အသက်ထက် အရေးကြီးတာ ဘာရှိလို့လဲ”

ဂိုဏ်းခေါင်းဆောင်၏ အသံမှာ အကျယ်ဆုံးပင် ဖြစ်ပေသည်။

“ ငါ့အသက်က အဖိုးတန်ဆုံးပဲ၊ ဘော့စ်လျို့တို့ ဘော့စ်လူတို့တွေကို ဂရုမစိုက်နိုင်ဘူး၊ အရင်ဆုံး ငါ့အသက်ကို ကယ်ဦးမယ်”

“အမှန်ပဲ”

တစ်စုံတစ်ယောက်က ဂိုဏ်းခေါင်းဆောင်၏ စကားကို ချက်ချင်း ထောက်ခံလိုက်သည်။

“သခင်လေးယောင်... မြန်မြန် အဲဒီမိစ္ဆာကို နှိမ်နင်းပေးပါဦး ၊ ဒီခန်းမထဲမှာ ပိုပြီး အေးလာသလို ခံစားနေရပြီ”

ထိုသူ စကားပြောလိုက်သည်နှင့် လူတိုင်းမှာလည်း ချက်ချင်းပင် သတိပြုမိလိုက်ကြသည်။ အမှန်တကယ်ပင် ခန်းမတစ်ခုလုံး၏ အပူချိန်မှာ ရုတ်တရက် အေးစက်သွားပြီး ရေခဲတိုက်တစ်ခုထဲ ရောက်သွားသကဲ့သို့ပင် ဖြစ်နေလေပြီ။

ထို့အပြင် ခန်းမတစ်ခုလုံးမှာလည်း အရှေ့မှ ကိုယ့်လက်ကိုပင် မမြင်ရလောက်အောင် မှောင်နေခဲ့ပြီ မဟုတ်ပါလား။

ယောင်ပင်းလည်း နောက်ဆုံး၌ လှုပ်ရှားလိုက်တော့သည်။

ဝုန်း!

မိုးကြိုးသံကဲ့သို့ ကျယ်လောင်သော ဟိန်းဟောက်သံကြီး တစ်ခုက ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားချေပြီ။ ချက်ချင်းပင် မှောင်မည်းနေသော ခန်းမဆောင်ကြီးမှာ အနီရောင် လျှပ်စီးတန်းတစ်ခုကြောင့် အလင်းပြန်သွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လူတိုင်းက ယောင်ပင်းအား ခန်းမ၏ အလယ်တွင် နတ်ဘုရားတစ်ပါးကဲ့သို့ ရပ်နေသည်ကို မြင်လိုက်ရ၏။

သူ၏ လက်ထဲတွင် ရွှေရောင်အလင်းတန်းတစ်ခုကို ကိုင်ဆောင်ထားပြီး ၎င်းကို လျင်မြန်စွာ လွှဲယမ်းလိုက်လေသည်။

ထိုရွှေရောင်အလင်းတန်းမှာ ရွှေဓားတစ်စင်းကဲ့သို့ပင် ခန်းမအတွင်းရှိ အနက်ရောင် မြူခိုးများကို ချက်ချင်းပင် ဆွဲဖြဲပစ်လိုက်တော့သည်။

မှောင်မည်းနေသော ခန်းမဆောင်ကြီးမှာ တစ်ဖန်ပြန်လည် လင်းထိန်သွားချေပြီ။ ခန်းမအတွင်း ပျံ့နှံ့နေသော အနက်ရောင် မီးခိုးတန်းများမှာ ကြီးမားသော မြွေဟောက်ကြီး တစ်ကောင်အဖြစ် စုစည်းသွားပြီး ခန်းမအတွင်း လျှပ်စီးကဲ့သို့သော အရှိန်ဖြင့် ပြေးလွှားနေတော့သည်။

ယောင်ပင်းက သူ၏ ရွှေဓားကို ကိုင်ဆောင်ကာ ထိုမြွေဟောက်ကြီးကဲ့သို့သော မီးခိုးငွေ့တန်းကို ခုတ်ပိုင်းလိုက်လေသည်

ဝုန်း..

နောက်ထပ် လျှပ်စီးတန်း တစ်ခု ထပ်မံ ထွက်ပေါ်လာပြန်၏။

ထိုလျှပ်စီးမှာ ရွှေနဂါးတစ်ကောင်ကဲ့သို့ ယောင်ပင်း၏ လက်ထဲမှ ပြေးထွက်သွားပြီး ခန်းမအတွင်း ထွက်ပြေးနေသော အနက်ရောင် “မြွေဟောက်ကြီး” ကို မိုးကြိုးအရှိန်အဟုန်ဖြင့် ရိုက်ခတ်လိုက်တော့သည်။

မည်မျှပင် လျင်မြန်စွာ ထွက်ပြေးနေပါစေ၊ ထိုအနက်ရောင် “မြွေဟောက်ကြီး” မှာ မိုးကြိုးထိမှန်သွားပြီး လေထဲတွင် တွန့်လိမ်ကာ လွင့်စဉ်သွားပြီးနောက် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားရ၏။

ထို့နောက် လေထုထဲမှ ပျောက်ကွယ်သွားတော့သည်။

ကြမ်းပြင်ပေါ်တွင် လဲကျနေသော အကုသိုလ်ဖော်မှန်မှာလည်း ရုတ်တရက် ပေါက်ကွဲသွားခဲ့လေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အကုသိုလ်ဖော်မှန်မှာ အပိုင်းအစများအဖြစ် ကွဲအက်သွားပြီး လုံးဝ ပျောက်ကွယ်သွားချေပြီ။

အကုသိုလ်ဖော်မှန် ပေါက်ကွဲသွားပြီးနောက် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

လူတိုင်းမှာ ထိတ်လန့်နေကြပြီး တစ်ဦးကိုတစ်ဦး ဝေခွဲမရသည့်အကြည့်များဖြင့် ကြည့်နေကြကာ မည်သူကမျှ စကားမပြောဝံ့ကြပေ။

မာစတာဝမ် တစ်ဦးတည်းသာ ယောင်ပင်းကို အံ့ဩတကြီးစိုက်ကြည့်နေပြီး သူ၏ မျက်နှာတွင် မျက်ရည်များ စီးကျလာလေသည်။

“မိုးကြိုးလျှပ်စီးတိုက်ကွက်! သခင်လေးယောင်က တကယ်ပဲ မိုးကြိုးလျှပ်စီး တိုက်ကွက်ကို သိနေတာလား”

“ကျွန်တော်,ဝမ်က ကျွန်တော့်ရဲ့ ဘဝမှာ မိုးကြိုးလျှပ်စီး တိုက်ကွက်ကို မျက်မြင်ကိုယ်တွေ့ မြင်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ ဒါက တကယ့်ကို ဂုဏ်ယူစရာပါပဲ”

“သခင်လေးယောင်... ခင်ဗျား အခုပဲ လူတိုင်းကို အန္တရာယ်ကနေ ကယ်တင်လိုက်တာပါ၊ ကျွန်တော် ဝမ်က ခင်ဗျားကို အရင်ဆုံး ဦးညွှတ်ပါတယ်”

ထိုသို့ပြောပြီးနောက် မာစတာဝမ်သည် ယိမ်းထိုးနေသော ခြေလှမ်းများဖြင့် ယောင်ပင်းထံသို့ လျှောက်သွားကာ အလေးအနက် ဦးညွှတ်လိုက်လေသည်။

လူတိုင်းမှာ မယုံနိုင်စရာဖြစ်ရပ်ကို စိုက်ကြည့်နေမိကြသည်။ ဝါအရဆိုလျှင် မာစတာဝမ်မှာ ကျဲ့ကျန်း အရှေ့ပိုင်းတွင် လူတိုင်း လေးစားရသော နာမည်ကျော် ယင်ယန် ပညာရှင်တစ်ဦး ဖြစ်ပေသည်။

အသက်အရ ဆိုလျှင်လည်း မာစတာဝမ်က ယောင်ပင်းထက် အများကြီး အသက်ကြီးပြီး သူ၏ အဖေလောက်တောင် ရှိနိုင်သည်။ သို့သော် ယခုအချိန်တွင် မာစတာဝမ်သည်က ယောင်ပင်းအား ဤမျှအထိ ရိုသေလေးစားစွာဖြင့် ဦးညွှတ်နေခဲ့ချေပြီ။

ဂိုဏ်းခေါင်းဆောင်က ရယ်မောလိုက်ပြီး ပြောလာသည်။

“မာစတာဝမ် ပြောတာ မမှားပါဘူး၊ သခင်လေးယောင်က ငါတို့ အသက်ကို ကယ်ခဲ့တာပဲ၊ ငါတို့ သူ့ကို သေချာ ကျေးဇူးတင်သင့်တာပေါ့”

ထို့နောက် သူက ပထမဆုံး အရှေ့သို့ ထွက်လာပြီး ယောင်ပင်းအား အလေးအနက် ဦးညွှတ်လိုက်လေသည်။

အခြားသော ဂိုဏ်းစတားကြီးများကတော့ တစ်ဦးကိုတစ်ဦး တုံ့ဆိုင်းစွာဖြင့် ကြည့်လိုက်ကြသည်။ သူတို့အတွက်တော့ လူငယ်လေးတစ်ဦးကို ဦးညွှတ်ရခြင်းက သူတို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ယူဆထားသည်။

လျို့ချင်းကတော့ ရောက်ရှိနေသော ဂိုဏ်းစတားကြီးအားလုံးကို အေးစက်သော မျက်နှာထားဖြင့် စိုက်ကြည့်နေခဲ့သည်။ သူသည်က ဤဂိုဏ်းစတားကြီးများကို သိလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သဖြင့် သူတို့၏ စိတ်ဓာတ်ကို သေသေချာချာ သိရှိပေသည်။

ထိုသေရေးရှင်ရေးအချိန်တွင် လူအများစုမှာ ကိုယ့်အသက်ကို ကယ်တင်ရန်အတွက် ယောင်ပင်းဘက်မှ ရပ်တည်ခဲ့ကြသည်။ သို့သော်လည်း ယခု သူတို့၏အသက်များက ဘေးကင်းသွားပြီဖြစ်သဖြင့် ယောင်ပင်း၏ ရှေ့တွင် မည်သည့်အခါမျှ ဒူးထောက်ကြလိမ့်မည် မဟုတ်ပေ။

ယောင်ပင်းက သူတို့၏ အသက်ကို ကယ်တင်ခဲ့လျှင်ပင် သူတို့ကို လုံးဝ သိမ်းပိုက်နိုင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သူက စောင့်ဆိုင်းနေခဲ့သည်။

ယောင်ပင်း အရှက်ရမည့် အချိန်ကို သူ စောင့်ကြည့်နေခြင်းပင်။

မြေအောက်လောကမှ ဘော့စ်အများစုမှာ လူမိုက်ဟောင်းများသာ ဖြစ်ကြပေသည်။

သူတို့အတွက် အရေးကြီးဆုံးမှာ အကျိုးအမြတ်သာဖြစ်၏။

လူရှေ့တွင် မျက်နှာချိုသွေး၍ ပြုံးပြပြီး ကွယ်ရာတွင် ဓားဖြင့်ထိုးခြင်းမှာ ဤမြေအောက်ဘော့စ်များကြားတွင် သာမန်လုပ်ရိုးလုပ်စဉ်တစ်ခုသာ ဖြစ်လေသည်။

ယောင်ပင်းက ဤဘော့စ်များကို ကယ်တင်ခဲ့သော်လည်း ထိုအသက်ကယ်ခဲ့သည့်ကျေးဇူးတစ်ခုတည်းအပေါ် အခြေခံ၍ သူတို့ဘက်မှ ကတိတည်လိမ့်မည်ဟု မျှော်လင့်၍မရပါချေ။

လူမိုက်ဟောင်းတစ်ဦးဖြစ်သော လျို့ချင်းသည်လည်း ဤသို့သော လူစားမျိုးများကို သေသေချာချာ နားလည်ထားသူ ဖြစ်ပေသည်။

ဤဘော့စ်များအနေဖြင့် သူတို့နှင့် အပြန်အလှန် အကျိုးရှိနေသော ဆက်ဆံရေးကို စွန့်လွှတ်ပြီး ပြားတစ်ချပ်မှမရှိသော အထက်တန်းကျောင်းသား ယောင်ပင်းဘက်သို့ ကူးပြောင်းသွားလိမ့်မည်ဟု သူ လုံးဝမယုံကြည်ချေ။

ထို့ကြောင့် ဂိုဏ်းခေါင်းဆောင်က ဦးဆောင်၍ ယောင်ပင်းအား ကျေးဇူးတင်စကား ပြောနေသည့်တိုင်အောင် လျို့ချင်းက အနည်းငယ်မျှ စိုးရိမ်ခြင်းမရှိခဲ့ပေ။

ဤဘော့စ်များ အလေးထားဆုံးအရာမှာ အကျိုးအမြတ်နှင့် ငွေကြေးသာဖြစ်ကြောင်း သူ အသေအချာ ယုံကြည်ထားသည်။

သူ ထင်ထားသည့်အတိုင်းပင် ဂိုဏ်းခေါင်းဆောင်က ယောင်ပင်းကို ဦးညွှတ်ကျေးဇူးတင်ပြီးနောက် အခြားသော ဘော့စ်များမှာ စောင့်ကြည့်သည့် အမူအရာမျိုးဖြင့်သာ နေခဲ့ကြပြီး မည်သူကမျှ ပထမဆုံး ရှေ့သို့ထွက်မလာရဲကြချေ။

မည်သို့ပင်ဆိုစေ သူတို့သာ ရှေ့ထွက်၍ ကျေးဇူးတင်လိုက်ပါက ယောင်ပင်းနှင့် ထားရှိခဲ့သော သဘောတူညီချက်ကို လိုက်နာရတော့မည်ပင်။

ဤသည်မှာ မြို့အနောက်ဘက်ရှိ ဤမြေအောက်ဘဏ်မှ ထွက်ခွာသွားသည်နှင့် လျို့ချင်းနှင့် ပတ်သက်သမျှ စီးပွားရေးလုပ်ငန်းအားလုံးကို ဖြတ်တောက်ပြီး သူနှင့် မတွေ့ဘဲနေရတော့မည်။

ဤသည်မှာ ပြောသလောက် မလွယ်ကူပေ။ သူတို့အများစုက လျို့ချင်းနှင့် စီးပွားရေးအရ ဆက်နွှယ်နေကြပြီး ယခုအချိန်မှသာ အဆက်အသွယ်ဖြတ်လိုက်ပါက အကြီးအကျယ် နစ်နာဆုံးရှုံးမှုများ ရှိလာပေလိမ့်မည်။

ထို့အပြင် လျို့ချင်းမှာ ပင်းဟိုင် မြေအောက်ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားသလောက်နီးပါး ဖြစ်နေသဖြင့် သူတို့အနေဖြင့် ထိုဈေးကွက်အတွင်းသို့ ထိုးဖောက်လိုပါက လျို့ချင်းကို လုံးဝကျော်လွှဲ၍ မရနိုင်ချေ။

ကိုယ်ကျိုးစီးပွားနှင့် ယှဉ်လာသောအခါ သူတို့ဘက်က သေသေချာချာ ရွေးချယ်ရတော့မည် မဟုတ်ပါလား။

*

အခန်း(126) ဘုရင်တစ်ပါး၏ အရှိန်အဝါ

“ခင်ဗျားတို့က လူရာပေါင်းများစွာကို အုပ်ချုပ်နေတဲ့ ဂိုဏ်းစတားကြီးတွေဆိုပြီး တော်တော်လေးကို အရှက်မရှိတာပဲ”

ဂိုဏ်းခေါင်းဆောင်က ခန်းမတစ်ခုလုံးကို ဝေ့ကြည့်လိုက်ပြီး ဂိုဏ်းစတားကြီးများမှာ ထိုနေရာတွင် ရပ်နေကြဆဲဖြစ်သည်ကို မြင်သောအခါ ဒေါသများ ပေါက်ကွဲလာတော့သည်။

“ခုနကတော့ အသက်ရှင်ဖို့အတွက် ကောင်လေးကို ငိုယိုတောင်းပန်ပြီး ကယ်ခိုင်းခဲ့ကြတာလေ၊ အခု အသက်ရှင်သွားတော့မှ ကတိဖျက်ဖို့ ကြိုးစားပြီး ကိုယ့်ရဲ့ အမြတ်လေးနည်းနည်းအတွက် စဉ်းစားနေကြတယ်၊ ဒါက ဘယ်လိုလောကကြီးလဲ၊ ခင်ဗျားတို့က လူကြီးတွေဖြစ်ပြီး ဒီလောက်တောင်အရှက်မရှိတာလား၊ ကျွန်တော် ခင်ဗျားတို့အတွက် ရှက်မိတယ်”

သူ၏စကားများမှာ ဤဂိုဏ်းစတားကြီးများ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များကို တိုက်ရိုက်ပင် ဖွင့်ချလိုက်ခြင်း ဖြစ်ပေသည်။ ဂိုဏ်းစတားကြီးများအားလုံးမှာ အရှက်ရသွားကြပြီး ချောင်းဟန့်ခြင်း၊ အိမ်သာသွားခြင်းတို့ဖြင့် မျက်နှာပူမှုကို ဖုံးကွယ်ရန် ကြိုးစားကြတော့သည်။

လေထုမှာ အလွန်ပင် ကသိကအောက် ဖြစ်သွားရချေ၏။

ဂိုဏ်းစတားကြီးများ၏ တုံ့ပြန်မှုမှာ သူ ထင်ထားသည့်အတိုင်း ဖြစ်လာသည်ကို မြင်သောအခါ လျို့ချင်းက သူ၏ဝင့်ကြွားမှုကို မဖုံးကွယ်နိုင်တော့ပေ။ သူက ဂိုဏ်းခေါင်းဆောင်အား ပြုံး၍ ပြန်ပြောလိုက်သည်။

“ဘော့စ်... ခုနက အခြေအနေက စိုးရိမ်ရတာကိုး၊ အဲဒီယောင်ပင်းဆိုတဲ့ ကောင်လေးက လူတိုင်းရဲ့ အကျိုးစီးပွားကို လုံးဝထည့်မတွက်ဘဲ အတင်းအကျပ် သဘောထားတောင်းခဲ့တာလေ၊

တကယ်လို့ အမှန်တကယ် ကျေးဇူးတင်ချင်တယ်ဆိုရင်တော့ ပြောစရာမလိုဘဲ ရှေ့ကိုထွက်လာကြမှာပဲ၊ ဒါပေမဲ့ အတင်းအကျပ် လုပ်နေမယ်ဆိုရင်တော့ ဘော့စ်... ဒါက ပြောင်းပြန်အကျိုးသက်ရောက်မှုပဲ ရှိလာမှာနော်၊ မဟုတ်ဘူးလား”

သူသည်က ဂိုဏ်းစတားကြီးများဘက်မှ ရပ်တည်ပြောဆိုပေးနေပုံ ပေါ်သော်လည်း အမှန်တကယ်တွင်တော့ ဤအခွင့်အရေးကို အသုံးချ၍ သူတို့အား သိမ်းသွင်းနေခြင်းပင် ဖြစ်ပေသည်။

“ခုနက ငါတို့ကို သတ်ပစ်လုနီးပါးဖြစ်အောင် လုပ်ခဲ့တာ ဘယ်သူလဲဆိုတာ ခင်ဗျားတို့အားလုံး မေ့သွားပုံရတယ်”

လျို့ချင်း၏ ပြန်ပြောမှုကို ကြားပြီးနောက် ဂိုဏ်းခေါင်းဆောင်၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားပြီး ဆက်ပြောခဲ့သည်။

“အဲဒီပိုက်ဆံလေး နည်းနည်းအတွက်နဲ့ ခင်ဗျားတို့ရဲ့ ဂုဏ်သိက္ခာကိုတောင် စွန့်လွှတ်လိုက်ကြပြီလား၊ ရှောင်ယောင်က ခင်ဗျားတို့လို လူမျိုးတွေကို မလိုအပ်ပါဘူး”

ဂိုဏ်းခေါင်းဆောင် ပို၍ ဒေါသထွက်လေလေ၊ လျို့ချင်းက ပို၍ ဝင့်ကြွားလေလေ ဖြစ်နေတော့သည်။ ခန်းမအတွင်းရှိ ဂိုဏ်းစတား အများစုမှာ နှုတ်ဆိတ်နေကြဆဲပင်။ ဤသည်မှာ သူတို့ထဲမှ မည်သူကမျှ လျို့ချင်းနှင့် ပူးပေါင်းဆောင်ရွက်မည့် အခွင့်အရေးကို မစွန့်လွှတ်လိုကြကြောင်း ထင်ရှားနေခဲ့သည်။

မည်သို့ပင်ဆိုစေ တစ်ဖက်မှာ ပင်းဟိုင်ရှိ ဂိုဏ်းအသီးသီးနှင့် ခိုင်မာသော ဆက်ဆံရေးရှိသည့် နာမည်ကျော် မြေအောက်ဘော့စ်ဖြစ်ပြီး အခြားတစ်ဖက်ကတော့ အထက်တန်းကျောင်းသားလေးတစ်ဦးသာ ဖြစ်ပေသည်။

ဤဂိုဏ်းခေါင်းဆောင်များမှာ မည်သည့်အရာက ပို၍အရေးကြီးသည်ကို အလိုလို သိထားကြသည် မဟုတ်ပါလား။

“လူတိုင်းက သခင်လေးယောင်ရဲ့ အသက်ကယ်ကျေးဇူးကို မေ့သွားကြပေမဲ့ ဒီကျောက်ခိုင် ကတော့ မမေ့ပါဘူး”

ခိုင်ယဲ့သည် အေးစက်စွာ မတ်တပ်ရပ်လိုက်ပြီး လျို့ချင်းကို စိုက်ကြည့်လိုက်သည်။

“ဘော့စ်လျို့ ပြောတဲ့အတိုင်းဆိုရင် သခင်လေးယောင်ဘက်က ကျုပ်တို့ရဲ့အသက်ကို ကယ်ခဲ့တာက ဘာမှမဟုတ်ဘူးပေါ့၊ အဲဒီအစား ဘော့စ်လျို့ဘက်က ကျုပ်တို့ရဲ့အသက်ကို ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ရမှာလား”

လျို့ချင်းအား ဤသို့ ပြန်လည် တိုက်စစ်ဆင်ပြီးနောက် ခိုင်ယဲ့က ယောင်ပင်းထံသို့ လျှောက်သွားကာ အလေးအနက် ဦးညွှတ်၍ ကျေးဇူးတင်လိုက်သည်။

“ကျွန်တော့်ရဲ့အသက်ကို ကယ်ပေးတဲ့အတွက် သခင်လေးယောင်ကို အများကြီး ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ကျောက်ခိုင်က ဒီနေ့ကစပြီး ဘော့စ်လျို့နဲ့ ပတ်သက်မှုအားလုံးကို ဖြတ်တောက်လိုက်ပါပြီ၊ ကျွန်တော်တို့ကြားမှာ ဘာပတ်သက်မှုမှ မရှိတော့ပါဘူး”

သူ၏ နောက်လိုက်များကလည်း ယောင်ပင်းအား တစ်ပြိုင်နက်တည်း အလေးအနက် ဦးညွှတ်လိုက်ကြချေ၏။

“ဟမ့်... ဟန်ဆောင်နေကြတာပဲ မင်းတို့တွေက တစ်ဖွဲ့တည်းဆိုတာ လူတိုင်း သိတာပဲလေ”

“ဒါတင်မကသေးဘူး၊ ငါတို့ မိသားစုနှစ်ခုကြားမှာ ဘာဆက်ဆံရေးမှ မရှိခဲ့ဘူးမလား၊ ဘာကိုပတ်သက်မှုကို ဖြတ်မှာလဲ ခိုင်ယဲ့... စကားမပြောခင် သေချာ စဉ်းစားပါဦး၊

ခင်ဗျားက ဒီအခွင့်အရေးကို သုံးပြီး ပြဿနာရှာချင်တယ်ဆိုရင် ခင်ဗျားမှာ အဲဒီလို လုပ်နိုင်တဲ့ အရည်အချင်း ရှိမရှိ အရင်တွက်ကြည့်သင့်တယ်နော်”

လျို့ချင်း၏ ဘေးတွင်ရပ်နေသော အစ်ကိုထောင်က ခိုင်ယဲ့ စကားဆုံးသည်နှင့် မဲ့ပြုံးပြုံး၍ ပြန်ပြောလိုက်သည်။

ခိုင်ယဲ့အနေဖြင့် ဤအခွင့်အရေးကို အသုံးချ၍ အခြားသူများကို လျို့ချင်းနှင့် အဆက်အသွယ် ဖြတ်အောင် လှုံ့ဆော်ချင်သည်လား။

အိပ်မက်မက်နေတာပဲ!

လျို့ချင်းနှင့် နှိုင်းယှဉ်လျှင် ခိုင်ယဲ့မှာ ပင်းဟိုင်တွင် အခြေစိုက်ကာစ လူသစ်တစ်ယောက်သာ ဖြစ်ပြီး လျို့ချင်း၏ သုံးပုံတစ်ပုံမျှပင် အင်အားမရှိချေ။

ပင်းဟိုင်တွင် အမြစ်တွယ်နေသော လျို့ချင်း၏ အခြေအနေနှင့် မည်သို့ယှဉ်နိုင်ပါမည်နည်း။

ထို့ကြောင့် ခိုင်ယဲ့က ယောင်ပင်းကို ထောက်ခံရန် မတ်တပ်ရပ်ခဲ့လျှင်ပင် လျို့ချင်းက လုံးဝ ဂရုမစိုက်ခဲ့ပေ။

မည်သို့ပင်ဖြစ်စေ ယနေ့ ခန်းမအတွင်းရှိနေသော ဂိုဏ်းစတားကြီးများမှာ သူ၏ ဖိတ်ကြားချက်ကြောင့် ရောက်လာကြသူများ ဖြစ်ပေသည်။ ခိုင်ယဲ့တွင် ဤမျှအထိ သြဇာမရှိပါချေ။

မထင်မှတ်ဘဲ အစ်ကိုထောင် စကားပြောပြီးသည်နှင့် အဘိုးအိုတစ်ယောက်၏အသံက ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

“ငါ လူချန်ဖုန်း ဒီတစ်သက်လုံး နေလာခဲ့တာ... တခြား ဘယ်လိုခံစားချက်တွေကိုမဆို လျစ်လျူရှုနိုင်ပေမဲ့ ညီအစ်ကို စိတ်ဓာတ်နဲ့ အသက်ကယ်တင်တဲ့ကျေးဇူးကိုတော့ လုံးဝ လျစ်လျူမရှုနိုင်ဘူး ၊ ကျေးဇူးမသိတဲ့သူဟာ တိရစ္ဆာန်နဲ့ ဘာမှမခြားဘူးလေ”

ပြောပြီးနောက် ထိုသူက ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီး ယောင်ပင်းထံသို့ လျှောက်သွားခဲ့တော့သည်။ လျို့ချင်း ဆွံ့အသွားရပြန်သည်။

ယခုတစ်ကြိမ် ယောင်ပင်းကို ထောက်ခံရန် မတ်တပ်ရပ်လိုက်သူမှာ ကျင်းကျုံးရှိ ချန်ဖုန်းဂိုဏ်းမှ အကြီးအဲကဲလူ ဖြစ်နေခဲ့သည်။

အကြီးအကဲလူ၏သြဇာမှာ ဂိုဏ်းခေါင်းဆောင်ထက် များစွာ ပိုမိုကြီးမားသည်။ သူသည်က ကျင်းကျုံးရှိ ဂိုဏ်းရှစ်ဂိုဏ်းလုံး၏ အသက်ဝိညာဉ်ဟုပင် ဆိုနိုင်ပေသည်။

သူသာ ဦးဆောင်လိုက်လျှင် ကျင်းကျုံးရှိ ဂိုဏ်းရှစ်ဂိုဏ်းလုံး လိုက်ပါကြလိမ့်မည်။

ရလဒ်အနေဖြင့် ခန်းမအတွင်းရှိ ဂိုဏ်းစတားကြီးများ၏ လေးပုံတစ်ပုံမှာ ယောင်ပင်းနှင့် ထားရှိခဲ့သော သဘောတူညီချက်အရ လိုက်နာရလိမ့်မည်။

သူ ထင်ထားသည့်အတိုင်းပင်။ အကြီးအကဲလူနှင့် သူ၏လူများက ယောင်ပင်းအား အသက်ကယ်ကျေးဇူးအတွက် ကျေးဇူးတင်ပြီးနောက် ကျင်းကျုံးရှိ အခြားသော ဂိုဏ်းအသီးသီးမှ သြဇာကြီးသူများကလည်း ရှေ့သို့ထွက်၍ ကျေးဇူးတင်စကား ပြောကြားကြသည်။

ထို့နောက် ယောင်ပင်းနှင့် ထားရှိသော ကတိအတိုင်း လျို့ချင်းနှင့် ပတ်သက်မှုအားလုံးကို သေသည်အထိ ဖြတ်တောက်မည်ဟု ကတိပြုကြလေသည်။

အခြားသော ဂိုဏ်းစတားကြီးများမှာ အကြီးအကဲလူ၏ သွယ်ဝိုက်၍ အရှက်ခွဲခြင်းကို ခံလိုက်ရသဖြင့် မျက်နှာများ နီမြန်းလာပြီး ခေါင်းငုံ့ကာ သူ့ကိုပင် စိုက်မကြည့်ဝံ့ကြတော့ပေ။ တချို့မှာလည်း တွန့်ဆုတ်နေကြချေပြီ။

လျို့ချင်းမှာ အရေးကြီးသော်လည်း ကျင်းကျုံး ဂိုဏ်းရှစ်ဂိုဏ်းလုံး၏ စုပေါင်းအင်အားလောက်တော့ အရေးမကြီးပေ။

လျို့ချင်းဘက်က ရပ်တည်ခြင်းသည်က ကျင်းကျုံး ဂိုဏ်းရှစ်ဂိုဏ်းလုံးကို ဆန့်ကျင်ခြင်းနှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။

၎င်းမှာ မထိုက်တန်လှပေ။

လျို့ချင်းက ထိုဂိုဏ်းစတားကြီးများ၏ မျက်နှာပေါ်ရှိ တွန့်ဆုတ်မှုကို မြင်လိုက်ရသောအခါ သူ၏ ဝင့်ကြွားမှုများ ပျောက်ကွယ်သွားပြီး မျက်နှာတစ်ခုလုံးမည်းမှောင်ကာ အရှက်ရသွားရသည်။

သာမန် အထက်တန်းကျောင်းသားလေး တစ်ယောက်ဖြစ်သော ယောင်ပင်းက ကျင်းကျုံးရှိ ဤမျှများပြားလှသော ဂိုဏ်းစတားကြီးများ၏ လေးစားမှုကို ရရှိလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

သူ အကြောက်ဆုံးဖြစ်သော ချန်ဖုန်းဂိုဏ်းမှ အကြီးအကဲလူနှင့် သူ့ကို အမြဲတမ်း ခေါင်းကိုက်စေသော ဂိုဏ်းခေါင်းဆောင်ပင် ပါဝင်နေသည် မဟုတ်ပါလား။

သူ့ကို ပို၍ စိတ်အနှောင့်အယှက် ဖြစ်စေသည်မှာ ကျင်းကျုံး ဂိုဏ်းရှစ်ဂိုဏ်းက ဦးဆောင်လိုက်သဖြင့် တခြားသော ဂိုဏ်းစတားကြီးများမှာလည်း ငြိမ်မနေဝံ့ကြတော့ခြင်းပင်။

သူတို့အားလုံးမှာလည်း အနောက်မှ လိုက်ပါလာကြပြီး ယောင်ပင်းနှင့် ထားရှိသော ကတိကို လိုက်နာရန် သဘောတူလိုက်ကြတော့သည်။

မိနစ်အနည်းငယ် ကြာပြီးနောက် ခန်းမအတွင်းရှိ ဂိုဏ်းစတားကြီးများ၏ သုံးပုံနှစ်ပုံမှာ လျို့ချင်းနှင့် လုံးဝ မပတ်သက်တော့ရန် ထုတ်ဖော် ပြောကြားခဲ့ကြချေပြီ။

ကျန်ရှိနေသော အနည်းငယ်လောက်သော သူများကတော့ လျို့ချင်းနှင့် စီးပွားရေးအရ အကြီးအကျယ် ပတ်သက်နေပြီး လက်တလောတွင် ရုန်းမထွက်နိုင်သေးသူများ ဖြစ်သဖြင့် အရှက်မရှိဘဲ ငြင်းဆိုနေကြခြင်းသာ ဖြစ်ပေသည်။

“သူတို့က ဒီလိုဆိုရင်လည်း ဘာမှ လုပ်လို့မရဘူးလေ၊ တစ်စုံတစ်ယောက်က တိရစ္ဆာန်လိုပဲ နေချင်တယ်ဆိုရင်တော့ ငါတို့က သူတို့ကို ကျေးဇူးသိတတ်အောင် အတင်းလုပ်လို့ မရနိုင်ဘူး”

ဂိုဏ်းခေါင်းဆောင်က ကျန်နေသော သူအနည်းငယ်ကို ဝေ့ကြည့်လိုက်ပြီး ဆက်ပြောလာသည်။

“ဒါပေမဲ့ ဒီလူတွေက ဘယ်လိုလူလဲဆိုတာ ငါတို့ သေသေချာချာ မြင်လိုက်ရပြီ၊ နောက်ဆိုရင် သူတို့နဲ့ မပတ်သက်မိအောင်ပဲ သတိထားရတော့မှာပေါ့”

ဤသည်မှာ လျို့ချင်းနှင့် ဆက်ဆံနေသော မည်သည့် ဂိုဏ်းစတားကိုမဆို ဂိုဏ်းခေါင်းဆောင်က ပူးပေါင်းဆောင်ရွက်တော့မည်မဟုတ်ဟု လူသိရှင်ကြား ကြေညာလိုက်ခြင်းပင် ။

ဂိုဏ်းခေါင်းဆောင်နှင့် ကျင်းကျုံး ဂိုဏ်းရှစ်ဂိုဏ်းမှာ ယောင်ပင်း၏ ရှေ့တွင် အညံ့ခံလိုက်ကြချေပြီ။ ယခု ဂိုဏ်းခေါင်းဆောင်က စကားပြောလိုက်သည်မှာ ကျင်းကျုံး ဂိုဏ်းရှစ်ဂိုဏ်းလုံး၏ ဆန္ဒပင် ဖြစ်ပေသည်။

ကျင်းကျုံး ဂိုဏ်းရှစ်ဂိုဏ်းမှာ ရောက်ရှိနေသူများ၏ လေးပုံတစ်ပုံထက်မက ရှိနေသဖြင့် သူတို့ကသာ တွန်းအားပေးလိုက်လျှင် အခြားသော ဂိုဏ်းစတားကြီးများကလည်း သူတို့၏ သဘောထားကို ဖော်ပြလာကြရလိမ့်မည်။

ဤသို့ဖြင့် လျို့ချင်းနှင့် ပတ်သက်နေသော ဂိုဏ်းစတားကြီးများမှာပင် သူတို့၏ နောက်ဆုတ်လမ်းက ပိတ်သွားရချေပြီ။ ထို့ကြောင့် ထိုဂိုဏ်းစတားကြီးများမှာ မျက်ရည်ကျမတတ် ဖြစ်နေကြရသော်လည်း အခြေအနေအရ အံကြိတ်ကာ ခံစားလိုက်ကြရတော့သည်။

ဂိုဏ်းစတားကြီးများအားလုံးက သူတို့၏ သဘောထားကို ဖော်ပြပြီးနောက် ယောင်ပင်းသည် ခန်းမတစ်ခုလုံးကို ဝေ့ကြည့်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“ကျွန်တော် ယောင်ပင်း ခင်ဗျားတို့ရဲ့ စေတနာကို မှတ်ထားပါ့မယ်? နောင်တစ်ချိန်မှာ ခင်ဗျားတို့ ကျွန်တော့်ရဲ့ အကူအညီ လိုအပ်လာမယ်ဆိုရင် ကျွန်တော် လုံးဝ ငြိမ်ကြည့်နေမှာ မဟုတ်ပါဘူး”

ဤစကားများကို အထက်တန်းကျောင်းသားတစ်ဦးက ပြောလိုက်သည်မှာ အနည်းငယ် ရယ်စရာကောင်းပုံ ပေါ်သော်လည်း ယောင်ပင်း၏ အမူအရာမှာ တည်ငြိမ်လှပြီး သူ၏ကိုယ်မှ ကျားရဲတစ်ကောင်ကဲ့သို့သော၊ ဘုရင်တစ်ပါးကဲ့သို့သော အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။

ထိုစကားများ ထွက်ပေါ်လာသည်နှင့် ရောက်ရှိနေသော ဂိုဏ်းစတားကြီးများမှာ ဘုရင်တစ်ပါး၏ အကာအကွယ်အောက်တွင် ရှိနေသကဲ့သို့ လုံခြုံမှုမျိုးကို ခံစားလိုက်ရတော့သည်။

“ကျေးဇူးတင်ပါတယ် သခင်လေးယောင်”

“ကျေးဇူးတင်ပါတယ် သခင်လေးယောင်”

…

All Chapters