← Chapters

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း(127)

ယောင်ပင်း၏ စကားဆုံးသည်နှင့် သူတို့အားလုံး အလိုအလျောက်ပင် ရိုသေလေးစားစွာဖြင့် ဦးညွှတ်၍ ကျေးဇူးတင်ကြလေသည်။

ထို့နောက် ယောင်ပင်းက လက်ဝှေ့ယမ်းပြလိုက်ပြီး မာစတာဝမ်တစ်ဦးတည်းကိုသာ ခေါ်ထုတ်သွားခဲ့သည်။

သူက မာစတာဝမ်နှင့် ဆွေးနွေးစရာရှိသည်ဟု ပြောဆိုကာ ကျန်သောလူများကို ခန်းမအတွင်း ထားရစ်ခဲ့တော့သည်။

ယောင်ပင်း ထွက်ခွာသွားပြီးနောက် ဂိုဏ်းခေါင်းဆောင်က ရယ်မောလိုက်လေ၏။

“ညီအစ်ကိုတို့... ငါတို့က အသက်ကယ်ပေးတဲ့ ကျေးဇူးအတွက်တော့ ကျေးဇူးတင်ရမှာပေါ့၊ ဒါပေမဲ့ ငါတို့ကို သတ်ဖို့ ကြိုးစားခဲ့တဲ့ ကိစ္စကိုလည်း ငါတို့ဘက်က စုံစမ်းသင့်တယ် မဟုတ်ဘူးလား၊

ဘော့စ်လျို့က ပြဿနာတွေကိုပဲ ဖန်တီးခဲ့တာ၊ ငါတို့ကို သတ်လုနီးပါး ဖြစ်ခဲ့တာကိုတောင် သူက နောင်တရပုံ မပေါ်ဘူး”

“ဟုတ်တယ် ဒီအတိုင်း လွှတ်ထားလို့ မရဘူး”

“ဘော့စ်လျို့က ငါတို့ကို အပင်ပန်းခံ ခေါ်လာတာက ဒီလိုလုပ်ဖို့ပဲ၊ ဘော့စ်လျို့ရဲ့ ရက်စက်မှုက ငါတို့ ကြားဖူးတာထက် အများကြီး ပိုတာပဲ”

“ ခင်ဗျားတို့ ဘာတွေ ငြင်းခုံနေကြတာလဲ၊ ညီအစ်ကိုတို့... သူ့ကို ဖမ်းစမ်း! အဲဒီလျို့ချင်းဆိုတဲ့ ကောင်ကို မြင်တာနဲ့ သတ်ပစ်လိုက်ကြ”

…

ခဏအတွင်းမှာပင် ခန်းမတစ်ခုလုံး ဆူညံသွားတော့သည်။ ခိုင်ယဲ့၏ မျက်လုံးများတွင် အလင်းတစ်ခု ဖြတ်ပြေးသွားပြီး သူ၏လူများကို အေးစက်စွာ အမိန့်ပေးလိုက်သည်။

“မင်းတို့တွေသွားပြီး ကျန်းရိရှန်ကို ရှာစမ်း၊ မင်းတို့ကတော့ လျို့ချင်းနဲ့ အစ်ကိုထောင်ကို တားထားကြ၊ သူတို့ကို လုံးဝ အလွတ်မပေးနဲ့”

ယောင်ပင်း ပြောသည့်စကားက မှန်ပေသည်။ ပင်းဟိုင်မှာ ပြောင်းလဲချိန် တန်နေခဲ့ပြီ။

*

ခန်းမအတွင်းရှိ ပရမ်းပတာဖြစ်ရပ်ကို မြင်ရသောအခါ လျို့ချင်း၏မျက်နှာမှာ စိမ်းဖန်သွားချေသည်။

အရာအားလုံးသကအစီအစဉ်အတိုင်း ဖြစ်ပျက်နေခဲ့ပါလျက်နှင့် ဤဘော့စ်ကြီးများက အဘယ်ကြောင့် ရုတ်တရက်ကြီး သဘောထားပြောင်းလဲကာ ယောင်ပင်းဘက်သို့ ပါသွားကြသနည်း။

ထို့ထက် ပို၍ဆိုးသည်မှာ သူတို့အားလုံးက သူ့ကိုရန်ရှာကြပြီး ယခုအခါ ကလဲ့စားချေရန် ကြိုးပမ်းနေကြချေပြီ။

ခန်းမတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်နေခဲ့သည်။ သူတို့၏လူများမှာ ထွားကျိုင်းသော်လည်း ဘော့စ်ကြီးများ ယူဆောင်လာသော တိုက်ခိုက်ရေးသမားများက ထိပ်တန်းပညာရှင်များ ဖြစ်ကြပေသည်။

ခဏချင်းတွင်ပင် လျို့ချင်း လျှို့ဝှက်စီစဉ်ထားသော ထွားကျိုင်းသည့်လူများက ဆုတ်ခွာခဲ့ရပြီး အလဲလဲအကွဲကွဲဖြင့် အရေးနိမ့်သွားကြချေသည်။

“ချင်းဇီ... ငါတို့လူတွေ တောင့်မခံနိုင်တော့ဘူး၊ မြန်မြန်နည်းလမ်းတစ်ခုခု စဉ်းစားဦး”

ဤအခြေအနေကို မြင်သောအခါ အစ်ကိုထောင်က ပျာပျာသလဲ လမ်းလျှောက်ရင်း ထိတ်လန့်တကြား ဆဲဆိုလိုက်လေသည်။

“တောက်... အဲဒီဘော့စ်ကြီးတွေက စောစောလေးတင် ငါတို့နဲ့ တစ်ဖွဲ့တည်း ရှိနေခဲ့တာလေ၊ အခုကျမှ ငါတို့ကို ပြန်လှည့်တိုက်တယ် ဟုတ်လား၊ တော်တော်သစ္စာမရှိတဲ့ကောင်တွေပဲ၊ ချင်းဇီ... ငါတို့ ဘာလုပ်ကြမလဲ”

“အုတ်တံတိုင်းပြိုရင် အားလုံးက ဝိုင်းတွန်းကြတာပဲလေ၊ အဲဒီကောင်လေးဘက်ကို လူအများကြီး ပါသွားပြီဆိုမှတော့ ကျန်တဲ့လူတွေလည်း သေချာပေါက် ဘက်ရွေးရတော့မှာပေါ့”

လျို့ချင်း၏မျက်နှာမှာ မိုးရွာတော့မည့်အလား မည်းမှောင်နေလေသည်။ သူသည် ခန်းမအတွင်းရှိ လျှို့ဝှက်တံခါးကို အမြန်လှည့်ကြည့်ကာ တိုးတိုးလေး ပြောလိုက်ပေသည်။

“အခြားဘာလုပ်နိုင်ဦးမှာလဲ၊ သူတို့ကို လောလောဆယ် တောင့်ခံထားခိုင်းလိုက်၊ ငါတို့ အဲဒီတံခါးကနေ အမြန်ထွက်မှဖြစ်မယ်”

လက်ရှိအခြေအနေအရ သူတို့တွင် လူအင်အား ပိုများသော်လည်း ထိုဘော့စ်ကြီးများ ခေါ်ဆောင်လာသည့် ပညာရှင်များကို ယှဉ်နိုင်ရန် မဖြစ်နိုင်ချေ။

သူတို့ ထွက်ပြေးလွတ်မြောက်နိုင်သည်အထိ တောင့်ခံထားနိုင်ခြင်းမှာပင် ထူးဆန်းအံ့ဩဖွယ်ရာ ဖြစ်နေချေပြီ။

ဤဘော့စ်ကြီးများက မတိုင်လင်ကအခြေအနေအတွက် သူနှင့် စာရင်းရှင်းချင်နေခဲ့ကြသည်။

ထို့ကြောင့် သူ့အနေဖြင့် ယခုအချိန်တွင် ထိပ်တိုက်မတွေ့နိုင်ဘဲ ထွက်ခွာသွားရန်သာ တတ်နိုင်ပေသည်။

နောက်ပိုင်းတွင် အခွင့်အရေးရပါက ကြားလူတစ်ယောက်ကို ရှာဖွေကာ စေ့စပ်ညှိနှိုင်းခိုင်းပြီး အကျိုးအမြတ်အချို့ အလဲအလှယ်လုပ်လျှင် ငြိမ်းချမ်းစွာ ပြန်လည်သင့်မြတ်ရန် အခွင့်အရေး ရှိနိုင်သေးပေသည်။

သူ့အနေဖြင့် ယနေ့တွင် ယောင်ပင်းကို အပြတ်ရှင်းနိုင်မည်ဟု သေချာပေါက်တွေးထင်ထားခဲ့သော်လည်း လက်ရှိအခြေအနေမှာ မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာခဲ့ပါချေ။ အဆုံးတွင် အမြီးကုပ်ကာ ထွက်ပြေးရမည့် အခြေအနေသို့ပင် ဆိုက်ရောက်သွားရလေပြီ။

လျို့ချင်း ထွက်ပြေးတော့မည်ကို မြင်သောအခါ အစ်ကိုထောင်က ပျာပျာသလဲ မေးလေသည်။

“ချင်းဇီ... အဲဒီကောင်ကိုကျတော့ ဘယ်လိုလုပ်မလဲ၊ ငါတို့တွေ ဒီလောက် ပင်ပန်းခံထားရတာကို ဒီအတိုင်းပဲ လွှတ်ပေးလိုက်တော့မှာလား”

လျို့ချင်းက သူ့ကို ဒေါသတကြီးဖြင့် စိုက်ကြည့်လာသည်။

“ပေါက်ကရတွေ၊ အခုအချိန်မှာ ငါတို့ သူ့ကို ထိလို့ရလို့လား၊ သူနဲ့ ကျင်းကျုံး ဂိုဏ်းရှစ်ဂိုဏ်းကြားက ဆက်ဆံရေးက မရိုးရှင်းဘူးဆိုတာ မင်း မရိပ်မိဘူးလား”

အစ်ကိုထောင်မှာ ဆွံ့အသွားချေသည်။

လွန်ခဲ့သည့် အချိန်ကတည်းက သူတို့သည် ကျင်းကျုံး ဂိုဏ်းရှစ်ဂိုဏ်း၏ မျက်နှာသာရရန် အစွမ်းကုန် ကြိုးစားခဲ့ကြသော်လည်း အောင်မြင်မှု သိပ်မရှိခဲ့ချေ။

ထို့ကြောင့် အထက်တန်းကျောင်းသားတစ်ယောက်မျှသာ ဖြစ်သည့် ယောင်ပင်းက ထိုရက်စက်လှသော ကျင်းကျုံး ဂိုဏ်းရှစ်ဂိုဏ်း၏ ဘော့စ်များကို မည်သို့ ယဉ်ပါးအောင် လုပ်နိုင်ခဲ့သည်ကို သူ နားမလည်နိုင်ခဲ့ပေ။

“ငါ အရင်သွားမယ်၊ မင်း ငါ့ကို ကာကွယ်ပေးထား”

အစ်ကိုထောင် ကြောင်အမ်းအမ်း ဖြစ်နေသည့် ခဏတာအတွင်း လျို့ချင်းက သူ့ကို အမိန့်ပေးလိုက်ပြီး နံရံရှိ လျှို့ဝှက်တံခါးဆီသို့ အပြေးအလွှား သွားလေသည်။

သူ့အတွက် ယခုအချိန်တွင် အရေးကြီးဆုံးအရာမှာ သူ၏အသက်ကို ကယ်တင်ရန်သာ ဖြစ်ပေသည်။

အစ်ကိုထောင်က သဘောတူလိုက်ပြီး ဆူညံပွက်လောရိုက်နေသော ခန်းမကို စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့သည်။

လျို့ချင်းက လျှို့ဝှက်တံခါးဆီသို့ ရောက်ခါနီးတွင်ပင် လူတစ်ယောက်က အော်ဟစ်လိုက်ချေသည်။

“မြန်မြန်... လျို့ချင်း ထွက်ပြေးဖို့ လုပ်နေတယ်၊ သူ့ကို ဖမ်းကြ”

“တောက်... သူ့ကို အလွတ်ပေးလို့မဖြစ်ဘူး၊ ငါတို့ ကိစ္စတွေ မရှင်းရသေးဘူး”

…

ခဏအတွင်း ရေတွက်၍မရသော လူအများအပြားက လျို့ချင်းကို တားဆီးရန် လျှို့ဝှက်တံခါးဆီသို့ ပြေးသွားကြသည်။

အစ်ကိုထောင်သည် ပျာယာခတ်သွားပြီး လျှို့ဝှက်တံခါးဆီသို့ ပြေးသွားရင်း သူ၏ခန္ဓာကိုယ်ဖြင့် ပိတ်ဆို့ထားလိုက်လေသည်။

“ဖြတ်သွားချင်တဲ့လူ မှန်သမျှ ငါ့အလောင်းကို အရင်ကျော်သွားကြ”

လူတစ်ယောက်ကအော်ဟစ်လေသည်။

“မင်းက ဘယ်သူ့ကို လာခြောက်နေတာလဲ၊ အားလုံးပဲ သူ့ကို ကျော်သွားကြစမ်း”

လူအုပ်ကြီးသည် လျှို့ဝှက်တံခါးဆီသို့ တိုးဝှေ့သွားကြချေသည်။

ခန်းမအတွင်း၌ ရုန်းရင်းဆန်ခတ်မှုများ တစ်ဖန် ပြန်လည်ဖြစ်ပွားခဲ့ချေပြီ။

ခန်းမအပြင်ဘက်တွင်:

ဘော့စ်ဝမ်သည် ယောင်ပင်း၏ ရှေ့တွင် ရိုရိုသေသေ ရပ်နေပြီး လေးစားစွာ မေးလေသည်။

“သခင်လေးယောင်... ကျွန်တော့်ကို အပြင်ခေါ်ထုတ်လာတာ မေးစရာ ရှိလို့လား”

ယောင်ပင်းသည် သူနှင့်ယှဉ်လျှင် သူ၏သားအရွယ်မျှသာ ဖြစ်သော်လည်း သူသည်က ယောင်ပင်း၏ရှေ့တွင် ဤမျှ ရိုသေကိုင်းညွတ်ပြီး ယဉ်ကျေးနေခဲ့လေ၏။

ဤသည်ကား သူ၏ ရင်ထဲမှလာသော ယောင်ပင်းအပေါ် ရိုသေလေးစားမှုသာ ဖြစ်ပေသည်။

သန်မာသူအပေါ် လေးစားခြင်းလည်း ဖြစ်၏။

ယောင်ပင်းက ခေါင်းညိတ်လိုက်သည်။

“မာစတာဝမ်... ကျွန်တော် တစ္ဆေမိစ္ဆာနဲ့ ကြုံရတာ ဒါ ဒုတိယအကြိမ်ပဲ၊ ဒီတစ္ဆေမိစ္ဆာရဲ့ ဇစ်မြစ်က ဘာလဲဆိုတာကို ကျွန်တော် မေးချင်တာ”

ပြီးခဲ့သည့်အကြိမ်က သူ လုရှောင်ဖေးနှင့် ကြုံတွေ့ခဲ့ရသည်။

လုရှောင်ဖေးမှာ အေးစက်ပြီး ဆွဲဆောင်မှုရှိသော်လည်း ရုပ်ခန္ဓာရှိပေသည်။

ယခုတစ်ကြိမ်တွင်တော့ ဤတစ္ဆေမိစ္ဆာက အကုသိုလ်ဖော်မှန်ချပ်အတွင်း၌ ရှိနေသော်လည်း ရုပ်ခန္ဓာ မရှိချေ။

ယောင်ပင်းတစ်ယောက် ဤတစ္ဆေမိစ္ဆာဟူသည်မှာ မည်သည့်အရာ ဖြစ်ကြောင်းနှင့် မကြာသေးမီက အဘယ်ကြောင့် ဤမျှ မကြာခဏ ပေါ်လာရကြောင်းကို နားလည်ချင်နေခဲ့သည်။

“သခင်လေးယောင်... ဒီတစ္ဆေမိစ္ဆာဆိုတာက ရန်ငြိုးကြီးတဲ့ သရဲတစ္ဆေထက် တစ်ဆင့်ပိုမြင့်ပါတယ်”

မာစတာဝမ်က ချက်ချင်းပင် ရိုသေစွာ ရှင်းပြလေသည်။

“တစ္ဆေမိစ္ဆာတွေမှာ ရုပ်ခန္ဓာ ရှိနိုင်သလို မရှိဘဲလည်း နေနိုင်ပါတယ်၊ အချို့ဆိုရင် သာမန်လူတွေနဲ့ လုံးဝမခြားဘဲ တူလွန်းလို့ ကိုင်တွယ်ရ အင်မတန် ခက်ခဲပါတယ်၊

စောစောက အကုသိုလ်ဖော်မှန်ထဲက တစ္ဆေမိစ္ဆာကတော့ အဆင့်တစ်တစ္ဆေမိစ္ဆာရဲ့ အောက်မှာရှိတဲ့ အဆင့်နှစ်တစ္ဆေမိစ္ဆာပါ၊

တကယ်လို့ အဲဒီအကုသိုလ်ဖော်မှန်က သခင်လေးယောင်ရဲ့ လက်ထဲကို ရောက်သွားခဲ့ရင် သခင်လေးရဲ့ အသက်စွမ်းအင်တွေ ထိခိုက်ပျက်စီးသွားနိုင်ပါတယ်၊ ရေရှည်မှာ အသက်အန္တရာယ်တောင် စိုးရိမ်ရနိုင်ပါတယ်”

လျို့ချင်းက သူ့ကို ထိုအကုသိုလ်ဖော်မှန်အား အတင်းအကျပ် ပေးအပ်လိုခြင်း၏ အကြောင်းရင်းမှာ ဤအတွက်ကြောင့် ဖြစ်ဟန်တူပေသည်။

ယောင်ပင်းသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက်ဆက်မေးခဲ့သည်။

“မာစတာဝမ်... တစ္ဆေမိစ္ဆာနဲ့ ယင်အလောင်းကောင်ကြားက ကွာခြားချက်က ဘာလဲ”

ရှောင်ချင်းမှာ ယင်အလောင်းကောင်ဖြစ်ပြီး လုရှောင်ဖေးမှာ တစ္ဆေမိစ္ဆာ ဖြစ်သည်။

ထိုအမျိုးသမီး နှစ်ဦးလုံးမှာ လုံးဝ သာမန်လူကဲ့သို့ပင် ဖြစ်နေကြပြီး တစ်ယောက်စီတိုင်းမှာလည်း အလွန်အမင်း လှပကာ ဆွဲဆောင်မှု ရှိကြသည်။

“သခင်လေးယောင်က ယင်အလောင်းကောင်နဲ့ကြုံခဲ့ဖူးတာလား”

မာစတာဝမ်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသော်လည်း အမြန်ပင်ပြန်လည်ရှင်းပြလေသည်။

“ယင်အလောင်းကောင်ဆိုတာ ခန္ဓာကိုယ်ထဲမှာ နက်ရှိုင်းတဲ့ ရန်ငြိုးတွေ ပြည့်နှက်နေပြီး အချိန်အကြာကြီး ပိတ်လှောင်ခံထားရတာကြောင့် ‘ပြန်လည်အသက်ဝင်’ လာတာမျိုးပါ၊

တစ္ဆေမိစ္ဆာကတော့ အခြားတစ်ယေ်က်ရဲ့ ခန္ဓာကိုယ်ကို ပူးကပ်ဝင်ရောက်ပြီး သာမန်လူလို ထင်ရအောင် လုပ်တာ ဖြစ်ပါတယ်၊

ဒါပေမဲ့ တစ္ဆေမိစ္ဆာတွေကို မြို့လယ်ခေါင်နဲ့ ဝေးရာနေရာတွေမှာပဲ တွေ့ရတတ်ပြီး စည်ကားတဲ့နေရာတွေမှာတော့ တွေ့ရခဲပါတယ်၊

သခင်လေးယောင် ပြောသလို တစ္ဆေမိစ္ဆာတွေနဲ့ မကြာခဏ ကြုံနေရတယ်ဆိုရင်တော့ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုခု ဖြစ်တော့မှာပဲ၊

ပင်းဟိုင်မြို့ထဲမှာ စုန်းကဝေအတတ် ဒါမှမဟုတ် အောက်လမ်းပညာကို ကျင့်ကြံနေတဲ့သူတွေ ရှိနေတာ သေချာတယ်လို့ ကျွန်တော် သံသယရှိတယ်...

ဒါနဲ့ အဲဒီတစ္ဆေမိစ္ဆာတွေက သခင်လေးယောင်ကို ပစ်မှတ်ထားနေတာဆိုရင်တော့ သခင်လေးအနေနဲ့ နောင်အနာဂတ်မှာ အထူးသတိထားရပါလိမ့်မယ်၊ အဲဒီတစ္ဆေမိစ္ဆာတွေက အင်အားကြီးပြီး ကောက်ကျစ်လွန်းလို့ ကာကွယ်ရ အင်မတန် ခက်ပါတယ်”

ယောင်ပင်း ရုတ်တရက် သဘောပေါက်သွားချေသည်။

သူသည် မာစတာဝမ်အား အလေးအနက် ဦးညွှတ်လိုက်လေ၏။

“ လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မာစတာဝမ်”

ယောင်ပင်းမှ သူ့ကို ဦးညွှတ်သည်ကို မြင်သောအခါ ဘော့စ်ဝမ်သည် ပျာပျာသလဲ ပြန်လည်ဦးညွှတ်လိာက်လေ၏။

“သခင်လေးယောင်က ကျွန်တော့်ကို မြှောက်ပြောနေပါပြီ၊ တကယ်လို့ ယနေ့ သခင်လေးသာ ဝင်မကူညီခဲ့ရင် ကျွန်တော် ဒီဘဏ်ထဲမှာ သိက္ခာကျရုံတင်မကဘူး အသက်ပါ ဆုံးရှုံးရလိမ့်မယ် ထင်ပါတယ်၊

နောင်အနာဂတ်မှာ ဘာပဲလိုလို သခင်လေးယောင် အမိန့်သာပေးပါ၊ ကျွန်တော် လုံးဝ ဝန်မလေးပါဘူး”

သန်မာလူများက ဘုရင်ကို ရိုသေလေးစားပေသည်။

အကယ်၍ သူသည်က သန်မာသူဖြစ်ပါက ယောင်ပင်းမှာ အနှိုင်းမဲ့ဘုရင်တစ်ပါး ဖြစ်၏။

ထို့ကြောင့် ဘော့စ်ဝမ်သည် ယောင်ပင်းအတွက် သူတတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ပေးရန် လိုလားနေခဲ့သည်။

*

အခန်း(128)

မိုမိသားစု စံအိမ်။

မိုလီချွမ်၏ စာကြည့်ခန်း။

ကန်းခွိုက်လဲ့နှင့် မာစတာလျို့တို့သည် မိုလီချွမ်၏ စာပွဲရှေ့တွင် ခေါင်းငုံ့ကာ ရပ်နေကြပြီး ခန္ဓာကိုယ်များ တောင့်တင်းနေကြကာ မိုလီချွမ်ကို တည့်တည့်ပင် မကြည့်ရဲကြချေ။

စာကြည့်ခန်းအတွင်းရှိ လေထုမှာ အလွန်အမင်း ဖိနှိပ်မှု ရှိနေပေသည်။

“အဲဒီကောင်လေးက နောက်ထပ် လူတစ်စုကို သိမ်းသွင်းလိုက်ပြန်ပြီ ဟုတ်လား”

မိုလီချွမ်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ စာကြည့်ခန်းအတွင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း အေးစက်စွာ မေးလေသည်။

“သူတို့အားလုံးက ပင်းဟိုင်နဲ့ ကျဲ့ကျင်း အရှေ့ပိုင်းက မြေအောက်လောက ဘော့စ်တွေချည်းပဲလား”

ကန်းခွိုက်လဲ့နှင့် မာစတာလျို့တို့သည်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တုန်တုန်ရင်ရင်ဖြင့် ခေါင်းညိတ်ကာ ဖြေခဲ့ကြသည်။

“ဟုတ်ပါတယ်”

ဒုန်း..

မိုလီချွမ် စားပွဲခုံကို လက်သီးဖြင့် ပြင်းထန်စွာ ထုလိုက်ချေသည်။

“မင်းတို့ပြောချင်တာက ငါတို့ ပင်ပန်းခံသမျှ အရာအားလုံးက အဲဒီကောင်လေးကိုပဲ ကူညီပေးလိုက်သလို ဖြစ်သွားတာပေါ့ ဟုတ်လား”

“မစ္စတာမို... ကျွန်တော်တို့ လက်ဗလာနဲ့ ပြန်လာခဲ့တာတော့ မဟုတ်ပါဘူး...”

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ အနည်းဆုံးတော့ လျို့ချင်းနဲ့ အဲဒီကောင်လေးက အခု လုံးဝ ရန်သူတွေ ဖြစ်သွားကြပြီလေ”

ကန်းခွိုက်လဲ့နှင့် မာစတာလျို့တို့သည် မိုလီချွမ် စိတ်သက်သာရာရစေရန် ယခုအကြိမ် ရရှိခဲ့သည့် အကျိုးအမြတ်များကို အလျင်အမြန် ပြောပြကြချေသည်။

မိုလီချွမ်က သူတို့ကို မည်းမှောင်သော မျက်လုံးများဖြင့် စိုက်ကြည့်လညသည်။

“မင်းတို့တွေက မိစ္ဆာပူးကပ်နေတဲ့ ပစ္စည်းကို လျို့ချင်းဆီ ပေးဖို့ အားထုတ်ခဲ့ကြတယ်၊ တိတ်တဆိတ်လည်း ဒီအကွက်ကို ဆင်ခဲ့ကြတယ်၊ လူအများကြီးကိုတောင် ဆွဲထည့်ခဲ့ကြသေးတယ်၊

အဆုံးသတ်ကျတော့ ဘာအကျိုးအမြတ်မှ မရဘဲ အားလုံးက အဲဒီကောင်လေးဆီ ရောက်သွားတယ်၊ ဒါကိုမှ မင်းတို့က အကျိုးအမြတ်လို့ ခေါ်ရဲသေးတယ်ပေါ့”

“လျို့ချင်းက အဲဒီကောင်လေးနဲ့ ရန်သူဖြစ်သွားတာ ဟုတ်ပါပြီ၊ ဒါပေမဲ့ အဲဒီဘော့စ်တွေ ဘယ်လောက်တောင် သူ့ စကားကို နားထောင်နေကြလဲဆိုတာ မင်းတို့ မြင်လား”

ဤအကြောင်းကို ပြောမိသောအခါ မိုလီချွမ်မှာ ဒေါသချောင်းချောင်း ထွက်နေချေသည်။

“လျို့ချင်းက သန်မာပုံရပေမဲ့ အဲဒီဘော့စ်တွေအားလုံးက သူ့ကို ဝိုင်းပြီး ပိတ်ဆို့တိုက်ခိုက်မယ်ဆိုရင် သူ တစ်လတောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး၊

အဲဒီကောင်လေးရဲ့ လက်ရှိအင်အားနဲ့ဆိုရင် လျို့ချင်းမှာ ဘာအကူအညီမှ မရှိရင် အဲဒီကောင်လေးရဲ့ ဆံခြည်တစ်မျှင်ကိုတောင် ထိနိုင်ပါ့မလား”

မိုလီချွမ်၏ ဒေါသမှာ အလွန်ပငရ မြင့်မားနေပြီး ကန်းခွိုက်လဲ့နှင့် မာစတာလျို့တို့မှာ ထိတ်လန့်လွန်း၍ နောက်ထပ် တစ်လုံးမျှပင် မပြောရဲကြတော့ချေ။

ဤအခြေအနေမှာ သူတို့၏ မျှော်လင့်ချက်ထက် လုံးဝ ကျော်လွန်နေခဲ့ပေသည်။

ယောင်ပင်း၏ စွမ်းအားမှာ သူတို့ ထင်ထားသည်ထက် များစွာ ပိုမိုကြီးမားနေချေပြီ။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မိုလီချွမ်သည် နောက်ဆုံးတွင် မော့ကြည့်ကာ ထိုနှစ်ဦးကို ကြည့်ပြီး အေးစက်စွာ အမိန့်ပေးလေသည်။

“မင်းတို့နှစ်ယောက် လျို့ချင်းရဲ့အနားကို ကပ်နိုင်မယ့် နည်းလမ်းရှာပြီး သူ့ကို တိတ်တဆိတ် ကူညီပေးလိုက်၊ ဘယ်လိုနည်းလမ်းပဲ သုံးသုံး အဲဒီကောင်လေးကို အပြတ်ရှင်းရမယ်၊

ဒုတိယအစ်ကိုနဲ့ တတိယအစ်ကိုတို့လည်း မကြာခင် ပြန်လာတော့မှာဆိုတော့ ငါ ကြိုတင်ပြင်ဆင်ထားရမယ်၊ တကယ်လို့ တစ်ခုခု ထပ်မှားယွင်းခဲ့ရင်တော့ မင်းတို့ ပြန်မလာခဲ့နဲ့တော့”

ကန်းခွိုက်လဲ့နှင့် မာစတာလျို့တို့သည် မနှောင့်နှေးရဲကြဘဲ ချက်ချင်းပင် ခေါင်းညိတ် သဘောတူလိုက်ကြ၏။

မိုလီချွမ်က စိတ်မရှည်သလို လက်ဝှေ့ယမ်းပြလိုက်သဖြင့် သူတို့က ချက်ချင်းပင် ဆုတ်ခွာသွားကြတော့သည်။

မြို့အနောက်ဘက်ရှိ မြေအောက်ငွေလဲဘဏ်သို့ ပြန်ပြောရလျှင်:

လျန်ဟုန်ရှန်းက ယောင်ပင်းကို သူ့အနားသို့ အထူးတလည်ဖိတ်ခေါ်ခဲ့သည်။

“သခင်လေးယောင်... ဒီနေ့ ချင်းဟွေ့ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ အကူအညီတောင်းစရာတစ်ခု ရှိလို့ သခင်လေးယောင် သဘောတူပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

“သခင်ကြီးလျန် ပြောစရာရှိတာကိုပြောပါ၊ ကျွန်တော် တတ်နိုင်သမျှ အရာမှန်သမျှ ကူညီပေးပါ့မယ်”

ယောင်ပင်းက ချက်ချင်း ခေါင်းညိတ်လိုက်သည်။

လျန်ဟုန်ရှန်းသည်က သူ့အဖိုးအရွယ်မျှ ရှိပေသည်။

ယောင်ပင်းအနေဖြင့် ထိုကဲ့သို့သော လူကြီးသူမက သူ့အား ဤမျှ ယဉ်ကျေးသော လေသံဖြင့် ပြောဆိုနေသည်ကို အနေရခက်နေခဲ့ရပေသည်။

ထို့ကြောင့် လျန်ဟုန်ရှန်းက သူ့အား မည်သည့်အရာကိုလုပ်ခိုင်းမည်ကို မသိသေးသော်လည်း သူ ချက်ချင်းပင် သဘောတူလိုက်ပေသည်။

လျန်ဟုန်ရှန်းက သူ့ဘေးရှိ လျန်ချင်းဟွေ့ကို တစ်ချက်ကြည့်ကာ အလေးအနက် ထပ်မံတောင်းဆိုလေသည်။

“သခင်လေးယောင်... ချင်းဟွေ့က ဒဏ်ရာရထားတာ အတော်လေးလည်း ပြင်းထန်တယ်၊ ကျွန်တော်လို အဖိုးကြီးကတော့ သူ့ကို ဆေးရုံအထိ မခေါ်သွားနိုင်ဘူး၊ သခင်လေးယောင်အနေနဲ့ ကျွန်တော့်ကို ကူညီပြီး ချင်းဟွေ့ကို ဆေးရုံ လိုက်ပို့ပေးလို့ ရမလား”

သူ့လေသံမှာ အတော်လေးရိုးသားလှပေသည်။

လျန်ချင်းဟွေ့က အလျင်အမြန် ငြင်းပယ်လိုက်သည်။

“အဖိုး.. အဲဒီလို မလိုပါဘူး၊ ကျွန်မက လက်မောင်းပဲ ဒဏ်ရာရတာပါ... နောက်ပြီး ကျွန်မတို့မှာ ဒရိုင်ဘာလည်း ရှိတာပဲလေ”

သူမ၏ စကားမဆုံးခင်မှာပင် လျန်ဟုန်ရှန်းက သူမကို စိုက်ကြည့်လာသည်။

“မဟုတ်ဘူး၊ လိုတယ်၊ ဒရိုင်ဘာက ကိစ္စရှိလို့ သွားစရာရှိသေးတယ်”

လျန်ချင်းဟွေ့မှာ ဇဝေဇဝါဖြစ်သွားပြီး ထပ်မံငြင်းဆိုပြန်သည်။

“အဖိုး... ကျွန်မ တကယ် မလိုပါဘူး၊ ဆေးရုံကို ကျွန်မဘာသာ သွားနိုင်ပါတယ်၊ အဖိုး စိတ်ပူစရာမလိုပါဘူး”

လျန်ဟုန်ရှန်းမှာ ဒေါသထွက်လွန်းသဖြင့် မုတ်ဆိတ်မွေးများပင် ထောင်ထမတတ် ဖြစ်သွားချေသည်။

သူ သူ၏ အချစ်တော် မြေးမလေးကို စိုက်ကြည့်လိုက်ပြန်၏။

“မင်းက ဒဏ်ရာရထားတာလေ၊ လမ်းမလျှောက်နိုင်ဘူး၊ သခင်လေးယောင်ရဲ့ အကူအညီ လိုတယ်၊ ဟုတ်တယ်မလား”

“အဖိုး...”

လျန်ချင်းဟွေ့က သူမ၏အဖိုးကို ကြည့်လိုက်၊ ယောင်ပင်းကို ကြည့်လိုက်နှင့် စကားမပြောမီ တုံ့ဆိုင်းနေပြီးမှပြောလိုက်သည်။

“ဒါဆို... ဒါဆို ကျွန်မ အကူအညီ လိုတာပေါ့”

သူမ၏အဖိုးသည် သူမကို အမြဲတမ်း ကြံ့ကြံ့ခံနိုင်ရန်နှင့် သန်မာရန် သွန်သင်ခဲ့ပေသည်။ သူမ ယခင်က ဒဏ်ရာရဖူးသော်လည်း ဆေးရုံသို့ တစ်ဦးတည်းသာ အမြဲသွားခဲ့ဖူးသည်။

ယခုတစ်ကြိမ်တွင်တော့ အဘယ်ကြောင့် အဖိုးက ယောင်ပင်းအား သူမကို ဆေးရုံလိုက်ပို့ရန် အတင်းအကျပ် တောင်းဆိုနေရသည်လဲ။

ထို့ပြင် ဒရိုင်ဘာမှာလည်း အပြင်တွင် စောင့်ဆိုင်းနေသေးသည်။ အဘယ်ကြောင့် အဖိုးက ဒရိုင်ဘာ အလုပ်ရှုပ်နေသည်ဟု ပြောရသနည်း။

သဘောတူပြီးသား ဖြစ်သဖြင့် ယောင်ပင်းအနေဖြင့် မငြင်းပယ်နိုင်တော့ချေ။ သူသည်က ခိုင်ယဲ့နှင့် အခြားသူများကို ပြောလိုက်ပြီးနောက် လျန်ချင်းဟွေ့နှင့် လျန်ဟုန်ရှန်းတို့ကိုပြောလိုက်ရသည်။

“လာခဲ့လေ... ကျွန်တော် လျန်မိန်းကလေးကို ဆေးရုံ လိုက်ပို့ပေးပါ့မယ်”

လျန်ဟုန်ရှန်းက ဘယ်ပြန်ညာပြန် ကြည့်လိုက်ပြီး လျန်ချင်းဟွေ့ကို အကဲခတ်သလို အကြိမ်အနည်းငယ် ကြည့်ကာ သက်ပြင်းချရင်း ယောင်ပင်းအား ပြောလေသည်။

“သခင်လေးယောင်... ချင်းဟွေ့က လမ်းလျှောက်နိုင်ပုံမရဘူး၊ သခင်လေးပဲ သူ့ကို အပြင်အထိ ချီသွားပေးရလိမ့်မယ် ထင်တယ်...”

လျန်ဟုန်ရှန်းက လျန်ချင်းဟွေ့ကို ဆေးရုံသို့ ချီသွားခိုင်းနေသည်လား။

ယောင်ပင်း၏ လက်ရှိစွမ်းအားနှင့်ဆိုလျှင် ဤအရာကို သေချာပေါက်လုပ်ဆောင်နိုင်ပေသည်။

သို့သော်လည်း လျန်ချင်းဟွေ့ကဲ့သို့သော မိန်းကလေးပျိုတစ်ဦးကို ဆေးရုံသို့ ချီသွားရန်ဆိုသည်မှာ မသင့်တော်လှသည် မဟုတ်ပါလော။

ယောင်ပင်းသည် သူ၏စိုးရိမ်ပူပန်မှုကို လျန်ဟုန်ရှန်းအား ခပ်တိုးတိုး ပြောပြလျှင် လျန်ဟုန်ရှန်း ချက်ချင်းပင် မှန်ကန်သည့်အမူအရာဖြင့် ပြောလာလေသည်။

“ဘာက မသင့်တော်ရမှာလဲ၊ ချင်းဟွေ့က ဒဏ်ရာရထားတာလေ၊ သူက လူနာတစ်ယောက်ပဲ၊ လူနာရဲ့ ကျန်းမာရေးကသာ အရေးကြီးဆုံးပဲမလား၊

ငါတို့က လောကီရေးရာ အာရုံတွေကို ဘေးဖယ်ထားပြီး လူနာကိုပဲ ဦးစားပေးရမယ်၊ ငါလို အဖိုးကြီးတောင် ဒီလောက် နားလည်ပေးနိုင်သေးတာ၊ မင်းက လူငယ်လေးလေ၊ လာပါ၊ လာပါ၊ ဒီအဖိုးကြီးလည်း မင်းတို့နဲ့အတူ လိုက်ခဲ့မယ်”

လျန်ချင်းဟွေ့က မျက်နှာတစ်ခုလုံး နီမြန်းလျက် ကန့်ကွက်လေသည်။

“အဖိုး... ဘာတွေ ပြောနေတာလဲ”

သူမသည်ကား ငယ်စဉ်ကတည်းက မိဘနှစ်ပါးလုံး ဆုံးရှုံးခဲ့ရပြီး အဖိုးဖြစ်သူ၏ ပြုစုပျိုးထောင်မှုဖြင့် ကြီးပြင်းလာခဲ့ရချေသည်။ အဖိုးဖြစ်သူသည် သူမအပေါ် အမြဲတမ်း စည်းကမ်းကြီးခဲ့ပြီး အထူးသဖြင့် ယောကျာ်းလေးများနှင့် ဆက်ဆံရေးတွင် ပို၍ပင် တင်းကြပ်လှပေသည်။

ကန့်သတ်ချုပ်ချယ်လွန်းသည်ဟုပင် ဆိုနိုင်ပေသည်။

သူမက တစ်ကြိမ်တစ်ခါမျှ အချစ်ရေး မရှိခဲ့ဖူးချေ။ ယောကျာ်းလေးတစ်ယောက်၏ လက်ကိုပင် မကိုင်ဖူးခဲ့ပါချေ။ ယောကျာ်းလေးတစ်ဦးနှင့် ခန္ဓာကိုယ်ချင်း ထိတွေ့မှုမျိုးလည်း လုံးဝ မရှိခဲ့ဖူးချေ။

ယခုတွင်တော့ သူမ၏အဖိုးက ယောင်ပင်းအား သူမကို ချီ၍ ဆေးရုံသို့ ပို့ခိုင်းနေချေပြီ။

ဤအကြောင်းကို တွေးရုံမျှနှင့်ပင် သူမသည် အလွန်အမင်း ရှက်သွေးဖြန်းသွားရပေသည်။

သို့သော်လည်း သူမအပေါ် အမြဲတမ်း စည်းကမ်းကြီးလှသော အဖိုးဖြစ်သူကတော့ ဤကိစ္စတွင် အမှားအယွင်း တစ်စုံတစ်ရာ ရှိသည်ဟု မထင်မှတ်ဟန် တူပေသည်။

ဆိုရလျှင် လျန်ချင်းဟွေ့အနေဖြင့် အဖိုးဖြစ်သူက ယောင်ပင်းအား သူမကို ဆေးရုံသို့ ခေါ်ဆောင်သွားစေချင်လွန်း၍ စိတ်အားထက်သန်နေသည်ဟုပင် ခံစားမိချေသည်။

ယနေ့တွင် သူမ၏အဖိုးသည် အဘယ်ကြောင့် ဤသို့ ဖြစ်နေရသနည်း။

သူ၏ အချစ်တော်မြေးမလေး ရှက်ရွံ့နေသည်ကို မြင်သောအခါ လျန်ဟုန်ရှန်းက မျက်မှောင်ကြုတ်လျက်ပြောလာ၏။

“ကောင်းပြီ၊ ဆေးရုံကို အမြန်သွားကြရအောင်၊ နောက်ကျရင် ဒဏ်ရာအတွက် မကောင်းဘူး”

လျန်ချင်းဟွေ့မှာ အဖိုးဖြစ်သူကို အမြဲတမ်း ရိုသေလေးစားသူ ဖြစ်ပေသည်။ အဖိုးက တစ်ချက်ဆိုလျှင် သူမက တစ်ချက်ထက် ပို၍ ငြင်းဆန်လေ့မရှိချေ။

ယခုအခါ အဖိုးဖြစ်သူက ကိစ္စမရှိဟု ဆိုလာသောကြောင့် လျန်ချင်းဟွေ့မှာ မျက်နှာနီမြန်းလျက်နှင့်သာ ယောင်ပင်းအားပြောနိုင်တော့ပေသည်။

“သခင်လေးယောင်... ဒုက္ခပေးမိပါပြီ...”

လျန်ချင်းဟွေ့က ရဲရင့်ပြတ်သားပြီး ထက်မြက်သော အရှိန်အဝါမျိုး ရှိသည့် မိန်းကလေးမျိုး ဖြစ်ပြီး သူမ၏ အပြုအမူများမှာ သပ်ရပ်ထက်မြက်လှပေသည်။

သို့သော်လည်း လျှပ်တစ်ပြက် ရှက်သွေးဖြန်းသွားသော သူမ၏မျက်နှာလေးမှာတော့ ထူးခြားဆန်းသစ်ပြီး ဆွဲဆောင်မှု ရှိနေပေသည်။

“ကိစ္စမရှိပါဘူး၊ ကိစ္စမရှိပါဘူး”

ယောင်ပင်း၏ ရင်ခုန်သံတို့ တုန်ယင်သွားပြီး အလျင်အမြန် ခေါင်းခါလိုက်လေသည်။

ထို့သို့ ပြောပြီးနောက် သူပ လျန်ချင်းဟွေ့၏ ရှေ့သို့ လျှောက်သွားကာ ကိုယ်ကိုကိုင်းညွတ်၍ သူမအား သူ၏ကျောပေါ်သို့ မှီတွယ်ခိုင်းလိုက်၏။

လျန်ဟုန်ရှန်း၏ စောင့်ကြည့်မှုအောက်တွင် လျန်ချင်းဟွေ့လည်း မျက်နှာနီမြန်းလျက် ယောင်ပင်း၏ ကျောပေါ်သို့ မှီတွယ်ရုံသာတတ်နိုင်ခဲ့သည်။

မတိုင်မီက လျန်ချင်းဟွေ့အနေဖြင့် အသားပွပွဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ယောင်ပင်းအနေဖြင့် ထူးခြားမှုကို သတိမထားမိခဲ့ချေ။

သို့သော်လည်း လျန်ချင်းဟွေ့က သူ၏ကျောပြင်သို့ မှီကပ်လာသောအခါ ကျောပြင်ထက်၌ နူးညံ့အိစက်သော ခံစားမှုကို ခံစားလိုက်ရသဖြင့် သူ၏ရင်ခုန်သံများက ပို၍ပင် မြန်ဆန်လာရတော့သည်။

လျန်ချင်းဟွေ့မှာလည်း မျက်နှာနီမြန်းလျက် ယောင်ပင်း၏ကျောပြင်ကို တင်းကျပ်စွာ ဖက်တွယ်ထားပြီး ပတ်ပတ်လည်ကိုပင် မကြည့်ရဲရှာချေ။

လျန်ဟုန်ရှန့် တစ်ဦးတည်းသာလျှင် ပြုံးပျော်လျက် ထိုနှစ်ဦး၏နောက်မှ ဆေးရုံဆီသို့ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့ပေသည်။

*

All Chapters