← Chapters

ဓမ္မလက်နက်အဆောင်ကို ချုပ်ကိုင်ခြင်း

Vol. 17 Ch. 224

ဓမ္မလက်နက်အဆောင်ကို ချုပ်ကိုင်ခြင်း

Vol. 17 Ch. 224

ပြည်ထောင်စုမြို့တော်မှ ကောင်းကင်တာအိုကျောင်းသို့ ပြန်နေသည့် သင်္ဘောပျံကြီးပေါ်တွင် လူချောလေးများအသင်းကို တရားဝင် ဖွဲ့စည်းလိုက်၏။ ထိုအသင်း၏ အဖွဲ့ဝင်များမှာ ဆွေနွေးလိုက်ကြပြီးနောက် သူတို့ထဲမှနှစ်ယောက်မှာ နောက်ဆုံးတွင် အရှုံးပေးလိုက်ကြသဖြင့် ဝမ်ပေါင်လဲ့မှာ သူ၏ ဆန္ဒမဲ တစ်မဲတည်းနှင့် ပထမဆုံး ဥက္ကဋ္ဌ ဖြစ်သွားတော့သည်။

" ငါ့ကိုလိုအပ်နေတဲ့လူတွေ အများကြီးရှိတယ်။ ငါ့ရဲ့ တာဝန်တွေကလည်း အများကြီးပဲ။ ငါ့ရဲ့ ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးတွေကလည်း အင်မတန် လေးလံတယ် "

ဝမ်ပေါင်လဲ့မှာ ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့၏ ရှေ့တွင်ရပ်ကာ သူ၏ ဗိုက်ကိုပုတ်ရင်း သက်ပြင်းချ၍ ဆိုလိုက်၏။

ထို့ကြောင့် ကျိုးရိဖန်မှာ စကားတခွန်းမှမပြောဘဲ ဆိတ်ငြိမ်နေပြီး ကျောက်ယမုန့်မှာ နောင်တကြီးစွာ ရနေတော့သည်။ အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားပြီး ပြည်ထောင်စုအဖွဲ့ဝင်များထဲမှ အချို့အဝက်နှင့် လူချောလေးများအသင်းမှ အဖွဲ့ဝင်များကို တင်ဆောင်လာသော သင်္ဘောပျံကြီးမှာ ကောင်းကင်တာအိုကျောင်း၏ ပိုင်နက်ထဲသို့ ရောက်ရှိလာပြီး အဆင့်မြင့်ကျွန်းဆီသို့ ပြန်သွားလိုက်တော့သည်။

သူတို့ မြေပြင်ပေါ်သို့ ရောက်လာသည်နှင့် ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများမှာ သူတို့အား လာရောက်ကြိုဆိုကြသော လူများကို မြင်လိုက်ရ၏။ ထိုသူများထဲတွင် သက်ဆိုင်ရာအဆောင်များ၏ မဟာအကြီးအကဲများနှင့် လက်ထောက်ဂိုဏ်းချုပ်တို့အပြင် ကျောင်းစီမံထိန်းသိမ်းရေးအဖွဲ့မှ အခြား အဆင့်မြင့်အကြီးအကဲများစွာ ပါဝင်၏။

ထိုကြိုဆိုပွဲ အခမ်းအနားကြီးမှာ ကြီးကျယ်ခမ်းနားပြီး အလွန် နွေးထွေး၏။ ပြည်ထောင်စုပျိုးပင်များမှာ စံပြပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ခံထားရသည်ဖြစ်ရာ သူတို့မှာ ဂုဏ်သတင်းကျော်စောနေရုံသာမက အဆင့်မြင့်ကျွန်းနှင့် အဆင့်နိမ့်ကျွန်းပေါ်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများစွာနှင့် ကျောင်းသားများစွာတို့မှာလည်း သူတို့အား လေးစားအားကျနေကြသည်။

ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများမှာ စူးရှတောက်ပသော အလင်းရောင်တစ်ခု၏ ဝန်းရံခြင်းကို ခံထားရသကဲ့သို့ ဖြစ်နေပြီး လူပေါင်းများစွာ၏ အာရုံကို ဖမ်းစားကာ လူငယ်မျိုးဆက်သစ်များအတွက် စံပြပုဂ္ဂိုလ်များ ဖြစ်နေတော့သည်။

ထိုသို့ဖြစ်နေရသည့် အကြောင်းအရင်းများထဲတွင် တာအိုကျောင်း၏ ကြော်ငြာပေးမှုများမှာ တစ်စိတ်တစ်ပိုင်းမှ ပါဝင်ပါသော်လည်း အဓိကအချက်မှာမူ ပြည်ထောင်စုကြီး၏ ပျိုးပင်တစ်ရာ ရွေးချယ်ပွဲအား တိုက်ရိုက်ထုတ်လွှင့်မှုကြောင့် ပြည်ထောင်စုထဲရှိလူတိုင်း သူတို့အား သိရှိသွားရခြင်းဖြစ်သည်။ ထို့အပြင် ဥက္ကဋ္ဌကြီးကိုယ်တိုင် ဆုချခဲ့သည့် အခမ်းအနားလည်း ရှိသေးသည် မဟုတ်ပါလော။ ပျိုးပင်များ၏ အောင်မြင်မှုများနှင့် သူတို့၏ပုံရိပ်များကို ပြည်ထောင်စုကြီးတစ်ခုလုံး သိရှိသွားအောင် ကြေညာခဲ့သောကြောင့် သူတို့မှာ ပို၍ နာမည်ကျော်ကြားလာခဲ့ရသလို လူတိုင်းမှာလည်း သူတို့အား အားကျကာ လေးစားနေကြပြီဖြစ်သည်။

ယခုတွင်မူ တာအိုကျောင်းမှာ ကျင့်ကြံသူများနှင့် ကျောင်းသားများဖြင့် ပြည့်နှက်နေသော တာအိုကျောင်း တစ်ကျောင်းလုံး၏ရှေ့တွင် ပျိုးပင်များအား အသိအမှတ်ပြုကြောင်းနှင့် သူတို့အား ချီးမြှင့်မည့် ဆုလာဘ်များကို ကြေညာလိုက်ပြီဖြစ်သည်။

" ဝမ်ပေါင်လဲ့၊ ကျောက်ယမုန့်နဲ့ ကျိုးရိဖန်တို့ကို အခုကစပြီးတော့ သူတို့ရဲ့ သက်ဆိုင်ရာအဆောင်တွေရဲ့ လက်ထောက်အဆောင်မှူးတွေအဖြစ် သတ်မှတ်လိုက်တယ် "

ထိုကဲ့သို့ သတ်မှတ်လိုက်ပြီးသည်နှင့် တစ်ပြိုင်နက် အဆင့်မြင့်ကျွန်းပေါ်မှ လူအများစုမှာ ကြိုသိထားကြသည်တိုင်အောင် အံ့ဩတုန်လှုပ်သွားကြ၏။ လက်ထောက်အဆောင်မှုးဆိုသော ရာထူးမှာ အလွန် ရာထူးအာဏာ ကြီးမားသည်မဟုတ်ပါလော။

အကယ်၍ ကောင်းကင်တာအိုကျောင်းကိုသာ နိုင်ငံတစ်ခုနှင့် နှိုင်းယှဉ်ပြိုင်ရမည်ဆိုပါက အဆောင်တစ်ခုမှာ မြို့ကြီးတစ်မြို့နှင့် တူပေသည်။ ထို့ကြောင့် လက်ထောက်အဆောင်မှူးဆိုသော ရာထူးမှာ လက်ထောက်မြို့စား ရာထူးနှင့် ဆင်တူနေမည်ဖြစ်သည်။ စီမံအုပ်ချုပ်ရေးဆိုင်ရာ ရာထူးအဆင့်ဆင့်အရဆိုလျှင် အဆင့်နိမ့်ကျွန်းပေါ်ရှိ ကျွန်းတစ်ကျွန်းမှာ အဆင့်မြင့်ကျွန်းပေါ်ရှိ အဆောင်တစ်ဆောင်ကိုပင် ယှဉ်နိုင်မည် မဟုတ်ပေ။

ဝမ်ပေါင်လဲ့၏ အဆင့်မှာ အဆင့်နိမ့်ကျွန်းရှိ ပါမောက္ခလုလောက်တော့ မမြင့်ပါသော်လည်း ဒုပါမောက္ခဖြစ်သူ ကောင်းချွမ်သာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရမည်ဆိုပါက ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ တရိုတသေ နှုတ်ဆက်ရမည်သာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ရာထူးအဆင့်အတန်းများအရဆိုလျှင် ဝမ်ပေါင်လဲ့မှာ သူ့ထက်ပို၍ အဆင့်မြင့်နေသောကြောင့် ဖြစ်သည်။

ထို့အပြင် သူ၏ရာထူးကို ကောင်းကင်တာအိုကျောင်း၏ ကောင်းကင်လမ်းကျွန်းက သတ်မှတ်ပေးထားသည့်အပြင် သူသည် ပြည်ထောင်စုကြီး၏ ပျိုးပင်တစ်ရာထဲမှ တစ်ယောက်ဖြစ်နေရုံသာမက သူ၏ကိုယ်ပိုင် အဆက်အသွယ်များကိုပါ ပိုင်ဆိုင်ထားသေးသည် မဟုတ်ပါလော။ ထို့ကြောင့် လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ အဆင့်မြင့်ကျွန်းပေါ်ရှိ ဓမ္မလက်နက်အဆောင်ထဲတွင် တောက်မည့်မီးခဲ တရဲရဲ ဖြစ်နေပြီဟုပင် ဆိုနိုင်ပေသည်။

ထိုကြေညာချက်ကြောင့် သူတို့၏ရာထူးအဆင့်အတန်းများနှင့် လုပ်ပိုင်ခွင့်အာဏာများကို လူအများက ချက်ချင်းပင် သိရှိသွားကြသည်။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများမှာ လူအများ၏ အာရုံစိုက်ခြင်းကို ထပ်၍ ခံလိုက်ရပြန်သည်။ ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့ပင်လျှင် သူတို့၏ သက်ဆိုင်ရာအဆောင်များထဲ၌ လက်ထောက်အဆောင်မှူးများအဖြစ် ရာထူးတိုးသွားကြသဖြင့် သူတို့၏ရာထူးအဆင့်အတန်းများမှာ ချက်ချင်းဆိုသလိုပင် တဟုန်ထိုး မြင့်တက်သွားရတော့သည်။

ယခုလေးတင်မှဖွဲ့စည်းထားသော သူတို့၏ လူချောလေးများအသင်းမှာ စတင်ဖွဲ့စည်းခဲ့စဉ်တုန်းကနှင့် မတူတော့ပေ။

ကြိုဆိုပွဲအခမ်းအနားကြီး ပြီးဆုံးသွားပြီးနောက် ဘေးပတ်ပတ်လည်မှ ကျင့်ကြံသူများ၏ ရိုသေလေးစားမှုအပြည့်ဖြင့် ကြည့်ရှုနေကြသော အကြည့်များ၏အောက်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဝိဇ္ဇာဂူဆီသို့ ပျော်ရွှင်ဝမ်းမြောက်စွာ ပြန်သွားလိုက်တော့သည်။ နောက်ရက်များတွင် သူသည် လုံးဝနီးပါး နားချိန်မရခဲ့ပေ။

သူသည် လက်ထောက်အဆောင်မှူးရာထူးသို့ ရာထူးတိုးခံလိုက်ရသည် ဖြစ်ရာ ကျောင်းစီမံရေးဌာနအား သူတစ်ယောက်တည်း ထိန်းချုပ်ကွပ်ကဲရန်မှာ မသင့်တော်တော့ပေ။ ထို့ကြောင့် ချန်းယွီထုံနှင့် ဆွေးနွေးတိုင်ပင်လိုက်ပြီးနောက် ကျောင်းစီမံရေးဌာနကို ဓမ္မလက်နက်စစ်သည်အသစ်တစ်ယောက်အား လွှဲပြောင်းတာဝန်ယူခိုင်းလိုက်၏။ တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့၏ အာဏာစက်မှာ ကြီးကြပ်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာနများအထိ ပေါက်ရောက်သွားတော့သည်။

ထိုအချိန်တွင် အဆင့်နိမ့်ကျွန်းမှ သူ၏ လက်အောက်ငယ်သားအဟောင်းများ ဖြစ်ကြသော လျှိုတောက်ပင်းနှင့် အခြားသူများမှာ အဆင့်မြင့်ကျွန်းပေါ်ရှိ ဓမ္မလက်နက်အဆောင်ထဲသို့ ရောက်ရှိလာကြတော့သည်။

ဝမ်ပေါင်လဲ့မှာ သူတို့၏ ရောက်ရှိလာမှုကို အထူးအလေးပေး ဆက်ဆံခဲ့၏။ အထူးသဖြင့် လျှိုတောက်ပင်းအား အထူးကောင်းမွန်စွာ လက်ခံကြိုဆိုလိုက်၏။ ဝမ်ပေါင်လဲ့မှာ လျှိုတောက်ပင်းအား သူ၏အတွင်းရေးမှူးအဖြစ် ခန့်အပ်လိုက်ပြီး သူ၏နောက်မှ မခွာတမ်းလိုက်ရန် အမိန့်ပေးလိုက်၏။

သတင်းကောင်းများမှာ ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ဝမ်ပေါင်လဲ့တစ်ယောက် ဓမ္မလက်နက်အဆောင်၏ လက်ထောက်အဆောင်မှူးအဖြစ် ရာထူးတိုးသွားခဲ့ပြီးနောက် ချန်းယွီထုံ၏ ဆရာဖြစ်သူ စွန်းရိဖုန်းမှာလည်း အခြားပြိုင်ဘက်များအားလုံးကို အနိုင်ယူနိုင်ခဲ့ပြီး အဆောင်မှူးထက်ပင် ပို၍သာလွန်သည့် ထိပ်သီးအဆင့် ရာထူးဖြစ်သော ဓမ္မလက်နက်အဆောင်၏ မဟာအကြီးအကဲကြီး ဖြစ်လာတော့သည်။ ဝမ်ပေါင်လဲ့၏ ပြန်လည်ရောက်ရှိလာမှုနှင့် သူ၏အောင်မြင်မှုများမှာ ထိုကဲ့သို့ဖြစ်သွားရန် တစ်ဖက်တလှမ်းမှ တွန်းအားပေးခဲ့ခြင်း ဟုတ်၊မဟုတ်ကိုတော့ မည်သူမှ မသိပေ။

ထိုသို့ဖြင့် ပါမောက္ခလု၏ အစ်ကိုဖြစ်သူမှာ နောက်ဆုံးတွင် ကောင်းကင်တာအိုကျောင်း၏ စီမံအုပ်ချုပ်ရေး အဖွဲ့အစည်း၏ အတွင်းစည်းထဲသို့ ရောက်ရှိသွားတော့သည်။

သူ၏ ရာထူးတိုးသွားမှုနှင့် ဝမ်ပေါင်လဲ့၏ ရာထူးအသစ်တို့ကြောင့် အများဆုံး နစ်နာသွားရသူမှာ ဓမ္မလက်နက်အဆောင်၏ အဆောင်မှူးပင်ဖြစ်သည်။ သူသည် အပေါ်ဘက်တွင် မဟာအကြီးအကဲကြီး၏ ဖိနှိပ်ခြင်းကိုခံထားရသည့်အပြင် အောက်ဘက်တွင်လည်း ချန်းယွီထုံနှင့် ဝမ်ပေါင်လဲ့တို့၏ အညီအမျှ အာဏာခွဲဝေယူထားမှုကြောင့် ဘေးကျပ်နံကျပ် ဖြစ်နေရတော့သည်။ သူ၏ အ‌ဆောင်မှူးဆိုသော ရာထူးမှာ သာယာငြိမ့်ညောင်းမှု လုံးဝရှိတော့မည်မဟုတ်ပေ။

ထို့အပြင် ဝမ်ပေါင်လဲ့ ပြန်ရောက်လာသည့်အချိန်တွင် နေရာတစ်ခု အဆင်သင့်ဖြစ်နေရန်အတွက် တာအိုကျောင်းက ရှိနှင့်ပြီးသား လက်ထောက်အဆောင်မှူးတစ်ယောက်ကို အခြားတစ်နေရာသို့ လွှဲပြောင်းခဲ့၏။ ထိုလက်ထောက်အဆောင်မှူးမှာ သူ့ဘက်မှ လူတစ်ယောက်ဖြစ်သည်။ သူ့အား ဆုံးရှုံးလိုက်ရသည်မှာ လက်တစ်ဖက် ပြတ်သွားသကဲ့သို့ပင်။ ကျန်ရှိနေသော လက်‌ထောက်အဆောင်မှူးနှစ်ယောက်မှာလည်း မဟာအကြီးအကဲကြီးအား သတိဖြင့်ဆက်ဆံနေကြ၏။ သူတို့မှာ အများ၏ရှေ့တွင် သူ၏အမိန့်များကို နာခံပါသော်လည်း ကွယ်ရာတွင်မူ ဖီဆန်နေကြ၏။ အံ့သြစရာကောင်းသည်မှာ သူတို့နှစ်ယောက်မှာ ချန်းယွီထုံနှင့် ဝမ်ပေါင်လဲ့တို့နှင့် ပိုမို ခင်မင်ရင်းနှီးလာခြင်းပင်ဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့နှင့် ချန်းယွီထုံတို့မှာ ဓမ္မလက်နက်အဆောင်ထဲ၌ ကြီးစိုးနေသည်ဟုဆိုလျှင် ပုံကြီးချဲ့ရာကျမည် မဟုတ်ပေ။ ထိုအချိန်တွင် သဘောထားကြီးပြီး ခွင့်လွှတ်တတ်သော ဝမ်ပေါင်လဲ့မှာ အဆင့်နိမ့်ကျွန်းမှ ပါမောက္ခလုအား သွားရောက်တွေ့ဆုံလိုက်၏။

ဝမ်ပေါင်လဲ့မှာ စကားအနည်းငယ်ခန့် အပြန်အလှန်ပြောဆိုပြီးနောက် ထွက်ခွာလာ၏။ ပါမောက္ခလုမှာလည်း သူ့အား လိုက်လံနှုတ်ဆက်လိုက်သည်။ ထို့နောက် ပါမောက္ခကြီးမှာ အဆင့်နိမ့်ကျွန်း၏ မဟာခန်းမကြီး၏ အပြင်ဘက်တွင်ရပ်ကာ အဝေးသို့ထွက်ခွာသွားသော သင်္ဘောပျံကြီးအား လှမ်းကြည့်ရင်း ပြုံးလိုက်တော့သည်။

" ဒီကောင်လေးက နုံအတဲ့ကောင်လေးတစ်ယောက် မဟုတ်ဘူးပဲ "

ပါမောက္ခလုက တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ ထို့နောက် သူသည် လက်ထောက်ပါမောက္ခ ကောင်းချွမ်အား သူ၏ရာထူးမှ ချက်ချင်းထုတ်ပယ်ပြီး သူ အတိတ်တုန်းက ကျူးလွန်ခဲ့သော ဆိုးသွမ်းမှု အမျိုးမျိုးကို စုံစမ်းစစ်ဆေးရန် ချက်ချင်းပင် အမိန့်ပေးလိုက်တော့သည်။

ထိုအမိန့်များကို ထုတ်ပြန်လိုက်သောအခါ ကောင်းချွမ်မှာ မြေပြင်ပေါ်သို့ ပုံခနဲ လဲကျသွားရတော့သည်။

ထို့နောက် ပါမောက္ခလုထံမှ နောက်ထပ်အမိန့်တစ်ခု ထွက်ပေါ်လာ၏။ ၎င်းမှာ ဓမ္မလက်နက်ဌာန၏ လက်ရှိဌာနမှူးဖြစ်သူ ဆရာမုတ်ဆိတ် ကျန်းယွီသဲ့အား ဒုပါမောက္ခအဖြစ် ရာထူးမြှင့်တင်ပေးရန်ဖြစ်သည်။

ထိုကဲ့သို့ ရာထူးမှထုတ်ပယ်ခြင်း၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်းနှင့် ရာထူးအသစ် ခန့်အပ်ခြင်းတို့ကို အဆင့်မြင့်ကျွန်းဆီသို့ ပြန်လည်တင်ပြရပေသည်။ သို့သော် အဆင့်မြင့်ကျွန်းမှာလည်း ပုံမှန်အတိုင်းပင် ပါမောက္ခလု၏ အဆင့်နိမ့်ကျွန်းအား စီမံခန့်ခွဲသည့် ကိစ္စရပ်များနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များကို အလေးထားဆက်ဆံခဲ့၏။

ဓမ္မလက်နက်ဌာန၏ လစ်လပ်သွားသော ဌာနမှူးနေရာတွင် ထိုဌာန၏ အပြင်ဘက်မှ ချန်းယွီထုံနှင့် ခင်မင်ရင်းနှီးသော မဟာမိတ်တစ်ယောက် အစားထိုးဝင်ရောက်လာ၏။

ထိုသို့ဖြင့် ပြန်လည်နေရာချထားမှု အဆင့်ဆင့်ပြုလုပ်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့နှင့် ချန်းယွီထုံတို့မှာ ဓမ္မလက်နက်အဆောင်နှင့် ဓမ္မလက်နက်ဌာန နှစ်ခုစလုံးကို အပြည့်အဝ နီးပါးထိန်းချုပ်နိုင်စွမ်း ရှိသွားတော့သည်။

သူတို့မှာ ကောင်းကင်တာအိုကျောင်း၏ ဓမ္မလက်နက်အဖွဲ့အစည်းတစ်ခုလုံး၏ စစ်မှန်သော အချုပ်အခြာအာဏာပိုင်များ ဖြစ်သွားကြတော့သည်။ လုပ်ပိုင်ခွင့်အာဏာ လုယူခံလိုက်ရသော အဆောင်မှူးမှာမူ နာမည်တစ်ခုသာ ကျန်ရှိတော့သည်။

သူသည် မည်သည့်နည်းနှင့်မှ ပြန်လည်တုံ့ပြန်နိုင်တော့မည် မဟုတ်သောကြောင့် သူ၏ကံကြမ္မာကို လက်ခံလိုက်ရတော့သည်။ ထို့ကြောင့် သူသည် တံခါးပိတ်ကျင့်ကြံကာ ဓမ္မရတနာများကိုသာ သုသေသနပြုလုပ်နေပြီး အဆောင်၏ စီမံခန့်ခွဲရေးတာဝန်များကို ကျောခိုင်းထားလိုက်တော့သည်။

တပည့်လက်ခံမည့် ကိစ္စနှင့်ပတ်သက်သော ကောလာဟလများမှာလည်း ကျောင်းထဲ၌ စတင်ပျံ့နှံ့လာ၏။ ဓမ္မလက်နက်အဆောင်၏ မဟာအကြီးအကဲကြီးမှာ ဝမ်ပေါင်လဲ့အား သူ၏တပည့်အဖြစ် လက်ခံတော့မည်ဖြစ်ကြောင်း လူအချို့က ပြောဆိုနေကြ၏။ ဂိုဏ်းစောင့်အကြီးအကဲကြီးကလည်း ထိုကဲ့သို့လုပ်ချင်နေကြောင်း အခြားသူများက ပြောဆိုနေကြပြန်သည်။

ဝမ်ပေါင်လဲ့မှာလည်း ထိုသတင်းများကြောင့် အံ့အားသင့်သွားရ၏။ သူသည် ချန်းယွီထုံအား ထိုအကြောင်းများကို မေးမြန်းကြည့်လိုက်ပါသော်လည်း ချန်းယွီထုံပင်လျှင် အသေးစိတ်အချက်အလက်များကို မသိပေ။ ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် တွေးတောလိုက်ပြီးနောက် အထိတ်တလန့်ဖြစ်နေစရာ မလိုအပ်ကြောင်း ဆုံးဖြတ်လိုက်၏။ ထိုကိစ္စထဲတွင် သူကိုယ်တိုင် ပါဝင်နေသည်ဖြစ်ရာ နောက်ဆုံးတွင် သိရမည်သာဖြစ်သည်။

ဝမ်ပေါင်လဲ့ ပြန်လည်ရောက်ရှိလာပြီးနောက် ရာထူးအာဏာလုနေကြသည့် ကိစ္စရပ်များမှာ အဆုံးသတ်သွားတော့သည်။ ဩဇာအာဏာနှင့် လုပ်ပိုင်ခွင့်များ၏ အရေးပါပုံကို ဝမ်ပေါင်လဲ့မှာ သိရှိထားပါသော်လည်း နောက်ဆုံးတွင် ထိုအရာအားလုံးမှာ သူ၏ ကျင့်ကြံခြင်းပေါ်တွင်သာ မှီခိုနေကြောင်းကိုလည်း သူက သိထား၏။

အခြေအနေအားလုံး တည်ငြိမ်သွားပြီးနောက် ဝမ်ပေါင်လဲ့ ပထမဦးဆုံးအနေနှင့် အခြေတည်အဆင့်အကြောင်းကို ပိုမိုသိရှိလာအောင် ရှာဖွေလိုက်ခြင်းပင်ဖြစ်သည်။

အာနာပါန ထိပ်ဆုံးအဆင့်သို့ ရောက်ရှိပြီးနောက် နောက်ထပ်အရေးအကြီးဆုံးအဆင့်မှာ အခြေတည်အဆင့်ဖြစ်သည်ကို သူက ကောင်းကောင်းကြီးသိထား၏။

ထို့အပြင် ဓားနေမင်းစစ်ဆင်ရေးထဲရှိ ပျိုးပင်တစ်ရာအစီအစဉ်၏ ရည်မှန်းချက်ပန်းတိုင်လည်း ရှိနေသေးသည်။ ဆွေ့ရှင်းပေါင်အား လေ့လာခြင်းမှာ ပထမအဆင့်သာဖြစ်သည်။ ၎င်း၏ နောက်ဆက်တွဲများစွာကို ဆောင်ရွက်နိုင်ရန် အရင်ဆုံး အခြေတည်အဆင့်သို့ ရောက်ရှိနေရန်လိုအပ်ပေသည်။

ဝမ်ပေါင်လဲ့မှာ အခြေတည်အဆင့်နှင့် ပတ်သက်၍ များများစားစားမသိပေ။ သူ နောက်ဆုံးထွက်ခဲ့သည့် ခရီးမတိုင်ခင်တုန်းက သူသည် အာနာပါနထိပ်ဆုံးအဆင့်နှင့် အလွန်အင်မတန်မှ ဝေးကွာသည့် အာနာပါနအဆင့်၏ စတုတ္ထအဆင့်တွင်သာ ရှိနေခဲ့သည် မဟုတ်ပါလော။

သူ နောက်ဆုံးထွက်ခဲ့သောခရီးမှာ သူ့အတွက် အလွန်အင်မတန်မှ အကျိုးထူးကာ သူ အစတုန်းက ပြင်ဆင်ထားခဲ့သည့် အရာများကိုပါ ပျက်ပြားသွားစေပြီး အဖြစ်အပျက်မျိုးစုံအား သူမျှော်မှန်းထားသည်ထက်ပင် ပို၍ မြန်ဆန်သွားစေလိမ့်မည်ဟု မည်သူက တွေးထားမိမည်နည်း။

" အ‌ခြေတည်အဆင့်ကိုရောက်ဖို့ဆိုရင် ပြည်ထောင်စုကြီး တစ်ခုလုံးထဲမှာရှိတဲ့ သက်ဆိုင်ရာ နိုင်ငံရေးအင်အားစု အသီးသီးက ကျင့်ကြံသူတွေအားလုံး လကမ္ဘာကို သွားခွင့်ရဖို့ လိုတယ်ဆိုတဲ့ အချက်ကိုပဲ ငါသိတာ.... "

ဝမ်ပေါင်လဲ့မှာ ရေရွတ်လိုက်၏။ ထို့နောက် သူသည် ချန်းယွီထုံအား ဆက်သွယ်၍ မေးခွန်းများ စတင်မေးမြန်းလိုက်တော့သည်။

ချန်းယွီထုံမှာမူ အ‌ခြေတည်အဆင့်နှင့် ပတ်သတ်သော အကြောင်းများကို ဝမ်ပေါင်လဲ့ထက် ပိုမိုသိရှိထား၏။ သူသည် အတွေ့အကြုံကြွယ်ဝသည့် ဓမ္မလက်နက်စစ်သည်တစ်ယောက်ဖြစ်ပြီး အ‌ခြေတည်အဆင့်သို့ ဖောက်ထွက်နိုင်ရန်အတွက် ပြင်ဆင်နေခဲ့သည်မှာ အချိန်အတော်အတန် ကြာနေပြီမဟုတ်ပါလော။

သို့သော် ထိုကိစ္စနှင့်ပတ်သက်သည့် သတင်းအချက်အလက်များမှာ များပြားလွန်းနေ၏။ ထို့ကြောင့် ချန်းယွီထုံမှာ အတိုချုပ်မျှသာ ရှင်းပြလိုက်ပြီး ဝမ်ပေါင်လဲ့ အသေးစိတ် လေ့လာနိုင်ရန်အတွက် ခဏအကြာမှ ထိုသတင်းအချက်အလက်အားလုံးကို စုဆောင်းကာ ကျောက်စိမ်း‌ပေလွှာတစ်ခုထဲ၌ မှတ်တမ်းတင်၍ ပေးပို့လိုက်မည်ဟု ဆိုလိုက်၏။

ချန်းယွီထုံမှာ အ‌ခြေတည်အဆင့်နှင့် ပတ်သတ်သော အချက်အလက်များကို စုဆောင်းနေစဉ် ဝမ်ပေါင်လဲ့မှာ သားရဲဥကြီးကို ဖောက်ရန် ကြိုးစားကြည့်လိုက်၏။ သို့သော် ထိုသို့ဥဖောက်နိုင်ရန်အတွက် သင့်တော်သော ပတ်ဝန်းကျင်တစ်ခု လိုအပ်သလို အချိန်ပေးရန်လည်း လိုအပ်ပေသည်။

သင့်တော်သော ပတ်ဝန်းကျင်တစ်ခုကို ရရှိရန်မှာ မခက်ခဲပေ။ သူ၏ လက်ရှိ လုပ်ပိုင်ခွင့်အာဏာနှင့်ဆိုလျှင် စကားအနည်းငယ်ခန့် ပြောလိုက်ရုံမျှဖြင့် လျှိုတောက်ပင်းမှာ သူ့အတွက် အရာအားလုံးကို စီစဉ်ထားပြီးသား ဖြစ်နေမည်ဖြစ်သည်။ ဥပေါက်ခါနီးတွင် လျှိုတောက်ပင်း သူ့အား အကြောင်းကြားလာမည်ကို စောင့်ဆိုင်းနေရုံပင်ဖြစ်သည်။

ထိုအခြင်းအရာများ ပြီးစီးသွားပြီးနောက် သူသည် သူ၏ နတ်ဝိဇ္ဇာဂူထဲ၌ ရပ်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး ပြည်ထောင်စုမြို့တော်ထဲမှ ဝယ်ယူခဲ့သော အနီရောင်ထန်းပင်ကို ထုတ်ယူလိုက်တော့သည်။

ထိုအပင်မှာ ဆေးပင်ကောင်းတစ်ခု ဖြစ်နိုင်ပါသော်လည်း ဝမ်ပေါင်လဲ့အတွက်မူ ထိုသစ်ပင်ထဲတွင် မြုပ်ဝင်နေသည့် အပိုင်းအစများစွာထဲမှ လက်သည်းခွံအရွယ်အစားရှိသော အနက်ရောင် အပိုင်းအစလေးကသာလျှင် အဓိကဖြစ်သည်။

သူသည် ထိုအပိုင်းအစလေးကို ဂရုတစိုက်နှင့် ထုတ်ယူလိုက်ပြီးနောက် ၎င်းအား စိုက်ကြည့်လိုက်၏။ ထိုအခါ လွန်ခဲ့သောနှစ်အနည်းငယ်ခန့် မှ အမှတ်တရများဖြစ်သည့် သူ ကောင်းကင်တာအိုကျောင်းသို့ ဝင်ရောက်ခဲ့ပြီးနောက် ဖြစ်ပျက်ခဲ့သော ကိစ္စအားလုံး သူ၏အတွေးထဲ၌ပြန်ပေါ်လာ၏။ ထို့ကြောင့် သူ၏ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံဖြင့် ရိုက်ခတ်သွားရတော့သည်။

" ငါက ငါ့ရဲ့ ထူးကဲတဲ့ ပါရမီနဲ့ ယိမ်းယိုင်ခြင်း မရှိတဲ့ ဇွဲလုံးလဝီရိယတွေကိုပဲ အားကိုးပြီးတော့ ဒီအဆင့်အထိ ရောက်လာအောင် တစ်လှမ်းချင်း တက်လှမ်းခဲ့တာ။ သွေး၊ချွေးနဲ့ မျက်ရည်တွေ ကျတဲ့အထိ ငါကိုယ်တိုင် ပင်ပင်ပန်းပန်း ကြိုးစားခဲ့ပြီးတော့ တခြား ဘယ်သူ့ အကူအညီမှ မယူဘဲ ဒီအဆင့်အထိ တက်လှမ်းခဲ့ပြီး လက်ရှိ ပိုင်ဆိုင်ထားတဲ့ စွမ်းရည်‌တွေနဲ့ ရာထူးအာဏာတွေကို ရအောင် လုပ်ခဲ့တာ "

" ငါ ဘယ်သူ့ဆီကမှ အကူအညီမလိုရတဲ့ အကြောင်းအရင်းက ငါကိုယ်တိုင်က ငါ့ရဲ့ အကြီးမားဆုံး မဟာမိတ်ကြီး ဖြစ်နေလို့ပဲ "

ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းမော့လိုက်၏။ ထို့နောက် သူ၏ အငွေ့အသက်ကို ထိန်းချုပ်လိုက်ပြီး စိတ်ထဲ၌ တိုးတိုးလေး လှမ်းခေါ်လိုက်တော့သည်။

" မမလေး။ ရှိလား "

All Chapters