နှစ်ဘက်ညှပ်ပြီးတိုက်ခိုက်ခံရ
Vol. 33 Ch. 469
အခန်း (၄၆၉) နှစ်ဘက်ညှပ်ပြီးတိုက်ခိုက်ခံရ
အောက်သို့ငုံ့ကြည့်လိုက်တော့ ရွှေရောင်အလင်းတန်းများပေါက်ကွဲထွက်လာပြီး အထက်သို့လျှင်မြန်စွာမြင့်တက်လာသည်ကို တွေ့ရသည်။ ရွှေရောင်အလင်းတန်းများအောက်တွင် တလိမ့်လိမ့်တက်လာသည့် များပြားလှစွာသော အနက်ရောင်မြူခိုးများရှိနေပြီး ထိုအရာများက အသက်ဝင်နေဟန်ပင်။
မြင့်တက်လာသောရွှေရောင်အလင်းတန်းများ နီးကပ်လာသည်နှင့် အထဲတွင် ပြင်းထန်သောဖိအားတစ်ခု ပါရှိနေကြောင်း လူတိုင်း အာရုံခံမိကြသည်။ သို့သော် အနက်ရောင်မြူခိုးများထဲတွင်တော့ ငရဲကိုးထပ်မှ ကြောက်မက်ဖွယ်ရာရောင်ဝါကို ရှင်းရှင်းလင်းလင်း ခံစားရသည်ပင်။
ဤနေရာတွင်ရှိနေသူများအားလုံးက အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ထိပ်တန်းအဆင့် သိုင်းကျင့်ကြံသူများ ဖြစ်ကြသည်။ သို့သော် အနက်ရောင်မြူခိုး မိစ္ဆာချီများ ဝင်ရောက်လာသည့်တစ်ခဏတွင် သူတို့အားလုံးစိတ်ထဲ ကြောက်မက်ဖွယ်ရာ အမျက်ဒေါသများ ရုန်ချည်းပြင်းထန်လာပြီး ဖိနှိပ်မရနိုင်ဘဲ ဝရုန်းသုန်းကား ဖြစ်ကုန်ကြသည်။
ဤသည်က ကျင့်ကြံသူများ၏ဝိညာဉ်ကိုတိုက်ခိုက်သော အပျက်သဘောဆောင်သည့် ခံစားချက်များ မဟုတ်ပေ။ လူသားများ၏ဝိညာဉ်ကို အတင်းအဓမ္မနင်းချေပြီး အမှောင်ဆုံးအပိုင်းကို တူးဖော်လိုက်ခြင်းသာ ဖြစ်၏။
ယွမ်ကျန်းဖုန်း ၊ ဟွမ်ကွမ်လီ ၊ ချန်လီနှင့် အန်းချင်လင်တို့ တညီတညွတ်တည်း ကျယ်လောင်စွာ ကြုံးဝါးလိုက်ကြသည်။
သူတို့၏အတူတကွပေါင်းစည်းအင်အားဖြင့် နေရောင်ခြည်အလင်းတန်းများက အမှောင်ထုကို လွှမ်းခြုံသွားလျှက် ငရဲကိုးထပ်မှ အန္တရယ်ချီများကို နှိမ်နင်းလိုက်သည်။
ချိတ်ပိတ်ထားသောစည်းတံဆိပ်မှ ပင်မဖိအားထွက်ပေါ်လာသဖြင့် လူအများ အခြေအနေပြန်လည်ကောင်းမွန်လာကြပြီး သိုင်းကျင့်ကြံသူများအားလုံး စိတ်တည်ငြိမ်အောင်ပြန်လည်ကြိုးစားရင်း အန္တရယ်ချီများကို ဖိနှိပ်လိုက်ကြ၏။
အနက်ရောင်မြူခိုးများ၏အရှိန်အဟုန် နှေးကွေးသွားသော်လည်း ချောက်နက်ကြီးအောက်ခြေမှ ထွက်ပေါ်လာသော အမျက်ဒေါသလှိုင်းလုံးများက လူတိုင်း၏နှလုံးသားကို ထိတ်လန့်တုန်လှုပ်စေသည်။
ရန်ကျောက်ကဲက ပင့်သက်တစ်ချက်ရှိုက်ရင်း...
“ဒါက မဟာငရဲကိုးထပ်တံခါးကို ပိတ်လိုက်တာမျိုးနဲ့ လုံးဝမတူဘူး ၊ အတင်းဖိအားပေးပြီး တားဆီးထားရတဲ့သဘောပဲ”
ယခင်အချိန်က မိစ္ဆာနယ်မြေမဟာအစီအရင်ကိုချိုးဖျက်ပြီး မဟာငရဲကိုးထပ်တံခါးပွင့်လာမည်ကို တားဆီးသည့်အခါ ထိုတံခါးအတွင်းမှ ကြောက်မက်ဖွယ်ရာအမျက်တရားများ စိမ့်ထွက်လာသည်ကို ခံစားခဲ့ရဖူးသည်။ ထိုခံစားချက်က ကြီးကျယ်ခမ်းနားသည့်တိုင် ပုံရိပ်ယောင်တစ်ခုမျှသာဖြစ်ပြီး အစီအရင်ပျက်ဆီးသွားသည်နှင့်တစ်ပြိုင်နက် ပျောက်ကွယ်သွားသည်ပင်။
သို့သော် ယခု ချောက်နက်ကြီး၏အောက်ခြေမှ ထွက်ပေါ်လာသော အမျက်ဒေါသတရားများက ကြီးကျယ်ခမ်းနားခြင်းမရှိသော်လည်း အစစ်အမှန်ဖြစ်ပြီး သွက်လက်သည်။
ရွှေရောင်အလင်းတန်းများအတွင်းမှထွက်ပေါ်လာသော ပြင်းထန်သောဖိအားက အထက်သို့တက်လာသော အနက်ရောင်မြူခိုးများကို နှေးကွေးသွားစေကာ တဖြည်းဖြည်းအောက်ဘက်သို့ ပြန်လည် ကျဆင်းသွားစေသည်။ အနက်ရောင်အခိုးအငွေ့များ ငြိမ်သက်သွားသည့်အခါ သူတို့ရှေ့တစ်နေရာတွင် ဝိုင်းစက်တောက်ပသော အရာအဝတ္ထုတစ်ခု ထင်ရှားစွာ ထွက်ပေါ်လာသည်။
ထိုအရာက စူးရှတောက်ပသည့် နေမင်းကြီးတစ်စင်းပမာ ရန်ကျောက်ကဲ ခံစားရသည်။
ချောက်နက်အတွင်းမှ အနက်ရောင်အခိုးအငွေ့များက အင်းသင်္ကေတများပမာ ချိတ်ဆက်လျှက် အထက်သို့ အရှိန်အဟုန်ဖြင့် တက်လာစဉ် ထို နေဝန်းကြီးဆီမှ ရွှေရောင်အလင်းတန်းများက ဖဲကြိုးစများပမာ လေထဲတွင်လွင့်ပျံလျှက် တားဆီးထားသည်။ ချောက်နက်ကြီးအောက်ဘက်မှ အဆုံးမရှိသောအမှောင်ထုကြီးသည် နေရောင်ခြည်အလင်းတန်းများ၏ ဖိနှိပ်မှုကို ကြံ့ကြံ့ခံ ရင်ဆိုင်နေရ၏။
အမှောင်ထုထဲမှ များပြားလှစွာသော အနက်ရောင်သံကြိုးများက ရွှေရောင်ဖဲကြိုးရောင်ခြည်တမ်းများနှင့် ရစ်ခွေလိမ်ပတ်လျှက် အဆက်မပြတ် ရိုက်ခတ်နေသည်။ ထိုအနက်ရောင်အခိုးအငွေ့များထဲတွင် သွေးနီရောင်အလင်းတန်းများပါဝင်နေပြီး ထိုအလင်းတန်းများက ရေစီးကြောင်းများပမာ အခိုးအငွေ့များထဲတွင် ထူထပ်စွာ စီးဆင်းလျှက်ပင်။
ကြီးမားလှသောတန်ခိုးစွမ်းအားနှစ်ခုက လေထုထဲတွင် အဆက်မပြတ်ရိုက်ခတ်လျှက် ထိပ်တိုက်တွေ့နေပြီး ရွှေရောင်နေဝန်းကြီးနှင့် ထိတွေ့မိတိုင်း ထူထပ်သည့်အမှောင်ထုက နောက်ပြန်ဆုတ်သွားရသည်။
ကြီးမားသောနေဝန်းကြီး၏ အရွယ်အစားက သူတွေ့မြင်နေရသည်ထက် ပိုမိုကြီးမားနိုင်ကြောင်း ရန်ကျောက်ကဲ ယောင်ဝါးဝါး ခံစားမိသည်။ သို့သော် ဗလာနယ်ပုံပျက်နေသည့်အတွက် ထိုအရာ၏ ပုံစံအမှန်ကို သိမြင်နိုင်ခြင်း မရှိပေ။
ဤသို့ ကြောက်မက်ဖွယ်ရာအခြေအနေကို တွေ့ကြုံရသည့်အခါ ယွမ်ကျန်းဖုန်းနှင့် ဟွမ်ကွမ်လီတို့သည်ပင် သတိအပြည့်ရှိနေပြီး မျက်နှာအမူအရာများ တည်ကြည်လေးနက်နေကြသည်။
များပြားလှစွာသော ရွှေရောင်အလင်းတန်းများနှင့် အနက်ရောင်အခိုးအငွေ့လှိုင်းလုံးကြီးများက နေရာပေါင်းစုံမှ အပြင်ဘက်သို့ အဆက်မပြတ်ပျံ့ကျဲထွက်ပေါ်လာပြီး အချင်းချင်း ထိပ်တိုက်ရင်ဆိုင်လျှက် ရှိသည်။ ချောက်နက်ကြီးထဲမှ အန္တရယ်ချီများ မြင့်တက်လာခြင်းနှင့်အတူ မြေကမ္ဘာနယ်မြေတစ်ခုလုံးသည်လည်း ရွှေရောင်အလင်းတန်းများ လွှမ်းခြုံတောက်ပလာသည်။
အကယ်၍ မြေကမ္ဘာနယ်မြေ ၊ ချောက်နက်ကြီးအပြင်ဘက်မှ ကောင်းကင်ပြင်ကို လှမ်းကြည့်မည်ဆိုပါက ကောင်းကင်နယ်မြေနှင့် အရွယ်အစားတူသော မြေကမ္ဘာနယ်မြေတစ်ခုလုံး ရွှေရောင်များလင်းလက်နေသည်ကို တွေ့မြင်ရပေမည်။
ရွှေရောင်အလင်းတန်းများနှင့် အနက်ရောင်အခိုးအငွေ့များက ထူထဲစွာရစ်ပတ်လျှက် မြေကမ္ဘာနယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားကြောင်း အံ့သြဖွယ်ရာ တွေ့ရှိရပေမည်။
“ငါတို့ လှုပ်ရှားကြရအောင်”
ယွမ်ကျန်းဖုန်းက ဆိုသည်။
“ငရဲကိုးထပ်သာ ငါတို့အစွန်းရောက်ရှစ်ပါးကမ္ဘာကိုရောက်လာမယ်ဆိုရင် အားလုံး ပျက်ဆီးကုန်လိမ့်မယ် ၊ ဒါက မီးတောက်မိစ္ဆာကမ္ဘာနဲ့ အခြေအနေခြင်း မတူညီဘူး”
လူတိုင်းက သူ့စကားကို ခေါင်းညိတ်ထောက်ခံလိုက်ကြ၏။
“ငရဲကိုးထပ်” ဆိုသည်က မဟာကပ်ဘေးကြီးမတိုင်ခင်ကတည်းက တည်ရှိခဲ့သောအရာပင်။
ထိုစဉ်အချိန်ကတည်းက ငရဲကိုးထပ်သည် စကြာဝဠာတစ်ခုလုံးမှ ကမ္ဘာအသင်္ချေနှင့် ပြတ်ပြတ်သားသား ဆန့်ကျင်နေသည့် အမှောင်မိုက်ဆုံး ၊ အကြမ်းတမ်းအဆိုးရွားဆုံး နေရာတစ်ခု ဖြစ်၏။
ထိုနေရာသည် ရှေးယခင်အချိန် စကြာဝဠာတစ်ခုလုံးမှ ကမ္ဘာအသင်္ချေ၏ အစိတ်အပိုင်းများဖြစ်သော မီးတောက်မိစ္ဆာကမ္ဘာ ၊ မျောလွင့်ဝိညာဉ်ကမ္ဘာနှင့် သမုဒ္ဒရာကမ္ဘာသာမက အစွန်းရောက်ရှစ်ပါးကမ္ဘာတို့နှင့် လုံးဝ တူညီခြင်း မရှိပေ။
ငရဲကိုးထပ်က ငရဲကိုးထပ်သာဖြစ်သည်။
မည်သူမှ “ငရဲကိုးထပ်ကမ္ဘာ” ဟု ထိုနေရာကို ခေါ်ဆိုခဲ့ကြခြင်း မရှိပေ။
အမည်နာမကိုကြည့်ရုံဖြင့်ပင် ထိုနေရာက ‘မီးတောက်မိစ္ဆာကမ္ဘာ’ နှင့် မတူဘူးဆိုတာ သိသာနေပေပြီ။
ကြီးမားသောနေဝန်းကြီးကို အချိန်ကြာမြင့်စွာ စူးစိုက်ကြည့်နေပြီးနောက် ဟွမ်ကွမ်လီနှင့် နေသူတော်စင်ဂိုဏ်းမှ အခြားသော ကျင့်ကြံသူများ သက်ပြင်းကိုယ်စီချလိုက်ပြီး အဝေးဆီသို့ အကြည့်လွှဲလိုက်ကြသည်။
လူတိုင်း၏စုပေါင်းအင်အားဖြင့် ထို ကြီးမားသောနေဝန်းကြီး ခိုင်ခန့်မြဲမြံစွာလှုပ်ရှားနိုင်ရန် အားလုံး ကြိုးစားနေကြသည်။
နက်ရှိုင်းချီစွမ်းအား ၊ နေရောင်ခြည်များ ၊ မိုးကြိုးလျှပ်စီးများနှင့် တိမ်တိုက်များ။
မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများက များပြားစွာသော အင်းသင်္ကေတများအဖြစ် ပြောင်းလဲသွားပြီး အစီအရင်ကြီးတစ်ခု ဖြစ်တည်လာပြီး အနက်ရောင်မြူခိုးများကို ထိန်းချုပ်ထားသည်။
အချိန်တစ်နှစ်ကျော်ကာလအတွင်း ဖန်ကျွင်းနှင့် အခြားသောထိပ်တန်းအကြီးအကဲများက ဤနေရာတွင် စခန်းချ စောင့်ကြည့်နေကြသည်။ ထို့ပြင် ယွမ်ကျန်းဖုန်း ၊ ဟွမ်ကွမ်လီနှင့် အခြားသော ထိပ်တန်းသိုင်းသမားများသည်လည်း ဤနေရာသို့ မကြာခဏလာရောက် စစ်ဆေးလေ့ရှိကြသည်။
ထိပ်တန်းအကြီးအကဲများအားလုံးက အရေးကြီးသောအချိန်ကာလတွင် အတိတ်မှရန်ငြိုးများကိုဘေးဖယ်လျှက် မြေကမ္ဘာနယ်မြေ လက်ရှိအခြေအနေကို မရပ်မနားစောင့်ကြည့်လေ့လာခဲ့သဖြင့် နားလည်သဘောပေါက်မှုများလည်း ပိုမိုနက်ရှိုင်းလာသည်။
ပြင်ပရန်သူကို အတူတကွ ရင်ဆိုင်ရန်အတွက် ထိပ်သီးသိုင်းဂိုဏ်းကြီးများမှ သိုင်းသူတော်စင်များ ခေတ္တပူးပေါင်းကာ သတင်းများဖလှယ်ခဲ့ကြပြီး ညှိနှိုင်းအဖြေရှာကြသည်။
ရန်ကျောက်ကဲက ငြိမ်သက်နေပြီး အကြောင်းအရာများကို စေ့စေ့စပ်စပ် ခွဲခြမ်းစိတ်ဖြာရင်း ဆက်လက်လေ့လာနေသည်။
ယွမ်ကျန်းဖုန်းတို့ သိုင်းသူတော်စင်များက ချိတ်ပိတ်ထားသောစည်းတံဆိပ် ဗဟိုမဏ္ဍိုင်ဖြစ်သော ကြီးမားသောနေဝန်းကြီး ခိုင်မာတည်ငြိမ်စေရန် ဆက်လက်ကြိုးစားနေကြသည်။ သို့သော် သူတို့အားလုံးက စည်းတံဆိပ်၏ မူလပိုင်ရှင်များ မဟုတ်ကြသောကြောင့် ထိုအရာကို အားဖြည့်ပေးရန် အတော်လေးခက်ခဲကြောင်း တွေ့ရ၏။
မည်သို့ပင်ဖြစ်စေ အခြေအနေကိုတော့ ထိန်းထားနိုင်ပြီး အနက်ရောင်မြူခိုးများ အထက်သို့ဆက်လက်တက်လာမည်ကို တားဆီးနိုင်ခဲ့သည်။ ကြီးမားသော နေဝန်းကြီးက ရွှေရောင်အလင်းတန်းများထုတ်လွှတ်ပြီး အနက်ရောင်မြူခိုးများကို ဖြိုခွင်းလျှက်သာပင်။
ချောက်နက်ကြီးအတွင်းမှ မကျေမနပ်ဖြစ်နေသော ဒေါသတရားများကတော့ ပိုမိုပြင်းထန်လာပြီး တိတ်ဆိတ်သောပတ်ဝန်းကျင်တွင် လူတိုင်း၏စိတ်နှလုံးကို တုန်လှုပ်သွားစေသော ကြုံးဝါးသံကြီးတစ်သံ ထွက်ပေါ်လာသည်။
အမှောင်ထုထဲမှ ဆန့်ထွက်လာသော အနက်ရောင်အခိုးအငွေ့တန်းများထဲတွင် သွေးနီရောင်စီးကြောင်းများ ရုတ်တရက် တောက်ပလာသည်။ ထိုသွေးနီရောင်စီးကြောင်းများထဲမှ နတ်ဆိုးများထွက်ပေါ်လာပြီး ရန်ကျောက်ကဲနှင့် အခြားသူများထံ တဟုန်ထိုး ဝင်ရောက်တိုက်ခိုက်ကြသည်။
ယွမ်ကျန်းဖုန်း ၊ ဟွမ်ကွမ်လီ ၊ ချန်လီနှင့် အန်းချင်လင်တို့ သိုင်းသူတော်စင် (၄)ယောက်မှာ ချိတ်ပိတ်ထားသော စည်းတံဆိပ်ကို အသဲအသန်အားဖြည့်ပေးနေရသည့်အတွက် မလှုပ်ရှားနိုင်ကြပေ။
ထို့ကြောင့် သူတို့နှင့်အတူလိုက်ပါလာကြသော အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်များမှာ အန္တရယ်ချီများမှ ပြောင်းလဲသွားသော မိစ္ဆာချီများအတွင်းမှ ထွက်ပေါ်လာသည့် နတ်ဆိုးများကို အပြင်းအထန် စတင်တိုက်ခိုက်ကြရ၏။
နတ်ဆိုးများက အံ့သြစရာကောင်းလောက်အောင် စွမ်းအားမြင့်မားပြီး သူတို့၏ ခံနိုင်ရည်ရှိမှုက တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းလှသည်။
မိစ္ဆာချီများမှ ထွက်ပေါ်လာသော အဆင့်နိမ့်နတ်ဆိုးများသည်ပင် ဤမျှစွမ်းအားမြင့်မားနေသည်ဆိုလျှင် ချောက်နက်ထဲတွင်ရှိနေသော မိစ္ဆာချီရင်းမြစ်တည်ရှိရာနေရာတွင် မည်သို့သော စွမ်းအားရှင်မျိုး တည်ရှိနေပါမည်လဲ။
ပြီးတော့ ငရဲကိုးထပ်တွင် ထိုကဲ့သို့သော စွမ်းအားရှင်နတ်ဆိုးများ ဘယ်လောက်ရှိနေပါသလဲ။
အတွေးဖြင့်ပင် လူသားတိုင်းကို ကြောက်ရွံ့တုန်လှုပ်သွားစေရန် လုံလောက်သည်။
ထိုအချိန်...
မြေကမ္ဘာနယ်မြေ ၊ ချောက်နက်ကြီးရှိရာသို့ လူတစ်ယောက် အပြေးအလွှားရောက်ရှိလာလေသည်။ အားလုံး ခေါင်းမော့ကြည့်လိုက်တော့ ကျောက်စိမ်းပင်လယ်မြို့တော်မှ ဝါရင့်အကြီးအကဲတစ်ယောက်ဖြစ်ကြောင်း တွေ့ရ၏။
ထိုသူက မျက်နှာတစ်ခုလုံးနီရဲလျှက် လေးလံသောအသံဖြင့် သတင်းပို့သည်။
“အရှေ့ပင်လယ်မှာ အရေးပေါ်အခြေအနေဖြစ်နေပြီ ၊ မီးတောက်မိစ္ဆာတွေ ချီတက်လာကြပြီ”
သူက ဆက်ပြောသည်။
“သိုင်းသူတော်စင် ဒုတိယအဆင့်နဲ့ညီမျှတဲ့ မီးတောက်မိစ္ဆာတွေအများကြီး ဥမင်လမ်းကြောင်းကိုဖြတ်ပြီး ဝင်ရောက်လာကြတယ် ၊ အခုဆိုရင် အရှေ့ပင်လယ်အတွင်းပိုင်းကိုတောင် ရောက်လာနေပြီ”
ထိုစကားကြားတော့ လူတိုင်း ကျောရိုးမှငယ်ထိပ်အထိ အေးစိမ့်စွာ ခံစားလိုက်ကြရသည်။
ယခု အရှေ့ပင်လယ်တစ်ခုလုံး မီးတောက်များဖြင့်ပြည့်နက်လျှက် မီးတောက်မိစ္ဆာများ လွှမ်းမိုးနေသည်။
စွမ်းအားမြင့်မားသော မီးတောက်မိစ္ဆာဘုရင်များက အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ လာရာလမ်းတစ်လျှောက် တွေ့လေမြင်လေရာကို သုတ်သင်ရှင်းလင်းပစ်ကြသည်။
လူသားကျင့်ကြံသူများ တည်ဆောက်ထားသည့် ကနဦးခံစစ်များ တစ်ခဏအတွင်း ပြိုကျပျက်ဆီးကုန်ကြပေပြီ။