မျက်ခုံးမွှေးမီးလောင်ခံရသည့်အလားအခြေအနေ
Vol. 33 Ch. 470
အခန်း (၄၇၀) မျက်ခုံးမွှေးမီးလောင်ခံရသည့်အလားအခြေအနေ
လှိုင်းလေပြင်းထန်နေသော အရှေ့ပင်လယ်တစ်ခွင်တွင် ထင်သာမြင်သာသောကျွန်းများ တစ်ခုတစ်လေပင် မရှိတော့ပေ။ မီးတောက်မိစ္ဆာများ ယခင်တစ်ခေါက် ကျူးကျော်တိုက်ခိုက်စဉ်ကပင် ထိုကျွန်းများအားလုံး ပျက်ဆီးသွားခဲ့ပြီ ဖြစ်သည်။
ယခုတော့ အရှေ့ပင်လယ်၏ ရေပြင်ထက်တွင် ကြီးမားသောရေပူပေါင်းကြီးများ တုန်ခါလျှက် ပင်လယ်တစ်ခုလုံး ပွက်ပွက်ဆူနေဟန် ရှိသည်။ ပင်လယ်ပြင်ထက်မှ ကောင်းကင်ပြာသည်လည်း ပျောက်ကွယ်လျှက် ကောင်းကင်တစ်ခုလုံး မီးတောက်မီးလျှံများ လွှမ်းခြုံလျှက်သာ။
စွမ်းအားကြီးမားသော မီးတောက်မိစ္ဆာများစွာက မိုးကုတ်စက်ဝိုင်းကိုဖြတ်ကျော်လျှက် သူတို့သယ်ဆောင်လာသော ဘေးဆိုးနှင့် အပျက်အဆီးများက ပတ်ဝန်းကျင်အရပ်ရပ်သို့ ပြန့်ကျဲသွားသည်။ ရှေ့ဆုံးမှချီတက်လာသည့် မဟာမီးတောက်မိစ္ဆာကြီးမှာ ကျားလူသားပုံသဏ္ဌန်ရှိပြီး အာလုပ်သံကြီးဖြင့် ကြောက်မက်ဖွယ်ရာ ကြုံးဝါးလိုက်၏။
ရုတ်တရက် သူ့ခန္ဓာကိုယ်က လေထဲတွင်ရပ်တန့်သွားပြီး သူ့အနောက်ဘက်မှ မရေမတွက်နိုင်သော မီးတောက်များ ထွက်ပေါ်လာသည်။
သူ၏ ဦးခေါင်းအနောက်ဘက် ၊ လည်ပင်းအနောက်ဘက် ၊ ကျောကုန်းအနောက်ဘက် ၊ ခါးအနောက်ဘက် ၊ ခြေလက်များအနောက်ဘက်.... ထိုနေရာများမှ မီးတောက်များ လွင့်ပျံထွက်လာသည်။
ထို့နောက် ထိုမဟာမီးတောက်မိစ္ဆာကြီးအနောက်ဘက်မှ မီးတောက်များ ချက်ချင်းသိပ်သည်းသွားပြီး တောတောင်ရေမြေများအားလုံး မီးတောက်မီးလျှံများပြည့်နက်နေသော ပန်းချီကားတစ်ချပ်ပမာ ပြောင်းလဲသွားသည်။
ထိုမြင်ကွင်းက အလွန်တရာတောက်ပခမ်းနားလျှက် အချိန်ကြာမြင့်စွာ ပျောက်ကွယ်မသွားခဲ့ပေ။
အလွန်တရာလှပသော မီးတောက်ပန်းချီကားထဲတွင် ကြောက်မက်ဖွယ်ရာစွမ်းအားကြီးတစ်ခု ပိတ်လှောင်ထားသည့်အလား ထင်မှတ်ရသည်။
ထိုမဟာမီးတောက်မိစ္ဆာကြီးအနောက်မှ မီးတောက်မိစ္ဆာများ ချီတက်လာကြပြီး ထို မီးတောက်ပန်းချီကားကြီးက သူတို့အားလုံးနှင့် လိုက်လျောညီထွေရှိသော ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသည့်အလား ထင်မှတ်ရ၏။
တောတောင်ရေမြေများအားလုံး မီးတောက်မိစ္ဆာများအလိုကျ မီးလျှံများဖြင့် ပြည့်နက်လျှက်ရှိသည်။ မီးတောက်မိစ္ဆာများက ပူပြင်းသောမီးတောက်များကို ကြောက်ရွံ့ခြင်းမရှိသော်လည်း အစွန်းရောက်ရှစ်ပါးကမ္ဘာမှ များပြားလှစွာသောချီစွမ်းအားဖြင့် တိုက်ခိုက်ခံရသည်ကိုတော့ ကြောက်ရွံ့ကြသည်။
ထိုအချိန်...
မဟာမီးတောက်မိစ္ဆာကြီး၏ ခန္ဓာကိုယ်မှ မီးတောက်များ ချက်ချင်းငြိမ်းသတ်သွားပြီး ပါးစပ်မှ ကြုံးဝါးသံသည်လည်း ရပ်တန့်သွားကာ သူ၏ခန္ဓာကိုယ်က အသက်ရှူရပ်လျှက် ပင်လယ်ထဲ ပြုတ်ကျသွားတော့၏။
တစ်ချိန်တည်းပင် ကောင်းကင်ထက်တွင် လက်နှစ်ဖက်နောက်ပစ်လျှက် မတ်တတ်ရပ်နေသော အဘိုးအိုတစ်ယောက်ပေါ်လာသည်။ ထိုအဘိုးအို၏ရုပ်သွင်က အတော်လေး သန့်ပြန့်ကြည်လင်လျှက် ခန့်ညားလေသည်။
အရှိန်အဟုန်ဖြင့်ဝင်ရောက်လာကြသော မီးတောက်မိစ္ဆာများမှာ ထိုအဘိုးအိုကိုတွေ့လိုက်သည်နှင့် အတော်လေး စိတ်မသက်မသာ ခံစားလိုက်ကြရသည်။
၎င်းတို့ဖန်ဆင်းထားသော သဘာဝမီးတောင်များနှင့် မီးတောက်ခြုံလွှမ်းသည့်ပတ်ဝန်းကျင်တွင် ရေခိုးရေငွေ့များ သိသိသာသာ များပြားလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားရသည်။ သူတို့ မတုံ့ပြန်နိုင်ခင်မှာပင် သူတို့အားလုံး၏ ခန္ဓာကိုယ်နှင့် မျက်နှာများမှ မီးတောက်များ ပေါက်ကွဲထွက်ကုန်သည်။ လူသားများအရေခွံကွဲထွက်ပြီး သွေးများပန်းထွက်လာသည့်ပမာဖြစ်၏။
ပုံသဏ္ဌန်ကင်းမဲ့သော်လည်း ခံနိုင်ရည်ရှိရန်ခဲယဉ်းသော ကြီးမားသည့်တန်ခိုးစွမ်းအားတစ်ခုက မီးတောက်မိစ္ဆာများအားလုံးကို လွှမ်းခြုံသွားသည်။ မီးတောက်မိစ္ဆာများက ရုတ်တရက် တိုက်ခိုက်ခံရမှုအား ရှောင်တိမ်းချင်သည့်တိုင်ထိုတိုက်ခိုက်မှုက အရပ်မျက်နှာအသီးသီးရှိ လေထုထဲမှ ဝင်ရောက်လာခြင်းဖြစ်သဖြင့် ခုခံရန် မစွမ်းသာခဲ့ပေ။
အလုံးစုံကို ထိုးဖောက်နိုင်သော တန်ခိုးစွမ်းအား။
ပတ်ဝန်းကျင်တွင်လွှမ်းခြုံနေသည့် ရေခိုးရေငွေ့များက တကယ်တော့ သဏ္ဌန်မရှိသောဓားသွားများသာ ဖြစ်သည်။
တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များအောက်တွင် ရေခိုးရေငွေ့များက လွင့်ပြယ်သွားသင့်သော်လည်း ဆန့်ကျင်ဘက်အနေဖြင့် ရေခိုးရေငွေ့များက မီးတောက်များကို ကူရာကယ်ရာမဲ့စွာ ငြိမ်းသတ်သွားစေသည်။
ရေခိုးရေငွေ့များက ထက်ရှသောဓားသွားများဖြစ်လေရာ မီးတောက်မိစ္ဆာများကို နေရာပေါင်းစုံမှ ထိုးခုတ်သတ်ဖြတ်ပစ်ကြ၏။ နူးညံ့သောရေခိုးရေငွေ့များက လုံးဝဖျက်ဆီးမရနိုင်သောပုံစံရှိပြီး မီးတောက်မိစ္ဆာများမှာ ထိုတိုက်ခိုက်မှုကို ခက်ခက်ခဲခဲ ရင်ဆိုင်ကြရသည်။
အချို့က ခုခံရန် ရုန်းကန်လှုပ်ရှားကြသော်လည်း ထိုရေခိုးရေငွေ့များက အဆုံးမရှိသော စမ်းချောင်းတစ်ခု စီးဆင်းနေသည့်ပမာ အကန့်အသတ်မရှိသော သဏ္ဌန်မဲ့ဓားသွားများဖြင့် ကြမ်းတမ်းစွာတိုက်ခိုက်သည်။ ရေခိုးရေငွေ့များအတွင်းမှ မရေမတွက်နိုင်သောဓားသွားများအောက်တွင် မီးတောက်မိစ္ဆာများ တစ်ယောက်ပြီးတစ်ယောက် သုတ်သင်ခံရပြီး အလောင်းကောင်များ ပင်လယ်ထဲသို့ တဖြုတ်ဖြုတ် ပြုတ်ကျကုန်သည်။
မြင်ကွင်းအရဆိုလျှင် မီးတောက်မိစ္ဆာပေါင်းတစ်သောင်းခန့် သေကြေသွားပြီး ခန္ဓာကိုယ်အသွေးအသားများမှာ ကြိတ်စက်ဖြင့်အကြိတ်ခံရသလို ကြေမွကာ ပင်လယ်ထဲ မီးတောက်မိုးဖွဲများကျဆင်းသည့်ပမာ ထင်မှတ်ရသည်။
ထိုအချိန် ကျောက်စိမ်းပင်လယ်မြို့တော်သခင် ‘စုန့်ဝူလျန်’ ကောင်းကင်ထက်တွင် ပေါ်လာသည်။ သူ့ပတ်ဝန်းကျင်တွင် မီးတောက်များလွင့်ပျံနေပြီး မရေမတွက်နိုင်သော ဓားဝိညာဉ်များက ထူထပ်စွာ လွှမ်းခြုံထားသည်။
တစ်ချိန်တည်းမှာပင် မီးတောက်မိစ္ဆာများ၏ ဆန့်ကျင်ဘက်အရပ်တွင် ကြည်လင်သောလရောင်က မိုးကုတ်စက်ဝိုင်းဆီမှ ထွက်ပေါ်လာသည်။
လရောင်က အေးမြသည့်တိုင် နေရောင်ခြည်နှင့် ဖက်ပြိုင်တောက်ပလျှက် ရှိလေသည်။
အဆုံးမရှိတောက်လောင်နေသော မီးတောက်များမှ ထွက်ပေါ်နေသောအပူရှိန် ချက်ချင်းကျဆင်းသွားပြီး သာယာသောအေးမြမှုက လေထုထဲတွင် ထွက်ပေါ်လာသည်။
ဤသည်က ထူးကဲယင်သရဖူကိုဆောင်းထားသော မန်ဝမ်၏ တိုက်ခိုက်မှု ဖြစ်သည်။
သို့သော် မီးတောက်မိစ္ဆာများက ဥမင်အက်ကွဲကြောင်းကိုဖြတ်ကျော်လျှက် အုံနှင့်ကျင်းနှင့် ထပ်မံဝင်ရောက်လာပြန်ရာ အလွန်အားကောင်းသော စွမ်းအားအတက်အကျများ ဖြစ်ပေါ်လာပြီး မိုးမြေတစ်ခွင်မှအပူချိန်သည်လည်း ပြန်လည်မြင့်တက်လာသည်။
အင်အားကြီးမားသော စွမ်းအားလှိုင်းလုံးကြီးများ မြင့်တက်လာပြီး ဦးတည်လာသောအရှိန်အဟုန်က ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ ပင်လယ်အရှေ့ဘက်ခြမ်းရှိ မိုးမြေနယ်နိမိတ်များ မှုန်ဝါးလာပြီး ကောင်းကင်တစ်ခွင်လုံး မီးတောက်များပြည့်လျှံလျှက် သွေးနီရောင်တောက်ပနေလေသည်။
စုန့်ဝူလျန်နှင့် ရုပ်ရည်ခန့်ညားသောအဘိုးအိုတို့က အလယ်ဗဟိုတွင်ရှိနေသော လရောင်ရှိရာသို့ ရောက်လာကြသည်။
“အကြီးအကဲ’မော့’ ၊ လောလောဆယ် ကျွန်တော်တို့ ပြန်ဆုတ်ကြမှဖြစ်မယ်ထင်တယ်”
စုန့်ဝူလျန်က လေးလံသောအသံဖြင့် ဆိုသည်။
ရုပ်ရည်သန့်ပြန့်ခန့်ညားသောအဘိုးအိုမှာ ပန်းချီဆရာသူတော်စင် အဘိုးအို’မော့’ ဖြစ်၏။ သူက စုန့်ဝူလျန်၏စကားကို သဘောတူလိုက်ပြီး သူတို့နှစ်ယောက် နောက်သို့ ပြန်လည်ဆုတ်ခွာသွားကြသည်။
ထူးကဲယင်သရဖူကိုထိန်းချုပ်ထားသည့် မန်ဝမ်သည်လည်း အကြီးအကဲနှစ်ယောက်၏သဘောထားကို ကန့်ကွက်ခြင်းမရှိဘဲ သူတို့နောက်သို့ လိုက်ပါသွားသည်။
အရှေ့ပင်လယ်ပြင်သည် ယခင်တိုက်ပွဲကလို မီးတောက်ပင်လယ်အဖြစ် ပြောင်းလဲမသွားသော်လည်း သိုင်းသူတော်စင် ဒုတိယအဆင့်နှင့်ညီမျှသော မီးတောက်မိစ္ဆာဘုရင် (၄)ယောက်က သူတို့ရှေ့သို့ ရောက်ရှိလာခဲ့သည်။ အခြားသောမီးတောက်မိစ္ဆာဘုရင်များနှင့် မဟာမီးတောက်မိစ္ဆာများ ထပ်ပေါင်းမည်ဆိုလျှင် ၎င်းတို့ဖန်တီးထားသော အဖျက်စွမ်းအားစီးကြောင်းက စုန့်ဝူလျန်နှင့် အဘိုးအို’မော့’ တို့ပင် ရင်မဆိုင်နိုင်ဘဲ တဖြည်းဖြည်း ပြန်လည်ဆုတ်ခွာရုံသာ တတ်နိုင်ခဲ့သည်။
အဆုံးမဲ့တောင်တန်းဂိုဏ်းချုပ် ချူးယန်သည် အရှေ့ပင်လယ်နှင့် မြေကမ္ဘာနယ်မြေကြားတွင် အခြေအနေစောင့်ကြည့်နေခဲ့သည်။ လိုအပ်သည့်ဘက်သို့ ပါဝင်ကူညီရန် အသင့်စောင့်ဆိုင်းနေခြင်းပင်။
သို့သော် မီးတောက်မိစ္ဆာများဝင်ရောက်လာသည်ဆိုသောသတင်း ရရှိသည့်အခါ သူက မိုးဖြိုပုဆိန်ကိုကိုင်လျှက် အရှေ့ပင်လယ်သို့ အလျှင်အမြန် ထွက်ခွာလာသည်။
သို့သော် မီးတောက်မိစ္ဆာများ အဆက်မပြတ်ချီတက်လာမှုကြောင့် လူသားကျင့်ကြံသူများ ဆက်တိုက်ဆုတ်ခွာသွားရပြီး အရှေ့ပင်လယ်အပြင်ပိုင်းကို စွန့်ခွာလျှက် အရှေ့ပင်လယ်အတွင်းပိုင်းတွင်တည်ရှိသော ကျောက်စိမ်းပင်လယ်မြို့တော်အထိ ရောက်ခဲ့ကြသည်။ ကျောက်စိမ်းပင်လယ်မြို့တော်၏ ပင်မအစီအရင်ကြီးကိုမှီခိုပြီး ခံတပ်များတည်ဆောက်ကာ မီးတောက်မိစ္ဆာများကို ပိတ်ဆို့ရန် ကြိုးစားကြရသည်။
ကျောက်စိမ်းပင်လယ်မြို့တော်မှာလည်း ပြင်းထန်သော တိုက်ပွဲမုန်တိုင်းများကြား နစ်မြုပ်နေခဲ့ပြီး အချိန်မရွေး ပျက်ဆီးသွားနိုင်သည့်အနေအထား ဖြစ်သည်။
***
ထိုသတင်းစကားကိုကြားတော့ မြေကမ္ဘာနယ်မြေတွင်ရှိနေသည့် သိုင်းသူတော်စင်များ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။
မြေကမ္ဘာနယ်မြေနှင့်ယှဉ်လျှင် အရှေ့ပင်လယ်က ပိုမိုအခြေအနေဆိုးရွားကာ အရေးပေါ်ဖြစ်နေပေပြီ။
မြေကမ္ဘာနယ်မြေတွင် ဖုံးကွယ်ထားသော ခြိမ်းခြောက်မှုက အလွန်ကြီးမားသည့်တိုင် အရှေ့ပင်လယ်သည်လည်း မီးလောင်ကျွမ်းသည့်အနေအထား ကျရောက်နေပြီ ဖြစ်သည်။
ယွမ်ကျန်းဖုန်းက လေးလံသောအသံဖြင့်...
“ဒီနေရာကို ချိတ်ပိတ်ထားတဲ့ စည်းတံဆိပ်မကျိုးသရွေ့ ဘာအန္တရယ်မှ မရှိသေးဘူး ၊ ဒါပေမဲ့ အရှေ့ပင်လယ်က အန္တရယ်ရှိနေပြီ ၊ သိုင်းသူတော်စင် ဒုတိယအဆင့်နဲ့ညီမျှတဲ့ မီးတောက်မိစ္ဆာဘုရင် (၄)ယောက်အပြင် တခြား မီးတောက်မိစ္ဆာဘုရင်တွေလည်း ပါလာသေးတယ်ဆိုတော့...”
လှိုင်းနက်ဂေဟာ၏ ဂေဟာသခင်မ အန်းချင်လင်က ဟွမ်ကွမ်လီကို လှည့်ကြည့်ရင်း...
“အရှေ့’ဟွမ်’ ၊ ကျွန်မတို့ အရှေ့ပင်လယ်ကို သွားကြမလား ၊ ကျွန်မတို့သိုင်းစွမ်းနဲ့ဆိုရင် မီးတောက်မိစ္ဆာတွေကို တိုက်ခိုက်ပေးနိုင်မယ်ထင်တယ်”
သို့သော် သူမက ခဏမျှတုံ့ဆိုင်းသွားပြီး...
“ဒါပေမဲ့... ဒီနေရာမှာ သိုင်းသူတော်စင်နှစ်ယောက်တည်းကျန်ခဲ့ရင်...”
ယွမ်ကျန်းဖုန်းက ခေါင်းခါယမ်းရင်း...
“ဒီမှာက အရင်အတိုင်းပဲ ရှိနေဦးမှာပဲ ၊ ချိတ်ပိတ်ထားတဲ့ စည်းတံဆိပ်တည်ငြိမ်အောင် လူ (၄)ယောက်ကူညီပေးရင်ပိုမြန်မယ် ၊ လူ (၂)ယောက်ပဲကျန်ရင်တော့ နည်းနည်းနှေးသွားမယ် ၊ ဒီလောက်ပဲ”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ စည်းတံဆိပ်ချိုးဖျက်ခံရပြီဆိုရင်တော့... ငါတို့အားလုံး ဒီနေရာမှာရှိရင်တောင် အသုံးမဝင်တော့ဘူး”
ထိုစကားကိုကြားတော့ ဟွမ်ကွမ်လီက ယွမ်ကျန်းဖုန်းကို စူးစိုက်ကြည့်လိုက်သည်။
ယွမ်ကျန်းဖုန်းကလည်း ဟွမ်ကွမ်လီကို စေ့စေ့ပြန်ကြည့်ရင်း ချောက်နက်အောက်မှ ကြီးမားသောရွှေရောင်နေဝန်းကြီးကို လက်ညှိုးညွှန်ပြလျှက်...
“ဆီလျော်မှုမရှိတဲ့ အဘိုးကြီး’ဟွမ်’ ၊ မင်း ဒီအောက်ကရတနာပစ္စည်းကိုလိုချင်နေတာ ငါသိတယ် ၊ ငါလည်း အဲဒါကို လိုချင်တယ် ၊ လူတိုင်းလည်းလိုချင်တယ် ၊ လောကမှာ ရတနာပစ္စည်းကောင်းတွေကို သဘောမကျတဲ့သူ ဘယ်သူရှိမှာလဲ”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ဒီ စည်းတံဆိပ်ပျက်ဆီးသွားရင် ငရဲကိုးထပ်ဆင်းသက်လာမှာကိုအသာထား ၊ ငါနဲ့ ချန်လီ အရင် အသက်ပျောက်မှာ ၊ မင်းက မင်းအသက်ထက်ပဲ ဒီရတနာကို မက်မောနေသေးတာလား”
ချန်လီကလည်း ယွမ်ကျန်းဖုန်းစကားကို ခေါင်းညိတ်ထောက်ခံလိုက်၏။
ဟွမ်ကွမ်လီက ချောက်နက်ကြီးအတွင်းတွင် ရှိနေသော ရွှေရောင်နေဝန်းကြီးကို တစ်ချက်လှမ်းကြည့်ရင်း ခဏမျှ စဉ်းစားပြီးနောက် ၊
သူက ခေါင်းညိတ်ရင်း...
“ကောင်းပြီ”
အားလုံးက သိုင်းသူတော်စင်အဆင့် ကျင့်ကြံသူများဖြစ်လေရာ ပြတ်ပြတ်သားသားဆုံးဖြတ်ပြီးသည်နှင့် ချက်ချင်းလုပ်ဆောင်ကြသည်။
ဟွမ်ကွမ်လီနှင့် အန်းချင်လင်တို့ ချက်ချင်းပင် ရွှေရောင်အလင်းတန်းများကြားမှ ရုန်းထွက်လျှက် ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာလျှက် မြေကမ္ဘာနယ်မြေမှ အရှေ့ပင်လယ်ဆီသို့ ဦးတည်ထွက်ခွာသွားလေတော့၏။