အခန်း ၁၄၄
Vol. 15 Ch. 144
အခန်း။ ၁၄၄
“မှန်တာပေါ့”
ဆရာကြီးဟယ်လင်က ချီးကျူးလိုက်ရင်း “တောအုပ်ထဲမှာ တစ်ပင်တည်း ထိုးထွက်နေတဲ့ သစ်ပင်က လေမုန်တိုင်းရဲ့ ဒဏ်ကို အရင်ဆုံး ခံရစမြဲပဲ”
“မင်းတို့နှစ်ယောက်စလုံးမှာ ထူးကဲတဲ့ ပါရမီတွေ ရှိကြပေမဲ့ နောက်ခံကတော့ သာမန် ဆင်းရဲသားတွေပဲ ဖြစ်နေတယ်။ ဂုဏ်သရေရှိ မိသားစုကြီးတွေက ကလေးတွေနဲ့ ယှဉ်ရင် မင်းတို့ရဲ့ အဆင့်အတန်းက အများကြီး နိမ့်ကျလွန်းနေတော့ တခြားသူတွေရဲ့ မနာလိုဝန်တိုမှုနဲ့ ရန်လိုမှုကို ခံရဖို့ အလွန်လွယ်ကူတာပေါ့”
“ဒါပေမဲ့ ရှရှုရွှယ်ကတော့ မတူဘူး။ သူမရဲ့ ပါရမီက မင်းတို့လောက် မကောင်းတော့ လူတွေရဲ့ အာရုံစိုက်မှုကို သိပ်မခံရသလို သူမရဲ့ ရှမိသားစုကလည်း အတိုင်းအဆတစ်ခုအထိ ဩဇာအာဏာ ရှိတယ်။ လက်ရှိမှာလည်း သူတို့မိသားစုထဲမှာ ရွှေအမြုတေအဆင့်ကို တက်လှမ်းခါနီး ဘိုးဘေးတစ်ယောက် ရှိနေသေးတော့ သာမန်ပြဿနာတွေက သူမကို ဘာမှ မခြိမ်းခြောက်နိုင်ဘူး”
“ကျန်တဲ့သူတွေကိုတော့ ထည့်ပြောနေစရာတောင် မလိုပါဘူး”
ကုယွမ်သည် ဆရာကြီးဟယ်လင်၏ အမျှော်အမြင်ကြီးမားလှသော စေတနာကို နောက်ဆုံးတွင် ကောင်းစွာနားလည်သွားဟန်ဖြင့် ကျေးဇူးတင်ရှိသော မျက်နှာထားဖြင့် ဦးညွှတ်လိုက်ကာ “တပည့်တို့ကို အဘက်ဘက်က ငဲ့ညှာပေးတဲ့အတွက် ကျေးဇူးအထူး တင်ရှိပါတယ် ဆရာကြီး” ဟု ပြောလိုက်သည်။
နွီယိုတသည်လည်း အတန်ကြာမှ သတိရဟန်ဖြင့် အလျင်အမြန်ပင် လိုက်လံဂါရဝပြုသည်။
“ကဲ... အခမ်းအနားတွေ လုပ်မနေကြနဲ့တော့”
ဆရာကြီးဟယ်လင်သည် ကုယွမ်ကို ပို၍ပင် သဘောကျလာမိသည်။ ထူးချွန်ထက်မြက်သော ပါရမီရှိရုံမျှမက မွေးရာပါ ဉာဏ်ပညာရှိပြီး လိုအပ်လျှင် အောက်ကျနောက်ကျ ခံတတ်သောကြောင့်ပင်။
သူ၏အတိတ်က မလျှော့သော ဇွဲမာနနှင့် ခတ်ထန်သော စရိုက်ကို ပြန်လည်တွေးတောမိသည့်အခါ ၎င်းမှာ ဓားလမ်းစဉ်၏ စစ်မှန်သော အဓိပ္ပာယ်နှင့် ကိုက်ညီသည်ဆိုသော်လည်း သူ့အား ဒုက္ခမျိုးစုံ ကြုံတွေ့စေခဲ့ဖူးသည်။
ကုယွမ်၏ စရိုက်မျိုးမှာမူ ကျင့်ကြံခြင်းလမ်းခရီးတွင် ပိုမိုဝေးကွာသော နေရာသို့ တက်လှမ်းနိုင်ပေလိမ့်မည်။
“ဒီတစ်ခေါက် ငါတောင်ပေါ်က ဆင်းလာတာက တပည့်ရှာဖို့တင် မဟုတ်ဘူး။ နဂါးနီနတ်ဘုရားနန်းတော်ပြန်လည်ပွင့်လာတဲ့ ကိစ္စကြောင့်လည်း ပါတာမို့လို့ မင်းတို့နှစ်ယောက်စလုံးက ငါဒီကိစ္စကို ဖြေရှင်းပြီးတဲ့အထိ စောင့်ပြီးမှ ငါနဲ့အတူ တောင်ပေါ်ကို လိုက်ခဲ့ကြရမယ်”
ဆရာကြီးဟယ်လင်က အကျဉ်းချုပ် ရှင်းပြလိုက်ပြီးနောက် “ဘေးကင်းလုံခြုံဖို့အတွက် အခုကစပြီး မင်းတို့နှစ်ယောက်စလုံး ငါ့အနားမှာပဲ နေရမယ်” ဟု ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ... အမိန့်အတိုင်းပါ”
ကုယွမ်က ဘာမျှငြင်းဆန်ခြင်းမရှိဘဲ ရိုသေစွာ နာခံလိုက်သည်။
သူသည် ယနေ့ သူ၏ ပြသမှုမှာ လူအများ၏ အာရုံစိုက်မှုကို အလွန်အမင်း ရရှိသွားခဲ့ပြီး အချို့သူများ၏ ရန်လိုမှုနှင့် မနာလိုမှုကို ခံနေရပြီဖြစ်ကြောင်း ကောင်းစွာ သိရှိထားသည်။
အကယ်၍ သူသာ တစ်ယောက်တည်း ရှိနေမည်ဆိုပါက မြှောက်ပင့်ခြင်း၊ မိတ်ဖွဲ့ခြင်းများနှင့် ဧည့်ခံပွဲများအပြင် အမျိုးမျိုးသော လုပ်ကြံဖန်တီးမှုများနှင့် အကွက်ဆင်မှုများကို သေချာပေါက် ရင်ဆိုင်ရပေလိမ့်မည်။
သူ၏ အစွမ်းမှာ မနည်းလှသော်လည်း ထိုသို့သော ပြဿနာများကို အမြဲတမ်း တောင့်ခံနိုင်ရန် ခက်ခဲသည်။ အထူးသဖြင့် သူ၏ မိဘများမှာလည်း ရှိနေသေးရာ ၎င်းမှာ သူ၏ အားနည်းချက်တစ်ခု ဖြစ်နေ၏။
ယခုမူ ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီး ဖြစ်သော ဆရာကြီးဟယ်လင်၏ အနားတွင် နေထိုင်ခွင့်ရခြင်းမှာ ဆရာကြီးဟယ်လင်က သူ့အား ကျောထောက်နောက်ခံ ပေးထားကြောင်း ပြသလိုက်ခြင်းပင်။
ထိုသို့ဆိုလျှင် မရိုးသားသော အကြံအစည်များနှင့် လုပ်ကြံမှုများမှာ အလိုအလျောက် ပျောက်ကွယ်သွားမည်ဖြစ်ပြီး သူ၏ မိဘများ၏ ဘေးကင်းလုံခြုံမှုကိုလည်း အပြည့်အဝ အာမခံနိုင်ပေလိမ့်မည်။
အနာဂတ်တွင် အတိုင်းအဆမရှိ ကြီးမားလာမည့် ဆေးဘုရင်တောင်တန်း၏ ပါရမီရှင်တစ်ဦးကို ရန်ငြိုးဖွဲ့ရန်နှင့် သာမန်လူသားနှစ်ဦးကို သတ်ဖြတ်ရန်အတွက် ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးတစ်ဦးကို စော်ကားရန် ထိုက်တန်မှု ရှိ၊ မရှိကို မည်သူမဆို ကောင်းစွာ တွက်ချက်နိုင်ကြသည်။
တစ်ခုတည်းသော အနည်းငယ် စိတ်ပူစရာမှာ သူ၏ ဝိညာဉ်သားရဲငယ်အချို့ပင်။
အားဟွမ်၊ အားဝူ၊ ပါးစပ်ကြီး နှင့် အောင်းကြီးတို့မှာမူ ယွန်းမုန့်တောင်တန်းအတွင်း၌ ရှိနေဆဲဖြစ်ပြီး အပြင်လူများ ရှာဖွေမတွေ့ရှိသေးပေ။
ရှောင်ချင်းကိုမူ သူနှင့်အတူ ခေါ်ဆောင်ထားပြီး ၎င်းမှာ ပုန်းကွယ်ခြင်း၌ အလွန်ကျွမ်းကျင်လှသဖြင့် ကြီးမားသော ပြဿနာ မရှိနိုင်ပေ။ သို့သော် ယခုအခါ ကုယွမ်သည် ဆရာကြီးဟယ်လင်၏အနားတွင် အမြဲတမ်း ရှိနေရတော့မည်ဖြစ်ရာ နောင်တစ်ချိန်တွင် သူ၏ ဝိညာဉ်သားရဲများနှင့် တွေ့ဆုံ ဆက်သွယ်သည့်အခါ ပိုမို သတိထားရပေလိမ့်မည်။
သို့သော်လည်း သူနှင့် မိဘများ၏ အသက်ဘေးနှင့် ယှဉ်လျှင်မူ ဤသည်မှာ သာမန်ကိစ္စမျှသာ ဖြစ်၏။
ညဉ့်မှောင်စပြုလာကာ ဆရာကြီးဟယ်လင်သည် ထိုနှစ်ဦးကို ကျောက်စိမ်းအိုးမျှော်စင်အတွင်းရှိ ကျင့်ကြံဆောင်တစ်ခုသို့ ခေါ်ဆောင်လာခဲ့ပြီး ထိုင်ရန် အမူအရာပြကာ ခဏမျှ အကဲဖြတ်ပြီးနောက် ကုယွမ်ကို ကြည့်၍
“နွီယိုတက ကျင့်ကြံခြင်းကို မစတင်ရသေးဘူး။ ဂိုဏ်းကို တရားဝင် ရောက်တဲ့အခါကျမှ စာကြည့်တိုက်မျှော်စင်ကနေ သူ့ရဲ့ ကျင့်ကြံခြင်းနဲ့ သင့်တော်မယ့် တရားကျမ်းစာကို သွားရောက် ထုတ်ယူရလိမ့်မယ်။ မင်းကတော့...”
“မင်းရဲ့ ဓားပညာက အတော်လေး အောင်မြင်နေပြီဖြစ်သလို မင်းရဲ့ ကျင့်ကြံမှုကလည်း သွေးလဲလှယ်ခြင်းအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်လုနီးပါး ဖြစ်နေပြီ။ မင်းရဲ့ ထူးကဲချီက စင်ကြယ်ပြီး ထုထည်ကြီးမားလှတာကြောင့် အလွန်ကောင်းမွန်တဲ့ အခြေခံအုတ်မြစ်တစ်ခု ရှိနေတာပဲ။ အကယ်၍ မင်းသာ တခြားကျင့်စဉ်တစ်ခုခုကို ပြောင်းလဲကျင့်ကြံမယ်ဆိုရင် မင်းရဲ့ အခြေခံကို ပျက်စီးစေနိုင်တယ်။ မင်း အတိတ်က စီနီယာကြီးတွေဆီကနေ ပညာရပ်အချို့ကို ရရှိခဲ့တာလား”
ကုယွမ်သည် ခဏမျှ မှင်တက်သွားမိသည်။ ဆရာကြီးဟယ်လင်က သူ၏ နောက်ခံအချို့ကို ရိပ်မိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
သူ တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်စဉ်မှာပင် ဆရာကြီးဟယ်လင်က လက်ဝှေ့ယမ်းကာ တားဆီးလိုက်ရင်း “အများကြီး ပြောမနေပါနဲ့။ ဒါက မင်းရဲ့ ကိုယ်ပိုင် အခွင့်အရေးဖြစ်လို့ ဘယ်သူ့ကိုမှ ပြောပြနေစရာ မလိုသလို ဘယ်သူ့မှာမှလည်း သိပိုင်ခွင့် မရှိပါဘူး”
“ဒါ့အပြင် ငါတို့ဂိုဏ်းရဲ့ တပည့်တွေအပေါ်မှာ တင်းတင်းကျပ်ကျပ် ကန့်သတ်မထားပါဘူး။ မင်း ဂိုဏ်းရဲ့ ကျင့်စဉ်တွေကိုပဲ ကျင့်ကြံကျင့်ကြံ ဒါမှမဟုတ် အပြင်ကနေ ပိုမိုထူးကဲတဲ့ ကျင့်စဉ်တွေကိုပဲ ရရှိခဲ့ရရှိခဲ့... ဒါက ကြီးမားတဲ့ အဟန့်အတား မဟုတ်ပါဘူး”
ဤသည်ကို ကြားရသည့်အခါ ကုယွမ်မှာ အလွန်ပင် အံ့အားသင့်သွားမိသည်။ အဘယ်ကြောင့်ဆိုသော် ယခင်က အကြီးအကဲချန် ပြောပြခဲ့သည်မှာ ဤသို့ မဟုတ်
သောကြောင့်ပင်။
ထိုစဉ်က အကြီးအကဲချန် ပြောခဲ့သည်မှာ "ဂိုဏ်းထဲကို ဝင်လာတဲ့ တပည့်တိုင်းက... ဂိုဏ်းရဲ့ ကျင့်စဉ်တွေကိုပဲ ပြောင်းလဲပြီး ကျင့်ကြံကြရမှာပဲ။ အဲဒီလိုမှ မဟုတ်ရင်... တခြားဂိုဏ်းတွေရဲ့ အခြေခံကျင့်စဉ်တွေကို သယ်ဆောင်လာတဲ့သူကို... ငါတို့ ဆေးဘုရင်တောင်တန်းရဲ့ တပည့်တစ်ယောက်အဖြစ် ဘယ်လိုလုပ်ပြီး သတ်မှတ်လို့ရမှာလဲ" ဟု ပြောခဲ့ခြင်းပင်။
ဒါက... ငါ့ရဲ့ ထူးကဲတဲ့ ပါရမီကို မြင်လို့ ကျင့်စဉ်ပြောင်းလိုက်ရင် ငါ့ရဲ့ အခြေခံအုတ်မြစ် ပျက်စီးသွားမှာ စိုးရိမ်လို့များလား...
ကုယွမ်၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ဖြစ်ပေါ်လာပြီးနောက် သက်ပြင်းချလိုက်မိသည်။
ဤသည်မှာ ထူးကဲသော ပါရမီရှိခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်ပေလိမ့်မည်။ ထူးချွန်သော ပါရမီနှင့် ကြီးမားသော အလားအလာ ရှိနေသည့်အခါ အခြားသူများက မင်းကို နည်းလမ်းမျိုးစုံဖြင့် လိုက်လျောပေးကြပြီး အချို့သော စည်းမျဉ်းများမှာလည်း စည်းမျဉ်းများ မဟုတ်တော့ပေ။
အရေးကြီးဆုံးအရာမှာ ဆရာကြီးဟယ်လင်၏ ဓားလမ်းစဉ်နှင့် သူ၏ ကျင့်စဉ်မှာ ပဋိပက္ခဖြစ်ပုံမရခြင်းပင်။ ဆိုလိုသည်မှာ ကုယွမ်သည် ဓားလမ်းစဉ်ကိုရော သူ၏ ကျင့်စဉ်ကိုပါ တစ်ပြိုင်နက်တည်း ကောင်းစွာ ကျင့်ကြံနိုင်ခြင်းပင်။
ထိုသို့ဆိုလျှင် ဆရာကြီးဟယ်လင်၏ ရည်ရွယ်ချက်မှာ အလွန်ပင် ရှင်းလင်းသည်။ ကုယွမ်မှာ လူမိုက်တစ်ဦး မဟုတ်ရာ ဆရာကြီးဟယ်လင်၏ သူ့အပေါ် ထားရှိသော သဘောထားကို ကြည့်ခြင်းအားဖြင့် ရည်ရွယ်ချက်အချို့ကို ရိပ်မိခြင်းပင်။
ဤရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးသည် သူ၏ ပါရမီကို သဘောကျသဖြင့် သူ့ကို တပည့်အဖြစ် လက်ခံချင်နေသည်မှာ သေချာသည်။
“မင်းရဲ့ ဓားကို ထုတ်ပြီး ငါ့ကို ပြပါဦး”
ဆရာကြီးဟယ်လင်က အမူအရာပြလိုက်သည့်အခါ ကုယွမ်၏ ခါးတွင်ရှိသော ရေကြည်ဓားသည် သာယာသော မြည်သံနှင့်အတူ အစွပ်အတွင်းမှ ထွက်ပေါ်လာပြီး ကုယွမ်၏ လက်ထဲသို့ ရောက်ရှိသွားသည်။
“ဆရာကြီးကို ပြစ်မှားမိရင် ခွင့်လွှတ်ပါ”
ကုယွမ်သည် တစ်ဖက်လူက သူ၏ ဓားပညာကို စမ်းသပ်နေခြင်းဖြစ်ကြောင်း သိရှိပြီး တစ်ဖက်လူမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီး ဖြစ်နေသဖြင့် သူ မည်သို့မျှ အန္တရာယ် မပေးနိုင်မှန်း သိသည်။
ထို့ကြောင့် ကုယွမ်သည် မည်သည့် အထိန်းအကွပ်မျှ မထားဘဲ သူ၏ အစွမ်းရှိသမျှ အားလုံးကို ထုတ်သုံး၍ တိုက်ခိုက်လိုက်လေတော့သည်။
လက်ထဲတွင် ဓားရှည်ကို ကိုင်ဆောင်ထားလျက် ကုယွမ်သည် ဓားကို ရှေ့သို့ ထိုးသွင်းလိုက်၏။
ချွင် …
ဓားအလင်းတန်းမှာ လျှပ်စီးလက်လိုက်သကဲ့သို့ မှောင်မိုက်သော ညဉ့်အမှောင်ထုကို ဖြတ်သန်းသွားပြီး မှေးမှိန်နေသော အခန်းတစ်ခုလုံးကို ဖြူဖွေးစွာ တောက်ပသွားစေတော့သည်။
ထိုစူးရှလှပသော ဓားအလင်းထံမှ အေးစက်လှသော သတ်ဖြတ်ခြင်း အရှိန်အဝါများ ထွက်ပေါ်လာရာ နှလုံးသားကိုပင် တုန်လှုပ်စေ၏။
အခန်းတစ်ခုလုံးနှင့် ဤကမ္ဘာကြီးပင်လျှင် သွေးရောင် လွှမ်းမိုးသွားသကဲ့သို့ အတိုင်းအဆမရှိသော သတ်ဖြတ်ခြင်း အာရုံများဖြင့် ပြည့်နှက်သွားတော့သည်။
နွီယိုတ၏ မျက်နှာမှာ တင်းမာသွားပြီး မွေးရာပါ အသိစိတ်အရ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်မိကာ အရေပြားပေါ်တွင် စပ်ဖျဉ်းဖျဉ်း အာရုံကို ခံစားလိုက်ရသည်။ သူ၏ တစ်ကိုယ်လုံးမှာ ရေခဲဂူတစ်ခုအတွင်း ရောက်ရှိနေသကဲ့သို့ အရိုးထဲအထိ အေးစိမ့်သွားတော့၏။ ဤခံစားချက်မှာ ကုယွမ်၏ ဓားချက်ကြောင့် ဖြစ်ပေါ်လာသော ဘေးထွက် အရှိန်အဝါမျှသာ ရှိသေးသည်။
“ကောင်းတယ်”
ဤဓားချက်ကို ရင်ဆိုင်ရသော်လည်း ဆရာကြီးဟယ်လင်က ချီးကျူးလိုက်ရင်း လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်ကာ အသာအယာ တောက်လိုက်သည်။
သူ၏ လက်ချောင်းများမှာ ရှည်လျားပြီး ဖြူဖွေးနူးညံ့နေကာ မည်သည့် ပြင်းထန်သော စွမ်းအားမျှ ရှိပုံမရဘဲ သာမန်လက်ချောင်းမျှသာ ဖြစ်၏။
သို့သော်လည်း ထိုလက်ညှိုးထိပ်သည် ကုယွမ်၏ ဓားဦးထိပ်တည့်တည့်သို့ တိကျစွာ ထိတွေ့မိသွားသည်။
ဖူး …..
နောက်တစ်ခဏ၌ပင် ကုယွမ်၏ ထိတ်လန့်ဖွယ်ရာ ဓားအလင်းတန်းမှာ လေလျော့သွားသော ပူဖောင်းတစ်ခုကဲ့သို့ စွမ်းအားအားလုံး ချက်ချင်း ပျောက်ကွယ်သွားပြီး ဓားအလင်းမှာ အပိုင်းပိုင်းအစစ ကြေမွကာ လေထုအတွင်းသို့ လွင့်ပျယ် ပျောက်ကွယ်သွားတော့သည်။
ကုယွမ်သည် ဤမြင်ကွင်းကို ကြည့်ကာ မှင်တက်သွားမိသည်။ တစ်ဖက်လူ၏ လက်ညှိုးမှ ထွက်ပေါ်လာသော စွမ်းအားမှာ သူ၏ ဓားချက်စွမ်းအားထက် မသာလွန်ရုံမျှမက များစွာပင် လျော့နည်းနေသေးကြောင်း သူ ကောင်းစွာ အာရုံခံမိခြင်းပင်။
သို့သော်လည်း ရေကြည်ဓားပေါ်တွင် ရှိနေသော ထူးကဲချီ၊ ဓားအာရုံနှင့် စွမ်းအားအားလုံးကို လွယ်ကူစွာ ချေဖျက်ပစ်နိုင်ခြင်းမှာ ဆန်းကြယ်လွန်းသည်။
“မင်းရဲ့ ဓားချက်က ဓားအာရုံမှာရော စွမ်းအားမှာပါ အရမ်း ထူးခြားတယ်။ သာမန် ကောင်းကင်ဘုံလူသားအဆင့် ကျင့်ကြံသူတစ်ဦးဆိုရင် ရတနာလက်နက်တစ်ခုခုရဲ့ ကာကွယ်မှု မရှိဘူးဆိုရင် မင်းရဲ့ဓားချက်အောက်မှာ သေဆုံးသွားနိုင်တယ်”
ဆရာကြီးဟယ်လင်က သုံးသပ်ပြလိုက်ရင်း “မင်းရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ ဓားလမ်းစဉ်မှာ ဒီလိုအဆင့်အထိ ရောက်ရှိနေတာက တကယ်ကို အံ့သဩစရာပဲ။ ဒါပေမဲ့... ဒါက လုံးဝ မလုံလောက်သေးပါဘူး” ဟု ပြောလိုက်သည်။