အခန်း ၁၄၅
Vol. 15 Ch. 145
အခန်း။ ၁၄၅
“မလုံလောက်သေးဘူးလား ဆရာ”
ကုယွမ်သည် မျက်မှောင်ကြုတ်လိုက်မိပြီး ဆရာကြီးဟယ်လင်၏ စောစောက လက်ညှိုးတောက်ချက်ကို ပြန်လည် ဆင်ခြင်သုံးသပ်နေမိသည်။
ထိုလက်ညှိုးတောက်ချက်မှာ ရိုးရှင်းသာမန်လှသည်ဟု ထင်ရသော်လည်း နတ်ဘုရားတို့၏ ဖန်တီးမှုကဲ့သို့ ဆန်းကြယ်သည်။ မြန်နှုန်း၊ အချိန်ကိုက်မှု သို့မဟုတ် စွမ်းအား မည်သည့်အရာတွင်မဆို အားလုံးမှာ အံကိုက် ဖြစ်လွန်းလှ၏။ ၎င်းမှာ လက်ညှိုးတစ်ချောင်းဟု ထင်ရသော်လည်း အမှန်စင်စစ်တွင်မူ ဓားတစ်လက်နှင့် မခြားပေ။
သူ၏ ဓားချက်နှင့် ယှဉ်လျှင် ဆရာကြီးဟယ်လင်၏ ဓားချက်မှာ ပိုမို သိမ်းဆည်းထားပြီး အားအင်များကို စုစည်းထားသည်။
သို့သော် ထိတွေ့မိသည့် ကာလ၌မူ စွမ်းအားအားလုံးမှာ ရုတ်ချည်း ပေါက်ကွဲထွက်လာပြီး ထွက်ပေါ်လာသော စွမ်းအားမှာလည်း အဆပေါင်းများစွာ တိုးပွားသွားခဲ့သည်။
ထို့ကြောင့်သာ ကုယွမ်၏ ဓားအလင်းတန်းကို အမှုန့်ခြေဖျက်နိုင်ခဲ့ခြင်းပင်။
“မင်းရဲ့ ဓားချက်က အားအကုန်ထုတ်သုံးထားတယ်ဆိုပေမဲ့ အလွန်ဆုံးရှိလှ ဆယ်ဆလောက်ရှိတဲ့ စွမ်းအားကိုပဲ ထုတ်ဖော်နိုင်သေးတာ”
ဆရာကြီးဟယ်လင်က စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြသည်။
“ဒါပေမဲ့ ငါ့ရဲ့ ဓားချက်ကတော့ မင်းရဲ့ စွမ်းအားရဲ့ အစိတ်အပိုင်း အနည်းငယ်မျှနဲ့တင် မင်းရဲ့ ဓားပညာထက် ဆယ်ဆမက ပိုမိုပြင်းထန်တဲ့ စွမ်းအားကို ထုတ်ဖော်နိုင်တယ်။ အဘယ်ကြောင့်ဆိုသော် ငါ့ရဲ့ ဓားက စိတ်အာရုံနဲ့ ဓားအာရုံ တစ်သားတည်းကျမှုကို ရရှိထားလို့ပဲ။ ဒါကိုပဲ လူတွေက လူနဲ့ဓား တစ်သားတည်းကျခြင်းလို့ ခေါ်ကြတာပေါ့”
“ဒါကြောင့်လည်း ငါတို့ ဓားကျင့်ကြံသူတွေက အမျိုးမျိုးသော ကျင့်ကြံခြင်း စနစ်တွေထဲမှာ တိုက်ခိုက်ရေးစွမ်းရည် အကောင်းဆုံးအဖြစ် ပထမနေရာမှာ ရပ်တည်နေနိုင်တာပဲ”
“ဓားလမ်းစဉ်ရဲ့ ထက်မြက်မှုဟာ အနှိုင်းမဲ့ပဲ။ ဓားတစ်လက်တည်းနဲ့တင် နတ်ဘုရားပညာရပ်တွေရဲ့ ပြောင်းလဲခြင်း အားလုံးကို ဖြတ်တောက်နိုင်စွမ်း ရှိတယ်”
ဆရာကြီးဟယ်လင်က ကုယွမ်ကို စိုက်ကြည့်ရင်း
“မင်းရဲ့ ဓားပညာမှာ ဓားကျင့်ကြံသူတစ်ယောက်ရဲ့ အရှိန်အဝါ အရိပ်အယောင်လေးတွေ ရှိနေပြီဆိုပေမဲ့... ဓားအပေါ်မှာ ကျွမ်းကျင်လိမ္မာမှုရယ်၊ စစ်မှန်တဲ့ စိတ်ရင်းစေတနာ ထားနိုင်မှုအပိုင်းမှာရယ်တော့... လိုပါသေးတယ်။
ခန္ဓာကိုယ်ရဲ့ စွမ်းအားမှာ ကန့်သတ်ချက် ရှိပေမဲ့... စိတ်ဝိညာဉ်ရဲ့ စွမ်းအားကတော့ အကန့်အသတ် မရှိဘူး။ ဒီလိုစိတ်ဓာတ်မျိုး ရှိမှသာ စွမ်းအားအနည်းငယ်လေးကို သုံးပြီး ဆယ်ဆ၊ ဒါမှမဟုတ် အဲဒီထက်မကတဲ့ စွမ်းအားကို ထုတ်ဖော်နိုင်မှာ။ ကောင်းကင်ဘုံလူသားအဆင့် ကျင့်ကြံသူတွေ နတ်ဘုရားပညာရပ်တွေကို တတ်မြောက်ကျွမ်းကျင်တဲ့အခါမှာလည်း... ဒီသဘောတရားအတိုင်းပဲ။
စိတ်အာရုံနဲ့ ဓားအာရုံ တစ်သားတည်းကျဖို့ ဆိုတာကတော့... သဘာဝအတိုင်း မလွယ်တာ အမှန်ပဲ။ လုံလောက်တဲ့ သဘောပေါက်နားလည်မှု ရှိဖို့ လိုအပ်ပေမဲ့... မင်းရဲ့ ဓားနှလုံးသားပါရမီနဲ့ဆိုရင်တော့ ဒါက အဝေးကြီး ခက်ခဲနေမှာ မဟုတ်ပါဘူး။
ဓားအပေါ်မှာ ကျွမ်းကျင်လိမ္မာရမယ်... ဓားအပေါ်မှာ စစ်မှန်တဲ့ စိတ်ရင်း ရှိရမယ်...”
ကုယွမ်သည် ကိုယ့်ကိုကိုယ် ရေရွတ်လိုက်ရင်း အတွေးနက်သွားဟန် ရှိသည်။
အမှန်အတိုင်း ပြောရလျှင် ဆရာကြီးဟယ်လင်၏ လမ်းညွှန်ချက်မှာ အလွန်ပင် ထိမိလှပြီး သူ၏ ရှုပ်ထွေးနေသော စိတ်အာရုံကို လျှပ်စီးလက်ကာ ခွဲခွာပေးလိုက်သကဲ့သို့ ဖြစ်သွားစေသည်။
သူ ဓားပညာကို စတင်ကျင့်ကြံကတည်းက ဓားပညာကို ကိုယ့်ကိုကိုယ် ကာကွယ်ရန်နှင့် ရန်သူများကို နှိမ်နင်းရန် လက်နက်တစ်ခုအဖြစ်သာ အမြဲတမ်း သတ်မှတ်ခဲ့ပြီး သူ၏ စိတ်ဆန္ဒအတိုင်း တစ်သက်လုံး လျှောက်လှမ်းရမည့် တာအိုလမ်းစဉ်တစ်ခုအဖြစ် သဘောမထားခဲ့မိပေ။ ထို့ကြောင့် သူ၏ ဓားပညာတွင် အရှိန်အဝါ အရိပ်အယောင် ရှိသော်လည်း နှလုံးသား မပါဝင်ခဲ့ခြင်းပင်။
သို့သော် ပြန်လည် တွေးတောကြည့်လျှင်လည်း ဤသည်မှာ သူ၏ အပြစ်တော့ မဟုတ်ပေ။ ကုယွမ်သည် ဓားပညာနှင့် ထိတွေ့ခဲ့သည်မှာ နာရီဝက်၊ တစ်နှစ်ပင် မပြည့်သေးဘဲ လအနည်းငယ်မျှသာ ရှိသေးရာ ဤမျှ တိုတောင်းသော အချိန်ကာလအတွင်း ဓားပညာကျင့်စဉ် အချို့ကို အထွတ်အထိပ်အဆင့်အထိ ကျင့်ကြံနိုင်ခြင်းမှာပင် အလွန် ထူးခြားဆန်းကြယ်လှပြီ ဖြစ်သည်။ သိုင်းပညာ ဓားကျင့်စဉ်အချို့ကို တတ်မြောက်ထားသည်ဆိုသော်လည်း အများစုမှာ သူဘာသာ စူးစမ်းလေ့လာ ကျင့်ကြံခဲ့ခြင်း ဖြစ်ပြီး ဆရာကောင်း တစ်ဦး၏ အဓိက လမ်းညွှန်မှုကို မရရှိခဲ့ဖူးပေ။
ထို့ကြောင့် ဓားအပေါ်၌ ကျွမ်းကျင်လိမ္မာခြင်းနှင့် စစ်မှန်သော စိတ်ရင်း ထားရှိခြင်းဟူသော နက်နဲသည့် သဘောတရားကို သူ မသိရှိခဲ့သည်မှာ မဆန်းပေ။
စကားပုံတစ်ခု ရှိကာ “စစ်မှန်တဲ့ အမွေအနှစ်ကို စကားတစ်ခွန်းနဲ့ ရနိုင်ပြီး၊ အတုအယောင်တွေကိုတော့ စာအုပ်ပေါင်း ထောင်ချီဖတ်ရင်တောင် မရနိုင်ဘူး” ဟူ၍ပင်။
ဆရာကြီးဟယ်လင်က စကားတစ်ခွန်းသာ ပြောကြားခဲ့သော်လည်း ၎င်းမှာ ယခုအချိန်တွင် ကုယွမ် ကြိုးစားအားထုတ်ရန် လိုအပ်နေသော ဦးတည်ချက်ကို အတိအလင်း ညွှန်ပြပေးလိုက်ခြင်းပင်။
ခဏမျှ စဉ်းစားတွေးတောပြီးနောက် ကုယွမ်သည် တဖြည်းဖြည်းနှင့် သဘောတရားအချို့ကို နားလည်လာဟန်ဖြင့် ဆင်ခြင်သုံးသပ်နေသော မျက်နှာထား ဖြစ်ပေါ်လာတော့သည်။
ကုယွမ်၏ ပုံစံကို ကြည့်ပြီး ဆရာကြီးဟယ်လင်သည်လည်း အချိန်ကိုက်ပင် နှုတ်ပိတ်လိုက်ကာ ဘာမျှ ထပ်မံ မိန့်ကြားခြင်း မရှိတော့ပေ။ အခန်းတွင်း၌ ရုတ်ချည်းပင် တိတ်ဆိတ်ခြင်းများ လွှမ်းမိုးသွားတော့၏။
မကြာမီအချိန်၌ပင် ကုယွမ်သည် သူ၏လက်ထဲတွင် ရှိသော ဓားရှည်ကို ဖြည်းညှင်းစွာ မြှောက်လိုက်တော့သည်။
ချွင် ချွင် ….
သူ၏ လှုပ်ရှားမှုများမှာ နှေးကွေးလှသော်လည်း ရေကြည်ဓားထံမှ တိုးညှင်းသော်လည်း ကြည်လင်ပြတ်သားလှသည့် ဓားမြည်သံတစ်ခု ပဲ့တင်ထွက်ပေါ်လာတော့သည်။
သို့သော်လည်း ကုယွမ်သည် ၎င်းထံသို့ ထူးကဲချီကို ထည့်သွင်းခြင်းမပြုဘဲ စိတ်အာရုံဖြင့်သာ ဓားရှည်နှင့် ဆက်သွယ်နေခြင်းပင်။
ဤအခိုက်အတန့်တွင် ကုယွမ်၏ နှလုံးသားမှာ ရေကြည်ဓားအတွင်းသို့ တစ်သားတည်း ပေါင်းစည်းသွားသကဲ့သို့ ခံစားနေရသည်။
“ဟင်... ဒါက...”
ဆရာကြီးဟယ်လင်က မျက်ခုံးပင့်လိုက်မိပြီး သိသိသာသာပင် အံ့အားသင့်သွားသည့် အရိပ်အယောင် ပြသလိုက်သည်။
ရုတ်ချည်းပင် ကုယွမ် လှုပ်ရှားလိုက်၏။
သူသည် ဓားတစ်ချက်ကို ရှေ့သို့ ထိုးသွင်းလိုက်ရာ ဓားကိုယ်ထည်ထံမှ ကျောက်စိမ်းရောင် အလင်းတန်းများ ဖျာထွက်လာပြီး တိုးညှင်းသော်လည်း ဝိညာဉ်ကို တုန်လှုပ်စေနိုင်သည့် အေးစက်သော သတ်ဖြတ်ခြင်း အရှိန်အဝါများ ထွက်ပေါ်လာတော့သည်။
ယခင်က သူ ထုတ်သုံးခဲ့သော ဓားချက်နှင့် ယှဉ်လျှင် ဤဓားချက်မှာ ဟိတ်ဟန် အရှိန်အဝါပိုင်း၌ လျော့နည်းသည်မှာ သဘာဝပင် ဖြစ်သော်လည်း ဆရာကြီးဟယ်လင်မှာမူ လက်ခုပ်ပင် ထတီးချင်စိတ် ပေါက်သွားမိသည်။
အဘယ်ကြောင့်ဆိုသော် ယခု ကုယွမ်၏ ဓားချက်တွင် ပါဝင်သော စွမ်းအားမှာ သိသိသာသာ ပိုမိုသိမ်းဆည်း စုစည်းမိသွားသောကြောင့်ပင်။ ထိုစွမ်းအားသာ ပေါက်ကွဲထွက်သွားပါက အဆပေါင်းများစွာ ပြင်းထန်သော အားကို ထုတ်ဖော်နိုင်ပေလိမ့်မည်။
ဤသည်မှာ သူ၏ လမ်းညွှန်မှုကို ကြားရုံမျှဖြင့် ကုယွမ်က သဘောတရားအချို့ကို နားလည်သွားပြီး အဓိကကျသော အချက်ကို တိကျစွာ ဆုပ်ကိုင်နိုင်ခဲ့ကြောင်း သက်သေပြနေခြင်းပင်။
အကယ်၍ သူသာ ဆက်လက် ဆင်ခြင်သုံးသပ်နေမည်ဆိုပါက တစ်နေ့တွင် လူနဲ့ဓား တစ်သားတည်းကျသည့် နယ်ပယ်သို့ သေချာပေါက် ရောက်ရှိသွားပေလိမ့်မည်။
ဒီလောက်အထိ ထက်မြက်တဲ့ သဘောပေါက် နားလည်မှုမျိုးလား... ငါ့ရဲ့ အတိတ်က ပုံစံနဲ့ ယှဉ်ရင်တောင် လုံးဝ မနိမ့်ကျတဲ့အပြင် ပိုတောင် လွန်ကဲဦးမယ်
ဆရာကြီးဟယ်လင်၏ မျက်ခုံးများ တုန်ခါသွားပြီး ကုယွမ်၏ ထူးကဲလှသော ဉာဏ်ပညာကြောင့် ထိတ်လန့်မိသလို စိတ်ထဲကလည်း တိတ်တဆိတ် သန္နိဋ္ဌာန်ချလိုက်မိသည်။
ဤမျှ ကောင်းမွန်လှသည့် ဓားလမ်းစဉ် ပါရမီရှင်ကို အခြားသူများ လက်ဦးမှု ရယူသွားခြင်းကို လုံးဝ ခွင့်မပြုနိုင်ပေ။
မဖြစ်ဘူး... ဒီကလေးရဲ့ တောက်ပမှုက လျှို့ဝှက်ထားလို့ မရနိုင်အောင် ကြီးမားလွန်းတယ်။ ပေါင်ချန်း မြေခွေးအိုကြီးကတော့ ဂိုဏ်းပြင်ပလူမို့လို့ ငါ ဖြေရှင်းလို့ရပေမဲ့ ဂိုဏ်းထဲက အဖိုးကြီးအချို့သာ ဒီကလေးကို သဘောကျပြီး ငါ့ကို ရည်ရွယ်ချက်ရှိရှိ အကျပ်ကိုင်လာရင် ငါ သေချာပေါက် နိုင်ချင်မှ နိုင်မှာ
ဆရာကြီးဟယ်လင်သည် ပိုတွေးလေ လောကဝတ် ပြုနေ၍ မဖြစ်တော့ကြောင်း ပိုမို ခံစားရလေ ဖြစ်၏။ ဤကဲ့သို့ မွေးရာပါ ထူးကဲလှသော ဓားပညာ ပါရမီရှင်ကို တစ်စုံတစ်ဦးက လုယူသွားမည်ဆိုပါက သူ တစ်သက်လုံး နောင်တရနေပေလိမ့်မည်။
ဒီကလေးရဲ့ အတိတ်က နာမည်ဂုဏ်သတင်းကလည်း ကောင်းမွန်ပြီးသားပဲ။ ကျေးဇူးကန်းမယ့် လူစားမျိုး မဟုတ်ဘူး။ ဒါကြောင့် သူ့ကို စောစောစီးစီး ငါ့လူဖြစ်အောင် သိမ်းသွင်းထားတာ အကောင်းဆုံးပဲ
ထိုသို့ တွေးတောရင်း ဆရာကြီးဟယ်လင်သည် ဆုံးဖြတ်ချက်ချလိုက်ပြီး မျက်နှာပြင်ပေါ်တွင်မူ ဘာမျှမဖြစ်သကဲ့သို့ ဟန်ဆောင်ကာ သုံးသပ်ပြလိုက်သည်။
“အင်း... ဒီဓားချက်က အနည်းငယ် စိမ်းနေသေးတယ်ဆိုပေမဲ့ ယေဘုယျအားဖြင့်တော့ အတော်လေး ကောင်းမွန်တယ်လို့ သတ်မှတ်နိုင်ပါတယ်”
“ဒါတွေအားလုံးက ဆရာကြီးရဲ့ လမ်းညွှန်မှုကြောင့်ပါခင်ဗျာ”
ကုယွမ်က ဓားရိုးကို အပေါ်သို့ မြှောက်ကာ ကျေးဇူးတင်ရှိသော မျက်နှာထားဖြင့် ပြောလိုက်သည်။ သူသည် ယခင်က လူသားပင် ဖြစ်သော်လည်း သူ၏ အရှိန်အဝါမှာမူ ယခင်နှင့် အနည်းငယ် ကွာခြားသွားသကဲ့သို့ပင်။
ဘေးနားရှိ နွီယိုတ၏ မျက်စိထဲတွင်မူ ယခုအခါ ကုယွမ်သည် သူ၏လက်ထဲတွင်ရှိသော ဓားနှင့် ခွဲခြား၍မရအောင် တစ်သားတည်း ဖြစ်သွားသကဲ့သို့ ထင်မှတ်နေရတော့သည်။
“ငါက ဆရာကြီးဆိုတဲ့ ခေါ်ဝေါ်မှုကို သိပ်သဘောမကျဘူး”
ဆရာကြီးဟယ်လင်က ခေါင်းခါပြလိုက်၏။
ကုယွမ်သည် ချက်ချင်းပင် ဉာဏ်အလင်းပွင့်သွားကာ ဦးညွှတ်လိုက်ရင်း “တပည့် ဆရာ့ကို ဂါရဝပြုပါတယ်” ဟု ဆိုလိုက်တော့သည်။
ဆရာကြီးဟယ်လင်သည် ခဏမျှ မှင်တက်သွားပြီးနောက် တဟားဟား ရယ်မောလိုက်တော့သည်။
“ကောင်းတယ်... တကယ့်ကို တော်တဲ့ကလေးပဲ”
သူသည် ကုယွမ်က ဤမျှအထိ အလိုက်သိတတ်ကာ သူ့ကို ဆရာဟု တိုက်ရိုက် ခေါ်ဆိုလိမ့်မည်ဟု မထင်မှတ်ထားခဲ့ရာ ၎င်းမှာ သူ၏ စိတ်အလိုကို ကွက်တိ ဖြစ်သွားစေတော့သည်။ အခြေအနေက ဤသို့ ဖြစ်လာမှတော့ အခြားအရာများကို ပြောနေစရာ မလိုတော့ပေ။ သူသည် သဘာဝကျစွာပင် လက်ခံရပေမည်။
ဆရာကြီးဟယ်လင်က ခေါင်းညိတ်လိုက်ပြီး တည်ကြည်စွာဖြင့်
“မင်းက ငါ့ကို ဆရာလို့ ခေါ်ခဲ့ပြီဆိုတော့... အခုကစပြီး မင်းက ငါ ဟယ်လင်ရဲ့ တပည့်တစ်ယောက် ဖြစ်သွားပြီ”
ကုယွမ်က ဘာမှ ထပ်မံ မပြောတော့ဘဲ ရိုသေစွာဖြင့် လှိုက်လှိုက်လှဲလှဲ ဦးညွှတ်လိုက်ရင်း “ဆရာ တပည့်ရဲ့ ဂါရဝပြုမှုကို လက်ခံပေးပါ”
ဆရာကြီးဟယ်လင်သည် တည်ငြိမ်စွာဖြင့်ပင် ကုယွမ်၏ ဂါရဝပြုမှုကို ခံယူလိုက်ပြီး ကုယွမ် ဂါရဝပြုခြင်း ပြီးဆုံးသွားသည့်အခါမှ ခေါင်းညိတ်ကာ “ထတော့... ငါက မလိုအပ်တဲ့ အခမ်းအနား အလေ့အထတွေကို သဘောမကျဘူး။ နောင်ကျရင် ဒီလိုမျိုးတွေ လုပ်နေစရာ မလိုတော့ဘူး” ဟု ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ ဆရာ”
ကုယွမ်က ရိုသေစွာ ပြန်လည်ဖြေကြားပြီးနောက် မတ်တတ်ရပ်လိုက်၏။
ဆရာကြီးဟယ်လင်က တိတ်တဆိတ် ခေါင်းညိတ်မိသည်။ မည်သို့ပင်ဖြစ်စေ ဤကလေးသည် ဆရာကို ရိုသေပြီး တာအိုလမ်းစဉ်ကို တန်ဖိုးထားတတ်သည်။
ထူးကဲလှသော ပါရမီနှင့်ပါ ပေါင်းစပ်လိုက်လျှင် ဤသည်မှာ သူ့အတွက် လုံလောက်လှပြီ ဖြစ်၏။
ဘေးနားရှိ နွီယိုတမှာမူ ကုယွမ်က မည်သို့ကြောင့် ရုတ်ချည်းပင် ဆရာကြီးဟယ်လင်၏ တပည့် ဖြစ်သွားရသည်ကို နားမလည်နိုင်ဘဲ ကြောင်အမ်းအမ်း ဖြစ်နေတော့သည်။ သို့သော်လည်း သူ၏ စိတ်ထဲ၌ မနာလိုဝန်တိုမှု လုံးဝမရှိဘဲ ကုယွမ်အတွက် စစ်မှန်စွာပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမိသည်။
ကုယွမ်ကို တပည့်အဖြစ် လက်ခံပြီးနောက် ဆရာကြီးဟယ်လင်၏ စိတ်နေစိတ်ထားမှာလည်း သဘာဝအတိုင်း ပြောင်းလဲသွားခဲ့သည်။
ကုယွမ်၏ ဓားပညာကို ပြန်လည် တွေးတောရင်း သူက “မင်း လေ့လာထားတဲ့ ဓားပညာက... ရှေးဟောင်း ဓားနတ်ဘုရား အစဉ်အလာရဲ့ ရွှမ်းထျန်းဓားဂိုဏ်းက အခြေခံဓားကျင့်စဉ်တစ်ခုဖြစ်တဲ့ အသက်နှုတ်ဓားကျမ်းဖြစ်ရမယ်။ ဒီကျင့်စဉ်က ပြင်းထန်ပြီး အနည်းငယ် အစွန်းရောက်တယ်ဆိုပေမဲ့... မင်းအတွက်တော့ ပြဿနာမရှိပါဘူး။ အခြေခံအုတ်မြစ် ချဖို့အတွက် သင့်တော်တယ်။ ဒါပေမဲ့ အခု မင်းက ကောင်းကင်ဘုံလူသားအဆင့်ကို တက်လှမ်းတော့မယ့် အခြေအနေကို ရောက်နေပြီဆိုတော့... နောက်ထပ် အဆင့်တစ်ခုအတွက် ဓားကျမ်းတစ်စောင် လိုအပ်နေပြီ"