← Chapters

အခန်း ၉၇၇

Vol. 66 Ch. 977

အခန်း ၉၇၇

Vol. 66 Ch. 977

Chapter 977 သူ့အတွက်

လက်ရှိအချိန်တွင် မြေကွက်လပ်၌ အခြေအနေက တင်းမာနေ၏။ ဘုရင်မကျစ်ဝေ့၊ ဟွမ်ထျန်းပါ့နှင့် အခြားသူများအားလုံးသည် ဖီချူးမျိုးနွယ်များ၏ ကြောက်စရာကောင်းပုံကို သိထားကြသည်။

အထူးသဖြင့် နှစ်နှစ်သိန်းတိတိ ချုပ်နှောင်ခံထားရပြီးမှ အပြင်သို့ ထွက်လာရသဖြင့် ဖီချူးများ၏ ရက်စက်မှုက ယခင်ထက် အဆပေါင်းများစွာ ပြင်းထန်နေ၏။

ဂါး!

ဖီချူးများသည် ဘုရင်မကျစ်ဝေ့နှင့် အခြားသူများအား သွေးဆာခက်ထန်သော အကြည့်များဖြင့် စိုက်ကြည့် နေကြသည်။

၎င်းတို့သည် ရှေ့သို့ တစ်လှမ်းချင်းတိုး၍ ဝိုင်းထားသည့် အကွာအဝေးအား ကျဉ်းမြောင်းလာအောင် ပြုလုပ် နေသည်။ ၎င်းတို့၏ ပြင်းထန်သော အရှိန်အဝါများက အားလုံးအပေါ် သက်ရောက် လွှမ်းမိုးနေလေသည်။

“ဟားဟားဟား … ကျစ်ဝေ့၊ မင်းက အရင်ခေတ်တုန်းက ဒုတိယ အသန်မာဆုံးသူလို့ လူသိများခဲ့တာ မဟုတ်ဘူးလား”

“အခုရော ဘယ်လိုလဲ၊ မင်းက ငါ့ဖီချူးတွေ လက်ချက်နဲ့ သေရတော့မှာ မဟုတ်ဘူးလား”

ဟွမ်ဖုယို၏ အကြည့်များက ခက်ထန်နေသည်။ သူသည် အန္တိမအဆင့် ရှေးဟောင်း သိုင်းပညာရှင်များကို စိုက်ကြည့်၍ အထင်သေးသလို ပြုံးလိုက်သည်။

“မင်းတို့ တစ်ယောက်ချင်းစီက ရှေးဟောင်း နတ်ဘုရား စံအိမ်ကပဲ၊ မင်းတို့အားလုံးက မြင့်မြတ်ပြီး ထည်ဝါခဲ့ကြတဲ့ လူတွေ”

“အခုတော့ ငရဲဘုံက တွားသွားကောင်တစ်ကောင်ဆီမှာ အညံ့ခံလိုက်ကြတာ နှမြောစရာပဲ”

“ဒါက ငါတို့ ယင်ယန်လောကကို တကယ် အရှက်ရစေတယ်”

ဘုရင်မကျစ်ဝေ့နှင့် ကျန်လူများအားလုံးက ယဲ့ဖန်ကို သခင်ကြီးအဖြစ် သတ်မှတ်ထားကြသည်ကို ဟွမ်ဖုယို သိထားသည်။ ဤသည်က သူ့အား အလွန်တရာ အထင်သေး စက်ဆုပ်သွားစေသည်။

ငရဲဘုံမှ လူများအား တွားသွားသတ္တဝါများဟုသာ သူ အမြဲ သတ်မှတ်ထားသည်။ သူတို့သည် လူသားများ ဖြစ်သော်လည်း ယင်ယန်လောက၌ ကလေးငယ်များနှင့်သာ ယှဉ်နိုင်ကြသည်။

ယခု ကျစ်ဝေ့နှင့် အခြားသူများက ယင်ယန်လောက၏ သိုင်းပညာရှင်များ မျက်နှာပျက်ရအောင် လုပ်ခဲ့ကြသည်။

*အရှက်ရစေတယ် ဟုတ်လား*

ဘုရင်မကျစ်ဝေ့နှင့် အခြားသူများအားလုံး မျက်နှာ ဖြူရော်နေသော်လည်း ဒေါသထွက်လာလေသည်။ သူတို့က ဟွမ်ဖုယိုအား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာကြသည်။

“ဟွမ်ဖုယို၊ သူက ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ မင်း မသိပါဘူး”

“ဘယ်လိုပုဂ္ဂိုလ်မျိုးကို မင်း ရန်စမိသလဲ မင်း နားလည်မှာ မဟုတ်ဘူး”

အန္တိမအဆင့် ရှေးဟောင်း သိုင်းပညာရှင် သုံးဆယ့်နှစ်ယောက်တို့သည် တောက်ပသော မျက်လုံးများဖြင့် ယဲ့ဖန်အကြောင်း ပြောဆိုကြသည်။ သူတို့၏ အမူအရာက နတ်ဘုရားတစ်ပါးအကြောင်း ပြောဆိုနေကြသလိုပင်။

ဤသည်ကြောင့် ဟွမ်ဖုယို မျက်မှောင်ကြုတ်သွားပြီး ပို၍ အထင်သေးစွာ ပြုံးလိုက်မိသည်။

“ဟ … ငရဲဘုံက တွားသွားကောင်ကို မင်းတို့က နတ်ဘုရားအဖြစ် သတ်မှတ်နေတာပဲ၊ တကယ်ကို ဝမ်းနည်း စိတ်ပျက်ဖို့ ကောင်းတယ်”

“ဒီတစ်ခေါက် သူ ရောက်မလာဘူးဆို‌တော့ သူ ကံကောင်းတယ်ပဲ ပြောရမလား၊ ငါ မင်းတို့ကို အရင်ရှင်းပြီးမှ မင်းတို့ တစ်ယောက်ချင်းစီကို ခေါင်းဖြတ်ပြီး သူ့ကို လက်ဆောင်ပေးလိုက်မယ်”

ထိုသို့ပြောပြီး ဟွမ်ဖုယိုက လက်ဝှေ့ယမ်း၍ အမိန့်ပေးသည်။

“သတ်လိုက်တော့”

ထိုစကားအဆုံး၌ ဖီချူး အကောင်ခြောက်ဆယ်ကျော်က ရှေ့သို့ ခုန်ဝင်သွားသည်။ ပြင်းထန်သော ဖိအား အရှိန်အဝါက ကျစ်ဝေ့နှင့် အခြားသူများထံ ကျရောက်လာသည်။

ဘုရင်မကျစ်ဝေ့၊ ဟွမ်ထျန်းပါ့၊ တမင်ကျင်းဖမ်းနှင့် အခြားသူများက ဖီချူးများကို အပြင်းအထန် ပြန်လည် တိုက်ခိုက်လေသည်။ ထိုအခိုက်တွင် မြေကွက်လပ်တစ်ခုလုံး ထပ်ခါထပ်ခါ ပျက်စီးလာ၏။

ကမ္ဘာပျက်တော့မည့်အလား ကျောက်တုံးများ ပျက်စီးလွင့်စဉ်၍ လေဟာနယ် အက်ကွဲလာသည်။ ဤသည်မှာ အန္တိမအဆင့်များ၏ တိုက်ပွဲ ဖြစ်သည်။ တိုက်ပွဲ၏ အရှိန်အဝါလှိုင်းကြောင့် မြေကွက်လပ်နားမှ ဟွမ်ဖု မျိုးနွယ်ဝင်များ နောက်သို့ အသည်းအသန် ဆုတ်လိုက်ရသည်။

“ပြင်းထန်လိုက်တဲ့ ဖိအားပဲ၊ မြတ်စွာဘုရား … ဒီအန္တိမအဆင့်တွေရဲ့ တိုက်ပွဲက ထိတ်လန့်စရာ ကောင်းလွန်းတယ်”

“ဟားဟားဟား … ဒီတိုက်ပွဲနဲ့ ငါတို့ ဟွမ်ဖုမျိုးနွယ် ယင်ယန်လောကမှာ ထင်ပေါ်လာတော့မှာပဲ”

“ဟုတ်တယ်၊ အန္တိမအဆင့် ရှေးဟောင်း သိုင်းပညာရှင် သုံးဆယ့်နှစ်ယောက်ကို တစ်ခါတည်း သတ်ပစ်လိုက်တာက ယင်ယန်လောကကို တုန်လှုပ်သွားအောင် လုပ်နိုင်မှာ သေချာတယ်”

“…”

ထိုအခိုက်တွင် ဟွမ်ဖုမျိုးနွယ်ဝင်များ အပြုံးကြီး ပြုံးနေကြသည်။ သူတို့သည် သူတို့၏ မျိုးနွယ် ဂုဏ်ကျက်သရေ ထွန်းတောက်လာတော့မည်ဟု မြင်ယောင်နေ၏။

“အဲ့ဒီ ငရဲဘုံက တွားသွားကောင် ရောက်မလာတာ စိတ်မကောင်းစရာပဲ၊ သူ ဖိနှိပ်ခံရပြီး အသတ်ခံရတဲ့ မြင်ကွင်းကို ငါ ကြည့်ချင်နေတာ”

ဟွမ်ဖုမျိုးနွယ်ဝင်တစ်ယောက်က မကျေမချမ်း မျက်နှာထားဖြင့် ပြောလေသည်။ သူ့ဘေးနားမှ လူများက ခေါင်းညိတ်၍ ထောက်ခံကြသည်။ သူတို့စိတ်ထဲတွင် ယဲ့ဖန်သည် တရားခံဖြစ်ပြီး အသေသင့်ဆုံးလူဟု သတ်မှတ် ထားသည်။

ထိုစဉ် ဟွမ်ထျန်းပါ့က ဖီချူးတစ်ကောင်နှင့် တိုက်ခိုက်နေချိန်တွင် နောက်တစ်ကောင်က အလစ်ဝင် တိုက်လေသည်။

သူ ယိုင်ထွက်သွားပြီး ရင်ဘတ်မှ အရိုးများ ကျိုးကြေကာ အနောက်သို့ လွင့်ထွက်သွားရသည်။ ရင်ဘတ်တစ်ခုလုံး နင်းချေခံထားရသကဲ့သို့ ဖြစ်နေပြီး သွေးများ စိမ့်ထွက်နေ၏။ သူ၏ ပါးစပ်ထောင့်မှလည်း သွေးများ စီးကျလာသည်။ ဟွမ်ထျန်းပါ့ အပြင်းအထန် ဒဏ်ရာရသွားလေသည်။

ဤသည်မှာ အစသာ ရှိပေသေးသည်။ ဖီချူးနှစ်ကောင်ဆီက အန္တိမအဆင့် သိုင်းပညာရှင်တစ်ယောက်ကို တိုက်ခိုက် နေကြသည်။

အန္တိမအဆင့် သိုင်းပညာရှင်တိုင်း သွေးပျက်လာသည်။ အထူးသဖြင့် ဟွမ်ဖုယို၏ အလစ်ဝင်တိုက်မှုကိုပါ ခံလာရသဖြင့် တစ်ယောက်ပြီး တစ်ယောက် လွင့်ထွက်သွားကြသည်။

တမင်ကျင်းဖမ်း၏ တောင်ပံတစ်ဖက် ပျက်စီးသွားပြီး ဟွမ်ဖုယို၏ လက်သီးကြောင့် မီတာတစ်ရာခန့် လွင့်ထွက်သွားပြီးမှ ပြုတ်ကျလာသည်။

ဖီချူးတစ်ကောင်ကြောင့် သွမ့်ရှုံး၏ လက်မောင်းတစ်ဖက် ပြတ်သွားပြီး ကျောပြင်သို့ ဟွမ်ဖုယို၏ လက်ဝါးချက် ကျလာလေသည်။

…

လက်ရှိတွင် ဟွမ်ဖုယိုသည် အလွန် အရှိန်အဝါ ကြီးမားနေ၏။ တိုက်ပွဲတိုင်းကို သူ ဖိနှိပ်ထားနိုင်သည်။ သူ တိုက်ခိုက်လိုက်ချိန်တိုင်း အန္တိမအဆင့်တစ်ယောက်သည် အပြင်းအထန် ဒဏ်ရာရကာ လွင့်ထွက်သွားရသည်။

တစ်ယောက်၊ ငါးယောက်၊ ဆယ်ယောက်။

သူ တိုက်ခိုက်လေလေ ပို၍ ကြမ်းကြုတ်ထောင်လွှားလာလေ ဖြစ်လာသည်။

“ဟားဟားဟား … သောက်ချီးတွေပါကွာ၊ အန္တိမအဆင့် ရှေးဟောင်း သိုင်းပညာရှင်တွေတဲ့ ခန္ဓာကိုယ် ပြန်ဖွဲ့စည်းနိုင်တာတောင် မင်းတို့ခွန်အားက အရင်အချိန်လောက်ကို မရှိသေးဘူး”

“အမှိုက်တစ်သိုက်ပဲ”

ဟွမ်ဖုယိုသည် တစ်ချိန်က ပြိုင်ဘက်ကင်း စစ်သူကြီး သုံးဆယ့်ခြောက်ယောက်၌ အဆင့်တစ်ဆယ် ရှိသူ ဖြစ်သည်။

သူကိုယ်တိုင်က အလွန် သန်မာလာသဖြင့် သိုင်းအဆင့် လျောကျသွားသော်ကြားလည်း ခန္ဓာကိုယ် ပြန်လည် ဖွဲ့စည်းလာနိုင်‌သော ရှေးဟောင်း သိုင်းပညာရှင်များက သူ့ပြိုင်ဘက် မဟုတ်ပေ။ ထို့အပြင် ဖီချူး အကောင်ခြောက်ဆယ်ကျော်၏ အကူအညီကိုပါ ပေါင်းထည့်လိုက်လျင် ယှဉ်နိုင်သူ မရှိသလောက် ဖြစ်နေ၏။

“မစိုးရိမ်နဲ့၊ ငါ မင်းတို့ကို အဆိုးရွားဆုံးနည်းလမ်းတွေနဲ့ သတ်ပေးမယ်”

“ပြီးရင် ငါ ဟိုချီးကောင် ယဲ့ဖန်ကို သတ်ပစ်မယ်၊ ပြီးရင်တော့ ငရဲဘုံကို ဆင်းရတာပေါ့”

ဟွမ်ဖုယို၏ အပြုံးက ပိုပို၍ ကြီးမားလာ၏။

‘သူက ငါ့ဟွမ်ဖုမျိုးနွယ်ကို အရှက်ရအောင် လုပ်ခဲ့တယ်၊ အဲ့တော့ အခုချိန်ကစပြီး ဟွမ်ဖုမျိုးနွယ်ဆိုတဲ့ စကားလုံးက ငရဲဘုံတစ်ခုလုံးရဲ့ အိပ်မက်ဆိုး ဖြစ်လာစေရမယ်၊ ဟားဟားဟား …”

ဟွမ်ဖုယို၏ စကားများကြောင့် အန္တိမအဆင့် ရှေးဟောင်း သိုင်းပညာရှင်များ မျက်လုံး၌ မီးဝင်းဝင်း တောက်လာ၏။

ဟွမ်ဖုယိုက ဖီချူးများကိုခေါ်၍ ငရဲဘုံသို့ ဆင်းသွားပါက ငရဲဘုံမှ မျိုးနွယ်များအားလုံး ပျက်သုဉ်းသွားမည်ကို သူတို့ ရိပ်မိကြသည်။ နတ်ဆိုးမျိုးနွယ်များအားလုံး သေဆုံးသွားနိုင်သလို သက်ကြီးရွယ်အိုများပင် အသက် ချမ်းသာခွင့် ရမည် မဟုတ်ပါ။

အားလုံး ဒေါသထွက်နေကြချိန်တွင် ဟွမ်ဖုယိုက အခွင့်အရေးကို အမိအရ အသုံးချ၍ ကျန်ရှိသော အန္တိမအဆင့်များကို တိုက်ခိုက်လေတော့သည်။ နောက်ဆုံးတွင် အန္တိမအဆင့် ရှေးဟောင်း သိုင်းပညာရှင်များ၌ ဘုရင်မကျစ်ဝေ့သာ ကျန်ရှိတော့သည်။

ထိုအခိုက်တွင် ဟွမ်ဖုယိုက ဖီချူးများကို ဦးဆောင်၍ ဘုရင်မကျစ်ဝေ့ကို ဝိုင်းထားလိုက်သည်။ ထို့နောက် သူက အသာပြုံး၍ ပြောလေသည်။

“ဘုရင်မကျစ်ဝေ့၊ မင်းက ရှေးခေတ်ကတည်းက သန်မာတဲ့အမျိုးသမီးလို့ ငါ မှတ်ယူထားပြီးသားပါ”

“ငါ မင်းကို အခွင့်အရေးတစ်ခု ပေးနိုင်တယ်၊ အဲ့ငရဲဘုံက ကောင်ကို သတ်ပစ်ပြီး ငါ့ကို မင်းသခင်အဖြစ် ခံယူလိုက်”

“ဒီလိုဆိုရင် အဲ့ယဲ့ဖန်ဆိုတဲ့ကောင် သေသွားပင်မယ့် မင်း သေစရာ မလိုဘူးလေ”

“ဘယ်လိုလဲ”

ထိုစကားကြောင့် ဟွမ်ဖုမျိုးနွယ်တစ်ခုလုံး ပွက်လောရိုက်သွားသည်။ ဘုရင်မကျစ်ဝေ့ကိုသာ အညံ့ခံလာအောင် လုပ်နိုင်ပါက ဟွမ်ဖုကလန်သည် ယင်ယန်တစ်လောကလုံး၌ ကျော်ကြားလာပေမည်။

“အိပ်မက်ထဲမှာပဲ ရမယ်”

ဘုရင်မကျစ်ဝေ့က ပါးစပ်ထောင့်မှ သွေးကိုသုတ်၍ ရူးသွပ်နေသော အမူအရာဖြင့် ပြန်ပြောလေသည်။

“ဟွမ်ဖုယို၊ ပြီးခဲ့တဲ့ကာလတွေက ငါ ဘယ်လို နှိပ်စက်ခံခဲ့ရတယ်ဆိုတာကို နင် မေ့နေတာလား”

“လူသားအရှင်သခင်တောင်မှ ငါ အောက်ကျို့တာကို ခံယူထိုက်တဲ့လူ မဟုတ်ဘူး”

“နင့်ကို ငါက ဘာလို့ အညံ့ခံရမှာလဲ၊ နင့်ကိုနင် ဘာထင်နေလဲ”

သူမစကား၌ ဆုံးဖြတ်ချက် ပြတ်သားဟန်များ ပါဝင်နေပြီး ဟွမ်ဖုယိုသည်လည်း မျက်နှာ မည်းမှောင် သွားသည်။

“ဒါဆို မင်း ဘာလို့ အဲ့ဒီငရဲဘုံက တွားသွားကောင်ဆီမှာ အညံ့ခံတာလဲ”

သေဘေးနှင့် ရင်ဆိုင်နေရသော်လည်း ဘုရင်မကျစ်ဝေ့က ခေါင်းအလွန်မာနေလိမ့်ဦးမည်ဟု ဟွမ်ဖုယို ထင်မထားမိပေ။

*တွားသွားကောင်တဲ့လား*

ထိုစကားကြောင့် ဘုရင်မကျစ်ဝေ့၏ မျက်လုံးများက အေးစက်သထက် အေးစက်လာ၏။

“နင် မှားနေပြီ၊ သူ့ရှေ့မှာဆို နင်ကမှ တကယ့် တွားသွားကောင်ပဲ”

“ဒီကမ္ဘာလောကကြီးမှာ သူတစ်ယောက်တည်းကသာ ငါတို့ကို ကောင်းကင်ဘုံဂိတ်ဝဆီ ခေါ်သွားပေးနိုင်တာ၊ သူ တစ်ယောက်တည်းကသာ ငါကျစ်ဝေ့ရဲ့ အရှင်သခင်ဖြစ်ဖို့ ထိုက်တန်တဲ့လူပဲ”

ထိုသို့ပြောပြီးနောက် ဘုရင်မကျစ်ဝေ့က ရူးသွပ်နေသော အကြည့်များဖြင့် ဆက်ပြောလေသည်။

“အဲ့တော့ သူ့အတွက်သာဆိုရင် နှစ်နှစ်သိန်းကြာသွားလည်း ငါ အဲ့သိုင်းကွက်ကို ထုတ်သုံးနိုင်တယ်”

All Chapters