အခန်း ၉၇၈
Vol. 66 Ch. 978
Chapter 978 ခရမ်းရောင်ချီစွမ်းအင် တုန်လိုင်လက်ဝါး
*အဲ့သိုင်းကွက်တဲ့လား*
ဘုရင်မကျစ်ဝေ့၏ စကားကြောင့် ဟွမ်ဖုယို တစ်ခါမှ မှင်တက်သွားသည်။ ထို့နောက် တစ်စုံတစ်ရာကို စဉ်းစားမိ သွားပြီး တုန်လှုပ်သွားလေသည်။
“ဖြစ်နိုင်တာက … ဟိုဒဏ္ဍာရီလာ ခရမ်းရောင်ချီစွမ်းအင် တုန်လိုင်လက်ဝါးကို ပြောနေတာများလား”
ဟွမ်ဖုယို၏ တည်ငြိမ်နေသော မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားသည်။ ထိုအချိန်က ရှေးခေတ်ကာလ ပျက်သုဉ်းခါနီးအချိန် စစ်ပွဲတွင်း၌ လူသားအရှင်သခင်က အရာအားလုံးကို ဖိနှိပ်ခဲ့ပြီး ရှေးဟောင်း နတ်ဘုရားများကို သတ်ခဲ့ပြီး စံအိမ်များစွာကို ဖျက်ဆီးခဲ့သောကြောင့် အားလုံး ဒဏ်ရာ အပြင်းအထန် ရခဲ့ကြသည်။
ရှေးဟောင်း နတ်ဘုရားများထဲတွင် လူသားအရှင်သခင်၏ တိုက်ကွက်သုံးကွက်အား ခုခံနိုင်သူ တစ်ယောက်သာ ရှိခဲ့သည်။ ထိုသူသည် ဘုရင်မ ကျစ်ဝေ့ပင်။
ဟွမ်ဖုယို ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးခဲ့သော်လည်း ထိုတိုက်ပွဲ၏ ကြောက်မက်ဖွယ်ကောင်းပုံကို အခြားသော ပြိုင်ဘက်ကင်း စစ်သူကြီးများထံမှ ကြားခဲ့ရသည်။ ဘုရင်မကျစ်ဝေ့က သူမ၏ သွေးစွမ်းအင်ကို အသုံးပြု၍ သိုင်းကွက်တစ်ခု ဖန်တီးခဲ့သည်ဟု ဆိုသည်။ ထိုသိုင်းကွက်၏အမည်ကား ခရမ်းရောင် ချီစွမ်းအင် တုန်လိုင် လက်ဝါးပင်။
ထိုလက်ဝါးချက်အောက်၌ အရာအားလုံး ပျက်စီးသွားသည်ဟု ဆိုသည်။ ထိုအချိန်က ထိုလက်ဝါးချက်အောက်၌ မဟာဘုရင်တစ်ပါး၊ မိစ္ဆာနတ်ဘုရား နှစ်ပါးနှင့် ပြိုင်ဘက်ကင်း စစ်သူကြီး ငါးယောက်တို့ သုတ်သင်ခံခဲ့ရသည်။
လူသားအရှင်သခင်တောင်မှ အနည်းငယ် ဒဏ်ရာရသွားခဲ့သည်။ လူသား အရှင်သခင်တောင်မှ ကြီးကြီးမားမား ဆုံးရှုံးရမည်ကို ကြောက်ခဲ့ရသည်။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး၊ ခရမ်းရောင် ချီစွမ်းအင် တုန်လိုင် လက်ဝါးကို ထုတ်ဖော်ဖို့ သွေးစွမ်းအင် လိုအပ်တယ်”
“မင်းက အခု အန္တိမအဆင့် ခန္ဓာကိုယ်ပဲ ရသေးတာ၊ အဲ့ဒါကို ဘယ်လိုလုပ် ထုတ်ဖော်နိုင်မှာလဲ”
လက်ရှိအချိန်တွင် ဟွမ်ဖုယိုသည် သရဲသဘက်နှင့် တွေ့လိုက်ရသကဲ့သို့ မယုံသင်္ကာ ဖြစ်နေ၏။ ဟွမ်ထျန်းပါ့နှင့် အခြား ရှေးဟောင်း သိုင်းပညာရှင်များတောင်မှ ထိတ်လန့်သွားလေသည်။
“ကျစ်ဝေ့ မလုပ်နဲ့၊ အဲ့ဒါက မင်းကို သေစေလိမ့်မယ်”
“ရပ်လိုက်၊ ရပ်လိုက်တော့”
“…”
အန္တိမအဆင့် ရှေးဟောင်း သိုင်းပညာရှင်များအားလုံး မျက်နှာ ပြာနှမ်းနေလေသည်။ သူတို့သည် ဘုရင်မ ကျစ်ဝေ့နှင့် နေ့စဉ် အတူရှိခဲ့ကြပြီး ရင်းနှီးခဲ့ကြသဖြင့် ခရမ်းရောင်ချီစွမ်းအင် တုန်လိုင်လက်ဝါး၏ အစွမ်းကို သူတို့ နားလည်ကြသည်။ သို့သော် ထိုလက်ဝါးချက်ကြောင့် ဘာကို ပေးဆပ်ရမလဲဆိုသည်ကိုလည်း နားလည်ကြ လေသည်။
သူမ၏ လက်ရှိစွမ်းအင်က ခရမ်းရောင် ချီစွမ်းအင် တုန်လိုင်လက်ဝါးကို ထုတ်ဖော်ရန် မလုံလောက်ပေ။ ထို့ကြောင့် သူမ၏ အသက်စွမ်းအင်ကို သုံးစွဲမှ ရပေမည်။ ထို့ကြောင့် လက်ဝါးချက်ကို ထုတ်ဖော်လိုက်သည်နှင့် ဘုရင်မကျစ်ဝေ့လည်း သေဆုံးပေလိမ့်မည်။
အန္တိမအဆင့် ရှေးဟောင်း သိုင်းပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် စိုးရိမ်တကြီး အော်ဟစ် တားဆီး ကြသည်။
ထိုအခါ ဘုရင်မကျစ်ဝေ့က ခပ်ဖွဖွ ပြုံးလာသည်။ သူမ၏ မိတ်ဆွေဟောင်းကြီးများကို ကြည့်၍ စိတ်ချမ်းသာသော အမူအရာဖြင့် ပြောလေသည်။
“ငါ့ဘဝမှာ စိုးရိမ်စရာမရှိ၊ ဆွေမျိုးသားချင်းမရှိ၊ အသက်ဆက်ရှင်ရမယ့် အကြောင်းရင်းရော မိတ်ဆွေ အပေါင်းအသင်းတွေပါ မရှိခဲ့ဘူး”
“ကမ္ဘာဂြိုဟ်ကပဲ ငါ့ကို အိမ်ရဲ့နွေးထွေးမှုမျိုး ခံစားရအောင် လုပ်ပေးခဲ့တာ၊ နင်တို့ကပဲ ငါ့ကို မိတ်ဆွေတွေရဲ့ နွေးထွေးဖော်ရွေမှုဆိုတာကို ခံစားတတ်အောင် လုပ်ပေးခဲ့တာ၊ ပြီးတော့ အဲ့ဒီလူကပဲ ငါ့ကို ဘဝတစ်ခု ထပ်စတင်ဖို့ သတ္တိတွေ ပေးခဲ့တာ”
“အခု ငါ သေရမယ်ဆိုရင်တောင်မှ ဘယ်သူမှ ကမ္ဘာဂြိုဟ်နဲ့ သခင်ကြီးကို ထိခိုက်အောင် လုပ်ခွင့်မရှိဘူး”
ဘုရင်မကျစ်ဝေ့က မျက်လုံးမှိတ်လိုက်သည်။ ထို့နောက် သူမ၏ခန္ဓာကိုယ်မှ ခရမ်းရောင် ချီစွမ်းအင်များ ထွက်ပေါ်လာပြီး လက်ဝါး၌ စုစည်းလာသည်။
တစ်ခဏအတွင်းမှာပင် သူမ၏ လက်ဝါးက ခရမ်းရောင် ပြောင်းလာပြီး ထိတ်လန့်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လာ၏။ ထိုသို့သော အရှိန်အဝါကြောင့် ဖီချူးများ ကြောက်လန့်သွားပြီး နောက်ဆုတ်သွားလေသည်။
သူတို့သည် သဘာဝရန်သူကို တွေ့လိုက်ရသကဲ့သို့ ဖြစ်နေပြီး မာကြောသော အမွေးများပင် ထောင်လာ၏။ ဟွမ်ဖုယို ပိုမို၍ ကြောက်လန့်လာသည်။
“ဒီအရူးမကတော့ …”
အသက်ပိုရှည်ရှည် နေရလေလေ၊ သေရမည်ကို ကြောက်လာလေလေ ဖြစ်သည်။ အထူးသဖြင့် ခက်ခဲသော ရှေးခေတ်ကာလကို ကျော်ဖြတ်ခဲ့သည့် ဟွမ်ဖုယိုနှင့် ဘုရင်မကျစ်ဝေ့တို့ကဲ့သို့သော လူအိုကြီးများသည် သူတို့ အသက်ဆက်ရှည်ရန် နည်းလမ်းစုံ ကြိုးစားမည် ဖြစ်သည်။
သို့သော် ယခုအခါ၌ ဘုရင်မကျစ်ဝေ့က အသက်ကိုစွန့်၍ ကမ္ဘာဂြိုဟ်နှင့် ထိုလူကို ကာကွယ်ရန် ကြိုးစားနေသဖြင့် ဟွမ်ဖုယို မယုံကြည်နိုင် ဖြစ်နေ၏။
“ထွက်ပြေးရမယ်”
ထိုအချိန်တွင် သူသည် တွေဝေမနေဘဲ မြေကွက်လပ်၏ အစွန်းပိုင်းသို့ ထွက်ပြေးလေသည်။ သူ့အနောက်၌ ဖီချူးများအားလုံးသည် နေရာအနှံ့သို့ ထွက်ပြေးနေသည်။ သူတို့၏ ထွက်ပြေးနှုန်းက လျင်မြန်သော်လည်း တစ်စုံတစ်ယောက်က သူတို့ထက် ပိုမြန်နေလေသည်။
“ခရမ်းရောင်ချီစွမ်းအင် တုန်လိုင်လက်ဝါး”
ထိုသို့ရေရွတ်ပြီးနောက် ဘုရင်မကျစ်ဝေ့သည် မျက်လုံး ပြန်ဖွင့်လိုက်သည်။ ထိုစဉ် သူမ၏ မျက်ဝန်း၌ ခရမ်းရောင် အလင်းတစ်ခု ဖြတ်ပြေးသွားသည်။ ထို့နောက် သူမသည် လက်ကိုဆန့်၍ အရှေ့သို့ ရိုက်ချလိုက်သည်။
ဝုန်း!
ထိုအခိုက်တွင် သူမ၏ လက်ဝါးထက်မှ ထိတ်လန့်ဖွယ် ခရမ်းရောင် အရှိန်အဝါများ ထွက်ပေါ်လာပြီး အရပ်မျက်နှာ အနှံ့သို့ ပျံ့လွင့်သွားသည်။
ခရမ်းရောင် အရှိန်အဝါက ဖီးချူးတစ်ကောင်၏ ဦးခေါင်းနားသို့ ပျံ့နှံ့သွားချိန်တွင် ထိုဖီးချူးကောင်သည် တစ်ချက်မျှသာ မာန်ဖီလိုက်ရပြီး ပေါက်ကွဲ၍ သေဆုံးသွားလေသည်။
ဤသည်မှာ အစသာ ရှိပေသေးသည်။ ထို့နောက် ဖီးချူး တစ်ကောင်ပြီးတစ်ကောင်ထံသို့ ခရမ်းရောင် ချီစွမ်းအင်များ လွင့်ပျံ့သွားသည်။ ထိုအခါ မာန်ဖီသံများနှင့် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာ၏။
ငါးကောင်၊ ဆယ်ကောင်၊ အကောင်နှစ်ဆယ်။
ဖီချူးများ၏ အရေအတွက်က လျင်မြန်စွာ လျော့နည်းလာပြီး တစ်ခဏအတွင်း အကောင်ရေ ထက်ဝက်မျှ သေဆုံးသွားသည်။ ဤသည်ကိုမြင်ပြီး ဟွမ်ဖုယို ထိတ်လန့်ကာ ကြက်သီးထသွားလေသည်။
“ငါ့ရှေ့က ကာပေးစမ်း”
ဟွမ်ဖုယိုသည် သူ၏အရှိန်က ထိုလက်ဝါးလောက် မလျင်မြန်မှန်း ရိပ်စားမိသည်။ ထို့ကြောင့် သူ ထိုသို့ အော်လိုက်ခြင်း ဖြစ်သည်။ ထိုအခါ ကျန်ရှိနေသော ဖီချူးများထံမှ မလုပ်ချင်သော အသံများ ထွက်ပေါ်လာသည်။ သို့ရာတွင် ၎င်းတို့သည် မတတ်သာဘဲ ဟွမ်ဖုယိုရှေ့၌ ပိတ်ရပ်၍ ကြီးမားသော တောင်တန်းသဖွယ် ကာကွယ် ပေးလေသည်။
ထိုစဉ် ဘုရင်မကျစ်ဝေ့၏ လက်ဝါးချက်က အရှိန်ဖြင့် ကျဆင်းလာ၏။ ပြင်းထန်သော ပေါက်ကွဲသံများကြောင့် အားလုံး နားအူသွားရသည်။
တောင်တန်းသဖွယ် ကာဆီးထားသော ဖီချူးအကောင်ရေ သုံးဆယ်ကျော်လုံး ပေါက်ကွဲ၍ သေဆုံးသွားသည်ကို လူတိုင်း ထိတ်လန့်တကြား တွေ့လိုက်ရသည်။
ဖီချူးများ၏ ခန္ဓာကိုယ် အပိုင်းအစများနှင့် သွေးစများက ဘေးပတ်လည်သို့ လွင့်စဉ်သွားသည်။ ဖီချူး အကောင် သုံးဆယ်ကျော်လုံး ပေါက်ကွဲ၍ သေဆုံးသွားသောကြောင့် မြေကွက်လပ်၌ ကြီးမားသော တွင်းချိုင့်တစ်ခု ဖြစ်လာ၏။
ထိုတိုက်ပွဲ၏ အရှိန်အဟုန်က ဟွမ်ဖုယို၏ ကျောပြင်ကိုပါ ထိမှန်သွားသည်။ သူသည်လည်း မီတာ တစ်ထောင်ကျော်မျှ လွင့်ထွက်သွားရသည်။ မြေကြီးပေါ် ပြန်ပြုတ်ကျလာသည်နှင့် သူ သွေးအန်လာသည်။
ထိုအခိုက်တွင် ဟွမ်ဖုမျိုးနွယ်ဝင်များအားလုံး ထိတ်လန့်သွားကြသည်။ လက်ဝါးချက်တစ်ချက်က ဖီချူး အကောင် ခြောက်ဆယ်ကျော်ကို သတ်နိုင်သည်တဲ့လား။ ထို့အပြင် တိုက်ပွဲမှ အရှိန်အဟုန်ကလည်း ဟွမ်ဖုမျိုးနွယ်၏ ဘိုးဘေးကို အပြင်းအထန် ဒဏ်ရာရသွားစေသည်။
ဤခရမ်းရောင် ချီစွမ်းအင် တုန်လိုင်လက်ဝါးက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းပေသည်။ ဟွမ်ဖုမျိုးနွယ်ဝင်တိုင်း ထိတ်လန့်သွေးပျက်နေကြသည်။
ဤလက်ဝါးချက်သာ ဟွမ်ဖုမျိုးနွယ်ဝင်များပေါ် ကျရောက်လာပါက ဟွမ်ဖုမျိုးနွယ်တစ်ခုလုံး သုတ်သင်ခံ ရနိုင်ကြောင်း သူတို့ တပ်အပ် သိနေ၏။
ထိုစဉ် ဟွမ်ဖုယို၏ ပါးစပ်ထောင့်မှ သွေးများစီးကျလာ၏။ သူ၏ကျောပြင် စုတ်ပြတ်သွားပြီး နဖူးမှ ချွေးစေးများ စီးကျနေသည်။ သူ့တစ်ကိုယ်လုံး သေမင်းနှုတ်ခမ်းဝမှ လွတ်မြောက်လာသကဲ့သို့ တုန်လှုပ်ခြောက်ခြားနေသည်။
“တော်တော် သန်မာတာပဲ”
ဟွမ်ဖုယိုက ခေါင်းမော့၍ ထိတ်လန့်နေသော မျက်လုံးများဖြင့် ဘုရင်မကျစ်ဝေ့ကို လှမ်းကြည့်လေသည်။
“ကျစ်ဝေ့ မင်း ငါ့ကို ကြောက်အောင် လုပ်နိုင်တာကိုတော့ ငါ ဝန်ခံတယ်”
“ဒါပေမဲ့ မင်း ဒီလောက်နဲ့ ဇာတ်သိမ်းသင့်ပြီ”
ထိုသို့ပြောပြီးနောက် ဟွမ်ဖုယိုက ပြင်းထန်သော ဒဏ်ရာကို တောင့်ခံ၍ ထရပ်လိုက်သည်။ ထို့နောက် ရက်စက် ခက်ထန်သော အကြည့်များဖြင့် ကြည့်ကာ ဆက်ပြောလေသည်။
“အစတုန်းက မင်းတို့အတွက်နဲ့ ငါ တန်ဖိုးကြီးကြီးမားမား သုံးစွဲပြီး အဲ့လူတွေကို မတောင်းဆိုချင်ခဲ့ဘူး”
“ဒါပေမဲ့ အခုတော့ …”
ထို့နောက် ဟွမ်ဖုယိုသည် ကောင်းကင်တစ်နေရာသို့ လှမ်းကြည့်၍ ပြောလိုက်သည်။
“အားလုံးပဲ၊ ခင်ဗျားတို့ ထွက်လာပြီး ဒီအရှုပ်ထုပ်တွေကို ရှင်းလို့ရပြီ”