အခန်း ၉၇၉
Vol. 66 Ch. 979
Chapter 979 ပြိုင်ဘက်ကင်း စစ်သူကြီး ခြောက်ယောက်
“အရှုပ်ထုပ်တွေကို ရှင်းလို့ရပြီ”
ဟွမ်ဖုယို၏ စကားကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။
*တခြားလူတွေ ရှိသေးလို့လား*
တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်ယံသို့ မော့ကြည့်လိုက်မိသည်။ ဘုရင်မကျစ်ဝေ့၏ မျက်နှာက သေလု မျောပါး ဖြူဖွေးနေပြီး သူမလက်မှ သွေးတစက်စက် ကျနေ၏။ သူမ အရေပြား၌ ပင့်ကူမျှင်ကဲ့သို့ အက်ရာများပင် ထင်နေလေသည်။
သူမ အားကုန်နေလေပြီ။ မည်သူနှင့်မျှ သူမ မတိုက်ခိုက်လျင်တောင်မှ သုံးလလောက် အသက်ရှင်ရန်ပင် မသေချာတော့ပေ။
“ဒါတောင် မအောင်မြင်ပါလား”
ဘုရင်မကျစ်ဝေ့ မချိပြုံး ပြုံးလိုက်မိသည်။ ဘေးပတ်လည်မှ အန္တိမအဆင့် ရှေးဟောင်း သိုင်းပညာရှင်များလည်း မျက်နှာ ပြာနှမ်းနေသည်။
ယခု သူတို့ အပြင်းအထန် ဒဏ်ရာရနေသလို ဟွမ်ဖုယိုသည်လည်း ဒဏ်ရာ အပြင်းအထန် ရထားသည်။ ယခုကဲ့သို့သောအချိန်၌ အန္တိမအဆင့် သိုင်းပညာရှင် တစ်ယောက်သာ ပေါ်လာလျင်တောင်မှ အားလုံး အသတ်ခံရ လောက်သည်။
ဤသည်ကို တွေးမိပြီး အန္တိမအဆင့် ရှေးဟောင်း သိုင်းပညာရှင်များသည် မိမိတို့ မည်သူ့လက်ထဲ၌ သေရမလဲ ဆိုသည်ကို သိချင်သောကြောင့် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။
အားလုံး၏ အကြည့်အောက်မှာပင် ကောင်းကင်ယံရှိ တိမ်စိုင် အကာအရံ ပျောက်ကွယ်သွားပြီး လှေငယ်တစ်စင်း ပေါ်လာသည်။
“တိမ်ပျံသင်္ဘော”
ဤယင်ယန်ရတနာကို မြင်ပြီးနောက် လူတိုင်း မျက်နှာပျက်ယွင်းသွားကြသည်။ တိမ်ပျံသင်္ဘောသည် ကောင်းကင်ယံ၌ လျှပ်စီးကဲ့သို့သောအရှိန်ဖြင့် သွားလာနိုင်သော ယင်ယန် ထိပ်သီးရတနာဖြစ်ကြောင်း လူတိုင်း သိရှိလေသည်။
ထို့အပြင် တိမ်ပျံသင်္ဘော၏ ပိုင်ရှင်သည် ပြိုင်ဘက်ကင်း စစ်သူကြီး သုံးဆယ့်ခြောက်ယောက်ထဲမှ တစ်ယောက် ဖြစ်သော သံမျက်နှာဖုံးဘုရင်ပင်။
လူသားအရှင်သခင်၏ လက်အောက်၌ရှိသော ပြိုင်ဘက်ကင်း စစ်သူကြီး သုံးဆယ့် ခြောက်ယောက်ထဲတွင် ဟွမ်ဖုယိုက အဆင့်တစ်ဆယ်၌သာရှိသူ ဖြစ်သော်လည်း သူ၏ခွန်အားက ခြောက်ခြားဖွယ် ကောင်းလှသည်။
ထိုအချိန်က သံမျက်နှာဖုံးဘုရင်သည် ပို၍ ကြောက်စရာကောင်းပေသည်။ သူတို့အားလုံး သိုင်းအဆင့် လျှောကျ သွားခဲ့သော်လည်း ကျန်စစ်သူကြီးများသည် လက်ရှိ ဟွမ်ဖုယိုထက် ပို၍ အင်အားကြီးကြသည်။
“ဟားဟားဟား … ဘုရင်မကျစ်ဝေ့၊ ကျုပ်တို့ နောက်ဆုံး တွေ့ခဲ့တဲ့အချိန်ကတည်းက ခင်ဗျား ကျန်းမာ နေမယ်လို့ ကျုပ် မျှော်လင့်မိတယ်ဗျာ”
ကျယ်လောင်သော ရယ်မောသံနှင့်အတူ တိမ်ပျံသင်္ဘောထိပ်၌ လူခြောက်ယောက် ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထိုလူခြောက်ယောက်ကို မြင်ပြီး အန္တိမအဆင့် ရှေးဟောင်း သိုင်းပညာရှင်များ ပို၍ မျက်နှာ ပြာနှမ်းလာသည်။
ထိုသူများသည် စစ်သူကြီး သုံးဆယ့်ခြောက်ယောက်ထဲမှ အဆင့်နှစ် ယုမြန်လောရှာ၊ အဆင့်သုံး ထိုက်ရီကျန်းရမ်။
…
ထိုလူခြောက်ယောက်သည် ပြိုင်ဘက်ကင်း စစ်သူကြီး သုံးဆယ့်ခြောက်ယောက်အတွင်းမှ ထိပ်ဆုံးဆယ်ယောက် စာရင်းထဲ ရှိနေသူများ ဖြစ်နေသည်။
ဟွမ်ဖုယိုလိုပင် သူတို့သည်လည်း နယ်မြေ အရှင်သခင်များ ဖြစ်ကြသည်။ သူတို့အားလုံးသည် ယင်ယန် လောက၏ နယ်မြေခုနစ်ခုကို ထိန်းချုပ်ထားသူများ ဖြစ်လေသည်။
လူသားအရှင်သခင်အတွက် ခုခံကာကွယ်ပေးသူများ ဖြစ်ပြီး ရက်စက်သော အကျင့်စာရိတ္တရှိသူများ ဖြစ်ကြပေသည်။
အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် တိမ်ပျံသင်္ဘောက ကောင်းကင်ယံမှ တဖြည်းဖြည်း ဆင်းသက်လာပြီး မြေကွက်လပ်၌ ရပ်နားလာသည်။ ထို့နောက် စစ်သူကြီး ခြောက်ယောက်လုံး ဆင်းလာကြသည်။
ထိုအခါ စစ်သူကြီး ခြောက်ယောက်ထံမှ ပြင်းထန်သော ဖိအားများ ပျံ့လွင့်လာ၏။ သူတို့၏ အရှိန်အဝါက ဖီချူး အကောင်ခြောက်ဆယ်ကျော်ထက်ပင် ကြောက်စရာကောင်းသေးသည်။
မြေကွက်လပ်သို့ ဆင်းလာသည်နှင့် သံမျက်နှာဖုံးဘုရင်သည် ဘုရင်မကျစ်ဝေ့ကို စူးစိုက်ကြည့်၍ ပြောလာသည်။
“ကျစ်ကျစ် … တစ်ချိန်က သိပ်ကိုအင်အားကြီးခဲ့တဲ့ ဘုရင်မကျစ်ဝေ့က ငရဲဘုံက လူကို အရှင်သခင်အဖြစ် သတ်မှတ်လိမ့်မယ်လို့ ကျုပ် တကယ် ထင်မထားမိဘူး”
“အခု ငရဲဘုံက လူတွေအတွက်တောင် အသက်ပေးချင်နေပါလား”
သံမျက်နှာဖုံးဘုရင်သည် ဘုရင်မကျစ်ဝေ့ကို စိုက်ကြည့်ရင်း တစ်ချိန်က နတ်ဘုရားများ၏ စစ်ပွဲ မြင်ကွင်းကို ပြန်မြင်ယောင် လာသည်။
ဤအမျိုးသမီးသည် တစ်မူထူးခြားပြီး ကြောက်စရာကောင်းသူ ဖြစ်သည်။ ပြိုင်ဘက်ကင်း စစ်သူကြီး ငါးယောက်တောင်မှ သူမ၏ ခရမ်းရောင် ချီစွမ်းအင် တုန်လိုင်လက်ဝါးကြောင့် သေဆုံးသွားခဲ့ရသည်။
ထိုအချိန်ကို ပြန်စဉ်းစားမိတိုင်း သူ ကျောချမ်းလာရသည်။ ယခု သူ လက်စားပြန်ချေနိုင်မည့် အခွင့်အရေး ရောက်လာခဲ့ပြီလော။
ဤသို့ တွေးတောမိပြီးနောက် ပြိုင်ဘက်ကင်း စစ်သူကြီးအားလုံး ပြုံးလာကြသည်။ ဟွမ်ဖုယိုက သံမျက်နှာဖုံးဘုရင်ကို အရိုအသေပေး၍ ဝမ်းသာအားရ ပြောလိုက်သည်။
“အစ်ကို၊ သူတို့အားလုံးကို သတ်ပေးပါ”
“အားလုံးပြီးသွားရင် ဒီညီလေးက အစ်ကိုတို့ကို ကြီးမားတဲ့ ဆုလာဘ်တွေ ပေးမှာပါ”
ပြိုင်ဘက်ကင်း စစ်သူကြီး အချင်းချင်းကြားထဲတောင်မှ တစ်ယောက်ယောက်၏ အကူအညီကို တောင်းချင်ပါက ကြီးမားသော တန်ရာတန်ကြေး ပေးအပ်ရသည်။ သူတို့သည် လူသားအရှင်သခင် အမိန့်မပေးလျင် အလွယ်တကူ မလှုပ်ရှားကြချေ။
ဟွမ်ဖုယိုသည်လည်း ဘုရင်မကျစ်ဝေ့၏ လက်ဝါးချက်ကြောင့် ဒဏ်ရာ အပြင်းအထန် မရခဲ့ပါက ပြိုင်ဘက်ကင်း စစ်သူကြီး ခြောက်ယောက်ထံမှ အကူအညီ တောင်းခံမည် မဟုတ်ပါ။
သူ့စကားကို ကြားပြီး သံမျက်နှာဖုံးဘုရင်က ကျေနပ်အားရဟန်ဖြင့် ခေါင်းညိတ်လေသည်။
“နံပါတ်တစ်ဆယ် ညီလေး စိတ်မပူနဲ့၊ ဘာပဲဖြစ်ဖြစ် ဒီမိန်းမက ငါတို့ ညီအစ်ကို ငါးယောက်ကို သတ်ခဲ့တာပဲ”
“ဟွမ်ထျန်းပါ့ရဲ့ လက်ချက်ကြောင့် သေခဲ့ရတဲ့ ညီအစ်ကိုတစ်ချို့လည်း ရှိခဲ့တယ်”
“အခု ရန်သူတွေကို ပြန်တွေ့မှတော့ သူတို့ကို ကောင်းကောင်း ဆက်ဆံပေးရမှာပေါ့”
ထိုသို့ပြောပြီးနောက် သံမျက်နှာဖုံးဘုရင်က အားပါးတရပြုံးကာ လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
“နံပါတ်ခြောက် ညီလေး၊ မင်း သွားလိုက်၊ သူတို့တစ်ယောက်ချင်းစီကို ခေါင်းဖြတ်လိုက်”
“ကောင်းကင်ဘုံ အခမ်းအနား ကျင်းပမယ့်အချိန်ကို စောင့်ပြီးမှ သူတို့ခေါင်းတွေကို ဂုဏ်ပြု လက်ဆောင်အဖြစ် လူသားအရှင်သခင်ကို ဆက်သရမယ်”
ထိုစကားသည် အလွန်တရာ အညှာအတာမဲ့လှပေသည်။ သံမျက်နှာဖုံးဘုရင်၏ စကားကြောင့် ပြိုင်ဘက်ကင်း စစ်သူကြီး တစ်ယောက် ရှေ့သို့ ထွက်လာသည်။ ထိုသူ၏ အမည်မှာ ဟွမ်းယွင် ဖြစ်သည်။
သူသည် ပြိုင်ဘက်ကင်း စစ်သူကြီး သုံးဆယ့်ခြောက်ယောက်၌ အဆင့်ခြောက်နေရာတွင် ရှိသူဖြစ်ပြီး ယွင်ကျိုးနယ်မြေ၏ အရှင်သခင် ဖြစ်လေသည်။
လက်ရှိအချိန်တွင် သူက လက်ကိုထုတ်၍ ယင်ယန်ဓားတစ်လက်ကို ထုတ်လိုက်သည်။ ထို့နောက် ဘုရင်မကျစ်ဝေ့နှင့် အခြားသူများ ရှိရာသို့ တစ်လှမ်းချင်း လှမ်းသွားသည်။
“ကျစ်ဝေ့ မင်း မှတ်မိလား”
“မင်း သတ်ခဲ့တဲ့ ပြိုင်ဘက်ကင်း စစ်သူကြီး ငါးယောက်ထဲက တစ်ယောက်က ငါ့အစ်ကို ဟွမ်းဖုန်းပဲ”
ထိုသို့ပြောနေချိန်တွင် ဟွမ်းယွင်က ကျေနပ်အားရဟန်ဖြင့် ပြုံးနေသည်။
“လွန်ခဲ့တဲ့ နှစ်နှစ်သိန်းတုန်းက ငါ မင်းကို ဘယ်တော့မှ ထပ်မတွေ့ရဘူးလို့ ထင်ခဲ့မိတာ”
“မင်းက ငါ့ကို လက်စားချေဖို့ ဒီလို အခွင့်အရေးမျိုး ပေးလာလိမ့်မယ်လို့ ငါ ထင်မထားဘူး”
ထိုသို့ပြောပြီးနောက် ဟွမ်းယွင်က လက်ထဲမှ ယင်ယန်ဓားကိုမြှောက်လိုက်သည်။ ပြင်းထန်သော လူသတ်လိုသည့် အငွေ့အသက်က ရှေးဟောင်း သိုင်းပညာရှင်များထံသို့သာမက မြေကွက်လပ် တစ်ခုလုံးသို့ ပျံ့လွင့်လာသည်။
“အဲ့တုန်းက ကိစ္စအတွက် မင်းကို ငါ ကျေးဇူးပြန်ဆပ်ရမှာပေါ့”
“စိတ်အေးအေးထားပါ၊ ဓားတစ်ချက်ပဲ ဖြစ်မှာ၊ မင်းတို့ သုံးဆယ့်နှစ်ယောက်လုံးရဲ့ ခေါင်းကို ဖြတ်ဖို့ ငါ့အတွက် ဓားချက် တစ်ချက်ပဲ လိုမှာကွ၊ ဟားဟားဟား …”
ထိုသို့ပြောပြီး ဟွမ်းယွင်က အားပါးတရ အော်ရယ်လေသည်။ သူသည် ခေါင်းပြတ်နေသော အလောင်း သုံးဆယ့် နှစ်လောင်းက မြေကြီးပေါ် ဘုန်းခနဲ လဲကျသွားသည့် မြင်ကွင်းအား မြင်ယောင်နေ၏။
ထိုအခိုက်တွင် ဘုရင်မကျစ်ဝေ့နှင့် ရှေးဟောင်း သိုင်းပညာရှင်များအားလုံး မျက်နှာ ပြာနှမ်းနေသည်။ သူတို့သည် အချင်းချင်း ဝမ်းနည်းနေသော အကြည့်များဖြင့် ပြန်ကြည့်လိုက်မိသည်။
“ညီအစ်ကိုတို့ နောင်ဘဝဆိုတာ ထပ်ရှိခဲ့ဦးမယ်ဆိုရင် ကျုပ် ဟွမ်ထျန်းပါ့ ခင်ဗျားတို့နဲ့ ပြန်ဆုံပြီး သခင်ကြီးကို အတူတူ ခစားချင်သေးတယ်”
ဟွမ်ထျန်းပါ့၏ မျက်လုံးမှ မျက်ရည်စီးကျလာသည်။ ကျန်သော ရှေးဟောင်း သိုင်းပညာရှင်များကလည်း ဝမ်းနည်းစွာ ပင့်သက်ရှိုက်လေသည်။
သူတို့ ကမ္ဘာဂြိုဟ်ကို မကာကွယ်နိုင်ခဲ့သလို ယဲ့ဖန်ကိုလည်း မကာကွယ်နိုင်ခဲ့ပေ။ တစ်နေ့နေ့တွင် ယဲ့ဖန်က ယင်ယန် လောကကို လွှမ်းမိုး၍ ဂုဏ်သတင်း ကျော်ဇော်လာမည်ဟု တွေးတောပြီး ရှေးဟောင်း သိုင်းပညာရှင် သုံးဆယ့်နှစ်ယောက်လုံး ပြုံးလိုက်မိကြသည်။
သူတို့သည် ပြိုင်ဘက်ကင်း စစ်သူကြီး ခြောက်ယောက်ကို စိုက်ကြည့်၍ ကြုံးဝါးလိုက်သသည်။
“နေနှင့်ဦးပေါ့၊ မင်းတို့တွေ ခေါင်းပြတ်ပြီး လူသားအရှင်သခင်ရဲ့ သွေးတွေ ယင်ယန်လောကကို ဖြန်းပက်သွားမယ့်အချိန်ကို စောင့်နေလိုက်ကြ၊ ငါတို့ သခင်ကြီးက ဘယ်သူလည်းဆိုတာ မင်းတို့အားလုံး တဖြည်းဖြည်းနဲ့ သိလာလိမ့်မယ်”
“ဟားဟားဟား … လာလေ၊ လာလိုက်စမ်းပါ”
ရူးမတတ် ကြုံးဝါးသံများ ထွက်ပေါ်လာသဖြင့် စစ်သူကြီး ဟွမ်းယွင်၏ မျက်နှာထားက ပို၍ တင်းမာလာသည်။
“နောင်တမရဘူးပေါ့လေ”
“ဒီလိုဆိုမှတော့ မင်းတို့တွေကို အရင်ခေါင်းဖြတ်ပြီးမှ အဲ့ကောင်ကို ခေါင်းဖြတ်ရတာပေါ့၊ အဲ့ကောင် ငါတို့ကို ဘယ်လို ခေါင်းဖြတ်မလဲ ကြည့်ရသေးတာပေါ့ကွာ”
ဟွမ်းယွင်က လက်ထဲမှဓားကိုဝင့်၍ ဘုရင်မကျစ်ဝေ့နှင့် အခြားသူများကို ခုတ်ပိုင်းလိုက်သည်။
“သေစမ်းကွာ”
ခက်ထန်သော ကြုံးဝါးသံနှင့်အတူ ဓားချက်က အောက်သို့ ကျဆင်းလာသည်။ ထိုစဉ် အဝေးတစ်နေရာမှ ဦးခေါင်းတစ်လုံး လွင့်ပျံသွားပြီး မြေကွက်လပ်ပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျသွားလေသည်။