အခန်း ၉၈၀
Vol. 66 Ch. 980
Chapter 980 ဟုတ်တယ်၊ ဓားချက်တစ်ချက်တည်းပဲ
ဝှစ်!
ဦးခေါင်းတစ်လုံးက အရှိန်ဖြင့် မြေကွက်လပ်ပေါ် လိမ့်၍ ပြုတ်ကျလာပြီး ပြိုင်ဘက်ကင်း စစ်သူကြီး ဟွမ်းယွင်၏ ခြေထောက်နားသို့ လိမ့်လာ၏။ ထိုအခါ ဟွမ်းယွင် အံ့အားသင့်သွားလေသည်။
*ငါ ဓားနဲ့ မခုတ်ရသေးဘဲနဲ့ ဘယ်က ခေါင်းက ပြတ်သွားတာလဲ*
ဟွမ်းယွင်၏ လှုပ်ရှားမှုက ရပ်တန့်သွားပြီး ခြေထောက်အောက်မှ ခေါင်းပြတ်ကို သေချာ မြင်လိုက်ရချိန်တွင် မှင်တက် အံ့အားသင့် သွားရသည်။
“ဒါ … ဒါ ဖုန်းအာ မဟုတ်လား”
ဟွမ်ဖုဖုန်း၊ ဟွမ်ဖုမျိုးနွယ်၏ မျိုးဆက်သစ်ဖြစ်ပြီး ရွှမ်ချန်တစ်မြို့လုံး၏ လူငယ်ပါရမီရှင်။
*သူ့ခေါင်းက ဘယ်လိုလုပ် …*
ဟွမ်းယွင်၏ စကားကြောင့် ဟွမ်ဖုယို၊ သံမျက်နှာဖုံးဘုရင်နှင့် အခြားသူများအားလုံး ထိုခေါင်းပြတ်ကို သေချာကြည့်လိုက်ကြသည်။ ထိုခေါင်းပြတ်က မိမိ ဂုဏ်ယူနေရသော ဟွမ်ဖုဖုန်း၏ ဦးခေါင်း ဖြစ်နေသည်ကို သတိထားမိသွားပြီးနောက် ဟွမ်ဖုယို ခေါင်းနပမ်း ကြီးသွားလေသည်။
“ဖုန်းအာ”
ဟွမ်ဖုယို အလျင်အမြန် ပြေးလာပြီး ဟွမ်ဖုဖုန်း၏ ခေါင်းပြတ်ကို ကောက်ယူလေည်။ သူ့မျက်လုံးများက မီးဝင်းဝင်း တောက်နေ၏။ ဟွမ်ဖုဖုန်းအတွက် သူ အမြဲဂုဏ်ယူခဲ့ရပြီး မိမိမျှော်လင့်ချက်များ ပြည့်ဝအောင် လုပ်ဆောင်ပေးနိုင်မည့်သူဟု သူ အမြဲ မှတ်ယူထားခဲ့သည်။
ကောင်းကင်ဘုံသို့ ပူဇော်ပသခြင်း အခမ်းအနား၌ လူသားအရှင်သခင်အား သူ၏ဖုန်းအာကို တပည့်အဖြစ် လက်ခံပေးရန်အတွက် ထောက်ခံပြောဆိုရန် စဉ်းစားထားခဲ့သည်။
သို့သော် သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်က ခေါင်းဖြတ်ခံလိုက်ရလိမ့်မည်ဟု သူ ထင်မထားမိပေ။ ဟွမ်ဖုယိုသာမက ကျန်သော သံမျက်နှာဖုံးဘုရင်နှင့် အခြားသူများလည်း မျက်နှာ မည်းမှောင်နေကြသည်။
“ဖုန်းအာ မင်းကို ဘယ်သူ လုပ်တာလဲ”
သံမျက်နှာဖုံးဘုရင်က ဒေါသစိတ်အပြည့်ဖြင့် မေးလိုက်သည်။ သူသည် ဟွမ်ဖုဖုန်း ကြီးပြင်းလာသည်ကို ကြည့်ရှုခဲ့ပြီး သူ၏ ဆွေမျိုးသားချင်းသဖွယ် မှတ်ယူထားခဲ့သည်။ ထို့ကြောင့် သူသည်လည်း မခံမရပ် နိုင်အောင် ဒေါသထွက်နေသည်။
ဟွမ်ဖုဖုန်း၏ မျက်နှာသည် စက္ကူသဖွယ် ဖြူရော်နေပြီး ကြောက်လန့်စရာကောင်းသော တစ်စုံတစ်ရာနှင့် ရင်ဆိုင်ခဲ့ရပုံ ပေါ်သည်။
ဟွမ်ဖုဖုန်းသည် သူ၏ဘိုးဘေးနှင့် ပြိုင်ဘက်ကင်း စစ်သူကြီး ခြောက်ယောက်တို့ပါ ရောက်နေသည်ကို တွေ့လိုက်ရချိန်မှသာ စိတ်အေးသွားပြီး သက်ပြင်းချလေသည်။
“ဘိုးဘေး … ငရဲဘုံကကောင် ဒီကို ရောက်နေပြီ”
ဟွမ်ဖုဖုန်း၏ စကားကြောင့် ဟွမ်ဖုယို အမူအရာ ပျက်ယွင်းသွားသည်။
“မင်း … မင်း ဟိုယဲ့ဖန်ကို ပြောချင်တာလား”
ဟွမ်ဖုယို မယုံနိုင် ဖြစ်နေ၏။ ထိုယဲ့ဖန်က နတ်ဘုရင်အဆင့်သာ ရှိသေးသည်ဟု သူ ကြားထားသည်။ ထိုသို့သော ငရဲဘုံမှ တွားသွားကောင်က ဘယ်လိုလုပ် သူ၏ ပါရမီရှင် မြေးဖြစ်သူအား ထိခိုက်အောင် လုပ်နိုင်ပါမည်နည်း။
“ကောင်းပြီလေ၊ သိပ်တော်နေတဲ့ တွားသွားကောင်ပဲ”
ဟွမ်ဖုယိုသည် မြေကွက်လပ် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာမှ လေတိုးသံ ထွက်ပေါ်နေပြီး ဤနေရာသို့ တစ်စုံတစ်ရာက အပြေးလာနေသည်ဟု သူ ရှင်းလင်းစွာ ခံစားမိသည်။ ထိုအခိုက်တွင် ဟွမ်ဖုယိုက တစ်ဖက်လှည့်၍ ဟွမ်းယွင်ကို လှမ်းပြောလိုက်သည်။
“အစ်ကိုခြောက်၊ ရှင်းပစ်လိုက်ပါ”
“အဲ့ငရဲဘုံက တွားသွားကောင် ဒီကို ရောက်မလာခင် သူ့ကျွန်တွေ အားလုံးကို သတ်ပစ်လိုက်ပါ”
“ကျုပ် သူ့ကို သူ့ဘေးနားက လူတွေကို ဆုံးရှုံးလိုက်ရတဲ့ နာကျင်မှုမျိုး ခံစားစေချင်တယ်”
သူ၏အသံက တင်းမာ၍ ရက်စက်လွန်းသည်။ ထိုအခါ ဟွမ်းယွင်က ခေါင်းညိတ်၍ ထီမထင်ဟန် ပြုံးလိုက်သည်။
“စိတ်ချစမ်းပါ၊ ဓားချက်တစ်ချက်နဲ့တင် လုံလောက်တယ်”
ထိုသို့ပြောပြီးနောက် ဟွမ်းယွင်သည် တွေဝေမနေဘဲ လက်ထဲမှ ယင်ယန်ဓားကို ဝင့်၍ ဘုရင်မ ကျစ်ဝေ့နှင့် အခြားသူများထံ ဓားကို ပိုင်းချလိုက်သည်။
ထိုဓားချက်သည် ထက်ရှ၍ နှိုင်းယှဉ်မရနိုင်ပေ။ ဘုရင်မကျစ်ဝေ့နှင့် အခြားသူများထံသို့ မရဏ အငွေ့အသက်များ လွှမ်းခြုံလာသလို ဖြစ်လာ၏။
ထိုအခါ ဘုရင်မကျစ်ဝေ့နှင့် အခြားသူများက မျက်လုံးမှိတ်ထားလိုက်သည်။ မိမိတို့ သေရတော့မည်ကို ခံစားမိနေသဖြင့် အောင့်သက်သက် ပြုံးလိုက်မိသည်။ သူတို့ ထိုပုဂ္ဂိုလ် ရောက်လာသည်အထိ ရှိနေနိုင်မည် မဟုတ်တော့ပေ။
ဝှစ်!
ထိုစဉ် အရေပြားသို့ ဓားဖြတ်တောက်လိုက်သည့်အသံ ထွက်ပေါ်လာသဖြင့် အားလုံး တုန်ယင် သွားကြသည်။ သို့သော် ဘုရင်မ ကျစ်ဝေ့နှင့် အခြားသူများသည် မည်သည့်နာကျင်မှုကိုမျှ မခံစားလိုက်ရသဖြင့် အံ့ဩသွားလေသည်။
ထို့ကြောင့် တစ်ယောက်ပြီး တစ်ယောက် မျက်လုံးပြန်ဖွင့်၍ အခြေအနေကို လေ့လာလိုက်သည်။ မြေကွက်လပ် တစ်ခုလုံး၌ အချိန်နှင့် လေဟာနယ်တို့ ရပ်တန့်အေးခဲ နေပုံရသည်။ ဟွမ်းယွင်သည် အားလုံးရှေ့၌ ရပ်မြဲရပ်နေဆဲ ဖြစ်ပြီး လက်ထဲ၌ ယင်ယန်ဓားကို ကိုင်ထားလေသည်။ သို့သော် သူ၏အပြုံးက ပျောက်ကွယ်နေ၏။ ထိုအချိန်တွင် သူ၏ လည်ပင်း၌ သွေးစင်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး”
ဟွမ်းယွင်သည် ပြုံးနေရာမှ မိမိရှေ့၌ ဖြစ်သွားသည့် အဖြစ်အပေါ် လက်မခံနိုင်သကဲ့သို့ တုန်လှုပ် ခြောက်ခြားဟန် ဖြစ်လာသည်။
ဟွမ်းယွင်၏ လည်ပင်းမှ သွေးများ ပန်းထွက်လာပြီးနောက် ဦးခေါင်းက လည်ပင်းမှနေ၍ တိခနဲ ပြတ်ကျ သွားသည်။
“နံပါတ်ခြောက် ညီလေး”
သံမျက်နှာဖုံးဘုရင်နှင့် အခြားသူများအားလုံး တုန်လှုပ်သွားသည်။ သူတို့ ရှေ့သို့ တက်ရန် ပြင်လိုက်ပြီးမှ ရုတ်တရပ် ခြေလှမ်းကို ရပ်လိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ဟွမ်းယွင်ဘေး၌ အနက်ရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသောကြောင့်ပင်။
ထိုလူငယ်သည် လက်ကိုဆန့်၍ ဟွမ်းယွင်၏ ဦးခေါင်းပြတ်ကို ကောက်ယူလေသည်။
“ဟုတ်တယ်၊ ဓားချက်တစ်ချက်ပဲ”
ထိုအချိန်တွင် ယဲ့ဖန်သည် လက်တစ်ဖက်က သွေးအလိမ်းလိမ်း ဖြစ်နေသော ဟွမ်းယွင်၏ ဦးခေါင်းကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်က နတ်ဓားကို ကိုင်ဆွဲကာ ဟွမ်ဖုယိုနှင့် အခြားသူများကို စိုက်ကြည့်လာသည်။
သူ၏ အေးတိအေးစက် အသံကိုကြားပြီး ဟွမ်ဖုယိုနှင့် အခြားသူများအားလုံး တုန်ယင်သွားပြီး အားလုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွားကြသည်။
ဓားချက်တစ်ချက်တည်းဖြင့် ပြိုင်ဘက်ကင်း စစ်သူကြီးတစ်ယောက် ဖြစ်သော ဟွမ်းယွင်၏ ဦးခေါင်းကို ဖြတ်လိုက်နိုင်သည်။
ဟွမ်းယွင်၏ ဦးခေါင်းပြတ်က ဟွမ်ဖုဖုန်း၏ ဦးခေါင်းပြတ်နှင့် ခြားနားမှု ရှိနေသည်ကို အားလုံး ခံစားမိသည်။ ဟွမ်းယွင်သည် ထိုဓားချက်တစ်ချက်တည်းဖြင့် စိတ်ဝိညာဉ်ပါ သုတ်သင်ခံ လိုက်ရလေသည်။
အားလုံး သတိပြန်ဝင်လာပြီးနောက် ဆူညံပွက်လောရိုက်သွားသည်။ ဘုရင်မကျစ်ဝေ့နှင့် အခြားသူ များမှာမူ ဝမ်းသာအားရ ဖြစ်လာကြသည်။
“သခင်ကြီး”
သူတို့သည် စိတ်လှုပ်ရှားမှုကြောင် မျက်နှာများပင် နီမြန်းနေ၏။ သူတို့၏ အနီးအနားမှ ဟွမ်ဖု မျိုးနွယ်ဝင်များမှာမူ ကြက်သီး တဖြန်းဖြန်း ထနေကြသည်။
“မြတ်စွာဘုရား၊ အဲ့ဒီလူက ငရဲဘုံက ယဲ့ဖန်ဆိုတာလား”
“ဘယ်လိုလုပ် ဒီလို ဖြစ်သွားတာလဲ၊ စစ်သူကြီး ဟွမ်းယွင်က အရင်အချိန်ကလောက် အစွမ်း မထက်တော့ဘူး ဆိုပင်မယ့် သူက အန္တိမ အလယ်အလတ်အဆင့် ရောက်နေတဲ့လူလေ”
“ဓားချက်တစ်ချက်တည်း၊ နတ်ဘုရင် အထွတ်အထိပ်အဆင့်လေး တစ်ယောက်ရဲ့ ဓားချက်က အန္တိမ အလယ်အလတ် အဆင့်ရဲ့ ဦးခေါင်းကို ဖြတ်နိုင်တဲ့အပြင် စိတ်ဝိညာဉ်ကိုပါ နုတ်ယူနိုင်နေပါလား၊ သေစမ်းကွာ …”
“…”
လက်ရှိအချိန်တွင် ဟွမ်ဖုမျိုးနွယ်ဝင်များအားလုံးသည် ယဲ့ဖန်အား ကြောက်စရာကောင်းသော မိစ္ဆာ တစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
သံမျက်နှာဖုံးဘုရင်နှင့် အခြားသူများတောင်မှ အမူအရာများ လေးနက်လာသည်။ အစောပိုင်းက ယဲ့ဖန်၏ ဓားချက်က သူတို့အား ထိတ်လန့်သွားစေခဲ့သည်ကိုတော့ သူတို့ ဝန်ခံရပေမည်။
ပြိုင်ဘက်ကင်း စစ်သူကြီးဖြစ်သော သူတို့ပင် ယဲ့ဖန် မည်သို့ လှုပ်ရှားလိုက်ကြောင်း သေချာ မမြင်လိုက်ကြပေ။ အရိပ်တစ်ခုသဖွယ် လှစ်ခနဲ ဖြစ်ပျက်သွားခဲ့သဖြင့် သူတို့ မယုံနိုင် ဖြစ်နေကြလေသည်။
ထို့အပြင် လေတိုးသံများ ထွက်ပေါ်လာပြီးနောက် ရှောင်ချီရှို့၊ ဝိညာဉ်သခင်၊ မရဏနတ်ဆိုးနှင့် အခြားသော နတ်ဆိုးများပါ ရောက်လာကြပြီး ယဲ့ဖန်၏အနောက်၌ ရပ်နေသည်။ ထိုအခါ ဟွမ်ဖုယို မျက်နှာအမူအရာ ပိုမို၍ ပျက်ယွင်းလာ၏။
“မင်း … မင်းက ယဲ့ဖန်လား”
“ငါ့ရွှမ်ကျိုးကို ကမောက်ကမဖြစ်အောင် လုပ်ခဲ့တာ မင်း မဟုတ်လား၊ ငါ့ဖုန်းအာကို သတ်ပြီး ခေါင်းဖြတ် လိုက်တာလည်း မင်းပဲ မဟုတ်လား”
ဟွမ်ဖုယိုသည် ယဲ့ဖန်အား အလွန် နာကျည်းမုန်းတီးဟန်ဖြင့် ကြည့်နေသည်။ သူ၏ အကြည့်က ယဲ့ဖန်အား အရှင်လတ်လတ် ဝါးမျို၍ အရိုးများ ကျိုးကြေအောင် လုပ်ရန် မစောင့်နိုင်တော့သည့် အကြည့်မျိုးပင်။
သူ့စကားကြောင့် ယဲ့ဖန်က အသာပြုံး၍ ခေါင်းခါလိုက်သည်။
“မဟုတ်သေးဘူး”
“ဟွမ်ဖုဖုန်းတင် မကဘူး မင်းတို့ကိုလည်း သတ်ပစ်မှာ”
ထိုစကားတွင် အလွန် မောက်မာထောင်လွှားရိပ်များ ပါဝင်နေသောကြောင့် သံမျက်နှာဖုံးဘုရင် မျက်နှာထား တင်းမာသွားသည်။
“နတ်ဘုရား တိုက်ပွဲ ပြီးသွားကတည်းက ပြိုင်ဘက်ကင်း စစ်သူကြီး သုံးဆယ့်ခြောက်ယောက်ထဲမှာ ငါတို့ ညီအစ်ကို ခုနစ်ယောက်ပဲ အသက်ရှင်ခဲ့တယ်”
“နှစ်နှစ်သိန်းကြာတဲ့အထိ ငါတို့ ခုနစ်ယောက်ထဲက တစ်ယောက်မှ မသေခဲ့ဘူး”
ထိုသို့ပြောနေချိန်တွင် သံမျက်နှာဖုံးဘုရင်က ယဲ့ဖန်အား အလွန် ရက်စက်ကြမ်းကြုတ်သော အကြည့်မျိုးဖြင့် ကြည့်လေသည်။
“ဒီနေ့ နံပါတ်ခြောက် ညီလေးက မင်းလို ငရဲဘုံက တွားသွားကောင် လက်ထဲမှာ သေသွားလိမ့်မယ်လို့ ငါ ထင်မထားခဲ့မိဘူး”
“ကောင်းတယ်၊ မင်း သိပ်တော်တယ်”
သံမျက်နှာဖုံးဘုရင်သည် စကားပြောလေလေ ပိုဒေါသထွက်လေလေ ဖြစ်လာပြီး မျက်နှာပေါ်၌ သတ်ဖြတ်ချင်စိတ်များ သိသိသာသာ ထင်ဟပ်နေ၏။ ထို့နောက် သူက လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
“ညီနှစ်၊ ညီသုံး၊ ညီလေး၊ ညီငါး”
“မင်းတို့ အတူတူ တိုက်ကြ”
“အဲ့လူ အားလုံးကို အရင်သတ်မယ်၊ ပြီးမှ မင်းကို ငရဲဘုံဆီ ခေါ်သွားပြီး ငရဲဘုံက လူတွေအားလုံးကို သတ်ပစ်မယ်၊ ငါတို့ အရှက်ရခဲ့တာတွေအတွက်၊ ပြီးတော့ ငါ့ညီရဲ့ ဝိညာဉ်အတွက် ယဇ်ပူဇော်ပွဲ လုပ်ပေးမယ်”