← Chapters

အခန်း ၉၈၁

Vol. 66 Ch. 981

အခန်း ၉၈၁

Vol. 66 Ch. 981

Chapter 981 စစ်သူကြီး လေးယောက်အား ရှင်းလင်းခြင်း

“ညီနှစ်၊ ညီသုံး၊ ညီလေး၊ ညီငါး၊ မင်းတို့ အတူတူ တိုက်ကြ”

သံမျက်နှာဖုံးဘုရင်၏ စကားကြောင့် ဘေးပတ်လည်မှ လူများအားလုံး အုတ်အော်သောင်းတင်း ဖြစ်သွားလေသည်။ အားလုံး ထိတ်လန့်နေကြသည်။ အထူးသဖြင့် နံပါတ်နှစ် စစ်သူကြီးမှစ၍ နံပါတ်ငါး စစ်သူကြီးအထိ စစ်သူကြီး လေးယောက်လုံးသည် ဟွမ်းယွင်ထက် ပိုပို၍ သန်မာသောသူများ ဖြစ်ကြသည်။

သူတို့ အတူပူးပေါင်း၍ နတ်ဘုရင် အထွတ်အထိပ်အဆင့်လေးကို တိုက်ခိုက်ခိုင်းသည်က မယုံနိုင်စရာ ကောင်းလှသည်။ ဟွမ်ဖုမျိုးနွယ်အတွင်း၌ ဆူညံလာပြီးနောက် ဟွမ်ဖုမျိုးနွယ်ဝင်များအားလုံး စိတ်လှုပ်ရှား လာကြသည်။

“စစ်သူကြီး ဟွမ်းယွင် သေသွားတာက စစ်သူကြီး သံမျက်နှာဖုံးဘုရင်ကို ဒေါသထွက်သွားစေတဲ့ပုံပဲ၊ ဒီတစ်ခါတော့ အဲ့ဒီ ငရဲဘုံက တွားသွားကောင် ဇာတ်သိမ်းပြီပဲ”

“ဟားဟားဟား … ဟုတ်တယ်၊ ဘယ်သူက ဒီတွားသွားကောင်ကို ဒီလောက် မောက်မာခိုင်းနေလို့လဲ၊ တကယ်လို့ သူ အလစ်ဝင်တိုက်တာသာ မအောင်မြင်ခဲ့ရင် ဘယ်လိုလုပ် စစ်သူကြီး ဟွမ်းယွင်ကို သူ သတ်နိုင်မှာလဲ”

“ဒီကောင် သေသွားပြီးရင် စစ်သူကြီး ခြောက်ယောက် ငရဲဘုံကို ဆင်းသွားမယ့် မြင်ကွင်းကို ငါ တကယ် ကြည့်ချင်နေပြီ”

“…”

လက်ရှိအချိန်တွင် ဟွမ်ဖုမျိုးနွယ်တွင်း၌ ဆူဆူညံညံ ဖြစ်နေ၏။ မျိုးနွယ်ဝင်တိုင်းသည် ယဲ့ဖန် ရက်ရက်စက်စက် ခေါင်းဖြတ်ခံရပြီး ငရဲဘုံတစ်ခုလုံး သေကျေရတော့မည်ဟု မြင်ယောင်ကာ အပြုံးကြီး ပြုံးနေကြသည်။ သူတို့သည်သာမက ဟွမ်ဖုယိုနှင့် ဟွမ်ဖုဖုန်းတို့သည်လည်း ဝမ်းသာအားရ ဖြစ်နေကြလေသည်။

“ကောင်းတယ်၊ သိပ်ကောင်းတယ်၊ အခု အဲ့မျိုးမစစ်ကောင် ဘယ်လိုသေမလဲ ကြည့်ရသေးတာပေါ့”

ဟွမ်ဖုဖုန်း၏ မျက်နှာတွင် ရက်စက်၍ ရန်လိုသော အမူအရာမျိုး ထင်ဟပ်နေသည်။ ယဲ့ဖန်က ကြောက်စရာ ကောင်းသည်ကို သူ သိသော်လည်း ပြိုင်ဘက်ကင်း စစ်သူကြီး လေးယောက်ကို ယဲ့ဖန် အနိုင်ယူနိုင်လိမ့်မည်ဟု သူ မယုံပေ။

နံပါတ်နှစ် စစ်သူကြီးသည် အန္တိမ နောက်ဆုံးအဆင့်သို့ ရောက်နေသူ ဖြစ်ပြီး နံပါတ် သုံး၊ လေးနှင့် ငါးတို့သည် အန္တိမ အလယ်အလတ်အဆင့်များ ဖြစ်ကြလေသည်။

ထိုလေးယောက် အတူတကွ တိုက်ခိုက်လာလျင် နံပါတ်တစ် စစ်သူကြီးဖြစ်သော သံမျက်နှာဖုံး ဘုရင်ကဲ့သို့ အန္တိမ အထွတ်အထိပ်အဆင့်သို့ ရောက်နေသောသူသာ အနိုင်ပိုင်းနိုင်ပေမည်။ ယဲ့ဖန်က သာမန်ထက် ထူးခြားနေသည် ဆိုလျင်တောင်မှ ဘယ်လိုလုပ် သံမျက်နှာဖုံးဘုရင်နှင့် ယှဉ်နိုင်မည်နည်း။

ယဲ့ဖန် သေရတော့မည်ဟု တွေးမိပြီး ဟွမ်ဖုဖုန်း အားပါးတရ ပြုံးလိုက်မိသည်။ အနားမှ ဟွမ်ဖုယိုသည်လည်း ထိုနည်းတူပင်။ ယဲ့ဖန်အပေါ် ထားသော သူ၏အမုန်းတရားက အဆုံးအစ မရှိပေ။ သူ့စိတ်ထဲတွင် ယဲ့ဖန်အား သေလူတစ်ယောက်ဟု မြင်နေသည်။

“သခင်ကြီး”

ဘုရင်မကျစ်ဝေ့နှင့် အခြားသူများ စိုးရိမ်တုန်လှုပ်နေကြသည်။ စစ်သူကြီး လေးယောက်သည် ကြောက်စရာ ကောင်းသော မိစ္ဆာအိုကြီးများ ဖြစ်ပြီး တိုက်ပွဲ အတွေ့အကြုံ ရင့်သန်၍ အစွမ်းထက် သောသူများ ဖြစ်သည်။

ယဲ့ဖန်သည် သူတို့လေးယောက်ထဲမှ မည်သူမဆိုထက် အဆင့်ငယ် နှစ်ဆယ်ကျော်မျှ ပိုနိမ့်လေသည်။ ခွန်အားခြင်း ကွာခြားချက်က ကြီးမားလှသည်။

အားလုံး ဆူညံပွက်လောရိုက်နေချိန်တွင် စစ်သူကြီး လေးယောက်က ရှေ့ထွက်လာသည်။ တစ်ယောက်ချင်းစီက ယင်ယန် ရတနာတစ်မျိုးစီကို ကိုင်ဆွဲထားပြီး လူအများကို သတ်ဖြတ်လိုသည့် သားရဲများလိုပင်။

“ဟေ့ကောင် ငါတို့လက်ထဲမှာ သေရမှာဆိုတော့ မင်း ဂုဏ်ယူသင့်တယ်”

နံပါတ်နှစ် စစ်သူကြီး ယုမြန်လောရှာက လူမဆန်သော မျက်နှာထားဖြင့် ပြောလေသည်။

“စိတ်ချ ငါတို့လေးယောက်က မင်းကို ပုံဆိုးပန်းဆိုးနည်းနဲ့ သေအောင် မသတ်ဘူး”

“အလွန်ဆုံး မင်းကို ရှစ်ပိုင်းပိုင်းပစ်လိုက်ရုံလေးပါ၊ ဟားဟားဟား …”

ထိုသို့ပြောပြီး လေးယောက်သား ဟားတိုက် ရယ်မောကြလေသည်။ သူတို့သည် နှစ်နှစ်သိန်းကြာ အသက်ရှင် နေထိုင်ခဲ့သော လူအိုကြီးများ ဖြစ်သဖြင့် မာနကြီးကာ ထောင်လွှားကြသည်။

အထူးသဖြင့် ယဲ့ဖန်ကဲ့သို့ ငရဲဘုံမှ လူမျိုးအား လက်တစ်ဖက်တည်းဖြင့် သတ်လိုက်နိုင်သည်ဟု သူတို့ ယုံကြည် ထားသည်။

သူ့စကားကြောင့် ယဲ့ဖန်၏ အကြည့်က အေးစက်လာ၏။

“ခင်ဗျားတို့ ပြောလို့ပြီးပြီလား”

“ပြီးပြီဆိုရင်လည်း သေလမ်းကို သွားလို့ရပြီ”

ယဲ့ဖန်၏ စကားကြောင့် စစ်သူကြီး လေးယောက်လုံး ရယ်နေရာမှ ဒေါသထွက်လာကြသည်။ ငရဲဘုံမှ တွားသွားကောင်က သူတို့ကို အထင်သေးလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။

စစ်သူကြီး လေးယောက်လုံးထံမှ သတ်ဖြတ်လိုသော အငွေ့အသက်များ တဟုန်ထိုး ထွက်ပေါ်လာ၏။ ဒေါသထွက်လွန်းသဖြင့် လည်ဆံမွေးထောင်နေသော သားရဲလေးကောင်နှင့် သဏ္ဌာန်တူလှသည်။

“ကောင်းပြီလေ၊ မင်းက ဒီလောက် မစောင့်နိုင်နေမှတော့ မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”

ထိုသို့ပြောပြီးနောက် စစ်သူကြီး‌ လေးယောက်လုံးက လက်ကိုလှုပ်၍ ယင်ယန်ရတနာများဖြင့် ယဲ့ဖန်ကို တိုက်ခိုက် လေသည်။

သူတို့၏ အရှိန်အဝါအောက်၌ မြေဆီလွှာပင် အက်ကွဲလာရသည်။ ပြင်းထန်သော အရှိန်အဝါများက ယဲ့ဖန်ကို လွှမ်းမိုးလာ၏။

“သေပေတော့”

ယင်ယန်ရတနာလေးမျိုးက ယဲ့ဖန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ သူတို့လေးယောက်၏ တိုက်ခိုက်မှု၌ လူတိုင်းနီးနီး သေသွားလောက်သည်။ သူတို့၏ လျင်မြန်မှုနှင့် တိုက်ခိုက်မှုက ထင်မထားနိုင်သော အဆင့်တစ်ခုသို့ ရောက်နေသည်။

စစ်သူကြီး လေးယောက်၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်၌ ယဲ့ဖန် အသက်ရှင်နိုင်လိမ့်မည်ဟု မည်သူမှ မယုံကြည်ပေ။ ဘေးပတ်လည်မှ ဟွမ်ဖုမျိုးနွယ်ဝင်များသည်လည်း စိတ်လှုပ်ရှားနေကြသည်။

ယင်ယန် ရတနာလေးမျိုးဖြင့် တိုက်ခိုက်ခံရသဖြင့် သာမန် အန္တိမအဆင့် သိုင်းပညာရှင်တောင်မှ သေသွား လောက်သည်။

ထိုအချိန်တွင် သံမျက်နှာဖုံးဘုရင်၊ ဟွမ်ဖုယို၊ ဟွန်ဖုဖုန်းနှင့် ဟွမ်ဖုမျိုးနွယ်ဝင်များအားလုံး လူမဆန်သော အပြုံးမျိုးပြုံး၍ ကြည့်နေကြလေသည်။ ဘုရင်မကျစ်ဝေ့နှင့် အခြားသူများမှာမူ မျက်နှာ အမူအရာ ပျက်ယွင်းနေကြသည်။

“မင်းကို တစ်စစီဖြစ်အောင် လုပ်ပစ်မှာကွ”

စစ်သူကြီးလေးယောက်လုံး ပြုံးနေပြီး ယင်ယန်ရတနာများဖြင့် ယဲ့ဖန်ကို အပြင်းအထန် တိုက်ခိုက် လေသည်။ ယင်ယန်ရတနာကြောင့် ယဲ့ဖန်၏ ခန္ဓာကိုယ် အစိတ်စိတ် အမြွှာမြွှာ ဆုတ်ဖြဲခံလိုက်ရသည်။

ယဲ့ဖန်၏ ခန္ဓာကိုယ် ဆုတ်ဖြဲခံလိုက်ရချိန်တွင် စစ်သူကြီး လေးယောက်လုံး၏ အပြုံးများ ပျောက်ကွယ် သွားသည်။ အဘယ်ကြောင့်ဆိုသော် ဆုတ်ပြဲသွားသော ခန္ဓာကိုယ်မှ သွေးများ ထွက်မလာသည်ကို တွေ့လိုက်ရ သောကြောင့်ပင်။

“ဒါ … ဒါ ပုံရိပ်ယောင် ကိုယ်ပွားပဲ”

ပုံရိပ်ယောင် ကိုယ်ပွားသည် လျင်မြန်မှုက အလွန်မြင့်မားသော အဆင့်တစ်ခုသို့ ရောက်နေချိန်၌ ဖန်တီးနိုင်သော အဆင့်တစ်ခု ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရလျင် လူတစ်ယောက်က လျင်မြန်စွာ လှုပ်ရှားလိုက်သဖြင့် မူလနေရာ၌ ပုံရိပ်ယောင် ကျန်ရစ်ခဲ့ခြင်း ဖြစ်ပေသည်။

ယခု မျက်စိရှေ့မှ ပုံရိပ်ယောင် ကိုယ်ပွားသည် လူအစစ်နှင့် ဆင်တူလွန်းလှသဖြင့် ယဲ့ဖန်က ပြောင်းလဲမှုအဆင့်သို့ ရောက်လုနီးပါး ဖြစ်နေကြောင်း ပြသနေ၏။

“သတိထား”

ယုမြန်လောရှာက ပျက်ယွင်းနေသော မျက်နှာထားဖြင့် သူ့အနားမှ သုံးယောက်ကို သတိပေးလိုက်သည်။ သူ့စကားအဆုံးတွင် နံပါတ်လေး စစ်သူကြီး၏ နားနား၌ မသဲမကွဲအသံတစ်သံ ထွက်လာသည်။

“ပထမတစ်ယောက်”

ရိုးရှင်းသော စကားတစ်ခွန်းက နံပါတ်လေး စစ်သူကြီးနားထဲတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင် လွန်းလှသည်။ သူသည် နောက်ကျော၌ ကြောက်စရာကောင်းသော သားရဲတစ်ကောင် ရောက်နေသည်ဟု ခံစားမိလာပြီး ခြောက်ခြားလာသည်။

“မကောင်းတော့ဘူး”

ထိုအခိုက်တွင် နံပါတ်လေး စစ်သူကြီးသည် ဘေးသို့ ရှောင်တိမ်းရန် ပြင်လိုက်သည်။ ထိုစဉ် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး သူ၏ခန္ဓာကိုယ်သည်လည်း နှစ်ခြမ်း ကွဲသွားလေသည်။

ခါးမှ တိခနဲ အဖြတ်ခံလိုက်ရပြီး ခန္ဓာကိုယ် အပိုင်းအစ နှစ်ခုလုံးက မြေကြီးပေါ်သို့ သဲအိတ်သဖွယ် ပြုတ်ကျ သွားသည်။ ထိုခန္ဓာကိုယ် အပိုင်းအစ နှစ်ခုထံမှ သွေးများ ဒလဟော စီးကျနေ၏။

ထိုအခိုက်တွင် လေဟာနယ်တစ်ခုလုံး အေးစက်လာသည်ဟု ထင်မှတ်ရပြီး ဘေးပတ်ဝန်းကျင်မှ လူများအားလုံး ကြက်သေ သေနေကြသည်။

သူတို့အားလုံးသည် ခန္ဓာကိုယ် ထက်ပိုင်းပိုင်းခံလိုက်ရသည့် နံပါတ်လေး စစ်သူကြီးအား မယုံနိုင်ဟန်ဖြင့် ကြည့်နေ မိသည်။ သို့ရာတွင် သူတို့ ပို၍ ထိတ်လန့်ရသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။

“ဒုတိယတစ်ယောက်”

ထိုစကားအဆုံး၌ ဒုတိယမြောက် ရွှေရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ ရုတ်တရက် နံပါတ်ငါး စစ်သူကြီး၏ ခန္ဓာကိုယ်က တောင့်ခနဲ ဖြစ်သွားပြီး နဖူးအလယ်၌ သွေးစင်းကြောင်းတစ်ခု ပေါ်လာသည်။

နဖူးအလယ်မှ သွေးများ စီးကျလာပြီးနောက် သူသည် အော်ပင်မအော်လိုက်နိုင်ဘဲ အလယ်မှ တိခနဲ နှစ်ပိုင်းပြတ် သွားသည်။

စစ်သူကြီးနှစ်ယောက်၏ သေဆုံးမှုကြောင့် နံပါတ်နှစ်နှင့် နံပါတ်သုံး စစ်သူကြီးတို့ ခြောက်ခြား သွားလေသည်။ သူတို့ ယဲ့ဖန်၏ အရိပ်ကိုတောင်မှ မမြင်ခဲ့ပေ။

“နောက်ဆုတ်”

စစ်သူကြီးနှစ်ယောက်သည် ကျောချင်းကပ်၍ အသည်းအသန် နောက်ပြန်ဆုတ်လိုက်ရသည်။ သူတို့ ခြေလှမ်း အနည်းငယ်မျှ ဆုတ်လိုက်ပြီးနောက် နောက်ဆုတ်နေရာမှ ရပ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အနောက်၌ ယဲ့ဖန် ရောက်နေသောကြောင့် ဖြစ်သည်။

သူသည် စစ်သူကြီးနှစ်ယောက်အား သေလူများကို ကြည့်သကဲ့သို့ ကြည့်နေပြီး နှုတ်ခမ်းတွန့်ရုံမှ ပြုံးကာ ပြောလေသည်။

“တတိယမြောက်နဲ့ လေးယောက်မြောက်”

ထိုသို့ပြောပြီး လက်ထဲမှ နတ်ဓားကို ဝင့်၍ အရှေ့သို့ ခုတ်ပိုင်းချလိုက်သည်။

All Chapters