အခန်း ၉၈၂
Vol. 66 Ch. 982
Chapter 982 ပြိုင်ဘက်ကင်း သံမျက်နှာဖုံးဘုရင်
ရွှစ်!
ယဲ့ဖန် ဓားကိုဝင့်၍ ခုတ်ချလိုက်ချိန်တွင် ဓားလှိုင်းများ ဖြစ်ပေါ်လာပြီး နံပါတ်နှစ် စစ်သူကြီးနှင့် နံပါတ်သုံး စစ်သူကြီးထံသို့ ပျံ့လွင့်သွားသည်။
“ချီးတဲ့မှပဲ”
စစ်သူကြီး နှစ်ယောက်သည် ထိုဓားလှိုင်း၌ ကြောက်မက်ဖွယ်ကောင်းသော ဘေးအန္တရာယ် ပါဝင် နေသည်ဟု ခံစားမိပြီး ကြက်သီးမွေးညင်းထကာ ခေါင်းမွေးထောင်လာလေသည်။
ထို့ကြောင့် သူတို့သည် တုံ့ဆိုင်းမနေဘဲ အားကုန်သုံး၍ လက်ထဲမှ ယင်ယန်ရတနာများဖြင့် ထိုဓားလှိုင်းကို ခုခံလိုက်သည်။
တိုက်ခိုက်မှုများ ထိပ်တိုက်တွေ့ဆုံသွားချိန်တွင် ပြင်းထန်သော စွမ်းအင်များ လွင့်စဉ်လာပြီး ထိုစွမ်းအင် အောက်၌ ဟွမ်ဖုမျိုးနွယ်ဝင်များ လွင့်ထွက်သွားကြသည်။
သံမျက်နှာဖုံးဘုရင်တောင်မှ မျက်နှာပျက်သွားရသည်။ သူသည် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက် ရပြီးမှ ဟန်ချက်ညီအောင် ထိန်းလိုက်နိုင်သည်။
ဂျွတ်!
ထိုစဉ် အက်ကွဲသံများ ထွက်ပေါ်လာပြီး နံပါတ်နှစ် စစ်သူကြီးနှင့် နံပါတ်သုံး စစ်သူကြီးတို့သည် မိမိတို့၏ ယင်ယန် ရတနာများ၌ အက်ရာများ ထင်လာသောကြောင့် အံ့ဩသွားကြသည်။
ဓားလှိုင်းကြောင့် သူတို့၏ ယင်ယန် ရတနာများ ထက်ပိုင်းကျိုးသွားပြီး မရဏ အငွေ့အသက်များက သူတို့ကို လွှမ်းခြုံလာသည်။
“မလုပ်နဲ့”
စစ်သူကြီးနှစ်ယောက်ထံမှ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာ၏။ သူတို့သည် မိမိတို့ခါးနေရာ၌ အေးခနဲ ဖြစ်သွားသည်ကို ခံစားလိုက်မိသဖြင့် ကြက်သေ သေသွားကြသည်။
တောက်! တောက်!
စစ်သူကြီးနှစ်ယောက်၏ ခါးမှ သွေးများ တတောက်တောက် စီးကျနေပြီး နှစ်ယောက်လုံး ထိတ်လန့်၍ မယုံနိုင်သော အမူအရာများဖြင့် မိမိတို့ခါးအား ငုံ့ကြည့်နေမိသည်။
“ဘယ်လိုလုပ် …”
“ပြောင်မြောက်လွန်းတဲ့ ဓားချက်ပဲ”
စစ်သူကြီးနှစ်ယောက်လုံး တုန်ယင်နေသော လေသံဖြင့် ရေရွတ်နေကြသည်။ ထိုစဉ် သွေးများ ဒလဟော ပန်းထွက်လာပြီး သူတို့နှစ်ယောက်၏ ခန္ဓာကိုယ် အပေါ်ပိုင်းက မြေကြီးပေါ်သို့ ပြတ်ကျသွားလေ၏။
ခန္ဓာကိုယ် အပိုင်းအစ လေးခုက မြေကြီးပေါ် လဲကျနေပြီး ကိုယ်တွင်းအင်္ဂါများ အပြင်သို့ ထွက်ကျ နေသည်။
လက်ရှိတွင် မြေကွက်လပ်၌ အလောင်း ရှစ်လောင်းမက ရှိနေပြီး စစ်သူကြီးတိုင်း၏ ခန္ဓာကိုယ်က နှစ်ပိုင်းပိုင်း ခံထားရသည်။ လေးယောက်လုံး၏ မျက်နှာထက်၌ ကြောက်လန့်၍ မယုံနိုင်ဟန်များ စွန်းထင်းနေကြသည်။
မြေကွက်လပ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ ဟွမ်ဖုယို၊ ဟွမ်ဖုဖုန်းနှင့် ဟွမ်ဖုမျိုးနွယ်ဝင်များ အားလုံး လည်ပင်းအညှစ်ခံထားရသည်ဟု ခံစားနေရကာ အသက်ရှူရကြပ်နေကြသည်။
ဟွမ်ဖုမျိုးနွယ်ဝင်များအားလုံး မျက်လုံး ပြူးကျယ်ကာ ထိတ်လန့်နေကြသည်။ ဖြစ်ပျက်သွားခဲ့သမျှကို မယုံနိုင်သေးသည့်ပုံပင်။
ထိုစဉ် ဟွမ်ဖုမျိုးနွယ်ဝင်တစ်ယောက်သည် မြေကြီးပေါ် လဲကျသွားပြီး ပြာနှမ်းနေသော မျက်နှာဖြင့် ပြောဆိုလာသည်။
“သေကုန်ပြီ၊ စစ်သူကြီး လေးယောက်လုံး … သေသွားပြီပေါ့”
“ဘယ်လိုဖြစ်ရတာလဲ၊ အဲ့ကောင် ဘယ်လိုလုပ်လိုက်တာလဲ”
“…”
အဖြစ်အပျက်က အလွန် မြန်ဆန်လှသည်။ တစ်ခဏအတွင်း စစ်သူကြီး လေးယောက်လုံး ခန္ဓာကိုယ် နှစ်ပိုင်း ပြတ်သွားခဲ့ပြီး ဟွမ်ဖုမျိုးနွယ်ဝင်များ အဘယ်ကြောင့် ဖြစ်သွားရသည်ကို သေချာ မမြင်လိုက်ရဘဲ ခန္ဓာကိုယ် အပိုင်းအစ ရှစ်ခုသာ ရှိနေသည်ကို တွေ့လိုက်ရသည်။ ဟွမ်ဖု မျိုးနွယ်ဝင်များ အားလုံး နဖူးမှ ချွေးစေးများ စီးကျလာသည်။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး၊ တစ်ယောက်က အန္တိမ နောက်ဆုံးအဆင့်လေ၊ နောက်သုံးယောက်က အန္တိမ အလယ်အလတ်အဆင့်တွေကို”
“ဘယ်လိုလုပ် သူက ဓားချက် လေးချက်တည်းနဲ့ သတ်ပစ်လိုက်နိုင်ရတာလဲ”
ဟွမ်ဖုယို မျက်ခုံး တဆတ်ဆတ် လှုပ်နေ၏။ ထိုလူလေးယောက်ထဲမှ တစ်ယောက်ချင်းစီသည် သူ့ထက်ပင် ပိုသန်မာသော်လည်း လက်ရှိတွင် ဓားချက်လေးချက်အတွင်း ရှစ်ပိုင်းပိုင်းခံရပြီး သေဆုံး သွားရသည်။ ဟွမ်ဖုယို၏ စိတ်ထဲ၌ ကြောက်စိတ်များ စိုးမိုးလာပြီး ကြက်သီးတဖြန်းဖြန်း ထလာသည်။
“ငါ … ဘယ်လိုမိစ္ဆာမျိုးကို ရန်စလိုက်မိတာပါလိမ့်”
ဟွမ်ဖုယို နားဝေတိမ်တောင် ဖြစ်နေသည်။ အထူးသဖြင့် ယဲ့ဖန်သည် နတ်ဘုရင် အထွတ်အထိပ် အဆင့်သာ ရှိပေသေးသည်။
အကယ်၍ သူသာ အတိုင်းအတာတစ်ခုအထိ အဆင့်တက်သွားပါက လူသားအရှင်သခင်ပင် သူ့ကို မယှဉ်နိုင်လောက်ပေ။
“ညီနှစ်၊ ညီသုံး၊ ညီလေး၊ ညီငါး … နံပါတ်ခြောက် ညီလေး”
သံမျက်နှာဖုံးဘုရင်သည် မြေကြီးပေါ်မှ အလောင်းများကိုကြည့်ပြီး ဝမ်းနည်းစိတ်နှင့် သတ်ဖြတ် လိုစိတ်များ တလိပ်လိပ် တက်လာသည်။
ဘယ်လောက်မှ မရှိသေးသော အချိန်အတွင်း၌ သူတို့ခြောက်ယောက်ထဲမှ ငါးယောက်တိတ် သေဆုံး သွားခဲ့သည်။ ဤသည်က သူ့အား ရူးမတတ် ဖြစ်သွားစေသည်။
“မျိုးမစစ်လေး၊ မင်း သူတို့ကို တကယ် သတ်ပစ်လိုက်တာပဲ”
သံမျက်နှာဖုံးဘုရင်သည် ယဲ့ဖန်ကို စူးစိုက်ကြည့်၍ အမုန်းတရားကြောင့် အံကြိတ်လာသည်။ အစောပိုင်းက သူ မှင်တက်နေခဲ့မိသည်။ သူ သတိပြန်ဝင်လာပြီး ကယ်ရန် ကြိုးစားသော်လည်း နောက်ကျ သွားလေပြီ။ လက်ရှိတွင် သူသည် ယဲ့ဖန်အား အရိုးထဲအထိ မုန်းတီးမိနေသည်။
သူ့စကားကို ကြားသောအခါ ယဲ့ဖန်က အထင်သေးဟန်ဖြင့် ပြုံးလိုက်သည်။
“ကျုပ် ရှစ်ပိုင်းပိုင်းပေးထားတယ်၊ ခင်ဗျား ကျေနပ်လား”
သူ့စကားကြောင့် သံမျက်နှာဖုံးဘုရင်၏ မျက်လုံးများက ပို၍ရဲရဲနီလာသည်။
“သေပေတော့”
ထျဲမြန်ဝမ် ရူးသွပ်သွားလေသည်။ သူသည် ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်သဖွယ် ဖြစ်နေပြီး ယင်ယန်ရတနာဖြစ်သော ပုဆိန်ကို ချက်ချင်း ထုတ်လိုက်သည်။ ထို့နောက် ယဲ့ဖန်ထက် ပြေးဝင်သွားဖြင့် ပုဆိန်ဖြင့် ခုတ်လေသည်။
“သေ … သေ … သေစမ်းကွာ”
သံမျက်နှာဖုံးဘုရင်၏ မျက်နှာထားက ကြောက်စရာကောင်းလှသည်။ သူ၏ ပုဆိန်ချက်တိုင်း၌ လေဟာနယ်ပင် ပျက်စီးလာရသည်။ ပုဆိန်ချက်များက ယဲ့ဖန်ထံသို့ ဆက်တိုက် ကျရောက်နေ၏။ ထို့အပြင် သံမျက်နှာဖုံးဘုရင်၏ အရှိန်ကလည်း လွန်စွာ လျင်မြန်လှသည်။ သူသည် ဟာရီကိန်း မုန်တိုင်းသဖွယ် ယဲ့ဖန်အား လျင်မြန်စွာ တိုက်ခိုက်လာသည်။
ဤသည်ကြောင့် ယဲ့ဖန် စိတ်လေးသွားသည်။ လက်ရှိတွင် သူသည် နတ်ဘုရင် အထွတ်အထိပ်အဆင့်သာ ရှိသေးပြီး အဆင့်ငယ် နှစ်ဆယ့်လေးခု ကျော်၍ တိုက်ခိုက်နိုင်သည်။ သူ၏ အရှိန်နှင့် နတ်ဓားကိုပါ ပေါင်းလိုက်လျင် အန္တိမ နောက်ဆုံးအဆင့်ဖြစ်သော နံပါတ်နှစ် စစ်သူကြီးကို အလွယ်တကူ သတ်လိုက်နိုင်သည်။
သို့သော် နံပါတ်တစ် စစ်သူကြီး သံမျက်နှာဖုံးဘုရင်သည် အန္တိမ အထွတ်အထိပ်အဆင့် ရှိသူ ဖြစ်သည်။ သူ့ထက် အဆင့်ငယ် နှစ်ဆယ့်ငါးဆင့်တိတိ ပိုမြင့်လေသည်။
သံမျက်နှာဖုံးဘုရင်၏ တိုက်ပွဲဝင်ခွန်အားက ပြီးခဲ့သော စစ်သူကြီးငါးယောက်ထက် အဆပေါင်းများစွာ ပိုကြောက်စရာ ကောင်းပေသည်။
ဤသည်ကြောင့် ယဲ့ဖန် အန္တရာယ်ရှိသလို ခံစားမိလာသည်။ ထိုအခိုက်တွင် သူသည် လှစ်ခနဲ လှုပ်ရှား၍ ပုဆိန်ကို ရှောင်ရှားလိုက်သည်။ သို့ရာတွင် သူ မရှောင်တိမ်းရသေးခင်မှာပင် သံမျက်နှာဖုံးဘုရင်၏ ပုံရိပ်က ဖျတ်ခနဲ ပေါ်လာသည်။
“သေပေတော့”
သံမျက်နှာဖုံးဘုရင်၏ မျက်လုံးများက နီရဲနေပြီး သွေးကြောများပင် ထောင်နေလေသည်။ သူသည် အားကုန်ထုတ်သုံး၍ ယဲ့ဖန်အား ပုဆိန်ဖြင့် ခုတ်ချလိုက်သည်။
ယဲ့ဖန် မျက်နှာပျက်သွားပြီး နတ်ဓားဖြင့် ပြန်၍ခုခံလိုက်လေသည်။ ထိုပုဆိန်ကို ခုခံလိုက်သည်နှင့် ပုဆိန်ထံမှ ပြင်းထန်သော ဖိအားကို သူ ခံစားမိလိုက်သည်။
ရုတ်တရက် သူ့ခန္ဓာကိုယ်တစ်ခုလုံး ကန်ထုတ်ခံလိုက်ရသကဲ့သို့ လွင့်စဉ်သွားပြီး နောက်သို့ ခြေလှမ်းမျှ ဆုတ်လိုက်ရသည်။ သူ့ပါးစပ်မှ သွေးစေးများ စီးကျလာသည်။
“သေစမ်းကွာ”
သံမျက်နှာဖုံးဘုရင်သည် ယဲ့ဖန်အား အသက်ပင် ဖြောင့်ဖြောင့်ရှူချိန် မပေးဘဲ ဆက်လက် တိုက်ခိုက်လေသည်။ ဒုတိယမြောက် ပုဆိန်ချက်အောက်၌ ယဲ့ဖန်သည် ကြိုးပြတ်သွားသော စွန်ကဲ့သို့ မီတာတစ်ရာမျှ လွင့်ထွက် သွားရသည်။
သူ၏ ကိုယ်တွင်းအင်္ဂါများပင် ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားသည်ဟု ခံစားမိပြီး သွေးအန်လာရသည်။ သံမျက်နှာဖုံးဘုရင်၏ ပြင်းထန်သော စွမ်းအင်အောက်၌ နတ်ဓားပင် ထိခိုက်သွားလေသည်။
“သခင်ကြီး”
ယဲ့ဖန် ဒဏ်ရာ အပြင်းအထန် ရသွားသည်ကိုမြင်ပြီး ဘုရင်မကျစ်ဝေ့နှင့် အခြားသူများ စိုးရိမ်သွား ကြသည်။ သို့သော် ထိုအချိန်မှာပင် သံမျက်နှာဖုံးဘုရင်၏ တတိယမြောက် ပုဆိန်ချက် ကျရောက် လာသည်။
သံမျက်နှာဖုံးဘုရင်သည် စိတ်ဖောက်နေသော သားရဲကဲ့သို့ ယဲ့ဖန်အား ဆက်တိုက် တိုက်ခိုက်လေသည်။ ယဲ့ဖန်သည် နတ်ဓားကိုသုံး၍ ခုခံနေရသည်။ ထိုသို့ ခုခံနေသော်လည်း ထက်ရှသော ပုဆိန်ချက်တစ်ချို့ကို မခုခံနိုင်သဖြင့် သူ၏ခန္ဓာကိုယ်၌ ဒဏ်ရာဒဏ်ချက်များ ရလာသည်။
လေးချက်၊ ခြောက်ချက်၊ ဆယ်ချက်။
ယဲ့ဖန်ထံမှ သွေးများ တတောက်တောက် စီးကျနေပြီး အရေပြားများ စုတ်ပြတ်နေ၏။ သူ၏ ပခုံးသည် ပြတ်ကျလုနီးနီး ဖြစ်နေပြီး ဝမ်းဗိုက်အောက်ပိုင်း၌လည်း ပြတ်ရှရာတစ်ခု ရှိနေသည်။
ခုခံရခက်နေသောအချိန်မှာပင် ဆယ့်တစ်ချက်မြောက် ပုဆိန်ချက် ကျရောက်လာပြီး ယဲ့ဖန်တစ်ယောက် မီတာ တစ်ထောင်မျှ လွင့်စဉ်ကာ မြေကြီးပေါ်သို့ အရှိန်ဖြင့် ပြန်ပြုတ်ကျလာ၏။ သူ ပြန်ထရခက်နေ တော့သည်။