အခန်း ၉၈၃
Vol. 66 Ch. 983
Chapter 983 ရှေးဟောင်း အမိန့်ပြား
ဘုန်း!
ယဲ့ဖန် မြေကြီးပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျလာချိန်တွင် သူ၏ခန္ဓာကိုယ်မှ သွေးများ စိမ့်ထွက်လာသည်။ သူသည် သွေးလူသားသဖွယ် တစ်ကိုယ်လုံး သွေးအလိမ်းလိမ်း ဖြစ်နေပြီး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသည်။
လက်ရှိတွင် ဤအဖြစ်ကိုကြည့်ပြီး မြေကွက်လပ်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ နံပါတ်တစ် စစ်သူကြီး သံမျက်နှာဖုံးဘုရင် ဤမျှ ဖိနှိပ်ညှဉ်းပန်းနိုင်လိမ့်မည်ဟု မည်သူမှ ထင်မထားမိပေ။
ယဲ့ဖန်သည စစ်သူကြီး လေးယောက်ကို ချက်ချင်း သတ်ပစ်လိုက်နိုင်သည့် မိစ္ဆာကောင် ဖြစ်သည်။ ယခုအခါတွင်မူ သံမျက်နှာဖုံးဘုရင်၏ ယင်ယန် နတ်ပုဆိန်အောက်၌ ပြန်တိုက်ခိုက်ရန် ခွန်အားပင် မရှိတော့ချေ။
သတိပြန်ဝင်လာပြီးနောက် ဟွမ်ဖုမျိုးနွယ်တစ်ခုလုံး ပွက်လောရိုက်သွားပြီး ဟွမ်ဖုမျိုးနွယ်ဝင်များ၏ မျက်နှာထက်၌ စိတ်လှုပ်ရှား၍ ပျော်ရွှင်ဟန်များ ထင်ဟပ်လာ၏။
“မြတ်စွာဘုရား အရှင် သံမျက်နှာဖုံးဘုရင်က တော်တော် သန်မာတာပဲ၊ ဟိုယဲ့ဖန်က သူ့လက်ထဲမှာ ကလေးတစ်ယောက်လိုပဲ လှုပ်တောင် မလှုပ်နိုင်တော့ဘူး”
“သံမျက်နှာဖုံးဘုရင် တိုက်ခိုက်တာကို ငါ အခုမှ မြင်ဖူးတာ၊ လူသားအရှင်သခင် လက်အောက်က နံပါတ်တစ် စစ်သူကြီးလို့ တကယ် ခေါ်ထိုက်ပါတယ်ကွာ”
“ဟားဟားဟား … ဟိုငရဲဘုံက တွားသွားကောင်က မောက်မာနေခဲ့တာ မဟုတ်ဘူးလား၊ အခု သူ သေတယ်ဆိုတဲ့ စကားလုံးကို ဘယ်လိုရေးရမလဲ သိသင့်နေပြီ”
“…”
ယခင်က ဟွမ်ဖုမျိုးနွယ်ဝင်များသည် ယဲ့ဖန်အား အလွန်အမင်း ကြောက်လန့်ခဲ့ရသည်။ ယခုအခါတွင်မူ ယဲ့ဖန်က ရှုံးနိမ့်နေသဖြင့် သူတို့၏ ကြောက်စိတ်များ ပျောက်ကွယ်သွားပြီး ထီမထင်ဟန်နှင့် အထင်သေး စက်ဆုပ်စိတ်များ အစားထိုး ပေါ်ပေါက်လာသည်။ သူတို့၏ အမူအရာက ယဲ့ဖန်ကို သူတို့ကိုယ်တိုင် အနိုင်ယူလိုက်သည့်ပုံ ပေါက်နေ၏။
ဟွမ်ဖုမျိုးနွယ်ဝင်များသာမက ဟွမ်ဖုယိုသည်လည်း စိတ်သက်သာရာရကာ သက်ပြင်းချလိုက်မိသည်။
“နှစ်နှစ်သိန်း ကြာသွားတာတောင် အစ်ကိုကြီးရဲ့ တိုက်ပွဲဝင်ခွန်အားက ကြောက်စရာကောင်းနေသေးလို့ တော်သေးတယ်”
ဟွမ်ဖုယိုသည် ထိုသို့ရေရွတ်ပြီး နဖူးမှ ချွေးစေးများကို သုတ်လိုက်သည်။ ယဲ့ဖန်ကြောင့် သူ အတော်လေး ဖိအားများ၍ ကြောက်လန့်ခဲ့ရသည်။ သူနှင့် အခြားသူများအားလုံး ယဲ့ဖန်၏ သတ်ဖြတ်ခြင်း ခံရတော့မည်ဟု တွေးခဲ့မိသည်။ ယခုမှ သူ့ရင်ထဲက အလုံးကြီးတစ်ခု ကျဆင်းသွားသလို ခံစားလိုက်ရသည်။
“ဟားဟားဟား … ပုရွက်ဆိတ်ကောင်၊ တွားသွားကောင်”
“အခု မင်း သေပြီမဟုတ်လား၊ အသုံးမကျတဲ့ကောင်”
လက်ရှိတွင် ဟွမ်ဖုဖုန်းသည် ဝမ်းသာအားရဖြင့် အပြုံးကြီးပြုံးနေမိသည်။ သူ ယဲ့ဖန်ကို အလွန် မုန်းတီးသည်။ သူသည် ရွှမ်ချန်မြို့မှ မြင့်မြတ်သော သခင်လေး ဖြစ်သော်လည်း ယဲ့ဖန်ထံ၌ ရှုံးနိမ့်ကာ ခန္ဓာကိုယ် တစ်စစီ ဖြစ်ခဲ့ရသည်။
ဟွမ်ဖုဖုန်းသည် ယဲ့ဖန်အား မိစ္ဆာတစ်ကောင်ဟု ထင်မှတ်ကာ ဆောက်တည်ရာမရအောင် ကြောက်လန့်ခဲ့သည်။ ယခုအခါတွင်မူ သူ၏ ကြောက်ရွံ့စိတ်များ အပြီးတိုင် ပျောက်ကွယ်သွားပြီး ဝမ်းသာအားရ ဖြစ်စိတ်များသာ ပြည့်နှက်လာသည်။
တစ်ဖက်တွင်မူ ဘုရင်မကျစ်ဝေ့နှင့် အခြားသူများသည် မျက်နှာပြာနှမ်း၍ သည်းခြေပျက်မတတ် စိုးထိတ်နေကြသည်။
“သခင်ကြီး”
ထိုစဉ် ရှောင်ချီရှို့၊ နတ်ဆိုးများနှင့် ရှေးဟောင်း သိုင်းပညာရှင်များအားလုံး ယဲ့ဖန်ထံသို့ ပြေးသွား ကြလေည်။ သူတို့သည် ယဲ့ဖန်ရှေ့၌ ပိတ်ရပ်၍ သံမျက်နှာဖုံးဘုရင်ကို စိုက်ကြည့်၍ ခုခံရန် အသင့်ပြင်ထားကြသည်။
ဒေါက်! ဒေါက်! ဒေါက်!
ထိုစဉ် သံမျက်နှာဖုံးဘုရင်က ရှေ့သို့ တစ်လှမ်းချင်း တိုးလာပြီး သွေးဆာနေသော အပြုံးမျိုး ပြုံးနေသည်။
“မင်းတို့က ငါ့ပြိုင်ဘက် မဟုတ်ဘူး၊ ငါ့ရှေ့က ဖယ်ကြ”
ထိုသို့ပြောပြီး သံမျက်နှာဖုံးဘုရင်က မြေကြီးအား ဖနောင့်ဖြင့် ပေါက်လိုက်သည်။ ထိုအခါ တစ်လောကလုံး မြေငလျင်လှုပ်သကဲ့သို့ တုန်ခါလာ၏။ ထို့အပြင် ပြင်းထန်သော စွမ်းအင်လှိုင်းများက နတ်ဆိုးများထံသို့ ပျံ့လွင့်လာသည်။
ဒဏ်ရာ အပြင်းအထန်ရထားသော အန္တိမအဆင့် ရှေးဟောင်း သိုင်းပညာရှင်များသည် ထိုစွမ်းအင်အောက်၌ နောက်သို့ လွင့်ထွက်သွားကြသည်။ ဝိညာဉ်သခင်နှင့် နတ်ဆိုးများလည်း လွင့်ထွက် သွားလေသည်။
နတ်ဆိုးများ လွင့်ထွက်သွားသည်ကို ကြည့်ပြီး ဟွမ်ဖုမျိုးနွယ်တွင်း၌ ဆူညံသံများ ပို၍ ထွက်ပေါ် လာသည်။
“နံပါတ်တစ် စစ်သူကြီး”
“နံပါတ်တစ် စစ်သူကြီး”
“…”
ဟွမ်ဖုမျိုးနွယ်ဝင်များအားလုံး လက်သီးလက်မောင်းတန်း၍ အော်ဟစ်အားပေးနေကြသည်။ သူတို့ သံမျက်နှာဖုံးဘုရင်ကို လေးစားကြည်ညိုနေ၏။
ရန်သူက မည်မျှ သန်မာနေပါစေ နံပါတ်တစ် စစ်သူကြီး၏ အရှိန်အဝါကို မခုခံနိုင်ဟု သူတို့ ထင်မှတ် နေကြသည်။
ထိုအခိုက်တွင် ယဲ့ဖန်ရှေ့၌ လူတစ်ယောက်သာ မားမားမတ်မတ်ရပ်၍ ကျန်ရစ်ခဲ့သည်။ ထိုသူကား ရှောင်ချီရှို့ပင်။ သို့ရာတွင် ရှောင်ချီရှို့၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေ၏။
“ဟမ်”
သူ၏ ဖနောင့်ဖြင့် ပေါက်လိုက်သော စွမ်းအင်အောက်၌ ရှောင်ချီရှို့ လွင့်ထွက်မသွားခဲ့သောကြောင့် သံမျက်နှာဖုံးဘုရင် မသိမသာ အံ့ဩသွားလေသည်။ ရှောင်ချီရှို့၏ ခန္ဓာကိုယ်မှ အရှိန်အဝါကို အာရုံခံမိပြီးနောက် သူ ပိုပို၍ အံ့ဩသွားရသည်။
“ထူးချွန်တဲ့ ပါရမီရှင်ပဲ၊ ဒီလိုလူက လူမှားပြီး ဆရာတင်မိတာ စိတ်မကောင်းစရာပါလား”
“ငါ့ရှေ့ကဖယ်၊ ငါ အဲ့ငရဲဘုံကကောင်ကို သတ်ပြီးရင်း မင်းကို တပည့်အဖြစ် လက်ခံမယ်”
သံမျက်နှာဖုံးဘုရင်၏ စကားကြောင့် ဘေးပတ်ဝန်းကျင်မှ လူများအားလုံး အံ့ဟသွားကြသည်။ မြင့်မြတ်သော နံပါတ်တစ် စစ်သူကြီးက ပါရမီရှင်များကို ထန်ဖိုးထားလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
ဟွမ်ဖုမျိုးနွယ်ဝင်များသည် ရှောင်ချီရှို့အား မနာလိုအားကျသော အကြည့်များဖြင့် ကြည့်လာလေသည်။ သံမျက်နှာဖုံးဘုရင်၏ တပည့်ဖြစ်ခြင်းသည် ဘဝဆက် ရှစ်ဆက်တိုင်တိုင် ကံကောင်းခြင်းနှင့် အတူတူပင်။ ယခုအချိန်မှစ၍ သံမျက်နှာဖုံးဘုရင်၏ စကားတစ်ခွန်းနှင့် ယင်ယန်လောက၌ ရှောင်ချီရှို့အား ထိပါးဝံ့သူ ရှိတော့မည် မဟုတ်ပါ။
“စိတ်ကူးယဉ်နေလိုက်”
ထိုစဉ် ရှောင်ချီရှို့က ဒေါသထွက်၍ လူသတ်ချင်သော မျက်နှာထားဖြင့် ကျယ်လောင်စွာ အော်ပြောလေသည်။
“မင်း ငါ့ဆရာကို သတ်ချင်ရင် ငါ့အလောင်းကို နင်းသွားမှပဲ ရမယ်”
သူ့စကားကြောင့် ဟွမ်ဖုမျိုးနွယ်ဝင်များ အံ့ဩသွား၏။
*ဆရာတဲ့လား*
ရှောင်ချီရှို့က ယဲ့ဖန်၏ တပည့် ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားမိသလို သေလုမျောပါး ဖြစ်နေသော ယဲ့ဖန်အတွက်နှင့် သံမျက်နှာဖုံးဘုရင်၏ စကားကို ငြင်းဆန်လိမ့်မည်ဟု သူတို့ ထင်မှတ်မထားမိပေ။
ဟွမ်ဖုမျိုးနွယ်ဝင်တိုင်း ရှောင်ချီရှို့အား ရူးနေပြီဟု ထင်သွားကြသည်။ ဟွမ်ဖုယိုနှင့် ဟွမ်ဖုဖုန်းတို့တောင်မှ မှင်တက်နေ၏။
“သံမျက်နှာဖုံးဘုရင် ဒီကောင်က သေခါနီး ယဲ့ဖန်ရဲ့ တပည့်ပါ”
“သူက ယဲ့ဖန်ကို သစ္စာဖောက်မှာ မဟုတ်ဘူး၊ သူ့ကို သတ်သာသတ်ပစ်လိုက်ပါ”
ဟွမ်ဖုဖုန်းက စဉ်းလဲစွာ ပြုံးနေ၏။ သူ၏ ရန်စပေးသော စကားကြောင့် သံမျက်နှာဖုံးဘုရင်၏ အကြည့်များက ခက်ထန်လာသည်။
“ကောင်းပြီလေ၊ တော်တော် ခေါင်းကြောမာတဲ့ကောင်ပဲ”
“မင်းက အကောင်း၊ အဆိုးကို မခွဲခြားတတ်မှတော့ ငါက မင်းနဲ့ မင်းဆရာကို သေလမ်း အတူတူ ပို့ပေးရတာပေါ့”
ထိုသို့ပြောပြီး သံမျက်နှာဖုံးဘုရင်က အပြုံးကြီးပြုံးကာ ယင်ယန် နတ်ပုဆိန်ကို ဝင့်၍ ရှောင်ချီရှို့နှင့် ယဲ့ဖန်ပေါ်သို့ အားဖြင့် ခုတ်ချလိုက်သည်။
လက်ရှိပုဆိန်ချက်သည် ပြီးခဲ့သော တိုက်ကွက်များထက် ပို၍ ပြင်းထန်လှပြီး သံမျက်နှာဖုံးဘုရင် အားကုန် ထုတ်သုံးထားမှန်း သိသာလှသည်။
မရဏ အငွေ့အသက်များက ရှောင်ချီရှို့နှင့် ယဲ့ဖန်အား ဖုံးလွှမ်းလာလေသည်။ ထိုအငွေ့အသက်ကို ခံစားမိသူတိုင်း ကြက်သီးတဖြန်းဖြန်း ထလာကြသည်။ ဤပုဆိန်ချက်အောက်၌ ရှောင်ချီရှို့နှင့် ယဲ့ဖန်တို့ မလွဲမသွေ သေဆုံးရလိမ့်မည်ဟု အားလုံး တထစ်ချ ယုံကြည်နေသည်။
“ရှောင်ချီရှို့”
“သခင်ကြီး”
ဝိညာဉ်သခင်အပါအဝင် နတ်ဆိုးမျိုးနွယ်များနှင့် အန္တိမအဆင့် ရှေးဟောင်း သိုင်းပညာရှင်များအားလုံး တုန်လှုပ် ခြောက်ခြားနေကြသည်။ ဟွမ်ဖုယိုနှင့် ဟွမ်ဖုဖုန်းတို့မှာမူ ကြမ်းကြုတ်သော အပြုံးမျိုး ပြုံးနေကြ၏။
“သေလိုက်တော့၊ သောက်ငရဲဘုံကကောင်တွေ၊ မင်းတို့ သေသင့်တာ ကြာပြီကွ၊ ဟားဟားဟား …”
ဟွမ်ဖုဖုန်းသည် ဤပုဆိန်ချက်အောက်၌ ယဲ့ဖန်နှင့် ရှောင်ချီရှို့တို့ ခုတ်ထွင်းခံရတော့မည်ဟု မြင်ယောင်ကာ အလွန် စိတ်လှုပ်ရှားနေလေသည်။
ရှောင်ချီရှို့သည် ထိုပုဆိန်ချက်အောက်၌ မတ်တပ်ရပ်နေရင်း မျက်နှာဖြူရော်နေ၏။ သူသည် သန်မာပါ သော်လည်း ဤပုဆိန်ချက်အောက်၌ ခွန်အားမရှိသကဲ့သို့ ခံစားနေရသည်။
သူ ကြံရာမရဖြစ်နေချိန်တွင် အနက်ရောင်ဝတ်စုံနှင့် ယဲ့ဖန်က လဲနေရာမှ ထလာပြီး သူ့ရှေ့၌ ပိတ်ရပ်လေသည်။ ယဲ့ဖန်တစ်ကိုယ်လုံး သွေးများ ပေကျံနေသော်လည်း မိုးပြိုလာလျင်တောင်မှ ထိန်းထားနိုင်ဟန်ဖြင့် မားမားမတ်မတ် ရပ်နေ၏။
ထို့အပြင် သူသည် လက်ထဲ၌ အမိန့်ပြားတစ်ခုကို ကိုင်ထားသည်။ ထိုအမိန့်ပြား၌ မဟာနတ္ထိဟူသော စကားလုံးအား ရေးထွင်းထားလေသည်။