← Chapters

အခန်း ၉၈၄

Vol. 66 Ch. 984

အခန်း ၉၈၄

Vol. 66 Ch. 984

Chapter 984 ဟွမ်ဖုမျိုးနွယ် ပျက်သုဉ်းသွားပြီ

“ဆရာ”

ယဲ့ဖန်က မိမိရှေ့၌ ပိတ်ရပ်နေသည်ကိုမြင်ပြီး ရှောင်ချီရှို့ တုန်လှုပ်သွားသည်။ သူသည်သာမက ဘေးပတ်လည်မှ လူအများကြားတွင်လည်း ဆူညံပွက်လောရိုက်သွားလေသည်။ ဟွမ်ဖုမျိုးနွယ်ဝင်တိုင်း၏ မျက်နှာထားက အထင်သေး ရှုံ့ချဟန် ပေါ်နေသည်။

“ဟေ့ မင်း ထရပ်နိုင်တော့လည်း ဘာဖြစ်မှာလဲ၊ ထရပ်လိုက်ရင် မသေမှာ ကျနေတာပဲ”

“ဟားဟား … သံမျက်နှာဖုံးဘုရင်ရဲ့ ပုဆိန်ချက်ကို ဘယ်သူမှ မခုခံနိုင်ဘူးကွ”

“…”

များစွာသော ဟွမ်ဖုမျိုးနွယ်ဝင်များသည် သံမျက်နှာဖုံးဘုရင်၏ ပုဆိန်ချက်အောက်၌ ယဲ့ဖန်နှင့် ရှောင်ချီရှို့တို့ ခုတ်ပိုင်းခံလိုက်ရပြီဟု မြင်ယောင်နေရင်း အပြုံးကြီး ပြုံးနေကြသည်။ သံမျက်နှာဖုံးဘုရင်တောင်မှ မသိမသာ အံ့ဩသွားပြီးနောက် သရော်ပြုံး ပြုံးလိုက်သည်။

“ဟေ့ … တွားသွားကောင် သေလိုက်တော့”

ပြင်းထန်သော ဖိအားနှင့်အတူ နတ်ပုဆိန်က ကောင်းကင်ယံမှ ကျဆင်းလာပြီး ယဲ့ဖန်နှင့် ရှောင်ချီတို့အား ခုတ်ပိုင်းလာသည်။ ဤသည်ကိုကြည့်ပြီး နတ်ပုဆိန်ထံမှ ဖိအားကြောင့် အားလုံး ထိတ်လန့်သွားသည်။ လူတိုင်း၏ စိတ်ထဲတွင် ယဲဖ့န် မလွဲမသွေ သေဆုံးရတော့မည်ဟု မှတ်ထင်ထားကြသည်။

ထိုစဉ် ယဲ့ဖန်က ဖြည်းဖြည်းချင်း ခေါင်းမော့၍ ပါးစပ်ထောင့်မှ သွေးကိုသုတ်ကာ ပြုံးလိုက်သည်။

“အဆုံးသတ်ဖို့ အချိန်တန်ပြီ”

သူ့စကားအဆုံး၌ လက်ထဲမှ ရှေးဟောင်း အမိန့်ပြားက လင်းလက်လာပြီး မဟာနတ္ထိ ခေတ်အခါမှ အငွေ့အသက်များ ပျံ့လွင့်လာသည်။ ထို့နောက် အမိန့်ပြားက ရုတ်တရက် မိုးပေါ်ပျံတက်သွားပြီး ဥက္ကာခဲအရွယ်သို့ ပြောင်းလဲသွားသည်။

ယဲ့ဖန်က လက်ကိုလှုပ်ခါလိုက်သောအခါ ဧရာမ ရှေးဟောင်း အမိန့်ပြားက ကျဆင်းလာသော နတ်ပုဆိန်အား ခုခံတားဆီးလေသည်။

ဝုန်း!

အမိန့်ပြားနှင့် နတ်ပုဆိန်တို့ ထိုးနှက်သွားချိန်တွင် တုန်လှုပ်ဖွယ်ကောင်းသော ဖိအားအရှိန်အဝါတစ်မျိုး ပျံ့လွင့် လာ၏။

ဂျွတ်!

ထို့အပြင် ကြည်လင် ပြတ်သားသော အက်ကွဲသံတစ်ခု ထွက်ပေါ်လာသဖြင့် သံမျက်နှာဖုံးဘုရင် တုန်လှုပ်သွားရသည်။ သူ၏ နတ်ပုဆိန်ပေါ်၌ အက်ရာတစ်ခု ထင်လာသည်ကို မြင်လိုက်ရလေသည်။

ထို့နောက် နောက်ထပ် ပြတ်သားသော အက်ကွဲသံ ထွက်ပေါ်လာပြီး ယင်ယန် နတ်ပုဆိန်ပေါ်၌ ဒုတိယမြောက် အက်ရာတစ်ခု ထင်လာပြန်သည်။ ချက်ချင်းဆိုသလိုပင် တတိယမြောက် အက်ရာ၊ စတုတ္ထမြောက် အက်ရာ၊ ငါးခုမြောက် အက်ရာ၊ ဆယ်ခုမြောက် အက်ရာ။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ယင်ယန် နတ်ပုဆိန်တစ်ခုလုံး၌ ပင့်ကူမျှင်ကဲ့သို့သော အက်ရာများ ပြည့်နှက် လာပြီးနောက် ဂျွတ်ခနဲ ကျိုးကြေ ပျက်စီးသွားလေသည်။

“မဟုတ်ဘူး … မဖြစ်နိုင်တာ”

ထိုအချိန်၌ သံမျက်နှာဖုံးဘုရင်သည် ပျက်စီးသွားသော ယင်ယန်နတ်ပုဆိန်အား အရေးမလုပ်နိုင်ဘဲ ဥက္ကာခဲ အရွယ်အစားမျှရှိသော အမိန့်ပြားကိုသာ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေသည်။

“ဒါ … ဒါ မဟာနတ္ထိ ရှေးဧကရာဇ်ရဲ့ ရှေးဟောင်း အမိန့်ပြားပဲ”

သံမျက်နှာဖုံးဘုရင်သည် မျက်စိရှေ့မှ မြင်ကါင်းကြောင့် တုန်လှုပ်ခြောက်ခြားနေ၏။ သို့ရာတွင် ယဲ့ဖန်က သူ့အား နည်းနည်းလေးမျှ တုံ့ပြန်ချိန် မပေးချေ။

ရှေးဟောင်း အမိန့်ပြားက ယင်ယန် နတ်ပုဆိန်ကို ဖျက်ဆီးပြီးသည်နှင့် သံမျက်နှာဖုံးဘုရင်ထံသို့ အရှိန်ဖြင့် ဝင်ရောက်လာသည်။

“မကောင်းတော့ဘူး”

သံမျက်နှာဖုံးဘုရင်သည် ရှေးဟောင်း အမိန့်ပြားထံမှ တုန်လှုပ်ဖွယ်ကောင်းသော ဖိအား အရှိန်အဝါကို ခံစားမိပြီး ကြက်သီးထသွားလေသည်။

ထိုအရှိန်အဝါက မဟာနတ္ထိ ရှေးဧကရာဇ်ကိုယ်တိုင် ရောက်လာသည်နှင့် သဏ္ဌာန်တူလှပြီး သူ့အား တောင့်မခံနိုင် ဖြစ်သွားစေသည်။ သူသည် မဆင်မခြင် မပြုမူရဲတော့ဘဲ လက်သီးနှစ်ဖက်ကိုဆုပ်၍ ဦးခေါင်းထက်သို့ ကျလာသော ရှေးဟောင်း အမိန့်ပြားအား အားကုန်သုံး၍ ထိုးနှက်လိုက်သည်။ သို့သော် ထိုဖိအား အရှိန်အဝါကြောင့် သူ၏လက်နှစ်ဖက်လုံး ပျက်စီးသွားရသည်။

“မလုပ်နဲ့”

သံမျက်နှာဖုံးဘုရင် ကြောက်လန့်တကြား အော်ဟစ်လိုက်မိကာ ဧရာမ ရှေးဟောင်း အမိန့်ပြားက သူ၏ ဦးခေါင်းထက်သို့ ကျဆင်းလာသည်ကိုသာ ကြည့်နေလိုက်ရတော့သည်။

ထိုအခိုက်တွင် ဥက္ကာခဲတစ်ခုမျှ အရွယ်အစားရှိသော ရှေးဟောင်း အမိန့်ပြားသည် သံမျက်နှာဖုံးဘုရင်၏ ဦးခေါင်းအား ဖိချေလိုက်ပြီးနောက် ရင်ဘတ် ကျိုးကြေသွားစေပြီး ခြေလက်များအထိ ပျက်စီးသွားစေသည်။

နောက်ဆုံးတွင် ဧရာမ ရှေးဟောင်း အမိန့်ပြားသည် သံမျက်နှာဖုံးဘုရင်၏ ခန္ဓာကိုယ်တစ်ခုလုံးအား အသားပြားသဖွယ် ဖိချေလိုက်ပြီးနောက် မြေကြီးပေါ် အရှိန်ဖြင့် ကျလာသည်။ အမိန့်ပြားအောက်မှ ရဲရဲနီသော သွေးများ ဆက်တိုက် စိမ့်ထွက်လာ၏။

ထိုအခါ မြေကွက်လပ်၌ မည်သည့်အသံမှ ထွက်မလာတော့ဘဲ တိတ်ဆိတ်ငြိမ်သက်နေ၏။ အားလုံးသည် ထိုမြင်ကွင်းအား မယုံနိုင်ဟန်ဖြင့် ငေးကြည့်နေကြသည်။

အစောပိုင်းက ယဲ့ဖန်သည် ရှေးဟောင်း အမိန့်ပြားဖြင့် ယင်ကောင်ကို ရိုက်သတ်သကဲ့သို့ သံမျက်နှာဖုံးဘုရင်အား ရိုက်သတ်ခဲ့သည်။ လူတိုင်း ထိုအဖြစ်ကို လက်မခံနိုင်ဖြစ်နေ၏။

ဟွမ်ဖုယို၏ နဖူးမှ ချွေးစေးများ စီးကျလာပြီး မိမိမျက်လုံးနှင့် မြင်တွေ့နေရသည့်အရာအား မယုံနိုင် ဖြစ်နေလေသည်။

“သေ … သေသွားပြီးလား”

ပြိုင်ဘက်ကင်း စစ်သူကြီး သုံးဆယ့်ခြောက်ယောက်ထဲတွင် သံမျက်နှာဖုံးဘုရင်သည် နံပါတ်တစ် စစ်သူကြီး ဖြစ်သည်။ တစ်ချိန်က သံမျက်နှာဖုံးဘုရင်သည် ရှေးခေတ် မျိုးနွယ်စုကြီးများကို သတ်ဖြတ်၍ ဩဇာ ကြီးမားလာခဲ့သည်။

ထိုသို့သောလူက တစ်စုံတစ်ယောက်၏ ရိုက်သတ်ခြင်း ခံလိုက်ရသဖြင့် ဟွမ်ဖုယို မှင်တက်နေသည်။ ထို့အတူ ဟွမ်ဖုမျိုးနွယ်ဝင်များလည်း ပြုံးရယ်နေရာမှ ကြက်သေ သေနေကြသည်။ လူတိုင်း သတိဝင်လာပြီးနောက် ဟွမ်ဖုမျိုးနွယ်တစ်ခုလုံး၌ အုတ်အော်သောင်းတင်း ဖြစ်သွားလေသည်။

“မဟုတ်ဘူး … မဖြစ်နိုင်တာကြီးကို၊ သံမျက်နှာဖုံးဘုရင်က … အသေရိုက်သတ်ခံလိုက်ရတယ်တဲ့လား”

“မဟာနတ္ထိ အမိန့်ပြား၊ မြတ်စွာဘုရား … ဘယ်လိုလုပ် မဟာနတ္ထိ ရှေးဧကရာဇ်ရဲ့ အမိန့်ပြားက ဘယ်လိုလုပ် သူ့လက်ထဲ ရောက်နေတာလဲ”

“ထောင်သောင်းချီတဲ့ မျိုးနွယ်စုတွေကို အညံ့ခံလာအောင် လုပ်နိုင်တဲ့ ရှေးဟောင်း အမိန့်ပြား၊ အလောင်းကောင် မျိုးနွယ် ပြန်မွေးဖွားလာတော့မှာလား”

“…”

လက်ရှိတွင် ဟွမ်ဖုမျိုးနွယ်ဝင်တိုင်း ခြောက်ခြားနေကြပြီး အမိန့်ပြားအား ရှေးဟောင်း အမိန့်ပြားတစ်ခုကို မမြင်ဘဲ သေမင်း အမိန့်တော်အဖြစ် မြင်ယောင်နေကြသည်။

သူတို့သည်သာမက ဘုရင်မကျစ်ဝေ့နှင့် အခြားသူများလည်း မှင်တက်နေကြသည်။ ထို့နောက် သတိပြန်ဝင်လာပြီး ဝမ်းသာတက်ကြွလာသည်။

“မဟာနတ္ထိ အမိန့်ပြား၊ မြတ်စွာဘုရား … သခင်ကြီးမှာ တကယ် ရှေးဟောင်း အမိန့်ပြား ရှိနေတာပဲ”

ဟွမ်ထျန်းပါ့ ထိတ်လန့်နေသလို ဘုရင်မကျစ်ဝေ့သည်လည်း ပိုပို၍ လေးစားကြည်ညိုလာသည်။

“အရင်က မဟာနတ္ထိ ရှေးဧကရာဇ်က ရှေးခေတ်အခါရော လက်ရှိခေတ်ကိုပါ ထိတ်လန့်အောင် လုပ်နိုင်တဲ့သူပဲ၊ ပြီးတော့ သူ့ရဲ့ လက်အောက်ခံ ကျေးကျွန်မိသားစုကြီးက လေးခုမဟုတ်ဘူး ငါးခု ရှိခဲ့တာ”

“အဲ့မျိုးနွယ်ငါးခုမှာ မသေမျိုးမျိုးနွယ်နဲ့ အခြားမျိုးနွယ်သုံးခုအပြင် ဘုရင်မျိုးနွယ်ဖြစ်တဲ့ အလောင်းကောင် မျိုးနွယ်လည်း ပါတယ်”

အလောင်းကောင် မျိုးနွယ်။ ထိုအမည်နာမသည် အလွန်ရှေးကျစွာ တည်ရှိခဲ့သော အမည်နာမဖြစ်သည်။ သူတို့သည် မဟာနတ္ထိ ရှေးခေတ်အစကတည်း တည်ရှိခဲ့ပြီး မဟာနတ္ထိ ခေတ်အခါ၏ နေရာလပ်မကျန်အား စိုးမိုးခဲ့သည်။

သူတို့သည် မည်သူ့ကိုမျှ မကျိုးနွံဘဲ ရှေးဟောင်း အမိန့်ပြားကိုသာ ကျိုးနွံနာခံလေသည်။ ရှေးဟောင်း အမိန့်ပြား၏ ပိုင်ရှင်သည် အလောင်းကောင်မျိုးနွယ်၏ အရှင်သခင်ပင်။

မဟာနတ္ထိ ရှေးဧကရာဇ် အထက်သို့ တက်သွားချိန်တွင် ရှေးဟောင်း အမိန့်ပြားကိုပါ တစ်ပါတည်း ယူဆောင် သွားသဖြင့် အလောင်းကောင်မျိုးနွယ်ကို မည်သူမျှ အမိန့်ပေးနိုင်ခြင်း မရှိတော့ချေ။

ယခုအခါတွင် ယဲ့ဖန်က ရှေးဟောင်း အမိန့်ပြားကို ဖြည်းဖြည်းချင်း မယူလိုက်သည်။ ထိုအခါ အမိန့်ပြားအောက်၌ ပြားချပ်နေသော လူတစ်ယောက် ပေါ်လာသည်။ သံမျက်နှာဖုံးဘုရင်သည် သေဆုံးချိန်အထိ ရိုက်သတ်ခံ ရလိမ့်မည်ဟု ထင်ထားမိပုံ မပေါ်ချေ။

ယဲ့ဖန်က ဟွမ်ဖုယိုထံသို့ တစ်လှမ်းချင်း လှမ်းသွားလေသည်။ သူ ခြေလှမ်း လှမ်းလိုက်တိုင်း ဟွမ်ဖုယိုနှင့် ဟွမ်ဖုဖုန်းတို့ သေမတတ် ကြောက်လန့်နေကြသည်။

သူ၏ခြေသံအား သေမင်းတမန်၏ ခြေသံဟု ထင်မှတ်မှားကာ ဟွမ်ဖုယို ရင်တုန်နေ၏။ ယဲ့ဖန် အနားသို့ ရောက်လာချိန်တွင် ဟွမ်ဖုယိုသည် ကြက်သီးတဖြန်းဖြန်းထကာ အသက်ချမ်းသာပေးရန် တောင်းပန်ချင်နေသည်။

“လူကြီးမင်းလေး …”

ဟွမ်ဖုယို စကားမဆုံးသေးခင်မှာပင် ကောင်းကင်ထက်မှ ရှေးဟောင်း အမိန့်ပြား ကျလာပြီး သူ့အား အရှိန်ဖြင့် ရိုက်ချလေသည်။ သူ၏ အိုမင်းနေသော ခန္ဓာကိုယ်က ချက်ချင်းဆိုသလို ကျိုးကြေသွားပြီး သွေးများ ပန်းထွက်ကာ အရှင်လတ်လတ် အသတ်ခံလိုက်ရလေသည်။

ထို့အပြင် သွေးစက်များက ဟွမ်ဖုဖုန်း၏ မျက်နှာကို လာစဉ်သဖြင့် ဟွမ်ဖုဖုန်း သွေးပျက်သွားရသည်။

“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ၊ ပြိုင်ဘက်ကင်း စစ်သူကြီး ခုနစ်ယောက်လုံး အသတ်ခံလိုက်ရပြီလား”

“ဒါ …”

ဟွမ်ဖုဖုန်း ထိတ်လန့်တုန်လှုပ်နေ၏။ သူသည် ယဲ့ဖန်အား မြေအောက်ငရဲမှ တက်လာသော နတ်ဆိုး တစ်ကောင်အား ကြည့်သကဲ့သို့ ကြည့်နေမိသည်။

သို့ရာတွင် ယဲ့ဖန်က သူ၏ သွေးပျက်တုန်လှုပ်မှုကို ဂရုမစိုက်ဘဲ အေးစက်စက် ပြောလာသည်။

“ဒီနေ့ကစပြီး ဟွမ်ဖုမျိုးနွယ် ပျက်သုဉ်းသွားပြီ”

ထိုသို့ပြောပြီးနောက် သူသည် ခြေထောက်တစ်ဖက်ကိုမ၍ ဟွမ်ဖုဖုန်း၏ ဦးခေါင်းပြတ်အား နင်းချေလိုက်သည်။

ဂျွတ်!

ဦးခေါင်းတစ်ခုလုံး ကွဲကြေသွားလေတော့သည်။

All Chapters