အခန်း ၉၈၅
Vol. 66 Ch. 985
Chapter 985 အလောင်းကောင်မျိုးနွယ်
ယင်ယန်လောကနယ်ပယ်၌ မရေတွက်နိုင်သော လျှို့ဝှက်ချက်များစွာ ရှိလေသည်။ ထိုလျှို့ဝှက်ချက်များထဲတွင် ရှီကျုံးတောင်လည်း တစ်ခု အပါအဝင် ဖြစ်သည်။
ထိုတောင်သည် မြင့်မြတ်သော တောင်တစ်လုံးဖြစ်ပြီး တောင်ထိပ်က ကောင်းကင်ယံထဲသို့ တိုးဝင်နေသဖြင့် ကောင်းကင်သို့ ဓားတစ်လက် ထိုးစိုက်နေသည်ဟု ထင်မှတ်မှားရသည်။
ထိုတောင်ထိပ်၌ အဆောက်အအုံငယ်တစ်ခု ရှိသည်ကို ယင်ယန်လောက၏ သိုင်းပညာရှင်ကြီးများအားလုံး သိထားကြသည်။ ထိုအအောက်အအုံ၌ အလောင်းကောင် ခေါင်းလောင်းကို ချိတ်ဆွဲထားသည်။
ဒဏ္ဍာရီများအရဆိုလျင် ထိုခေါင်းလောင်းအား ရှေးခေတ်အခါက အလောင်းကောင်မျိုးနွယ်များ ချိတ်ဆွဲ ထားခဲ့သည်ဟု ဆိုသည်။
မည်မျှသန်မာသေူ ဖြစ်နေပါစေ ဤခေါင်းလောင်းက အသံလေးတစ်ခု ထွက်အောင်ပင် မတီးနိုင်ဟု ဆိုသည်။ လူသား ဧကရာဇ်တောင်မှ ရှီကျုံးရှန်တောင်ပေါ်မှ အလောင်းကောင်ခေါင်းလောင်းထံ လာဖူးခဲ့သည်။
သူသည် အလောင်းကောင် ခေါင်းလောင်းကို တီး၍ အလောင်းကောင် မျိုးနွယ်ကို ဆင့်ခေါ်ကာ သူ၏ ကျေးကျွန်အဖြစ် ရရှိအောင် ကြိုးပမ်းခဲ့သည်။
သို့သော် သူ လေးဆယ့်ကိုးရက်တိတိ ကြိုးပမ်းခဲ့သော်လည်း အလောင်းကောင် ခေါင်းလောင်းအောင် အသံထွက်လာအောင် မလုပ်နိုင်သကဲ့သဖြင့် မတတ်သာဘဲ လှည့်ပြန်ခဲ့ရသည်။
လက်ရှိအချိန်တွင် အဆောက်အအုံအတွင်း၌ အဘိုးအိုတစ်ယောက်က ကလေးငယ်တစ်သိုက်အား ပုံပြင်တစ်ပုဒ် ပြောပြနေ၏။
“အလောင်းကောင်မျိုးနွယ်က ရှေးခေတ်တုန်းက အရမ်းကြောက်စရာကောင်းတဲ့ မျိုးနွယ်တွေထဲက တစ်ခုပေါ့”
“သူတို့မှာ ကြောက်စိတ် မရှိဘူး၊ ခံစားချက်ဆိုတာ မရှိဘူး၊ သူတို့ တိုက်ခိုက်ပြီဆိုရင် ဘယ်ရန်သူမဆိုအတွက် အိပ်မက်ဆိုးလိုပဲ”
“အထူးသဖြင့် သူတို့က ရှေးဟောင်း အမိန့်ပြား ပိုင်ရှင်ရဲ့ အမိန့်ကိုပဲ နာခံတာ၊ အမိန့်ပြား ထွက်ပေါ်လာတာနဲ့ အလောင်းကောင်မျိုးနွယ်တွေ ထွက်လာလိမ့်မယ်”
အဘိုးအိုက မရပ်မနား ပြောပြနေပြီး ကလေးငယ်များက ကြားသမျှကို မှတ်သားနေကြသည်။
“ဆရာ ဒါဆို ရှေးဟောင်း အမိန့်ပြားက မဟာနတ္ထိ ရှေးဧကရာဇ်နဲ့အတူ အထက်ကို ပါသွားပြီ မဟုတ်လား၊ ဒါဆို အလောင်းကောင်ခေါင်းလောင်းက ဘယ်တော့မှ မြည်လာမှာမဟုတ်ဘူးလို့ ပြောရမှာပေါ့နော်”
“ဒါဆို အလောင်းကောင်မျိုးနွယ်က ဘယ်တော့မှ ပြန်ပေါ်မလာတော့ဘူးပေါ့”
ကလေးမလေးတစ်ယောက်က စိတ်ပျက်ဟန်ဖြင့် မေးလာသည်။ သူမစကားကြောင့် အဘိုးအိုက သက်ပြင်းချ လိုက်သည်။
“ဟုတ်တယ်၊ ရှေးဟောင်း အမိန့်ပြား မရှိရင် အလောင်းကောင်ခေါင်းလောင်းလည်း မြည်လာမှာ မဟုတ်ဘူး”
“အဲ့လိုဆိုရင် အလောင်းကောင်မျိုးနွယ်က ရှေးဟောင်း သမိုင်းကြောင်းထဲမှာပဲ ဆက်အိပ်ပျော်သွားပြီး တဖြည်းဖြည်းနဲ့ သေဆုံးသွားလိမ့်မယ်”
“နှမြောစရာပဲ၊ နှမြောစရာ ကောင်းလိုက်တာ”
အဘိုးအိုက ခေါင်းတခါခါနှင့် သူ့အရှေ့မှ အလောင်းကောင် ခေါင်းလောင်းကို လှမ်းကြည့်လိုက်သည်။
“ဒီအလောင်းကောင်ခေါင်းလောင်းက ဒီလောကမှာ အလောင်းကောင်မျိုးနွယ် တည်ရှိခဲ့တယ်ဆိုတာကို သက်သေပြနိုင်တဲ့ တစ်ခုတည်းသော အရာပဲ ဖြစ်လာတော့မယ် ထင်တယ်”
ထိုသို့ပြောပြီး အဘိုးအိုက အလောင်းကောင် ခေါင်းလောင်းကို လက်ဖြင့် ပွတ်သပ်လိုက်သည်။ သူ၏လက်နှင့် ခေါင်းလောင်းတို့ ထိသွားချိန်တွင် အလောင်းကောင် ခေါင်းလောင်းမှနေ၍ ဒေါင်ခနဲ မြည်သံ ထွက်လာ၏။
ဒေါင်! ဒေါင်! ဒေါင်!
အဘိုးအိုနှင့် ကလေးတစ်သိုက်တို့သည် ခေါင်းလောင်းသံကြောင့် နားအူသွားပြီး နောက်သို့ မီတာရာချီ၍ လွင့်ထွက်သွားသည်။ ထို့နောက် အားလုံး မြေကြီးပေါ် ပြန်ပြုတ်ကျကာ သွေးအန်လေတော့သည်။
သူတို့သည် မိမိတို့၏ ခန္ဓာကိုယ်မှ ဒဏ်ရာဒဏ်ချက်များကို အရေးမလုပ်အားပေ။ အားလုံးက ခေါင်းမော့၍ အလောင်းကောင် ခေါင်းလောင်းအား ထိတ်လန့်၍ မယုံနိုင်ဟန်ဖြင့် လှမ်းကြည့်မိသည်
“အလောင်းကောင် … အလောင်းကောင် ခေါင်းလောင်းက မြည်သွားတာလား”
အားလုံး နားဝေတိမ်တောင် ဖြစ်နေကြသည်။ ဤသို့သော ပြောင်းလဲမှုမျိုးနှင့် ကြံရလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။ အဘိုးအိုဆိုလျင် ကြားလိုက်ရသည့်အသံကို မယုံနိုင် ဖြစ်နေ၏။
ဒေါင်!
ထိုစဉ် နောက်ထပ် ခေါင်းလောင်းသံ ထွက်ပေါ်လာ၏။ ထိုအသံလှိုင်းက ရှီကျုံးတောင်မှနေ၍ ယင်ယန်လောက တစ်ခုလုံးသို့ ပျံ့လွင့်သွားလေသည်။
လက်ရှိတွင် အဘိုးအိုနှင့်
လက်ရှိတွင် အဘိုးအိုနှင့် ကလေးတစ်သိုက်တို့ လှုပ်လှုပ်ရွရွ ဖြစ်နေပြီး အားလုံး စိတ်လှုပ်ရှားမှုကြောင့် မျက်နှာ နီမြန်းလာကြသည်။
အလောင်းကောင် ခေါင်းလောင်း အသံမြည်လာသည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရခြင်းကို သူတို့ ဘဝတစ်လျှောက် ဝင့်ကြွားစွာ ပြောဆိုနိုင်ပေတော့မည်။
“ကောင်းတယ်၊ သိပ်ကောင်းတယ်”
“အလောင်းကောင် ခေါင်းလောင်း မြည်လာပြီဆိုတော့ ရှေးဟောင်း အမိန့်ပြား ထွက်လာပြီပဲ”
“အလောင်းကောင်မျိုးနွယ် ပြန်မွေးဖွားလာတော့မယ်”
အဘိုးအိုသည် ယခုထက်ပို၍ စိတ်မလှုပ်ရှားနိုင်တော့ချေ။ ရှေးခေတ်ကတည်းက ရှည်ကြာစွာ တည်ရှိခဲ့သော မျိုးနွယ်တစ်ခု ပြန်မွေးဖွားလာပြီး ယင်ယန်လောကကို ရှင်းလင်းကာ အထက်သို့ တက်လှမ်းတော့မည်ဟု မြင်ယောင်နေ၏။
တစ်ချိန်တည်းမှာပင် အလောင်းကောင်ခေါင်းလောင်းသံမှ ခေါင်းလောင်းသံ ထွက်ပေါ်လာသည်နှင့် ယင်ယန် လောက၏ နေရာအစုံ၌ ထိတ်လန့်ဖွယ် အဖြစ်အပျက်များ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာသည်။
ဟွိုင်နန်မြို့အပြင်ဘက်၌ လောကသခင်အဆင့် သိုင်းပညာရှင်များ သည်းကြီးမည်းကြီး တိုက်ခိုက်နေကြသည်။ ထိုသူများထဲတွင် အန္တိမအဆင့် သိုင်းပညာရှင်တစ်ချို့လည်း ပါဝင်နေသည်။
“သတ်ကြဟေ့”
ထိုသိုင်းပညာရှင်များသည် အလွန် ကြမ်းကြုတ်ခက်ထန်စွာဖြင့် အသည်းအသန် တိုက်ခိုက်နေကြသည်။ သို့သော် ထိုသို့သောအချိန်၌ မြေဆီလွှာထံမှ အက်ကွဲသံ ထွက်ပေါ်လာလေသည်။
တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်နေကြသည့် သိုင်းပညာရှင်များလည်း တိုက်ခိုက်နေရာမှ ရပ်တန့်သွားပြီး ဘေးဘီအား ဝေ့ကြည့်ကြလေသည်။
ထိုအခါတွင်မှ တိုက်ပွဲဖြစ်နေသော မြေကြီး၌ အက်ကြောင်းရာ ထင်ဟပ်နေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် မြေကြီးတွင် အက်ရာများ ပို၍ ထင်ဟပ်လာပြီး အက်ကြောင်းရာထဲမှ အေးစက်သော ယင်ဓာတ်များ ပျံ့လွင့်လာ၏။ ကြောက်စရာကောင်းသော တစ်စုံတစ်ရာ မွေးဖွားလာတော့မည့်ပုံပင်။
“သေစမ်း၊ ဒီမြေကြီးအောက်က ဘာကြီးလဲ”
ဤအဖြစ်ကို တွေ့လိုက်ရသည့် သိုင်းပညာရှင်တိုင်း ကြက်သီးထလာသည်။ ဘာရယ်ကြောင့်မှန်း မသိသော်လည်း မြေအောက်မှ တစ်စုံတစ်ရာက သူတို့အား ကြောက်လန့်စေသော ခံစားချက်များ ပေးစွမ်းနေ၏။
ဝုန်း!
ပေါက်ကွဲသံနှင့်အတူ တိုက်ပွဲဖြစ်နေသော မြေကြီးအတွင်းမှ လက်မောင်းတစ်ဖက် ထွက်လာသည်။ ထိုလက်မောင်းကို မြင်လိုက်ရသည်နှင့် အားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။
*ပုပ်နေပါလား*
နှစ်ပေါင်းများစွာ မြှုပ်နှံထားသော လူသေ၏ လက်မောင်းတစ်ဖက်နှင့် ဆင်တူလှသည်။ ထိုစဉ် ပုပ်နေသော လက်က မြေကြီးကို အားပြု၍ ထောက်လာသည်။
ထိုအခါ မြေဆီလွှာများ ကြွတက်လာပြီး အထဲမှ အရိုးများသာ ကျန်ရစ်လုနီးပါး ဖြစ်နေသော ယိုယွင်းပျက်စီး နေသည့် အလောင်းတစ်ခု ထွက်လာသည်။
ထိုသတ္တဝါ၏ ခန္ဓာကိုယ်၌ မည်သည့် အပူချိန်မှ မရှိဘဲ အေးစက်နေ၏။ အထူးသဖြင့် သူ၏ ဝိညာဉ်ကို ခံစား၍ မရချေ။ ထိုသူသည် တကယ်ပင် အလောင်းကောင် ဖြစ်လေသည်။
“ဒါ … ဒါ အလောင်းကောင် မျိုးနွယ်က မဟုတ်လား”
အန္တိမအဆင့် သိုင်းပညာရှင်တစ်ယောက်က မယုံနိုင်သော အကြည့်များဖြင့် တုန်တုန်ယင်ယင် ပြောလာသည်။
ထိုအလောင်းကောင်သည် ဘေးနားမှ လူများ၏ အတွေးကို အရေးမစိုက်ပေ။ မြေကြီးထဲမှ ထွက်လာသည်နှင့် သူသည် တစ်စုံတစ်ရာကို ခံစားမိပုံရသည်။ ထို့နောက် သူသည် ယုံကြည်ချက် ခိုင်မာသွားဟန်ဖြင့် အရပ်မျက်နှာတစ်ခုသို့ လျှောက်သွားလေသည်။
ဒေါက်! ဒေါက်! ဒေါက်!
သူသည် လောကသခင်အဆင့် သိုင်းပညာရှင်များကို ဖြတ်ကျော်၍ လျှောက်သွားလေသည်။ သူ ခြေလှမ်း လှမ်းလိုက်သည့်အခါတိုင်း သူ၏ခြေဖဝါးမှ ပြင်းထန်သော အဖျက်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး မြေကြီးထဲသို့ စိမ့်ဝင်လာသလို ဘေးပတ်လည်သို့ ပျံ့လွင့်သွားသည်။
ထိုအဖျက်စွမ်းအင်ကြောင့် လောကသခင်အဆင့်များ တစ်ယောက်ပြီး တစ်ယောက် ပေါက်ကွဲ၍ သေဆုံး သွားကြသည်။ ထိုအလောင်းကောင်၏ ဘေးပတ်လည်၌ သွေးမြူခိုးများ လွင့်ပျံ့နေ၏။ သူ သွားသည့် မည်သည့်နေရာမဆို မည်သည့်အပင်မှ ရှင်သန်ခြင်း မရှိသလို သက်ရှိအားလုံး သေဆုံးရမည့်ပုံပင်။
“သေစမ်း”
မျက်စိရှေ့မှ အဖြစ်အပျက်ကြောင့် ကျန်သော လောကသခင်အဆင့်များ ထိတ်လန့်သွားကြသည်။ သူတို့သည် သတိပြန်ဝင်လာသည်နှင့် ကြောက်လန့်တကြားဖြင့် အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကြလေသည်။
ဤသည်မှာ အိပ်မက်ဆိုး၏ အစသာ ရှိပေသေးသည်။ ပြင်းထန်သော အဖျက်စွမ်းအင်များက ဘေးပတ်လည်သို့ ဆက်လက် ပျံ့လွင့်နေသည်။
လူဆယ်ယောက်၊ အယောက်ငါးဆယ်၊ အယောက်တစ်ရာ။ မျက်တောင်တစ်ခတ်အတွင်းမှာပင် တိုက်ပွဲနေရာမှ လောကသခင်အဆင့် အယောက်တစ်ရာမျှ ပေါက်ကွဲသေဆုံးသွားလေသည်။
တိုက်ပွဲနေရာမှ လေထုတွင် သားသတ်ရုံကဲ့သို့ သွေးနံ့များ လှိုင်လှိုင်ထနေပြီး အန္တိမအဆင့် သိုင်းပညာရှင်များ ကြက်သီး တဖြန်းဖြန်း ထသွားကြသည်။
“ငါတို့ ပြေးလို့ မလွတ်နိုင်ဘူး၊ ငါတို့ အသက်ရှင်လျက် ထွက်နိုင်မှ ဖြစ်မယ်၊ မဟုတ်ရင် ဒီသတင်းကို လူတွေ သိမှာ မဟုတ်တော့ဘူး”
“သတ်၊ သူ့ကိုသတ်”
အန္တိမအဆင့် သိုင်းပညာရှင်များ မျက်ခုံးလှုပ်နေကြပြီး အချင်းချင်း ပြန်ကြည့်လိုက်သည်။ ထို့နောက် လူတစ်ချို့က အလောင်းကောင်ထံသို့ လှစ်ခနဲ ပြေးဝင်သွားပြီး သုတ်သင်ရန် ကြိုးစားကြလေသည်။
“သတ်”
အန္တိမအဆင့် သိုင်းပညာရှင်များက စိုးရိမ်ကြောင့်ကြစွာဖင့် အားကုန်ထုတ်သုံး၍ အလောင်းကောင်ထံသို့ ပြေးဝင်နေကြသည်။ ထိုစဉ် အလောင်းကောင်က ရုတ်တရက် သူတို့ကို လှည့်ကြည့်လာပြီး မျက်ဆန်မရှိသော မျက်လုံးနက်နက်ဖြင့် သူတို့ကို စိုက်ကြည့်လာသည်။ ထိုအကြည့်က ရင်ဝသို့ ဓားဖြင့် ထိုးစိုက်ခံလိုက်ရသလိုပင်။
“မလုပ်နဲ့”
အန္တိမအဆင့်များ ငယ်သံပါအောင် အော်ဟစ်လာကြပြီးနောက် ပေါက်ကွဲ၍ သေဆုံးသွားလေသည်။ နောက်ဆုံးတွင် ထိုတိုက်ပွဲဖြစ်ရာ နေရာ၌ အသက်ရှင်သူဟူ၍ တစ်ယောက်မှ မရှိတော့ပေ။ သိုင်းပညာရှင်များ အားလုံး ပေါက်ကွဲကာ သေဆုံးသွားကြသဖြင့် အကောင်းပကတိ ရှိနေသော အလောင်းဟူ၍လည်း မရှိပေ။
အလောင်းကောင်မှာမူ အရပ်မျက်နှာတစ်ခုသို့ သေမင်းတမန်သဖွယ် ဖြည်းဖြည်းချင်း ဆက်၍ လျှောက်လှမ်း နေ၏။