အခန်း ၉၈၆
Vol. 66 Ch. 986
Chapter 986 အလောင်းကောင် ဘုရင်
ယင်းချောင် ရုပ်သေးအလောင်းကောင်ဂိုဏ်း။
ထိုဂိုဏ်းသည် ယင်ယန်လောက၌ အလွန် ရက်စက်ကောက်ကျစ်သော ဂိုဏ်းဖြစ်သည်။ သူတို့သည် သေမင်း နတ်ဘုရားကို ယုံကြည်ကိုးကွယ်ပြီး သိုင်းပညာရှင်များ၏ အလောင်းများကို ခိုးယူကာ ရုပ်သေး အလောင်းကောင် အဖြစ် ပြောင်းလဲပစ်ကြသည်။
ဤသည်ကပင် ရုပ်သေး အလောင်းကောင်ဂိုဏ်းအား အလွန် အင်အားကြီးစေပြီး ကြောက်စရာ ကောင်းစေခဲ့သည်။ မိုင်တစ်ထောင်အတွင်း မည်သူမျှ သူတို့ကို ရန်မစရဲချေ။
ထို့အပြင် ရုပ်သေး အလောင်းကောင်ဂိုဏ်း၏ ပင်မခန်းမအတွင်း၌ တရိုတသေ ထိန်းသိမ်းထားသော အလောင်းတစ်ခု ရှိသည်။ ထိုအလောင်းသည် အလောင်းကောင်မျိုးနွယ်၏ အလောင်းကောင်ဘုရင် ဖြစ်သည်။
ရုပ်သေး အလောင်းကောင်ဂိုဏ်း၏ အကြီးမားဆုံးဆန္ဒမှာ ဤအလောင်းကောင်ဘုရင်အား သူတော်စင် ရုပ်သေး အလောင်းကောင်အဖြစ် သန့်စင်ရန် ဖြစ်သည်။
ယနေ့တွင် အလောင်းကောင်ဂိုဏ်း၏ ရာထူးမြင့်သော တပည့်ဂိုဏ်းသား အကြီးအကဲများအားလုံး စုဝေးနေသည်။ လူပေါင်း နှစ်ထောင်နီးနီး ရှိပြီး ထိုလူများထဲတွင် လောကသခင်အဆင့်များ မရေတွက်နိုင်အောင် ရှိနေသည်။
အန္တိမအတစ်ပိုင်းအဆင့်
အန္တိမတစ်ပိုင်းအဆင့်က ရာဂဏန်းမျှ ရှိပြီး အန္တိမအဆင့်များက ဒါဇင်ချီ၍ ရှိလေသည်။ ထို့အပြင် ရုပ်သေး အလောင်းကောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူသည် အန္တိမ အထွတ်အထိပ်အဆင့်သို့ ရောက်နေသူ ဖြစ်သည်။
“အားလုံးပဲ၊ ကျုပ်တို့ ရုပ်သေး အလောင်းကောင်ဂိုဏ်းက အလောင်းကောင်ဘုရင်ကို သန့်စင်ဖို့အတွက် ပါဝင်ပစ္စည်းအားလုံးကို နှစ်ထောင်ချီပြီး ပြင်ဆင်ခဲ့တယ်”
“ဒီနေ့ကစပြီး ငါတို့ ရုပ်သေး အလောင်းကောင်ဂိုဏ်းမှာ တကယ့် အလောင်းကောင်ဘုရင်ကို အစောင့်အကြပ် အဖြစ် ထားနိုင်တော့မယ်”
ရုပ်သေး အလောင်းကောင်ဂိုဏ်း၏ ဂိုဏ်းချုပ် ပြောသောစကားများက ဂိုဏ်းသားများအားလုံးကို ဝမ်းသာ ပျော်ရွှင်သွားစေသည်။
အကယ်၍ အလောင်းကောင် ဘုရင်ကိုသာ ရုပ်သေး အလောင်းကောင်အဖြစ် သန့်စင်နိုင်ပါက ရုပ်သေး အလောင်းကောင်ဂိုဏ်းသည် မိုးကြိုးတောင်ကြားကဲ့သို့ ကြောက်စရာကောင်းသော အင်အားစုတစ်ခု ဖြစ်လာမည်မှာ အသေအချာပင်။
ထိုသို့ အတွေးဝင်လာပြီးနောက် ရုပ်သေး အလောင်းကောင်ဂိုဏ်းသားများအားလုံး စိတ်လှုပ်ရှားလာပြီး လက်သီးလက်မောင်းတန်း၍ ဟစ်ကြွေးလေသည်။
“အလောင်းကောင်ဘုရင်”
“အလောင်းကောင်ဘုရင်”
“အလောင်းကောင်ဘုရင်”
ဟစ်ကြွေးသံများက မိုးခြိမ်းသံအလား ကျယ်လောင်လှပြီး အားလုံး မျှော်လင့်တကြီး ဖြစ်နေသည်။ ထိုစဉ် ရုပ်သေး အလောင်းကောင်ဂိုဏ်း၏ ဂိုဏ်းချုပ်က လက်ဝှေ့ယမ်း၍ ရှားပါးပစ္စည်းများကို တစ်ခုပြီးတစ်ခု လေပေါ် ဆိုင်းငံ့ထားစေသည်။ ထို့နောက် မီးတောက်များ ထွက်ပေါ်လာပြီး သန့်စင်ရန် ပြင်လေသည်။
ဒေါင်!
ထိုစဉ် တုန်လှုပ်ဖွယ်ကောင်းသော ခေါင်းလောင်းသံ ထွက်ပေါ်လာ၏။ အသံက မိုင်ပေါင်း ထောင်သောင်းချီသော အဝေးမှ ထွက်ပေါ်လာသည့်ပုံပင်။ သို့ရာတွင် ပင်မခန်းမတွင်းမှ လူများအားလုံး ထိုအသံကြောင့် တုန်လှုပ် သွားသည်။ ရုပ်သေး အလောင်းကောင်ဂိုဏ်းချုပ်ဆိုလျင် ချက်ချင်း မျက်နှာပျက်ယွင်းသွားသည်။
“ဒါ … ဒါ အလောင်းကောင်ခေါင်းလောင်းရဲ့ ခေါင်းလောင်းသံ မဟုတ်လား”
ဖြစ်နိုင်ချေကို တွေးမိပြီးနောက် ရုပ်သေး အလောင်းကောင် ဂိုဏ်းချုပ် ကြက်သီးမွေးညင်း ထသွားလေသည်။ ထို့နောက် ချက်ချင်း နောက်လှည့်၍ ခန်းမအပေါ်သို့ မော့ကြည့်လိုက်သည်။
ထိုစဉ် အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ဂျိုးခနဲ ဂျွတ်ခနဲ အသံများ ထွက်လာပြီး ကြောက်စရာ ကောင်းသော အလောင်းကောင် ဘုရင်က ချက်ချင်း မျက်လုံးပွင့်လာ၏။ မျက်ဆန်မရှိသော မျက်လုံးတစ်စုံက မီးတောက်သကဲ့သို့ ဝင်းလက်နေသည်။
ထို့နောက် အလောင်းကောင်ဘုရင်သည် ယဇ်ပုလ္လင်ပေါ်မှ ထရပ်လာလေသည်။ သူ၏ ပြင်းထန်လှသော ဖိအားကြောင့် လူတိုင်း မျက်နှာ ပျက်သွားကြသည်။ ထို့အပြင် အလောင်းကောင်ဘုရင်ထံမှ အက်တက်တက် အသံ ထွက်လာ၏။
“ငါ့အရှင် ရောက်လာပြီ”
သူ၏မျက်လုံးများက တလက်လက် တောက်နေပြီး အလွန် စိတ်လှုပ်ရှားနေပုံပေါ်သည်။ ထို့နောက် သူသည် အောက်သို့ တစ်လှမ်းချင်း ဆင်းလာသည်။
သူ ကြမ်းပြင်ပေါ် ခြေချလိုက်ချိန်တွင် ပင်မခန်းမတစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ လှုပ်ခါသွားသည်။ ထို့အပြင် လောကသခင်အဆင့် သိုင်းပညာရှင်များသည် သတိပြန်မဝင်သေးခင်မှာပင် တစ်ယောက်ပြီး တစ်ယောက် ပေါက်ကွဲ၍ သေဆုံးသွားလေသည်။
ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင်။ ခြေလှမ်းတစ်လှမ်းအတွင်း လောကသခင်အဆင့် သိုင်းပညာရှင် ထောင်ချီ၍ သေဆုံးသွားသည်။
ဤအဖြစ်က ရုပ်သေး အလောင်းကောင်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် ဂိုဏ်းအကြီးအကဲများ အားလုံးကို ထိတ်လန့်သွား စေသည်။
“အလောင်းကောင်ဘုရင် အသက်ဝင်လာပြီ၊ မြန်မြန်၊ ရုပ်သေး အလောင်းကောင်တွေအားလုံးကို သုံးပြီး သူ့ကို သတ်ကြ”
ရုပ်သေး အလောင်းကောင်ဂိုဏ်းချုပ်၏ စကားက အလွန် ခက်ထန်လှသည်။ သူ့စကားကို ကြားသည်နှင့် အန္တိမအဆင့် သိုင်းပညာရှင်များနှင့် အန္တိမ တစ်ပိုင်းအဆင့် သိုင်းပညာရှင်များအားလုံး ကြက်သီးထသွားသည်။
ထို့နောက် လက်ကိုထုတ်၍ ရုပ်သေး အလောင်းကောင်များကို ထုတ်လိုက်ကြသည်။ လူတိုင်း၌ ရုပ်သေး အလောင်းကောင် နှစ်ကောင်၊ သုံးကောင်မျှ ရှိလေသည်။ ရုပ်သေး အလောင်းကောင်များသည် အန္တိမအဆင့်များ ဖြစ်ကြသည်။
အန္တိမတစ်ပိုင်းအဆင့်များလည်း များပြားစွာ ရှိနေသဖြင့် ရုပ်သေး အလောင်းကောင် စစ်တပ်နှင့် သဏ္ဌာန်တူ လှသည်။
သို့သော် လူတိုင်းက ရုပ်သေး အလောင်းကောင်များကိုသုံး၍ အလောင်းကောင်ဘုရင်အား တိုက်ခိုက်ရန် ပြင်လိုက်ချိန်တွင် အလောင်းကောင်ဘုရင်က ရုပ်သေး အလောင်းကောင်များအားလုံးကို စိုက်ကြည့်လေသည်။
သူ၏ မျက်လုံး၌ ခပ်ဖျော့ဖျော့ အလင်းတစ်ခု တောက်ပလာပြီး ရုပ်သေး အလောင်းကောင်များအားလုံး တုန်ယင် သွားသည်။
“ချီးပဲ၊ ငါ ရုပ်သေး အလောင်းကောင်ကို ထိန်းချုပ်လို့ မရတော့ဘူး၊ သူ … သူ့မှာ အသိစိတ် ရှိနေသလိုပဲ”
“မြတ်စွာဘုရား ငါ့ရုပ်သေး အလောင်းကောင်က အသက်ဝင်နေတယ်၊ ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ”
“…”
ရုပ်သေး အလောင်းကောင် ဂိုဏ်းသားတိုင်းထံမှ ထိတ်လန့်တကြား ရေရွတ်သံများ ထွက်လာ၏။ သူတို့၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် ထောင်ချီသော ရုပ်သေး အလောင်းကောင်များက အလောင်းကောင် ဘုရင်ရှေ့၌ ဒူးတစ်ဖက် ထောက်လာကြသည်။
“အရှင်မင်းကြီး”
“အရှင်မင်းကြီး”
“…”
ထောင်ချီသော ရုပ်သေး အလောင်းကောင်များထံမှ အက်တက်တက် အသံများ ထွက်လာပြီး ထိုအသံကို ကြားလိုက်ရသူတိုင်း သေမင်းတမန်၏ အသံဟု ထင်မှတ်သွားကြသည်။
အလောင်းကောင်ဘုရင်၏ ပုပ်ပွနေသော မျက်နှာထက်တွင် သွေးဆာ၍ ရက်စက်သော အပြုံးမျိုး ထင်ဟပ် လာသည်။ ထို့နောက် သူက လက်ဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။
“သတ်လိုက်”
သူ၏ စကားတစ်ခွန်းက ရုပ်သေး အလောင်းကောင်ဂိုဏ်းတစ်ခုလုံး၏ အိပ်မက်ဆိုး ဖြစ်သွားလေတော့သည်။ ထောင်ချီသော ရုပ်သေး အလောင်းကောင်များသည် ရုတ်တရက် သိုင်းပညာရှင်များဘက်သို့ လှည့်လာပြီး စတင် သတ်ဖြတ်လေသည်။
“မလုပ်နဲ့”
သိုင်းပညာရှင်တစ်ယောက် ထွက်ပြေးရန် ပြင်လာစဉ်မှာပင် သူ့ရှေ့၌ ပုပ်ပွနေသော မျက်နှာတစ်ခု ပေါ်လာသည်။ အန္တိမအဆင့် ရုပ်သေး အလောင်းကောင်သည် ပါးစပ်ဟ၍ ထိုသိုင်းပညာရှင်၏ လည်ပင်းကို ကိုက်ခဲလိုက်သည်။ ထို့နောက် အားဖြင့် ကိုက်ဖဲ့လေသည်။
လည်ပြွန် ပေါက်ထွက်သွားပြီး သူ၏ လည်ပင်းတစ်ခုလုံး စုတ်ပြတ်သွားသည်။ ကြောက်စိတ်နှင့် ကြံရာမရ ဖြစ်နေသော စိတ်တို့က ရုပ်သေး အလောင်းကောင် သခင်များ၏ အတွေးထဲ၌ နေရာယူလာသည်။
ထိုရုပ်သေး အလောင်းကောင်များတွင် ကြောက်စိတ် မရှိသလို မည်သည့် ခံစားချက်မှ မရှိပေ။ သူတို့သည် တိုက်ခိုက်ရမည်ဟုသာ သိထားကြပြီး သိုင်းပညာရှင်များအား သည်းကြီးမည်းကြီး သတ်ဖြတ်လေသည်။
လက်ရှိတွင် ရုပ်သေး အလောင်းကောင် ဂိုဏ်းသားတို့အတွက် အိပ်မက်ဆိုးတစ်ခု စတင်နေ၏။ သိုင်းပညာရှင် တစ်ယောက်ပြီးတစ်ယောက် နှလုံး ဆွဲထုတ်ခံရနေရသလို အရှင်လတ်လတ် ခန္ဓာကိုယ် ဆွဲဖြုတ်ခံနေရသည်။
အလောင်းကောင်ဘုရင်မှာမူ ဤအဖြစ်အပျက်အားလုံးအား မအံ့ဩသလို ဖြစ်နေသည်။ သူသည် ရှေ့သို့ လှမ်းသွားပြီး တိုက်ပွဲဖြစ်နေသည့် နေရာများအား ဖြတ်ကျော်သွား၏။ သူ၏ ခြေလှမ်းတိုင်းတွင် အနီးအနား၌ ရှိနေသော ရုပ်သေး အလောင်းကောင် ဂိုဏ်းသားများ တစ်စစီ ပေါက်ကွဲ၍ သေဆုံးသွားလေသည်။
သူ့အနောက်မှ ရုပ်သေး အလောင်းကောင်တစ်ကောင် လိုက်ပါလာသည်။ ထိုအခိုက်တွင် ရုပ်သေး အလောင်းကောင် ဂိုဏ်းသားများအားလုံး တစ်စစီ ပေါက်ကွဲကာ သေဆုံးနေကြသည်။
တစ်ဒင်္ဂအတွင်းမှာပင် ရာချီသော အန္တိမတစ်ပိုင်းအဆင့်များနှင့် ဒါဇင်ချီသော အန္တိမအဆင့်များ သေဆုံးသွားပြီး အန္တိမ အထွတ်အထိပ်အဆင့်ရှိသော ဂိုဏ်းချုပ်တစ်ဦးတည်းသာ ကျန်ရစ်လေတော့သည်။
“သေသွားပြီ၊ အားလုံး သေသွားပြီ”
“ရှေးဟောင်း အမိန့်ပြားကို ဘယ်သူ ရသွားတာလဲ”
ရုပ်သေး အလောင်းကောင်ဂိုဏ်းချုပ်၏ မျက်လုံး၌ မကျေနပ်ဟန်များ စွန်းထင်းလာသည်။ သူ့၌ အလောင်းကောင် ဘုရင်နှင့် တိုက်ခိုက်ရဲသည့် သတ္တိ မရှိပေ။ သူ လှစ်ခနဲ ထွက်ပြေးရန် ပြင်လေသည်။
“သေလိုက်တော့”
ထိုစဉ် အက်တက်တက် အသံ ထွက်ပေါ်လာ၏။ ရုပ်သေး အလောင်းကောင်ဂိုဏ်းချုပ် အံ့ဩနေစဉ်မှာပင် အလောင်းကောင် ဘုရင်က လက်တစ်ဖက်ဖြင့် သူ့အား ရိုက်ချလာသည်ကို တွေ့လိုက်ရသည်။
အလောင်းကောင်ဘုရင်၏ လက်သည် ကြောက်စရာကောင်းသော အလောင်းကောင် လက်သည်းအဖြစ် ပြောင်းလဲသွားပြီး သူ့အား ဖမ်းချုပ်လာလေသည်။
“မလုပ်နဲ့”
ရုပ်သေး အလောင်းကောင် ဂိုဏ်းချုပ်သည် ငယ်သံပါအောင် အော်ဟစ်လိုက်ချိန်တွင် အလောင်းကောင် လက်သည်းက သူ့အား အားဖြင့် ဖျစ်ညှစ်လာသည်။
ဝုန်း!
ဆိုးယုတ်သော အန္တိမ အထွတ်အထိပ်အဆင့် ရုပ်သေးအလောင်းကောင် ဂိုဏ်းချုပ်သည် ဖျစ်ညှစ်ခံလိုက်ရကာ ပေါက်ကွဲ၍ သေဆုံးသွားလေသည်။ အဝေး၌ ရှိနေသော လောကသခင်အဆင့် ရုပ်သေး အလောင်းကောင် ဂိုဏ်းသားများလည်း သေကြေ ပျက်စီးနေ၏။
ထို့နောက်တွင်မူ အလောင်းကောင်ဘုရင်သည် ထောင်ချီသော ရုပ်သေး အလောင်းကောင်များကို ဦးဆောင်၍ အရပ်မျက်နှာတစ်ခုသို့ ဦးတည်၍ ထွက်ခွာသွားလေသည်။
…
ဤသည်မှာ ယင်ယန်လောက၏ နေရာတစ်ခုမျှသာ ရှိသေးသည်။ အလောင်းကောင် ခေါင်းလောင်း မြည်လာသည်နှင့် ယင်ယန်လောကတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။
ရုပ်သေး အလောင်းကောင်များ အသိဝင်လာပြီး အလောင်းကောင် ဘုရင်တစ်ပါး အသက်ဝင်လာ၏။ သွေးစွန်းသော မုန်တိုင်းတစ်ခု မကြာခင် တိုက်ခတ်လာပေတော့မည်။