← Chapters

အခန်း ၉၈၇

Vol. 66 Ch. 987

အခန်း ၉၈၇

Vol. 66 Ch. 987

Chapter 987 ဖန်လန် စားသောက်ဆိုင်

အလောင်းကောင်မျိုးနွယ် မွေးဖွားလာသည်နှင့် ယင်ယန်လောကတစ်ခုလုံး လှုပ်ခါလာ၏။ ထိုအချိန်တွင် ယဲ့ဖန်က စစ်သူကြီး ခုနစ်ယောက်နှင့် ဟွမ်ဖုမျိုးနွယ်များ၏ နတ်ဘုရားအမြုတေများကို သန့်စင်ရောနှော၍ အန္တိမအဆင့် ရှေးဟောင်း သိုင်းပညာရှင်များကို ကုသပေးနေသည်။

ထိုသို့ကုသပေးလိုက်ပြီးနောက် အန္တိမအဆင့် ရှေးဟောင်းသိုင်းပညာရှင်များ၏ ခွန်အားများက တစ်ဟုန်ထိုး မြင့်တက်လာ၏။

ဘုရင်မကျစ်ဝေ့ဆိုလျင် အန္တိမ နောက်ဆုံးအဆင့်သို့ ချိုးဖောက်တက်ရောက်သွားသည်။ သူမ၏ တိုက်ပွဲဝင် ခွန်အားက သံမျက်နှာဖုံးဘုရင်ထက်ပင် သန်မာနေသေးသည်။

ရှေးဟောင်း သိုင်းပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် အဆင့်တက်သွားကြသည်။ ရွှမ်ကျိုးကို အခြေစိုက် စခန်းအဖြစ် အတည်ပြုပြီး ကျန်သော နယ်မြေကြီးများကို ရှင်းလင်း သိမ်းပိုက်လေသည်။

သုံးရက်အကြာ၌ လုကျိုးနယ်မြေ ကျဆုံးသွားသည်။ ငါးရက်အကြာတွင် ရှို့ကျိုးနယ်မြေကို သိမ်းပိုက် လိုက်နိုင်သည်။ ဆယ်ရက်ကြာသော် နန်ကျိုးနယ်မြေအား စိုးမိုးနိုင်သွားသည်။

…

ယဲ့ဖန်သည် အန္တိမအဆင့် ရှေးဟောင်း သိုင်းပညာရှင် သုံးဆယ့်နှစ်ယောက်ကို ဦးဆောင်၍ ယင်ယန်လောကမှ နယ်မြေများက ရွက်ကြွေများကို ရှင်းလင်းသကဲ့သို့ ရှင်းလင်း သိမ်းပိုက်လေ၏။

ပြည်နယ်မြို့တော် တစ်ခုပြီးတစ်ခုကို သိမ်းပိုက်ပြီးနောက် ရှေးဟောင်း စစ်သည်တော်၏ အမည်နာမက ကျော်ဇောလာသည်။

အထူးသဖြင့် ယဲ့ဖန်သည် မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်က ရှေးဟောင်း သိုင်းပညာရှင် သုံးဆယ့်နှစ်ယောက်၏ သခင်ကြီးအဖြစ် အသိအမှတ်ပြုခံ ထားရသောကြောင့် နာမည်အသစ်တစ်ခု ရလာလေသည်။

နယ်မြေတိုင်း၌ သူ့အား မဟာနတ္ထိ အရှင်သခင်ဟု ခေါ်ဝေါ်ကြသည်။ မရေတွက်နိုင်သော အရင်းအမြစ် များကြောင့် ရှေးဟောင်း သိုင်းပညာရှင်များနှင့် ရှောင်ချီရှို့တို့ ပို၍ အဆင့်တက်လာသည်။

ရှောင်ချီရှို့သည် အန္တိမအဆင့်သို့ ချိုးဖောက်ဝင်ရောက်နိုင်သွားပြီး ဘုရင်မကျစ်ဝေ့က အန္တိမ အထွတ်အထိပ် အဆင့်သို့ အဆင့်တက်သွားသည်။ ကျန်သော အန္တိမအဆင့် ရှေးဟောင်း သိုင်းပညာရှင်များသည်လည်း အဆင့်တစ်ဆင့်ဆီ တက်သွားကြသည်။

လဝက်အတွင်း၌ ယင်ယန်လောက၏ နယ်မြေကြီး ခုနစ်ခုတွင် ခြောက်ခုက ယဲ့ဖန်၏ လက်အောက်သို့ ရောက်သွားလေ၏။ မသိမ်းပိုက်ရသေးသော နယ်မြေဟူ၍ လင်ကျိုးနယ်မြေသာ ကျန်ရှိတော့သည်။

လင်ကျိုးနယ်မြေသည် မူလက နံပါတ်ခြောက် စစ်သူကြီးဖြစ်သော ဟွမ်းယွင်၏ လက်အောက်မှ နယ်မြေ ဖြစ်သည်။

ဟွမ်းယွင်နှင့် ကျန်စစ်သူကြီး ခြောက်ယောက်တို့ သေဆုံးသွားချိန်တွင် ဟွမ်းယွင်၏ မျိုးနွယ်မှ လူများသည် မြို့ကိုပစ်၍ ထွက်ပြေးသွားကြသည်။

လက်ရှိတွင် ဟွမ်ကျိုးနယ်မြေ၌ ကျင်းမိသားစုသာ ကျန်ရစ်ခဲ့သည်။ ဤကျင်းမိသားစုသည် ရှေးဟောင်း မိသားစု နှစ်ဆယ့်လေးခုထဲမှ တစ်ခုဖြစ်သော ကျင်းမိသားစုကြီး၏ မိသားစုခွဲတစ်ခု ဖြစ်သည်ကို လူတိုင်း သိထားကြသည်။

ရှေးဟောင်း မိသားစု နှစ်ဆယ့်လေးခုက လင်ကျိုးမြို့ကို မတိုက်ခိုက်ရသေးခင်မှာပင် ထိုကျင်းမိသားစုက အညံ့ခံ လာ၏။

မြို့တွင်းမှ သိုင်းပညာရှင်များသည် လင်ကျိုးမြို့၏ နောက်တက်မည့် မြို့တော်သခင်က ကျင်းမိသားစု ခေါင်းဆောင် ကျင်းကျိုက်ထျန်း ဖြစ်မည်ဟု တွက်ဆထားကြသည်။ ရုတ်ချည်းဆိုသလိုပင် လင်ကျိုးမြို့တွင်း၌ ကျင်းမိသားစု၏ ဂုဏ်ပုဒ်က တစ်ဟုန်ထိုး မြင့်တက်လာ၏။

ယနေ့တွင် လင်ကျိုးမြို့သို့ မမျှော်လင့်ထားသော ဧည့်သည်တစ်ယောက် ရောက်လာသည်။ ထိုသူသည် အနက်ရောင်ဝတ်စုံ ဝတ်ထားပြီး ဆံပင်အဖြူရောင်ရှိသော ယဲ့ဖန်ပင်။

“ဖန်လန် စားသောက်ဆိုင်တဲ့လား”

ယဲ့ဖန် မျက်လုံး လက်ခနဲ ဖြစ်သွားပြီး ချက်ချင်း မြို့ထဲသို့ လှမ်းဝင်လိုက်သည်။ ပြီးခဲ့သည့် ရက်ပိုင်းခန့်က လင်ကျိုးမြို့မှ ဖန်လန် စားသောက်ဆိုင်က အလွန် နာမည်ကြီးလာသည်ဟု လူအများ ပြောဆိုနေကြသည်ကို သူ ကြားခဲ့ရသည်။ သို့သော် ဆိုင်ထက် ဖန်လန်ဟူသော စကားလုံးကို ယဲ့ဖန် စိတ်ဝင်စားမိသွားခဲ့သည်။

“သူပဲ ဖြစ်လိမ့်မယ်”

ထိုမိန်းမပျိုလေးကို တွေးလိုက်မိပြီး ယဲ့ဖန် ပြုံးစိစိဖြစ်သွားပြီး ခြေလှမ်းများက ပို၍သွက်လာသည်။

…

ဖန်လန် စားသောက်ဆိုင်သည် လင်ကျိုးမြို့၏ မြို့လယ်၌ တည်ရှိပြီး လင်ကျိုးတစ်မြို့လုံး၌ အလွန် နာမည်ကြီး လှသည်။ အဘယ်ကြောင့်ဆိုသော် ထိုဆိုင်၌ လှပသော သူဌေးမလေး ရှိနေသောကြောင့်ပင်။

ထိုအခိုက်တွင် ဖန်လန်စားသောက်ဆိုင်အတွင်း၌ မိန်းမပျိုတစ်ယောက်က ပြတင်းပေါက်အနီး၌ တိတ်ဆိတ်စွာ ထိုင်နေပြီး ဆိုင်တွင်းသို့ အဝင်အထွက် ပြုလုပ်နေသော လူများကို ကြည့်နေသည်။

“နှစ်ဝက်တောင် ရှိသွားခဲ့ပြီ၊ ရှင် … အဆင်မှပြေရဲ့လား”

ဤမိန်းမပျိုသည် အလွန်တရာ ချောမောလှပသည်။ နတ်မိမယ်ဟု တင်စားခံရသော မိန်းမပျိုများပင် သူမရှေ့၌ ရွက်ကြမ်းရေကျိုမျှသာ ဖြစ်သွား‌လောက်သည်။ ထို့အပြင် သူမ၏ တော်ဝင်ဆန်သော အရှိန်အဝါက စားသောက်ဆိုင်တွင်းမှ သိုင်းပညာရှင်များအား ထိတ်လန့်သွားစေသည်။

သို့ရာတွင် သူမ၏ မျက်နှာထက်၌ မျက်ရည်များ ဆက်တိုက် စီးကျနေ၏။ ဤသည်ကိုမြင်ပြီး ဆိုင်တွင်းမှ ဧည့်သည်များ ခေါင်းတခါခါ ဖြစ်သွားလေသည်။

“နှစ်ဝက်တောင် ရှိသွားပြီ၊ သူဌေးမလေးက တစ်ယောက်တည်း ထိုင်ပြီး နေ့တိုင်း ငိုနေတုန်းပါလား၊ ဘယ်ယောက်ျားမျိုးက သူ့ကို ဒီလောက် စွဲလမ်းအောင် ပြုစားနိုင်တာလဲ မသိဘူး”

“ဘယ်သူ သိမလဲကွာ၊ ကျင်းကျိုက်ထျန်းရဲ့ အကြီးဆုံးသား ကျင်းရှောက်ချိုးတောင် မနေ့က သူဌေးမလေးကို ချစ်ရေးဆိုတာ အငြင်းခံလိုက်ရတယ်ကွ”

“အခု ကျင်းမိသားစုက နာမည်ကြီးနေပြီ၊ အဲ့ကျင်းရှောက်ချိုးက သူဌေးမလေးကို မရမချင်း အလျော့ပေးမှာ မဟုတ်ဘူး”

“…”

ဘေးပတ်လည်မှ စားပွဲဝိုင်းရှိ လူများက ထင်ကြေးပေး ပြောဆိုနေကြသော်လည်း ထိုမိန်းမပျိုလေးက မကြားသယောင် ပြုထားသည်။

သူမစိတ်ထဲ၌ ထိုသူ၏ ပုံရိပ်သာ ပြည့်နှက်နေ၏။ သူမနှင့် သူ ဆုံတွေ့ခဲ့သည်က မတော်တဆပင်။ သူမ သူ့ကို ချစ်မိသွားသည်ကလည်း မတော်တဆပင်။

ထိုသူသည် သူမဘဝကို ပြောင်းလဲစေခဲ့သည်။ သူမအား ရူးသွပ်အောင်၊ စွဲလမ်းအောင်၊ ဝမ်းနည်းအောင်၊ ပျော်ရွှင် တက်ကြွအောင် ပြုလုပ်ခဲ့သည်။

သူမ၏ စိတ်ထဲ၌ အတိတ်မှ အဖြစ်အပျက်များ ဆက်တိုက် ထင်ဟပ်နေသည်။ သူမသည် ခွက်ထဲသို့ ဝိုင်ဖြည့်လိုက်ပြီး အဝေးတစ်နေရာသို့ လွန်စွာ ဝမ်းနည်းကြေကွဲဟန်ဖြင့် ကြည့်ကာ ခွက်ကို ဖြည်းဖြည်းချင်း ကိုင်လိုက်သည်။

“အဝေးက ကျွန်မရဲ့ချစ်သူရေ၊ ကျွန်မ ရှင့်အတွက် တစ်ခွက် ဂုဏ်ပြုပါတယ်”

ထို့နောက် မိန်းမပျိုလေးက ခွက်ထဲမှဝိုင်ကို တစ်ကျိုက်တည်း သောက်ချလိုက်သည်။ လည်ချောင်းထဲသို့ ဝိုင်စီးဝင်လာချိန်တွင် သူမနှလုံးသားအား ဓားနှင့် ထိုးစိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။

ဤဝိုင်အား သမီးပျို၏ နှလုံးသားဟု ခေါ်တွင်သည်။ သမီးပျို ဆိုသည်က မည်သည်ကို ခေါ်ခြင်းဖြစ်ကြောင်း မည်သူမှ မသိသလို နှလုံးသားဆိုသည်က ဘယ်အရာကို ရည်စူးမှန်း မည်သူမှ မသိကြချေ။

လှပသော သူဌေးမလေး တစ်ကိုယ်တည်းထိုင်၍ ဝိုင်သောက်ကာ ထိုသူအား သတိရနေချိန်တွင် လှေကားသို့ လျင်မြန်စွာ တက်လာနေသော ခြေသံများကို ကြားလိုက်ရသည်။

အားလုံး လှမ်းကြည့်လိုက်သောအခါ ဝတ်ကောင်းစားလှ ဝတ်ထားသော လူငယ်လေးတစ်ယောက်က အစေခံတစ်ချို့ကို ခေါ်၍ အပေါ်ထပ်သို့ တက်လာနေသည်ကို တွေ့လိုက်ရသည်။

ထိုလူငယ်လေးသည် အသားအရေ ဖြူဖွေး၍ ခံ့ညားချောမောလှသည်။ ဘေးပတ်လည်ရှိ စားပွဲဝိုင်းမှ လူများသည် ထိုလူငယ်လေးကို မြင်သည်နှင့် ထိတ်လန့်တကြား ထရပ်၍ အရိုအသေ ပေးလိုက်ကြသည်။

“ကျင်းသခင်လေးကို ကြိုဆိုပါတယ်”

“ကျင်းသခင်လေး တစ်ခွက်လောက် သောက်ပါဦးလား”

“ကျင်းသခင်လေး …”

မျက်နှာချိုသွေးသော စကားသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာ၏။ ထိုလူငယ်လေးသည် ကျင်းမိသားစုမှ သခင်လေး ကျင်းရှောင်ချိုး ဖြစ်သည်ကို လူတိုင်း သိထားကြသည်။

ကျင်းရှောက်ချိုးသည် သူ့အနားမှ လူများ၏ ကြိုဆိုခြင်းကို အရေးမစိုက်ဘဲ သူဌေးမလေးရှေ့သို့ ရာဂမီး တောက်လောင်နေသော မျက်နှာထားဖြင့် လှမ်းသွားပြီး စကားစလေသည်။

“လင်းလန်၊ ငါ မင်းအတွက် ဘာတွေပြင်လာလဲ ကြည့်ပါဦး”

ကျင်းရှောက်ချိုးက စိတ်လှုပ်ရှားစွာဖြင့် လက်ယပ်ခေါ်လိုက်သည်။ ထိုအခါ သူ၏ အစေခံတစ်ယောက်က ရှေ့သို့ ခပ်သွက်သွက် တိုးလာပြီး သူဌေးမလေးရှေ့၌ လင်ပန်းများ တစ်ခုပြီးတစ်ခု လာချလေသည်။ ထိုလင်ပန်းပေါ်မှ အနီရောင် ပုဝါစကို ဖယ်လိုက်သောအခါ ဘေးစားပွဲဝိုင်းမှ လူများအားလုံး မှင်တက်သွားသည်။

“ဒါ … နှစ်တစ်သောင်းနေမှ တစ်ကြိမ်ပွင့်တဲ့ ထျန်းလောင်ပန်းပဲ၊ မြတ်စွာဘုရား ဒါက ယင်ယန်လောကရဲ့ နတ်ဆေးပင်လေ၊ တစ်ခါမှီဝဲရင် ထာဝရ နုပျိုနေမှာ၊ အထူးသဖြင့် ဒီဆေးပင်က အမျိုးသမီးတွေအပေါ် သက်ရောက်မှုက အစွမ်းထက်တယ်”

“ပြီးတော့ ဒါက … နတ်သစ်သီး၊ နတ်သစ်သီးတစ်လုံးက အမျိုးသမီးတစ်ယောက်ရဲ့ စွမ်းအင်ကို နှစ်ငါးထောင်ကြာအောင် တိုးတက်လာစေတယ်၊ အဲ့သစ်သီးတစ်လုံးက ယင်ယန်ဒင်္ဂါး တစ်သန်းလောက် တန်တာလေ”

“ပြီးတော့ ဟိုဟာက နတ်နွယ်ပင်၊ သေချာသန့်စင်လိုက်ရင် ယင်ယန် ထိပ်သီးရတနာတစ်ခု ဖြစ်လာမှာ”

“…”

စားသောက်ဆိုင်တစ်ခုလုံး ပွက်လောရိုက်ကာ ဆူညံနေ၏။ ကျင်းရှောက်ချိုး၏ လက်ဆောင်တစ်ခုချင်းစီက အလွန် အဖိုးဖြတ်မရသော အရာများပင်။ အလယ်အလတ်တန်းစား မိသားစုတစ်ခု၏ ပိုင်ဆိုင်မှုရတနာဟုပင် ယှဉ်ပြော၍ ရနိုင်သည်။

ထိုကဲ့သို့သော လက်ဆောင်မျိုးက ခုနစ်ခု၊ ရှစ်ခုမျှ ရှိနေ၏။ ချက်ချင်းဆိုသလိုပင် ဘေးပတ်လည်မှ လူများသည် ထိုရတနာများအား လောဘတက်‌သော အကြည့်များဖြင့် ကြည့်လာသည်။

သီလရှင် အမျိုးသမီးများတောင်မှ အလွန်အားကျနေပြီး ဤလှပသော သူဌေးမလေးကိုယ်စား သူတို့သာ ဖြစ်ချင်တော့သည်ဟု တွေးမိနေကြသည်။

ဘေးနားမှ အံ့ဩတကြီး ပြောဆိုသံများကို နားထောင်ပြီး ကျင်းရှောက်ချိုးက အသာပြုံးကာ ကျေနပ်နေသော မျက်နှာဖြင့် ပြောလိုက်သည်။

“လင်းလန်၊ ဒီနေ့က မင်းမွေးနေ့မှန်း ငါ သိတယ်လေ၊ အဲ့ဒါကြောင့် ငါ ဒီလက်ဆောင်တွေကို အထူးတလည် ပြင်ဆင်လာတာ”

“ပြီးတော့ မဟာနတ္ထိ အရှင်သခင် ‌ရောက်လာတာနဲ့ ငါ့အဖေကို မြို့တော်သခင်အဖြစ် ခန့်အပ်မှာ သေချာတယ်၊ အဲ့အခါကျရင် ငါ့ကျင်းမိသားစုက ငါတို့အတွက် လင်ကျိုးမြို့တစ်ဝက်လောက်ကို မင်္ဂလာလက်ဖွဲ့အနေနဲ့ ပေးပြီး တင်တောင်းမှာ”

ထိုစကားကြောင့် စားသောက်ဆိုင်ထဲမှ လူတိုင်း အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။

*လင်ကျိုးမြို့တစ်ဝက်တဲ့လား*

*ဒါဆို ဒီသူဌေးမလေးက လင်ကျိုးမြို့တစ်ဝက်လောက်နဲ့ ထိုက်တန်တဲ့လူလို့ ပြောချင်တာပေါ့*

သူ၏ စကားများကို ကြားသော်လည်း လင်းလန်က လက်ဆောင်များကို တစ်ချက်ကလေးမျှ ငဲ့မကြည့်ဘဲ ကျင်းရှောက်ချိုးကိုသာ အေးတိအေးစက် လှမ်းကြည့်လေသည်။

“ပြောလို့ပြီးပြီလား”

“ရှင် ပြောလို့ပြီးရင် ပြန်လို့ရပြီ”

All Chapters