အခန်း ၉၈၈
Vol. 66 Ch. 988
Chapter 988 အမျိုးသမီးတွေက ပန်းလေးတွေလိုပဲ
“ရှင် ပြောလို့ပြီးရင် ပြန်လို့ရပြီ”
လင်းလန်၏ ဂရုမစိုက်သော စကားကြောင့် ဆူညံပွက်လောရိုက်နေသော လူများ ချက်ချင်း ငြိမ်သက် သွားလေသည်။ ကျင်းရှောက်ချိုး၏ မျက်နှာပေါ်မှ မိမိကိုယ်ကိုယ် ဟုတ်လှပြီဟူသော အပြုံးသည်လည်း ပျောက်ကွယ်သွားပြီး ဇဝေဇဝါဖြစ်နေသော မျက်နှာထားဖြင့် ပြန်မေးလိုက်သည်။
“လင်းလန် မင်း ဘာပြောချင်တာလဲ”
“ငါ မင်းအတွက် တွေးပြီး အများကြီး ကုန်ထားရတာ၊ မင်းက ငါ့ကို ငြင်းချင်နေသေးတာပဲလား”
ကျင်းရှောက်ချိုး မယုံနိုင်ပေ။ ဤမျှ များပြားသော ရတနာများအပြင် လင်ကျိုးမြို့တစ်ဝက်ပါ ပေါင်းလိုက်လျင် မည်သည့် အမျိုးသမီးမဆို ရူးသွပ်သွားလောက်သည်။ သို့ရာတွင် လင်းလန်က မမြင်သယောင်ပြုနေပြီး အရေးမစိုက်သဖြင့် ကျင်းရှောက်ချိုး၏ စိတ်ထဲ၌ ဒေါသများ တလိပ်လိပ် တက်လာသည်။
“ပြီးတော့ ငါ မင်းကို ပြောရဦးမယ်၊ မကြာခင် လင်ကျိုးမြို့ကို မဟာနတ္ထိ အရှင်သခင် ရောက်လာတော့မှာ၊ အဲ့အခါကျရင် ငါ့အဖေက အရှင်သခင်ဆီမှာ ငါ့ကို တပည့်အဖြစ် လက်ခံပေးဖို့ တောင်းဆိုပေးမှာ”
“အဲ့အခါကျရင် ငါ့ကျင်းမိသားစုက လင်ကျိုးမြို့ရဲ့ အရှင်သခင် ဖြစ်လာဦးမှာ၊ မင်း သေချာစဉ်းစားသင့်တယ်”
ကျင်းရှောက်ချိုး၏ စကား၌ ခြိမ်းခြောက်သော အရိပ်အယောင်များ ပါဝင်နေသည်။ ဘေးစားပွဲဝိုင်းများမှ လူများအားလုံး လင်းလန်ကိုယ်စား ချွေးပြန်လာကြသည်။
လက်ရှိတွင် ကျင်းမိသားစုသည် မည်သူမှ ရန်မစရဲသည်အထိ အင်အားကြီးနေသည် မဟုတ်ပါလော။ ယခု လင်းလန်က ဆက်၍ ငြင်းဆန်နေပါက ကျင်းရှောက်ချိုးနှင့် ကျင်းမိသားစု၏ အဆုံးအစမဲ့သော လက်စား ချေခြင်းနှင့် ရင်ဆိုင်ရပေမည်။ အကျိုးဆက်များက မတွေးဝံ့စရာပင်။
သို့သော် လင်းလန်က ယခုထိ အရေးမစိုက်ပေ။ သူမက သမီးပျို၏ နှလုံးသားဝိုင်ခွက်ကို ယူ၍ ခွက်အလွဝ်ကို ကြည့်ကာ မူးဝေ၍ စိတ်ရှုပ်ထွေးနေဟန်ဖြင့် ဖြည်းဖြည်းချင်း ပြောလာသည်။
“ဒီဝိုင်ရဲ့ နာမည်က ဘာလဲ ရှင် သိလား”
သူမစကားကြောင့် ကျင်းရှောက်ချိုးနှင့် အခြားသူများအားလုံး မှင်တက်သွားသည်။ သူတို့ ဝိုင်နာမည်ကို သိထားပါသည်။ ဤဝိုင်အား သမီးပျို၏ နှလုံးသားဟု ခေါ်တွင်ပြီး ဖန်လန် စားသောက်ဆိုင်၌ နာမည်အကြီးဆုံး စိတ်ဝိညာဉ်ဝိုင်လည်း ဖြစ်သည်။
ဤဝိုင်ကို သောက်လိုက်သည်နှင့် စိတ်ဝိညာဉ်များက လည်ချောင်းတစ်လျှောက် စီးဆင်းသွားပြီး နှလုံးသားအား နာကျင်စေသည်။
လင်းလန်က ကျင်းရှောက်ချိုးအား ပြန်မဖြေစေလိုပင်။ သူမက ဝိုင်ခွက်အလွတ်အား စိုက်ကြည့်၍ ချိုသာစွာ ပြုံးနေပြီး မျက်ရည်များဖြင့် ဆက်ပြောလေသည်။
“ဒီဝိုင်ကို သမီးပျိုရဲ့ နှလုံးသားလို့ ခေါ်တယ်၊ သမီးပျိုတစ်ယောက်ရဲ့ နှလုံးသားလိုပဲ ကျွန်မ သူ့ကို ချစ်တယ်”
“ဆင်းရဲချမ်းသာမရွေး၊ ဂုဏ်ယူရတာတွေ၊ အရှက်ကွဲရတာတွေ၊ သေခြင်းရှင်ခြင်းတွေကို ဂရုမစိုက်ဘဲ သူ့ကို ချစ်တယ်”
“ကျွန်မက တစ်စုံတစ်ယောက်ကို စောင့်နေတာ၊ ကျွန်မ အိုမင်းရင့်ရော်သွားတဲ့အထိ သူ့ကို စောင့်နေမှာ”
လင်းလန်၏ စကားကြောင့် ဘေးစားပွဲများအားလုံး၌ ဆူညံသွားလေသည်။
*တစ်ယောက်ယောက်ကို စောင့်နေတာတဲ့လား*
*အိုမင်းတဲ့အထိ စောင့်မယ်တဲ့လေ*
လင်းလန်က ဤမျှ ဆုံးဖြတ်ချက် ခိုင်မာနေလိမ့်မည်ဟု မည်သူမှ ထင်မထားမိပေ။ သူမက ကျင်းရှောက်ချိုး၏ ရတနာများကို စွန့်ပစ်ပစ္စည်းအဖြစ် မှတ်ယူထားပြီး ကျင်းရှောက်ချိုး၏ ဂုဏ်ပုဒ်အား အမှိုက်သဖွယ် သတ်မှတ် ထားသည်။
သူမနှလုံးသားအား စိုးမိုးထားသောသူကိုသာ စောင့်ဆိုင်းနေ၏။ ဤမျှ ရူးသွပ်စွဲလမ်းသော အချစ်က လူတိုင်းကို မယုံနိုင်လောက်အောင် ဖြစ်သွားစေသည်။
“မြတ်စွာဘုရား၊ သူဌေးမလေးကို ဒီလောက် စွဲလမ်းအောင်လုပ်နိုင်တဲ့ သူ့နှလုံးသားထဲကလူက ဘယ်သူပါလိမ့်”
“ဟုတ်တယ်၊ ရူးမိုက်လွန်းပါတယ်ကွာ၊ သူ တကယ် အဲ့လို စောင့်နိုင်ပါ့မလား”
“ဒီတစ်ခါတော့ ကျင်းသခင်လေး ရှုံးသွားပြီ၊ ပြီးတော့ သူက ရှင်သလား၊ သေသလားလည်း မသိ၊ အသက်ရော၊ သိုင်းအဆင့်ပါ မသိတဲ့လူတစ်ယောက်ကို ရှုံးသွားတာ”
“…”
ထိုအခိုက်တွင် အားလုံးက ကျင်းရှောက်ချိုးအား သနားဟန်ဖြင့် ကြည့်နေကြသည်။ ကျင်းရှောက်ချိုးမှာမူ ဒေါသစိတ်ကြောင့် မျက်နှာနီမြန်းလာ၏။
သူ့စိတ်ထဲတွင် မဟာနတ္ထိ အရှင်သခင်၏ တပည့်ဖြစ်လာတော့မည့်သူက သူစိမ်းတစ်ယောက်ကိုပင် မယှဉ်နိုင်သဖြင့် အရှက်ကွဲသလို ခံစားနေရသည်။ ထိုသို့ တွေးတောပြီး ကျင်းရှောက်ချိုး၏ မျက်နှာက ပို၍ တင်းမာလာသည်။
“ကောင်းပြီလေ၊ သိပ်ဟုတ်နေတဲ့ လင်းလန်ပဲ၊ မင်းရည်းစားက သိပ်တော်နေတယ်ပေါ့လေ”
“မင်းက ချီးမြှောက်ခံနေရတာတောင် ခံယူဖို့ မသိတဲ့ပုံပဲ”
ထိုသို့ပြောပြီး ကျင်းရှောက်ချိုးက လက်ပြလိုက်သည်။
“ဝင်လာခဲ့”
ထိုအခါ သိုင်းပညာရှင်တစ်ဖွဲ့က ဆိုင်ထဲသို့ ဝင်လာလေသည်။ ထိုသူတစ်ယောက်ချင်းစီသည် အလွန် သန်မာ၍ အန္တိမ တစ်ပိုင်းအဆင့်ရှိသူများ ဖြစ်သည်။
သူတို့၏ အရှိန်အဝါက ဖန်လန် စားသောက်ဆိုင်တစ်ခုလုံးသို့ ပျံ့နှံ့လာသဖြင့် ဘေးစားပွဲဝိုင်းမှ လူများအားလုံး မျက်နှာ ပျက်ယွင်းသွားကြသည်။
လူဆယ်ယောက်၊ အယောက်သုံးဆယ်၊ အယောက်ငါးဆယ်။ တစ်ခဏအတွင်းမှာပင် အန္တိမ တစ်ပိုင်းအဆင့် အယောက်ငါးဆယ်ကျော် ရောက်လာကြသည်။ ဤအဖြစ်ကြောင့် လူတိုင်း အုတ်အော်သောင်းတင်း ဖြစ်သွားလေ၏။
“သွားပြီ၊ ကျင်းသခင်လေးက အစောကြီးကတည်းက ပြင်ဆင်ထားတဲ့ပုံပဲ၊ အနုနည်းနဲ့ မရတော့ သူဌေးမလေးကို အကြမ်းနည်းနဲ့ ဦးကျိုးအောင် လုပ်တော့မယ်ထင်တယ်”
“သူဌေးမလေးတော့ ကံဆိုးပြီ”
“…”
ဘေးစားပွဲဝိုင်းများမှ လူများသည် လင်းလန်အား အလွန်သနားကရုဏာသက်မိဟန်ဖြင့် ကြည့်နေကြသည်။ ဤသည်ကိုကြည့်ပြီး လင်းလန် ချက်ချင်း မျက်နှာပျက်ကာ ကျင်းရှောက်ချိုးကို စူးစိုက်ကြည့်၍ အေးစက်စက် မေးလိုက်သည်။
“ကျင်းသခင်လေး၊ ရှင် ဝမ်ပေါင်ကျိုက်က သခင်မထုံကို မေးကြည့်ပြီးပြီလား”
*ဝမ်ပေါင်ကျိုက်က သခင်မထုံလား*
ဘေးနားမှ လူများအားလုံး ထိတ်လန့်သွားကြသည်။ ဖန်လန်စားသောက်ဆိုင်ကို လင်းလန် ဖွင့်နိုင်သည့် အကြောင်းရင်းမှာ လွန်ခဲ့သော ခြောက်လက လင်းကျိုးမြို့တွင် ဝမ်ပေါင်ကျိုက်မှ အကြီးအကဲ သခင်မထုံကို ကယ်တင်ပေး ခဲ့သောကြောင့်ဖြစ်မှန်း အားလုံး သိထားကြလေသည်။
ပြီးခဲ့သည့် ခြောက်လကတည်းက ကျင်းရှောက်ချိုးက လင်းလန်ကို ပိုးပန်းနေခဲ့သော်လည်း လင်းလန်၏ အနောက်၌ သခင်မထုံ ရှိနေသောကြောင့် အကြမ်းနည်း မသုံးရဲခဲ့ပေ။ ကျင်းမိသားစုက သခင်မထုံကို ဖြုံကြသည်။
သူမစကားကြောင့် ကျင်းရှောက်ချိုးက ရယ်မောလေသည်။
“လင်းလန်၊ အရင်တိုင်းပဲ ဖြစ်လိမ့်မယ်လို့ မင်း ထင်နေတာလား”
“အရင်တုန်းကတော့ သခင်မထုံက မင်းကို ကာကွယ်ပေးလောက်တယ်၊ ဒါပေမဲ့ အခုက မဟာနတ္ထိ အရှင်သခင် လာတော့မှာလေ၊ ပြီးတော့ ငါ့ကျင်းမိသားစုက လင်ကျိုုးမြို့ရဲ့ အရှင်သခင် ဖြစ်လာတော့မှာ၊ ဝမ်ပေါင်ကျိုက်က မင်းကို ငါ့ဆီ ရောင်းလိုက်ပြီးပြီ”
*ဘာ*
*ရောင်းလိုက်တယ်*
ထိုစကားကြောင့် လင်းလန်၏ မျက်နှာလေး ပြာနှမ်းသွားသည်။ ထိုစဉ် ခပ်ဖြည်းဖြည်း လှမ်းလာနေသော ခြေသံများ ထွက်ပေါ်လာပြီး အမယ်အိုတစ်ယောက်က ဆိုင်ထဲသို့ လျှောက်လာသည်။ ထိုသူကို မြင်သည်နှင့် လင်းလန် မျက်နှာ အမူအရာပြောင်းလဲသွားပြီး အော်မေးလိုက်သည်။
“အဘွားထုံ သူ ပြောတာ အမှန်ပဲလား”
ထိုအမယ်အိုသည် သခင်မထုံ ဖြစ်သည်။ လွန်ခဲ့သောလများက ရန်သူကြောင့် သူမ ဒဏ်ရာ အပြင်းအထန် ရကာ သေလုမျောပါး ဖြစ်ခဲ့ရသည်။ ထိုအချိန်တွင် သူမအား လင်းလန်က ကယ်တင်ခဲ့ပြီး တစ်လတိတိ ပြုစု စောင့်ရှောက်ခဲ့သည်။ ထိုအချိန်မှစ၍ သူမက လင်းလန်ကို သူမ၏ အသက်သခင် ကျေးဇူးရှင်အဖြစ် သတ်မှတ်ကာ ကာကွယ်ခဲ့သည်။
ယခုအချိန်တွင်မူ သခင်မထုံက ထီမထင်ဟန် ပြုံးနေ၏။
“လန်အာ ငါ့ကို အပြစ်မတင်နဲ့၊ ကျင်းရှောက်ချိုး ပေးတဲ့လက်ဆောင်ကို ငါ ငြင်းရခက်နေလို့ပါ”
“အထူးသဖြင့် မဟာနတ္ထိ အရှင်သခင်က ဒီကို လာတော့မှာ၊ ကျင်းရှောက်ချိုးနဲ့ ကျင်းမိသားစု လင်ကျိုးမြို့ရဲ့ အုပ်ချုပ်သူ ဖြစ်လာတော့မှာလေ၊ ငါ မင်းကို ကျင်းရှောက်ချိုးဆီ ရောင်းလိုက်တာက မင်းအတွက် အိမ်ကောင်း တစ်အိမ် ရှာပေးတာပါ”
ထိုစကားကြောင့် လင်းလန် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားလေသည်။
* မဟာနတ္ထိ အရှင်သခင်*
*ဒီမဟာနတ္ထိ အရှင်သခင်ပဲ ဖြစ်ပြန်ပြီ*
ထိုသူကြောင့်သာ မဟုတ်ပါက သခင်မထုံက သူမကို ဆက်ကာကွယ်မည် ဖြစ်သလို ကျင်းရှောက်ချိုးကလည်း အကြမ်းနည်း သုံးရဲမည် မဟုတ်ပါ။ ထိုသို့ဆိုလျင် သူမလည်း သူ့ကို ဆက်၍ စောင့်ဆိုင်းနိုင်ပေမည်။
“ဒီ မဟာနတ္ထိ အရှင်သခင်က ဘယ်လိုလူမျိုးလဲ၊ ဘာလို့ သူက မဟာနတ္ထိခေတ်က ရှေးဟောင်း မိသားစုတွေကို သိမ်းသွင်းနိုင်ပြီးတော့ အားလုံးကို ကြောက်လန့်အောင် လုပ်နိုင်ရတာလဲ”
တစ်ချိန်က လင်းလန်သည် ဟင်းလင်းပြင်မုန်တိုင်းကြောင့် ယင်ယန်လောကထဲသို့ ရောက်လာခဲ့ရသည်။ သူမ ရောက်လာသည်နှင့် မဟာနတ္ထိခေတ်က ရှေးဟောင်းမိသားစုများဆီ သွားခဲ့ပြီး ထိုရှေးဟောင်း စိတ်ဝိညာဉ် များထံမှ အကူအညီ တောင်းခံချင်ခဲ့သည်။ သူမသည် ထိုရှေးဟောင်းမိသားစုများ၏ ခြံဝန်းထဲပင် မဝင်လိုက်ရဘဲ မောင်းထုတ်ခံလိုက်ရသည်။
ထိုအချိန်မှစ၍ သူမသည် သခင်မထုံနောက်နှင့်အတူ လင်ကျိုးမြို့သို့ လိုက်လာခဲ့ပြီး ဤစားသောက်ဆိုင်ကို ဆောက်၍ သူ့ကို စောင့်မျှော်နေခဲ့သည်။
မကြာသေးခင်က မဟာနတ္ထိ အရှင်သခင် ပေါ်ထွက်လာပြီး ရှေးဟောင်း မိသားစု နှစ်ဆယ့်လေးခုကို သိမ်းပိုက်ပြီး ယင်ယန်လောကမှ နယ်မြေခြောက်ခုကို သိမ်းပိုက်စိုးမိုးခဲ့သည်ဟု သူမ ကြားခဲ့ရသည်။
ထို မဟာနတ္ထိ အရှင်သခင်က သူ ဖြစ်နိုင်လောက်သည်ဟု လင်းလန် တွေးမိသော်လည်း မယုံနိုင်စရာ ကောင်းလှသည်ဟုလည်း တွေးခဲ့မိသည်။
“သူက ယန်ဝမ် ဟင်းလင်းပြင်ထဲ ကျသွားတာ၊ သူ အသက်ရှင်မှ ဖြစ်မယ်၊ သူ ငါ့ဆီကိုလည်း လိုက်လာမှာပါ”
“သူ ရောက်လာတဲ့အထိ ငါ မစောင့်နိုင်တော့တာကတော့ စိတ်မကောင်းစရာပဲ”
လင်းလန်၏ မျက်ဝန်းမှ မျက်ရည်များ စီးကျလာသည်။ လက်ရှိတွင် သူမ စိတ်ဓာတ်ကျကာ ကြံရာမရ ဖြစ်နေ၏။ သူမကို ကာကွယ်ပေးသူက သူမကို ရောင်းစားလိုက်သည်။ သူမကို ပိုးပန်းနေသည့်သူကလည်း အကြမ်းနည်း သုံးနေသည်။ သူမ သူတို့ကို မခုခံနိုင်သောကြောင့် သတ်သေမှပဲ ဖြစ်ပေတော့မည်။
ထိုသို့စဉ်းစားပြီးနောက် လင်းလန်က ရူးသွပ်၍ ပြတ်သားသော အကြည့်များဖြင့် ပြောလိုက်သည်။
“ငါ့ကို လိုချင်တဲ့ဘယ်သူမဆို ငါ့အလောင်းပဲ ရစေရမယ်”
သူမစကားကြောင့် ကျင်းရှောက်ချိုးနှင့် သခင်မထုံတို့ မျက်နှာဖြူရော်သွားသည်။
“မဖြစ်ဘူး၊ သူက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲချင်နေတာ၊ သူ့ကိုတားကြ”
သခင်မထုံနှင့် အန္တိမ တစ်ပိုင်းအဆင့် အယောက်ငါးဆယ်တို့သည် လင်းလန်ထံသို့ ပြေးသွားရန် ပြင်လေသည်။ ထိုစဉ် ဝမ်းနည်းသော စကားသံ ထွက်လာ၏။
“အမျိုးသမီးတွေက ပန်းလေးတွေလိုပဲ၊ သစ်ခွပန်းလေးတွေလို နူးညံလှပတယ်”
“ကိုယ် ရှိနေရင် မင်းကို ဘယ်သူက ထိခိုက်အောင် လုပ်နိုင်မှာလဲ”