← Chapters

အခန်း ၉၈၉

Vol. 66 Ch. 989

အခန်း ၉၈၉

Vol. 66 Ch. 989

Chapter 989 ကိုယ့်ရဲ့မိန်းကလေး ပင်ပန်းသွားခဲ့ပြီ

“ကိုယ် ရှိနေရင် မင်းကို ဘယ်သူက ထိခိုက်အောင် လုပ်နိုင်မှာလဲ”

ထိုစကားသံက စားသောက်ဆိုင်တစ်ခုလုံးသို့ ပျံ့လွင့်လာချိန်တွင် လင်းလန်၏ ခန္ဓာကိုယ်လေး တုန်ယင်သွားပြီး မျက်ရည် ဖြိုင်ဖြိုင် ကျဆင်းလာ၏။ ထိုအသံသည် သူမ အရိုးထဲအထိ မှတ်မိနေသောအသံနှင့် ဆင်တူ လွန်းလှသည်။

“သူ … သူများလား”

ထိုအခိုက်တွင် လင်းလန်သည် အိပ်မက်မက်နေသည်ဟု ထင်မှတ်မိကာ လှေကားထစ်များ ရှိရာသို့ အလျင်အမြန် လှမ်းကြည့်လိုက်သည်။ သူမသည်သာမက စားသောက်ဆိုင်တစ်ခုလုံးမှ လူများအားလုံး တအံ့တဩနှင့် နောက်သို့ လှည့်ကြည့်ကြသည်။

အားလုံး၏ အကြည့်အောက်မှာပင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဆံပင်အဖြူရောင်ရှိသည့် လူငယ်လေးက လှေကားထစ်များကို နင်း၍ ဖြည်းဖြည်းချင်း တက်လာနေ၏။ သူ၏ ခြေလှမ်းများသည် ညင်သာ သော်လည်း လူတိုင်း၏ နှလုံးသားအား နင်းခြေလာသည်ဟု ခံစားရကာ လူတိုင်း ရင်တဒိန်းဒိန်း ခုန်လာသည်။

“နတ်ဘုရင်အဆင့်လား၊ စောနတုန်းက ဒီနတ်ဘုရင်အဆင့်ကောင် ဘာပြောလိုက်တာလဲ”

စားသောက်ဆိုင်ထဲမှ လူများအားလုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေကြသည်။ ကျင်းရှောက်ချိုးဆိုလျင် မျက်နှာ မည်းမှောင်၍နေသည်။

“ဟေ့ကောင် မင်း ခုနတုန်းက ဘာပြောလိုက်တာလဲ”

သခင်မထုံနှင့် အန္တိမ တစ်ပိုင်းအဆင့် အယောက်ငါးဆယ်ကျော်တို့သည် ယဲ့ဖန်အား မကြည်လင်သော မျက်နှာထားမျိုးနှင့် ကြည့်လာလေသည်။ သူတို့ထံမှ ဖိနှိပ်လိုသော အရှိန်အဝါများက ယဲ့ဖန်ထံ တိုးဝင်နေ၏။

သို့ရာတွင် ယဲ့ဖန်သည် မည်သူကိုမှ ဂရုမစိုက်ဘဲ လင်းလန်၏ စားပွဲရှိရာသို့ လှမ်းလာပြီးနောက် ဝင်ထိုင်ကာ ပြုံး၍ ခွက်ထဲသို့ ဝိုင်ငဲ့ထည့်လေသည်။ ထို့နောက် ဝိုင်အား တစ်ကျိုက်တည်း သောက်ပစ်လိုက်သည်။

သူ၏အပြုအမူကြောင့် ဘေးပတ်လည်မှ လူများအားလုံး အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။ နတ်ဘုရင် အဆင့်လေးက ရူးကြောင်ကြောင် စကားများ ပြောရုံသာမက ကျင်းရှောက်ချိုးနှင့် သိုင်းပညာရှင်များအားလုံးကိုပါ လျစ်လျူရှုနေသည်။

ယဲ့ဖန်သည် ဝိုင်တစ်ခွက် သောက်ပြီးသည်နှင့် လင်းလန်၏ စွဲလမ်းမှု၊ လင်းလန်၏ ချစ်ခြင်းမေတ္တာကို ခံစားမိဟန်ဖြင့် ရေရွတ်လေသည်။

“သမီးပျိုရဲ့ နှလုံးသား ဝိုင်တစ်ခွက်မှာ စွဲလမ်းနေတဲ့ အိပ်မက်တွေနဲ့ ပြည့်နေတာပဲ”

“ခါးသီးမှု၊ ချိုမြိန်မှု၊ ဝမ်းနည်းမှုတွေ၊ အချဉ်ဓာတ်တွေ ပါဝင်နေတယ်”

ထိုသို့ပြောပြီးသည်နှင့် ယဲ့ဖန်က လင်းလန်အား နူးညံ့ကြင်နာမှုများနှင့် ပြည့်နှက်နေသော အကြည့်များဖြင့် ကြည့်လေသည်။

‘ကိုယ့်ရဲ့ မိန်းကလေး၊ မင်း ပင်ပန်းသွားခဲ့ပြီ”

ယဲ့ဖန်၏ စကားက လင်းလန်၏ နှလုံးသားအား တူနှင့် ထုလိုက်သလိုပင်။ သူမ နှာခေါင်းလေး နီလာပြီးနောက် ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။

ထိုအခိုက်တွင် သူမသည် စားပွဲဝိုင်းပေါ်မှောက်၍ ရင်ကွဲမတတ် ငိုယိုနေ၏။ သူမပုံစံက ချစ်ခင်ရသော မိသားစုဝင်ကို ပြန်တွေ့လိုက်ရသည့် ကလေးမလေးလိုပင်။

လင်းလန်၏ မျက်ဝန်းမှ မျက်ရည်များ အဆတ်မပြတ် စီးကျနေသည်။ သူမသည် ယဲ့ဖန်နှင့် ပြန်ဆုံပြီဟု အကြိမ်ပေါင်းများစွာ အိပ်မက်မက်ခဲ့သည်။ သို့ရာတွင် သူမ နိုးလာတိုင်း စိုရွှဲနေသော ခေါင်းအုံးတစ်လုံးကသာ သူမကို အဖော်ပြုနေခဲ့လေသည်။

သူ့အတွက် သူမ စိုးရိမ်သည်။ သူ့အတွက် သူမ ကြောက်လန့်ခဲ့ရသည်။ နှစ်ဝက်သာ ကြာသေးသော်လည်း လင်းလန်အတွက် ရာစုနှစ်တစ်ခုမျှ ကုန်လွန်သွားခဲ့ပြီဟု ခံစားမိနေသည်။ သူမ နေ့ရောညပါ တမ်းတသတိရ နေခဲ့ရသောသူက ယခု သူမရှေ့သို့ ရောက်လာလေပြီ။

“လူညစ်လေး ရှင် သေသွားပြီလို့ ကျွန်မ ထင်နေခဲ့တာ”

လင်းလန်က ခေါင်းမော့၍ ယဲ့ဖန်ကို လှမ်းကြည့်ကာ အရူးသဖွယ် တငိုငို တရယ်ရယ်ဖြစ်နေ၏။ သူမစကားကြောင့် ယဲ့ဖန်သည် နှလုံးသားတစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားသည်ဟု ခံစားမိကာ လက်ကိုဆန့်၍ သူမမျက်ရည်များကို ဖယ်ရှားပေးလိုက်သည်။ သို့ရာတွင် မျက်ရည်များက ဆည်ကျိုးသကဲ့သို့ အဆက်မပြတ် စီးကျလာသည်။

“မင်းခွင့်ပြုချက်မရှိဘဲ ကိုယ် ဘယ်လိုလုပ် သေမလဲ”

ထိုစကားက လင်းလန်ကို ပို၍ ငိုယိုသွားစေသည်။ ဤအဖြစ်က စားသောက်ဆိုင်ထဲမှ လူများအားလုံးကို နားဝေတိမ်တောင် ဖြစ်သွားစေ၏။

တန်ဖိုးကြီး ရတနာတစ်ချို့နှင့် လင်ကျိုးမြို့တစ်ဝက်ကို ပေးသော ကျင်းရှောက်ချိုးက လင်းလန်၏ နှလုံးသားကို အရည်ပျော်အောင် မလုပ်နိုင်ခဲ့သော်လည်း ဤနတ်ဘုရင်အဆင့် လူငယ်လေးက စကားအနည်းငယ်လောက်ဖြင့် လင်းလန်အား အရူးသဖွယ် တငိုငို တရယ်ရယ် ဖြစ်အောင် လုပ်နိုင်လိမ့်မည်ဟု သူတို့ ထင်မထားမိချေ။

ဤသည်က လူတိုင်းကို မယုံနိုင်လောက်အောင် ဖြစ်သွားစေသည်။ ကျင်းရှောက်ချိုးဆိုလျင် မျက်နှာက အလွန် မည်းမှောင်နေပြီး အံကိုကြိတ်ကာ သည်းမခံနိုင်လောက်အောင် ဖြစ်နေ၏။

“အရူးစုံတွဲပဲ၊ သူတို့ကများ ဒီသခင်လေးရှေ့မှာ ချစ်ကြည်နူးပြနေသေးတယ်”

ကျင်းရှောက်ချိုး၏ စိတ်ထဲ၌ အရှက်ကွဲသော ခံစားချက်များ ပြည့်နှက်နေ၏။ သူသည် ယဲ့ဖန်နှင့် လင်းလန်အား သတ်ချင်သော အကြည့်များဖြင့် စိုက်ကြည့်၍ ပြောလိုက်သည်။

“လင်းလန်၊ လတ်စသက်တော့ မင်းက ဒီဘာမဟုတ်တဲ့ နတ်ဘုရင်အဆင့်လေးကို နှစ်ဝက်လောက် စောင့်နေခဲ့တာပဲ”

သူ အလွန်အမင်း အထင်သေး စက်ဆုပ်နေ၏။ ကျင်းရှောက်ချိုး၏ စိတ်ထဲတွင် လင်းလန်၏ အစွဲအလမ်းကြီးစွာ စောင့်နေခြင်းက ဟာသတစ်ခုဟူသာ မြင်လာသည်။ ထိုသို့ တွေးထင်လာပြီးနောက် ကျင်းရှောက်ချိုးက ထီမထင်စွာ ပြုံးလိုက်သည်။

“မင်းတို့ရဲ့ အချစ်ဆိုတာကြီးက စည်းစိမ်ဥစ္စာနဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေရှေ့မှာ ဘယ်လောက် သိမ်ငယ်ဖို့ ကောင်းလဲ ငါ ပြရသေးတာပေါ့၊ အဓိပ္ပာယ် မရှိတာတွေ”

ကျင်းရှောက်ချိုးက ယဲ့ဖန်ကို စူးစိုက်ကြည့်၍ ဘေးနားမှ ရတနာပစ္စည်းတစ်ချို့ကို လက်ညှိုးထိုးကာ အောင်ပွဲခံသော လေသံဖြင့် ပြောလိုက်သည်။

“ဟေ့ကောင် မင်းကို ငါ အခွင့်အ‌ရေး မပေးဘူးလို့တောင် အပြောမခံနိုင်ဘူး”

“ဒီမိန်းကလေးကို ထားခဲ့၊ သူ မင်းကို လက်လွှတ်လာ‌အောင်လုပ်၊ ဒါဆို ဒီရတနာတွေထဲက မင်းကြိုက်တာတစ်ခု ရွေးလို့တယ်”

ကျင်းရှောက်ချိုး၏ စကားကြောင့် ဘေးစားပွဲဝိုင်းမှ လူများအားလုံး အံ့ဩသွားလေသည်။

*မြတ်စွာဘုရား ဒီရတနာတစ်ခုချင်းစီတိုင်းက အလယ်အလတ်တန်းစား မိသားစုအတွက် ဘိုးစဉ်ဘောင်ဆက် အမွေပစ္စည်းလို့တောင် သတ်မှတ်လို့ ရနေတာကို*

*အခု အဲ့လိုရတနာထဲက တစ်ခုကို ဘာမှမဟုတ်သလို ပေးနေတယ်*

ထိုသို့တွေးပြီး အားလုံးက ယဲ့ဖန်ကို မနာလို အားကျဟန်ဖြင့် ကြည့်လာကြသည်။ မိန်းမတစ်ယောက်နှင့် ရတနာပစ္စည်း နှစ်ခုတည်းက တစ်ခုကို ရွေးရမည်ဆိုလျင် သူတို့အားလုံး ရတနာပစ္စည်းကိုသာ ရွေးချယ်မိမှာပင်။

ရတနာတစ်ခုသာရှိလျင် ခွန်အားနှင့် စည်းစိမ်ချမ်းသာတို့သာမက မိန်းကလေးများပါ ဝိုင်းဝိုင်းလည် လာပေလိမ့်မည်။

ယဲ့ဖန်က ကျင်းရှောက်ချိုးအား အေးတိအေးစက် ကြည့်နေ၏။ သူ၏ အမူအရာက ကန်ရေပြင်သဖွယ် တည်ငြိမ်နေပြီး မည်သည့် ခံစားချက်မျှ ဖော်ပြခြင်း မရှိချေ။ သူ၏ အပြုအမူကြောင့် ကျင်းရှောက်ချိုး မျက်မှောင်ကြုတ် သွားသည်။

“တစ်ခုတည်းနဲ့ မလောက်လို့လား၊ ကောင်းပြီလေ … ငါ မင်းလောဘကို သဘောကျတယ်”

“မင်းကြိုက်တဲ့ ရတနာနှစ်ခု ယူလိုက်”

သူ့စကားကြောင့် ဘေးပတ်ဝန်းကျင်တစ်ခုလုံး ဆူညံ ပွက်လောရိုက်သွားသည်။ ရတနာများကို ကြည့်နေသည့် အားလုံး၏ အကြည့်များက ပို၍ ပူလောင်လာသည်။ သို့ရာတွင် ယဲ့ဖန်က ယခုထိ မလှုပ်မယှက် ရှိနေသေးသဖြင့် ကျင်းရှောက်ချိုး၏ မျက်နှာက မည်းမှောင်သထက် မည်းမှောင်လာ၏။

သူသည် ရတနာကို အသုံးချ၍ ယဲ့ဖန်၏ ခြေလက်များကို ချိုး၍ ခါးကျိုးအောင် လုပ်ပြီး သူ့ရှေ့၌ ဒူးထောက်စေကာ လင်းလန်က ယဲ့ဖန်ကို အပြီးတိုင် စွန့်လွှတ်စေချင်နေသည်။ ထိုစဉ် ကျင်းရှောက်ချိုးက ထီမထင်ဟန်ဖြင့် ကြည့်၍ ဆက်ပြောလေသည်။

“သုံးခု”

“လေးခု”

“ငါးခု”

သူ၏စကားများကြောင့် အားလုံး ပွက်လောရိုက်သွားသည်။ ရတနာငါးခုသည် မိသားကြီးတစ်ခုပင် မတတ်နိုင်သော အရာဖြစ်သည်။

လူတိုင်း၏ စိတ်ထဲတွင် ယဲ့ဖန်သည် အလွန် လောဘကြီးပြီး ရလေလိုလေ အိုတစ္ဆေ ဖြစ်နေသော လူစားမျိုးဟု ထင်မှတ်လာသည်။

“အကုန်ယူကွာ”

ထိုစဉ် ကျင်းရှောက်ချိုးက ထအော်လေသည်။ သူသည် ယဲ့ဖန်အား ရက်စက်ခက်ထန်သော အကြည့်မျိုးဖြင့် စူးစိုက်ကြည့်လိုက်သည်။

“ဟေ့ကောင် ငါ မင်းကို အခွင့်အရေး မပေးတာ မဟုတ်ဘူးနော်”

“တစ်အချက် ဒီရတနာအားလုံးကို ယူပြီး ငါ့ရှေ့က တစ်သက်လုံး ပျောက်ကွယ်သွားပေး”

“နှစ်အချက် ငါ တစ်ယောက်ယောက်ကို မင်းကို သတ်ဖို့ အမိန့်ပေးမယ်၊ ပြီးရင် အဲ့ရတနာတွေကို မင်းနဲ့ မြှုပ်ပေးလိုက်မယ်၊ အဲ့ဒါမှ လင်းလန် မင်းကို လုံးဝ လက်လျှော့သွားမှာ”

“မင်း ဘယ်အချက်ကို ရွေးမလဲပြော”

ကျင်းရှောက်ချိုးက သူ၏ စည်းစိမ်နှင့် နောက်ခံကိုသုံး၍ ယဲ့ဖန်အား လုံးဝ လက်လျှော့၍ ဒူးထောက် အရှုံးပေး လာအောင် လုပ်ချင်နေသည်။

သူ၏အပြုအမူကြောင့် လင်းလန်၏ မျက်ဝန်း၌ ဒေါသရိပ်များ စွန်းထင်းလာသည်။ သို့ရာတွင် ယဲ့ဖန်က ဒေါသမထွက်ဘဲ ပြုံးနေ၏။

“ငါ တစ်ခြားဟာ ရွေးလို့ရလား”

ယဲ့ဖန်၏ စကားကြောင့် ကျင်းရှောက်ချိုးသည် တစ်ခဏမျှ အံ့ဩသွားပြီးမှ ရယ်မောလေသည်။

“ဟားဟားဟား … ရတာပေါ့၊ လောကမှာ လောဘမကြီးတဲ့သူဆိုလို့ ဘယ်သူ ရှိလို့လဲ၊ ဒူးမထောက်တဲ့ ခွေးဆိုတာလည်း ရှိမှမရှိတာ”

“လင်းလန် မင်း မြင်လား၊ မင်းကတော့ နှစ်ဝက်လောက် စောင့်လိုက်ရတာ၊ သူ့အတွက်နဲ့ မင်းက သေဖို့တောင် ကြံစည်ခဲ့တာ၊ အခု ရလဒ်ကို ကြည့်ပါဦး”

ကျင်းရှောက်ချိုးက ယဲ့ဖန်အား အထင်မြင်သေးဟန်ဖြင့် ကြည်လိုက်ပြီး ဝင့်ကြွားစွာ ပြောလိုက်သည်။

“ဟေ့ကောင် မင်း ကြိုက်တာပြော၊ မင်း ဘာလိုချင်ချင်ရတယ်၊ မင်း လိုချင်တာက ရှားပါးပစ္စည်းဖြစ်နေရင်တောင် ငါ ပေးမယ်လို့ ကတိပေးတယ်”

ယဲ့ဖန်က ပိုအဖိုးတန်သော ရတနာကို လိုချင်နေသည်ဟု ကျင်းရှောက်ချိုး ထင်မှတ်နေ၏။ ထိုစဉ် ယဲ့ဖန်၏ အကြည့်များက အေးစက်လာပြီး အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်သည်။

“ငါ လိုချင်တာက … မင်းအသက်ပဲ”

All Chapters