အခန်း ၉၉၀
Vol. 66 Ch. 990
Chapter 990 ပုရွက်ဆိတ်တစ်သိုက် ပြာဖြစ်သွားလေပြီ
“ငါ လိုချင်တာက … မင်းအသက်ပဲ”
ယဲ့ဖန်၏ စကားအဆုံး၌ စားသောက်ဆိုင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး လူတိုင်း နားကြားမှားသည်ဟုပင် ထင်မှတ်သွားလေသည်။
“ဒီ … ဒီကောင် ဘာပြောလိုက်တာလဲ၊ ငါ နားကြားမှားသွားတာလား”
“ရူးနေတာ၊ ရူးနေတာပဲ ဖြစ်မယ်၊ နတ်ဘုရင်အဆင့်လေးက ကျင်းရှောက်ချိုးရဲ့ အသက်ကို လိုချင်တယ်တဲ့လား”
“ဟ … ဒီကောင်က တကယ့် အရူးပဲ၊ ဒီလောက်များတဲ့ ရတနာတွေကို မလိုချင်ဘဲ သေချင်နေတာလား”
“…”
လူတိုင်း သတိပြန်ဝင်လာပြီး စားသောက်ဆိုင် တစ်ခုလုံး ဆူညံ ပွက်လောရိုက်သွားလေသည်။ အားလုံးသည် မယုံနိုင်သော မျက်နှာထားဖြင့် ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာသည်။
သူတို့သည်သာမက အနားမှ သခင်မထုံသည်လည်း အံ့ဩသွားသည်။ ထို့နောက် လင်းလန်အား သုန်မှုန်သော မျက်နှာထားဖြင့် လှမ်းကြည့်၍ ပြောလေသည်။
“လန်အာ ကြည့်ပါဦး၊ ဒီအရူးက နင် နှစ်ဝက်လောက် စောင့်ခဲ့တဲ့လူတဲ့လား”
“နတ်ဘုရင်အဆင့်လေးက သေလမ်းရှာနေတာပဲ”
လက်ရှိအချိန်တွင် သခင်မထုံသည် ယဲ့ဖန်အား အရူးဟု ထင်ရုံသာမက လင်းလန်ကိုပါ အရူးဟု ထင်နေ၏။ ဤသို့ မောက်မာ၍ အားနည်းသော လူတစ်ယောက်အတွက်နှင့် ကျင်းရှောက်ချိုး၏ ဇနီးသည်ရာထူးကို စွန့်ပစ်သည်က မိုက်မဲလှသည်။
“ဟားဟားဟား …”
ထိုစဉ် ကျင်းရှောက်ချိုးက ခွက်ထိုးခွက်လန် ရယ်မောလေ၏။ သူသည် ယဲ့ဖန်အား စိုက်ကြည့်လိုက်ပြီး နတ်ဘုရင်အဆင့်၏ အရှိန်အဝါကို ခံစားမိပြီး အထင်သေးဟန် ပြုံးလိုက်သည်။
“ဟေ့ကောင် မင်း တယ်ဟုတ်ပါလား”
“မဟာနတ္ထိ အရှင်သခင် ဒီကို ရောက်လာတော့မှာ၊ ပြီးတော့ ငါ့ကျင်းမိသားစုကလည်း ဒီမြို့ကို စိုးမိုးနိုင်တော့မယ်၊ လင်ကျိုးတစ်မြို့လုံးက ငါတို့ကျင်းမိသားစုနာမည်ကို ဟစ်ကြွေးပြီး ငါ ကျင်းရှောက်ချိုးကို ကပ်ဖားယပ်ဖား လုပ်တော့မှာ၊ မင်းကတော့ ခြွင်းချက်ပေါ့လေ”
ထိုသို့ပြောပြီး ကျင်းရှောက်ချိုးက လူသတ်ချင်သော အကြည့်များဖြင့် ဆက်ပြောလေသည်။
“သိပ်ကောင်းတယ်၊ မင်းသတ္တိကို လေးစားတဲ့အနေနဲ့ ငါ မင်းကို သတ်ဖို့ စဉ်းစားထားတယ်”
“ပြီးတော့ မင်းမိန်းကလေးကိုလည်း လုယူမယ်”
ထိုသို့ပြောဆိုပြီးနောက် ကျင်းရှောက်ချိုးက နောက်သို့တစ်လှမ်းဆုတ်သွားပြီး အနား၌ ရပ်နေသည့် အန္တိမ တစ်ပိုင်းအဆင့် သိုင်းပညာရှင် အယောက်ငါးဆယ်ကျော်အား လက်ဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။
“သတ်လိုက်တော့”
ထိုစကားအဆုံး၌ စားသောက်ဆိုင် တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။ အန္တိမ တစ်ပိုင်းအဆင့် အယောက် ငါးဆယ်ကျော်က ယဲဖ့န်ထံသို့ လျင်မြန်စွာ ပြေးဝင်လာကြသည်။ အန္တိမ တစ်ပိုင်းအဆင့် သိုင်းပညာရှင်တိုင်းက ထီမထင်ဟန် ပြုံးနေ၏။
ခြင်တစ်ကောင်ကို ရိုတ်သက်သကဲ့သို့ ယဲ့ဖန်ကို ရှင်းလင်းနိုင်လိမ့်မည်ဟု သူတို့ ထင်နေကြသည်။ သူတို့၏ အရှိန်အဝါကြောင့် လင်းလန်၏ မျက်နှာလေး ပြာနှမ်းသွားသည်။
“ယဲ့ဖန် …”
လင်းလန် အလွန်အမင်း စိုးရိမ်နေသည်။ သူမ ယဲ့ဖန်ကို ယုံကြည်ပါသည်။ သို့ပါသော်လည်း အန္တိမ တစ်ပိုင်းအဆင့် အယောက်ငါးဆယ်ကျော်နှင့် သူ ရင်ဆိုင်ရမည် မဟုတ်ပါလား။ အားလုံး၏ ခွန်အားက လောကသခင် သုံးပါး ထက်ပင် အဆပေါင်းများစွာ သန်မာနေ၏။
“စိတ်မပူပါနဲ့ ပုရွက်ဆိတ်တစ်သိုက်က ပြာဖြစ်သွားမှာပါ”
ယဲ့ဖန်က လင်းလန်၏ လက်လေးကို ပုတ်ကာ ပြောလိုက်သည်။ သူ၏ ယုံကြည်မှုရှိသော အပြုံးကြောင့် လင်းလန် အံ့ဩသွားသည်။ ဘာရယ်ကြောင့်မှန်းမသိသော်လည်း သူမ ရင်တဒိတ်ဒိတ်ခုန်နေရာမှ ပုံမှန်အတိုင်း ပြန်ဖြစ် သွားသည်။ သူမအနား၌ ဤလူ ရှိနေသရွေ့ ကြောက်စရာကောင်းသော အရာအားလုံး လွင့်ပြယ်သွားသလို ခံစားနေရသည်။ ယဲ့ဖန်၏ စကားကို ကြားပြီး လူတိုင်း ပို၍ အထင်သေး စက်ဆုပ်သွားကြသည်။
*ပုရွက်ဆိတ်တွေ*
*ပြာဖြစ်သွားမယ်တဲ့လား*
*ဒီကောင် အကြောက်လွန်ပြီး စိတ်လွတ်သွားပြီပဲ*
လူတိုင်း ဂရုမစိုက်ဟန်ဖြင့် ကြည့်နေကြသည်။ အန္တိမတစ်ပိုင်းအဆင့် အယောက်ငါးဆယ်ကျော်၏ လက်ထဲ၌ ယဲ့ဖန် သွေးအိုင်အဖြစ် ပြောင်းသွားပြီဟု သူတို့ မြင်ယောင်နေလေသည်။ ကျင်းရှောက်ချိုးသည်လည်း အကြည့်များက အလွန် အေးစက်နေ၏။
“သေလိုက်တော့၊ မင်းအသက်က ငါ့အပိုင်ပဲ၊ ပြီးတော့ မင်းမိန်းမကလည်း ငါ့အပိုင်ပဲ၊ ဟားဟားဟား …”
ကျင်းရှောက်ချိုး အပြုံးကြီး ပြုံးနေသည်။ ထိုအခိုက်တွင် အန္တိမတစ်ပိုင်းအဆင့် အယောက်ငါးဆယ်ကျော်က ယဲ့ဖန်ရှေ့သို့ ပြေးသွားပြီး လက်ကိုဝင့်၍ ရိုက်သတ်ရန် ပြင်လေသည်။
ထိုစဉ် ကျင်းရှောက်ချိုး၏ အပြုံးသည်လည်း ပျောက်ကွယ်သွားပြီး ဘေးပတ်လည်မှ လူတိုင်း၏ အထင်သေးဟန် များလည်း ကွယ်ပျောက်သွားသည်။
အန္တိမအဆင့် အယောက်ငါးဆယ်ကျော်တို့သည် ယဲ့ဖန်နှင့် လင်းလန်ရှေ့၌ ရပ်နေပြီး လက်ကို မြှောက်ထား သော်လည်း မလှုပ်မယှက် ဖြစ်နေကြသည်ကို သူတို့ သတိထားလာသည်။ သူတို့သည် ကျောက်ရုပ်များသဖွယ် တစ်စက်ကလေးမျှ မလှုပ်ကြချေ။
*ဒါ … ဘာတွေ ဖြစ်နေတာလဲ*
ကျင်းရှောက်ချိုးနှင့် အခြားသူများအားလုံး တွေဝေသွားလေသည်။
“ခွေးမသားတွေ၊ မင်းတို့ ကြောင်ပြီး ဘာလုပ်နေတာလဲ၊ မင်းတို့ သိုင်းကွက်ထုတ်တော့မလို့ မဟုတ်ဘူးလား၊ သူ့ကို မြန်မြန်သတ်လိုက်လေ”
ကျင်းရှောက်ချိုးက အန္တိမတစ်ပိုင်းအဆင့် အယောက်ငါးဆယ်ကျော်ကို အော်ပြောလိုက်သည်။
ဂျွတ်!
သူ၏အော်သံအဆုံး၌ အန္တိမတစ်ပိုင်းအဆင့် သိုင်းပညာရှင်တစ်ယောက်၏ ခန္ဓာကိုယ်က ချက်ချင်း အက်ကွဲသွား ပြီးနောက် ပြာဖြစ်ကာ လေနှင့်အတူ မျောလွင့်သွားသည်။
ဆယ်ယောက်၊ အယောက်နှစ်ဆယ်၊ အယောက်ငါးဆယ်။
တိုတောင်းလှသော အချိန်လေးအတွင်းမှာပင် အန္တိမတစ်ပိုင်းအဆင့် အယောက်ငါးဆယ်ကျော်လုံး သေဆုံး သွားပြီး အလောင်းပြာမှုန့်များက လေနှင့်အတူ ပျောက်ကွယ်သွားသည်။
ဤသို့ ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် လူတိုင်း ရင်တုန်သွားကြသည်။ နတ်ဆိုးတစ်ကောင်၏ လက်သည်းဖြင့် ဖျစ်ညှစ်ခံထားရသကဲ့သို့ ခံစားလာရသည်။
အားလုံး တွေဝေနေကြသည်။ လူတော်တော်များများက မိမိတို့ အမြင်မှားသည်ဟု ထင်မှတ်ကာ မျက်လုံးကို ပွတ်၍ ပြန်ကြည့်ကြသည်။
“သေသွားပြီလား၊ ပျောက်ကွယ်သွားတာလား၊ ဒါက …”
သခင်မထုံသည် သရဲသဘက်အား တွေ့လိုက်ရသကဲ့သို့ တုန်ယင်နေသည်။ ကျင်းရှောက်ချိုးမှာမူ ယဲ့ဖန်အား မိစ္ဆာတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေ၏။
“မိစ္ဆာကျင့်စဉ်၊ မင်း … ဒါ ဘယ်လို မိစ္ဆာအတတ်တွေကို သုံးလိုက်တာလဲ”
အန္တိမတစ်ပိုင်းအဆင့်သည် မည့်သည့်နယ်မြေ၌မဆို စိုးမိုးနိုင်သော အနေအထားဖြစ်သည်။ ယခုအခါတွင်မူ မျက်တောင်တစ်ခတ်အတွင်း သေဆုံးသွားကြသဖြင့် ကျင်းရှောက်ချိုး၏ အတွေးအခေါ်များ ကပြောင်းကပြန် ဖြစ်သွားရသည်။
ထိုအချိန်တွင် ပြတင်းပေါက်နား၌ ထိုင်နေကြသော လူတစ်ချို့က ထအော်လာသည်။
“အပြင်ကို ကြည့်ကြဦးဟေ့၊ ဟိုလူက ကျင်းမိသားစုခေါင်းဆောင် ကျင်းကျိုက်ထျန်း မဟုတ်လား၊ ပြီးတော့ သူ့ဘေးနားက အန္တိမအဆင့်တွေက ဘယ်သူတွေလဲ”
ထိုစကားသံကြောင့် လူတိုင်း ပြတင်းပေါက် အပြင်သို့ လှမ်းကြည့်ကြလေသည်။ ထိုအခါတွင်မှ စားသောက်ဆိုင် အောက်၌ အင်အားကြီးသော သိုင်းပညာရှင်တစ်စု ရပ်နေကြသည်ကို သူတို့ သတိထားမိသွားသည်။
ထိုသိုင်းပညာရှင်များ၏ မျက်နှာများကို မြင်ပြီး လူတိုင်း အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။
“ဒါ … ဒါ ဘုရင်မကျစ်ဝေ့ပဲ၊ မြတ်စွာဘုရား၊ အခု သူက အန္တိမ အထွတ်အထိပ်အဆင့်တောင် ရောက်နေပါလား”
“ဟွမ်ထျန်းပါ့၊ တမင်ကျင်းဖမ်း … သူတို့အားလုံးက အန္တိမအဆင့် ရှေးဟောင်း သိုင်းပညာရှင်တွေပဲ”
“ရှေးဟောင်း မိသားစု နှစ်ဆယ့်လေးခုလုံး ဒီရောက်နေပြီ”
“…”
လူတိုင်း ဆူညံနေသည်။ ကျင်းရှောက်ချိုးသည်လည်း ပြတင်းပေါက်နားသို့ သွားကြည့်လိုက်သောကြောင့် အပြင်ဘက်မှ မြင်ကွင်းကို မြင်လိုက်ရသည်။ ထိုအခါ သူ အလွန်အမင်း ဝမ်းသာသွားသည်။
ယဲ့ဖန်ကြောင့် ဖြစ်ပေါ်လာသော ကြောက်စိတ်က ချက်ချင်း လွင့်ပျယ်သွားပြီး အပြင်ဘက်မှ သူ၏ဖခင်နှင့် ဦးလေးများကို အော်ပြောလိုက်သည်။
“အဖေ၊ ဦးလေးတို့ လာကြပါဦး၊ ဒီမှာ မိစ္ဆာကောင် ရောက်နေတယ်”
“သူက ကျွန်တော်တို့ရဲ့ အန္တိမတစ်ပိုင်းအဆင့် အယောက်ငါးဆယ်ကျော်ကို သတ်လိုက်ပြီ၊ သူ့ကို လာသတ် ပေးပါဦး”
ကျင်းရှောက်ချိုး ဝမ်းသာအားရ ဖြစ်နေ၏။ သို့သော် သူ့စကားအဆုံး၌ ကျင်းမိသားစုခေါင်းဆောင်ဖြစ်သူ ကျင်းကျိုက်ထျန်းသည် မြေကြီးပေါ် လဲကျလုနီးပါး ဖြစ်သွားလေသည်။
“အသုံးမကျတဲ့ကောင်”
ကျင်းကျိုက်ထျန်း သွေးအန်လုနီးပါး ဖြစ်နေသည်။ အထူးသဖြင့် ယဲ့ဖန်က အောက်ဘက်မှ လူများအားလုံးကို ကြည့်နေသည်ကို သတိထားမိပြီး ကျင်းကျိုက်ထျန်း တုန်လှုပ်ကာ မြေကြီးပေါ် ဒူးထောက် ဝပ်တွားလိုက်သည်။
“လင်ကျိုးမြို့က ကျင်းမိသားစုခေါင်းဆောင် ကျင်းကျိုက်ထျန်းက မဟာနတ္ထိ အရှင်သခင်ကို ဂါဝရပြုပါတယ်”
“ကျွန်တော့်သားက အသုံးမကျလို့ သေလမ်းရှာနေတာပါ၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ ကျင်းမိသားစုကို ခွင့်လွှတ်ပေးပါ”
ထိုစကားကြောင့် ကျင်းရှောက်ချိုးနှင့် စားသောက်ဆိုင်ထဲမှလူများအားလုံး မှင်တက်သွားသည်။ သို့ရာတွင် ဤသည်မှာ အစသာ ရှိပေသေးသည်။
ယဲ့ဖန်နှင့် လင်းလန်ကို မြင်သည်နှင့် ဆိုင်အောက်မှ အန္တိမအဆင့် ရှေးဟောင်း သိုင်းပညာရှင် သုံးဆယ့် နှစ်ယောက်နှင့် ထောင်ချီသော သိုင်းပညာရှင်များက ဒူးတစ်ဖက် ထောက်ကာ ရင်ဘတ်ပေါ် လက်တင်၍ အရိုအသေ ပေးလေသည်။
“မဟာနတ္ထိ အရှင်သခင်ကို ဂါဝရပြုပါတယ်”
“သခင်မကို ဂါဝရပြုပါတယ်”
စာစဉ် ၆၆ ဤတွင် ပြီးပါပြီ။