အခန်း ၉၉၁
Vol. 67 Ch. 991
Chapter 991 သတ်လိုက်
*မဟာနတ္ထိ အရှင်သခင်တဲ့လား*
ထိုအခိုက်တွင် ဂါဝရပြုသံများနှင့်အတူ အောက်၌ ဒူးထောက်နေသော လူတစ်စုကိုမြင်ပြီး စားသောက်ဆိုင် တစ်ခုလုံး တိတ်ဆိတ်ကာ ငြိမ်ကျသွားသည်။ လူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေကြသည်။
“သူ ... သူက မဟာနတ္ထိ အရှင်သခင်လား”
ကျင်းရှောက်ချိုး မိုးကြိုးပစ်ချခံရသကဲ့သို့ ဖြစ်နေ၏။ သူ အထင်သေးနေသော နတ်ဘုရင်အဆင့် လူငယ်လေးက သူနှင့် ကျင်းမိသားစုတစ်ခုလုံး မှီခိုထားရသည့်သူ ဖြစ်နေပြီး သူ နေ့ရောညပါ လေးစားနေရသည့် မဟာနတ္ထိ အရှင်သခင် ဖြစ်၍နေသည်။
*ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ*
လက်ရှိအချိန်တွင် ကျင်းရှောက်ချိုး၏ မျက်နှာသည် လူသေအလား ဖြူရော်နေ၏။ သူသည်သာကမ ဘေးနားမှ သခင်မထုံသည်လည်း အလွန် အံ့အားသင့်နေရသည်။
လင်းလန်ကို ကျင်းရှောက်ချိုးထံ သူမ ရောင်းလိုက်ရသည့် အကြောင်းရင်းမှာ ကျင်းမိသားစုနှင့် မဟာနတ္ထိ အရှင်သခင်ကြားမှ ဆက်ဆံရေးကို သူမ သဘောကျသဖြင့် မျက်နှာရလိုသောကြောင့် ဖြစ်သည်။
သို့သော် ရွှေတွင်းပိုင်ရှင်ကို လက်လွတ်သွားသည့်အပြင် အန္တရာယ်ထဲ ကျရောက်သွားလိမ့်မည်ဟု သူမ ထင်မထားမိချေ။
သခင်မထုံသည် အံ့အားသင့်နေရာမှ သတိဝင်လာပြီးနောက် ကတုန်ကယင် ဖြစ်လာပြီး ယဲ့ဖန်ရှေ့၌ ဒူးထောက်ကာ ချမ်းသာပေး၍ ဝပ်တွားခယလေတော့သည်။
“မ ... မဟာနတ္ထိ အရှင်သခင်၊ ဒီအမယ်အိုကြီးက အမြင်ကျဉ်းခဲ့လို့ အရှင့်ကို မသိခဲ့တာပါ၊ လန်အာရဲ့ မျက်နှာကို ထောက်ပြီး ဒီအမယ်အိုရဲ့ အသက်ကို ချမ်းသာပေးပါ”
“အစတုန်းက ဒီအမယ်အိုရဲ့ အသက်ကို လန်အာ ကယ်ခဲ့တာပါ၊ အဲ့ဒီ ကြင်နာမှုကြောင့် ဒီအမယ်အိုက လန်အာကို နှစ်ဝက်လောက် ကာကွယ်ခဲ့တာပါ၊ အဲ့အတွက် ဘာအကျိုးအမြတ်မှ မရခဲ့ပင်မယ့်လည်း ပင်ပန်းခဲ့ပါတယ်”
“ကျေးဇူးပြုပြီး မဟာနတ္ထိ အရှင်သခင် သက်ညှာပေးပါ”
လက်ရှိတွင် သခင်မထုံသည် ယခင်က ထောင်လွှားခဲ့သော အမူအရာများ ပျောက်ကွယ်နေပြီး ကြောက်လန့် နေသော လမ်းဘေးခွေးသဖွယ် ကြမ်းပြင်ပေါ် ဝပ်တွား၍ အသနားခံနေ၏။
သူမစကားကြောင့် ယဲ့ဖန်၏ အကြည့်များက ပိုပို၍ အေးစက်လာသည်။
“လင်းလန်က ခင်ဗျားအသက်ကို ကယ်ခဲ့တယ်ဆိုတာကို သိသေးတယ်ပေါ့”
“ဒါတောင်မှ ခင်ဗျား ကိုယ်ကျိုးအတွက် သူ့ကို ပစ္စည်းတစ်ခုလို ရောင်းသေးတယ်လား”
“ခင်ဗျား ... သေသင့်တယ်”
သခင်မထုံ၏ နားထဲသို့ ယဲ့ဖန်၏ စကားက သေမင်းခေါင်းလောင်းသံသဖွယ် ဝင်ရောက်လာပြီး တစ်ကိုယ်လုံး တုန်ယင်သွားသည်။
“မလုပ်ပါနဲ့”
သူမ အလျင်အမြန် ထရပ်၍ နောက်လှည့်ကာ ထွက်ပြေးရန် ပြင်လေသည်။ ထိုစဉ် ကြောက်စရာကောင်းသော နတ်ဆိုးလက်သည်းတစ်ဖက် ထွက်ပေါ်လာသည်။
ထိုနတ်ဆိုးလက်သည်း၏ အရှိန်အဝါက ကောင်းကင်ယံကိုပင် ဖုံးအုပ်နိုင်လေသည်။ ထို့နောက် ချက်ချင်း ဆိုသလိုပင် ထွက်ပြေးနေသော သခင်မထုံကို ဖမ်းချုပ်၍ အားဖြင့် ဖျစ်ညှစ်လိုက်သည်။
“အား...”
သခင်မထုံသည် တစ်ချက်မျှသာ အော်လိုက်နိုင်ပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ကြေမွသွားပြီး သွေးများ ပန်းထွက် လာသည်။
တောက်! တောက်!
လေထုထဲမှ သွေးစက်များ ကျဆင်းလာပြီး အသားစများနှင့် အရိုးစများက စားသောက်ဆိုင် အပေါ်ထပ် တစ်ခုလုံးသို့ ပျံ့ကြဲနေသဖြင့် စားသောက်ဆိုင်တစ်ခုလုံးမှ လူများအားလုံး တစ်ဒင်္ဂမျှ ကြက်သေ သေသွား လေသည်။
လူတိုင်း ထိတ်လန့်နေကြသည်။ သခင်မထုံသည် အန္တိမအဆင့်ရှိသော သိုင်းပညာရှင်တစ်ယောက် ဖြစ်ပြီး ယခု ယဲ့ဖန်ထံ၌ ဖျစ်ညှစ်၍ အသတ်ခံလိုက်ရသဖြင့် အားလုံး မယုံကြည်နိုင် ဖြစ်နေကြသည်။
ယခင်က စားပွဲဝိုင်းတိုင်းမှ လူများသည် ယဲ့ဖန်၏ အဆင့်အတန်းကို မယုံကြည်ကြပေ။ ယခု သူက သခင်မထုံကို တစ်ချက်တည်းဖြင့် သတ်လိုက်သဖြင့် လူတိုင်း တုန်လှုပ်သွားလေသည်။ သူတို့အားလုံး ယဲ့ဖန်ရှေ့၌ ဒူးထောက်၍ နှုတ်ဆက်ကြလေသည်။
“မဟာနတ္ထိ အရှင်သခင်ကို ကြိုဆိုပါတယ်”
“မဟာနတ္ထိ အရှင်သခင် ကျွန်တော်မျိုး မသိတတ်ခဲ့တဲ့အတွက် ခွင့်လွှတ်ပေးပါ”
“မဟာနတ္ထိ အရှင်သခင် ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ”
“…”
ထိုအခိုက်တွင် စားပွဲဝိုင်းအားလုံးမှ လူများသည် ဆန်စက်ထဲမှ စပါးသဖွယ် တုန်ယင်နေကြသည်။ အထူးသဖြင့် အစောပိုင်းက သူတို့အားလုံး ယဲ့ဖန်၏ ထောင်လွှားမှုအား လှောင်ပြောင်ခဲ့သည်ကို ပြန်တွေးမိပြီး အားလုံး နောင်တ ရလာကြသည်။
လူတိုင်း အရိုအသေပေး၍ တောင်းပန်နေသောကြောင့် ကျင်းရှောက်ချိုး တုန်လှုပ်ကာ သေလုမတတ် ကြောက်ရွံ့နေ၏။ ထို့နောက် သူသည်လည်း ဒူးထောက်၍ အသည်းအသန် တောင်းပန်လေသည်။
“အရှင် အသက်ချမ်းသာပေးပါ၊ ဒီငယ်သား အကြိမ်တစ်ထောင်မက သေသင့်တဲ့ အပြစ်ကို ကျူးလွန်မိပါတယ်”
“ကျွန်တော့် မိသားစုမျက်နှာနဲ့ ဘိုးဘေး တမင်ကျင်းဖမ်းရဲ့ မျက်နှာကို ထောက်ထားပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ”
လက်ရှိတွင် ကျင်းရှောက်ချိုး၏ အသိစိတ်ထဲ၌ ကြောက်စိတ်များဖြင့် ပြည့်နှက်နေ၏။ သူသည် ရွှေဇွန်းကိုက်၍ မွေးဖွားလာသော သခင်လေး ဖြစ်သဖြင့် ဗိုလ်ကျပြီး တစ်ကိုယ်ကောင်းဆန်သည်။
သို့သော် ယခုအခါ၌ သူသည် မထိသင့်သော အရာကို ကန်ကျောက်လိုက်မိသဖြင့် ကြောက်စိတ်များသာ စိုးမိုးနေသည်။ သူသည် ခြေထောက်များပင် တုန်နေပြီး ပေါင်ခြံမှ ကျင်ငယ်ရည်ပင် စီးကျလာသည်။
သို့သော် ယဲ့ဖန်က သူ့စကားကို မကြားသယောင်ပြုပြီး လင်းလန်ကို ပွေ့ဖက်၍ ခပ်ဖွဖွ ပြုံးလိုက်သည်။
“သွားကြစို့”
လက်ရှိအချိန်အထိ အိပ်မက်မက်နေသည်ဟု လင်းလန် ထင်မှတ်မိနေ၏။ ယဲ့ဖန်က အလွန် ထူးခြား ဆန်းကြယ်သူမှန်း သူမ မသိပါသည်။ သူသည် စကြဝဠာကြီး၏ နတ်ဆိုးဧကရာဇ် ဖြစ်သော်လည်း ထိုအရာက ငရဲဘုံ၌သာ ဖြစ်သည်။
ကြောက်စရာကောင်းသော ယင်ယန်လောကတွင်လည်း သူက ကောင်းကင်ယံကို လက်တစ်ဖက်ဖြင့် လွှမ်းမိုးနိုင်ပြီး မုန်တိုင်းထန်စေလိမ့်မည်ဟု သူမ ထင်မထားမိပါ။
“ဒါမှ ငါ့ရဲ့အမျိုးသား …”
ထိုသို့တွေးပြီး လင်းလန် တောက်ပ၍ ဂုဏ်ယူသော အပြုံးမျိုး ပြုံးလိုက်ပြီး ယဲ့ဖန်နှင့်အတူ အောက်ထပ်သို့ ဆင်းသွားလိုက်သည်။
ထိုအဖြစ်ကြောင့် ကျင်းရှောက်ချိုး အံ့အားသင့်သွားသည်။ ယဲ့ဖန်က သူ့ကို အပြတ်မရှင်းဘဲ လက်လွှတ်၍ ထွက်သွားသည်ကို တွေ့လိုက်ရသဖြင့် သက်ပြင်းချလိုက်သည်။
“ဟူး …”
“ကြည့်ရတာ မဟာနတ္ထိ အရှင်သခင်က ဘိုးဘေး တမင်ကျင်းဖမ်းနဲ့ ငါ့ကျင်းမိသားစုကို ကြောက်တယ်ထင်တယ်”
ဖြစ်နိုင်ချေကို တွေးမိပြီးနောက် ကျင်းရှောက်ချိုးသည် စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်မိသလို သူ့စိတ်ထဲမှ ယဲ့ဖန်ကို ကြောက်သည့်စိတ်ကလည်း အနည်းငယ် ပြေလျော့သွားသည်။
သူ့စိတ်ထဲတွင် ယဲ့ဖန်သည် မဟာနတ္ထိ အရှင်သခင် ဖြစ်နေလျင်တောင်မှ ဘိုးဘေး တမင်ကျင်းဖမ်းနှင့် အခြားသော ရှေးဟောင်း မိသားစုများ၏ ဘိုးဘေးများကို အားမကိုးဘဲ ဤသို့ မဖြစ်လာနိုင်ဟု ထင်မှတ်နေ၏။
သူ မလုပ်သင့်သော အရာတစ်ခုကို လုပ်ခဲ့သော်လည်း မဟာနတ္ထိ အရှင်သခင်က သူ၏ဘိုးဘေးမျက်နှာကို ထောက်၍ ခွင့်လွှတ်ပေးခဲ့ရသည် မဟုတ်ပါတကား။
လက်ရှိတွင် ယဲ့ဖန်နှင့် လင်းလန်တို့ အောက်သို့ ဆင်းသွားသည်ကိုကြည့်ပြီး ကျင်းရှောက်ချိုး ဒူးထောက်ရာမှ ပြန်ထလိုက်ပြီး ယဲဖ့န်ကို အထင်သေးစွာ ကြည့်လိုက်သည်။ သူသည် ထရပ်လိုက်ပြီးသည်နှင့် အောက်ထပ်သို့ လိုက်ဆင်းရန် ပြင်လေသည်။
ထိုအခါ သူ အံ့အားသင့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ကြောက်စရာကောင်းသော မည်းမှောင် နေသည့် ပုရွက်ဆိတ်များ၏ အဝိုင်းခံထားရသည်ကို တွေ့လိုက်ရသောကြောင့်ပင်။
“ဒါ … ဒါ ဝိညာဉ်စား ပုရွက်ဆိတ်တွေပဲ”
ကျင်းရှောက်ချိုး မျက်လုံးပြူးလာပြီး အတွေးထဲ၌ ကြောက်လန့်၍ ကြံရာမရသော စိတ်များဖြင့် ပြည့်နှက်လာ၏။ ယဲ့ဖန်က သူ့ကို အသက်ချမ်းသာပေးခြင်း မဟုတ်ဘဲ အရက်စက်ဆုံးသော နည်းလမ်းကိုသုံး၍ သူ့အား သေစေချင်နေကြောင်း နားလည်လိုက်သည်။
“မဖြစ်ရဘူး”
ကျင်းရှောက်ချိုး ငယ်သံပါအောင် အော်ဟစ်လိုက်မိသည်။ ထိုစဉ် ကြောက်စရာကောင်းသော ဝိညာဉ်စား ပုရွက်ဆိတ်များသည် ကျင်းရှောက်ချိုးထံသို့ ပြေးဝင်လာကြသည်။
သူတို့သည် လက်သည်းများကိုဝင့်ကာ အစွယ်များကို လှစ်ဟာ၍ ကျင်းရှောက်ချိုး၏ ခန္ဓာကိုယ်မှ အသွေးအသားများကို ကိုက်ဖြတ်စားသောက်လာသည်။ ကျင်းရှောက်ချိုး၏ ခန္ဓာကိုယ်မှ အသားစများနှင့် သွေးစများ လွင့်စဉ်လာ၏။
သူ၏ ငယ်သံပါအောင် အော်ဟစ်နေသည့်အသံကို ကြားနေမြင်နေရသော စားသောက်ဆိုင်ထဲမှ လူများသည် လောက၌ ကြောက်စရာအကောင်းဆုံးသော အပြစ်ပေးမှုကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရလေသည်။
“အား…”
ထိုအခိုက်တွင် ကျင်းရှောက်ချိုး ဆောက်တည်ရာမရ ဖြစ်နေ၏။ သူ သခင်မထုံကိုပင် အားကျမိသွားသည်။ သူမသည် ဖျစ်ညှစ်ခံရ၍ သေဆုံးသွားသော်လည်း ဤသို့ ကိုက်ဖြတ်စားသောက်ခြင်း ခံနေရသည်ထက် သေပျော် ပါသေးသည်။
သူသည် သူ၏ခြေလက်များ အစားခံနေရသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ရသည်။ ကြောက်စိတ်နှင့် နောင်တရသော စိတ်တို့ ရောပြွမ်းနေသော စိတ်တို့ဖြင့် ကျင်းရှောက်ချိုး အပြီးတိုင် စားသောက်ခံလိုက်ရသည်။ ကြမ်းပြင်၌ သွေးအိုင်တစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။
အပေါ်ထပ်မှ အော်သံက လင်ကျိုးမြို့မှ ကျင်းမိသားစုခေါင်းဆောင် ကျင်းကျိုက်ထျန်းကိုလည်း တုန်ယင်သွား စေခဲ့သည်။ ကျင်းရှောက်ချိုးသည် သားဖြစ်သူ သေသွားရသည်ကို ဂရုမစိုက်နိုင်ပါ။ ကျင်းရှောက်ချိုး သေသွားလျင် သူ့၌ အစားထိုးစရာ သားများ ရှိသေးသည်။
ယခု သူသည် ကြောက်လန့်၍သာ နေ၏။ သူ့အား တစ်စုံတစ်ယောက်က သတ်ပစ်မည်ဟု ခြိမ်းခြောက် အကျပ်ကိုင်လာလျင်တောင်မှ သို့မဟုတ် မျိုးနွယ်တစ်ခုလုံးကို ရှင်းလင်းပစ်မည်ဟု ခြိမ်းခြောက်လာလျင်တောင်မှ နတ်ဆိုး ယဲ့ဖန်၏ ရန်သူ ဖြစ်သွားမည့် အဖြစ်မျိုးသို့ သူ လုံးဝ အရောက်မခံနိုင်ပါ။
ယဲ့ဖန်သည် အပြင်သို့ ထွက်လာသည်နှင့် ကျင်းကျိုက်ထျန်းကို စိုက်ကြည့်လိုက်သည်။
“ကျုပ် ဒီလိုလုပ်လို့ ဖြစ်တယ်မလား”
ထိုစကားကြောင့် ကျင်းကျိုက်ထျန်း တုန်လှုပ်သွားပြီး ခပ်သွက်သွက် ပြန်ပြောလိုက်လေသည်။
“မဟာနတ္ထိ အရှင်သခင်ကို ကျိုက်ထျန်း အရိုအသေပေးပါတယ်”
“ကျွန်တော့်ရဲ့ ကျင်းမိသားစုက အငြိုးထားတဲ့စိတ်ကို ဘယ်လိုနည်းနဲ့မှ မထားရဲပါဘူး၊ အကယ်၍ အဲ့လိုစိတ်မျိုး ထားခဲ့မိရင် ကျင်းမိသားစု ပျက်သုဉ်းပြီး အခြားလူတွေနဲ့ ကောင်းကင်ဘုံရဲ့ အပြစ်ပေးတာကို ခံရပါစေ”
ထိုသို့ကျိန်ဆိုပြီးသည်နှင့် ကျင်းကျိုက်ထျန်း ဝပ်တွား၍ အရိုအသေ ပေးလိုက်သည်။