အခန်း ၉၉၃
Vol. 67 Ch. 993
Chapter 993 မင်းခေါင်းကို ဖြတ်ပြီး ရွှယ်ယွမ်ကို လက်ဆောင်ပေးမယ်
ယင်ယန်လောက၌ အင်အားအကြီးဆုံးအဖွဲ့အစည်းမှာ လူသား အရှင်သခင်နန်းတော် ဖြစ်သည်။ လူသား အရှင်သခင် နန်းတော်၏ လက်အောက်၌ မဟာ အင်အားကြီး အင်အားစု ငါးခုရှိသည်။
ထိုအင်အားစုများမှာ မိုးကြိုးတောင်ကြားနှင့် မသေမျိုးမျိုးနွယ် ပါဝင်သည့် ရှေးဟောင်း မျိုးနွယ်လေးခုတို့ ဖြစ်သည်။
သုံးရက်ကြာပြီးနောက် ကြောက်စရာကောင်းသော တောင်တန်းများရှိရာသို့ ယဲ့ဖန် ရောက်လာသည်။ သူ၏ အရှေ့၌ တြိဂံပုံသဏ္ဌာန် ဖြစ်ပေါ်နေသော တောင်တန်းများ ရှိသည်။
ဤနေရာသည် ယင်ယန်လောကမှ လူများ ပြောဆိုနေကြသည့် မိုးကြိုးတောင်ကြား ဖြစ်လေသည်။ မိုးကြိုး တောင်ကြားမှ ထိတ်လန့်ဖွယ် အရှိန်အဝါများ ဆက်တိုက် ထွက်ပေါ်နေ၏။
မိုးကြိုးတောင်တန်း၏ ကောင်းကင်ယံ၌ ရွှေရောင်လျှပ်စီးများ အဆက်မပြတ် လင်းလက်နေသည်။ နတ်မိုးကြိုး တိုင်း၌ လောကကို ဖျက်ဆီးနိုင်သည့် စွမ်းအင်များ ပါဝင်နေသည့်ပုံပင်။
ဂျိန်း!
အထူးသဖြင့် အလင်းရောင် လက်ခနဲ ဖြစ်သွားပြီး ထွက်ပေါ်လာသည့် မိုးကြိုးသံက မိုးကြိုးတောင်ကြားအား မြင့်မြတ်ထည်ဝါ၍ သာမန်ထက် ထူးခြားနေစေသည်။
ဤသည်ကိုကြည့်ပြီး ယဲ့ဖန် မျက်လုံး မှေး၍ ရေရွတ်လိုက်သည်။
“ကြည့်ရတာ ပြင်ဆင်ထားတဲ့ပုံပဲ”
လမ်းတစ်လျှောက်၌ လမ်းသွားလမ်းလာများပင် မရှိသည်ကို ယဲ့ဖန် သတိထားမိသည်။ လေထုသည်လည်း အသက်ရှူကြပ်မတတ် လေးလံထိုင်းမှိုင်းနေသည်။
သူ ထို့သို့ ရေရွတ်လိုက်ပြီးသည်နှင့် မိုးကြိုးတောင်ကြားအတွင်းမှ မိုးခြိမ်းသံကဲ့သို့သော အသံတစ်သံ ထွက်ပေါ်လာ၏။
“ဟားဟားဟား … နှစ်ဝက် ရှိသွားပြီ၊ ယဲ့ဖန် မင်း ငါ့ကို စောင့်နေရအောင် လုပ်တာပဲ”
ထိုအသံက ထီမထင်ဟန်နှင့် ယုတ်ညံ့လိုစိတ်များ ပြည့်နှက်နေသည်။ ထိုလူအကြောင်းကို တွေးမိသည်နှင့် ယဲ့ဖန်၏ အပြုံးက ပို၍သွေးဆာဟန် ပေါ်လာသည်။
“ခင်ဗျားခေါင်းကို လည်ပင်းနဲ့ အကြာကြီး ဆက်ထားပေးရလို့ ကျုပ် စိတ်မကောင်းပါဘူး”
ယဲ့ဖန် ပြန်ချေပလိုက်သော စကားကြောင့် မိုးကြိုးနတ်ဘုရား၏ အရှိန်အဝါက တန့်ခနဲ ဖြစ်သွားပြီးမှ အေးတိအေးစက် လှောင်ပြောင်သံ ထွက်ပေါ်လာသည်။
“ဘယ်သူက ဘယ်သူ့ခေါင်းကို ဖြတ်မလဲဆိုတာ အခုထိ မသိသေးပါဘူး”
“ကိုယ့်လူတို့ ထွက်လာတော့”
မိုးကြိုးနတ်ဘုရား၏ စကားအဆုံး၌ တောင်ကြားထံမှ လှိုင်းတွန့်များ ထွက်ပေါ်လာပြီး လေဟာနယ် အက်ကွဲ၍ တံခါးတစ်ခု ပေါ်လာသည်။ ထိုတံခါးအတွင်းမှနေ၍ လူတစ်စု ထွက်လာလေသည်။
ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင်၊ အယောက်တစ်သောင်း။ တစ်ချက်ကြည့်ရုံနှင့် ထိုလူစု၏ အဆုံးသတ်ကို မမြင်ရပေ။
မိုးကြိုးတောင်ကြားမှ သိုင်းပညာရှင်တိုင်းတွင် လျှပ်စီးများ လက်နေပြီး သူတို့၏ ပြင်းထန်သော အရှိန်အဝါက အန္တိမ အထွတ်အထိပ်အဆင့်ကိုပင် စိတ်ဓာတ်ကျသွားစေလောက်သည်။
ယခုတစ်ခေါက်၌ မိုးကြိုးတောင်ကြားက ထူးချွန်သောလူများကိုသာ ထုတ်လာသဖြင့် ကျောချမ်းသော အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။
“ဟားဟားဟား … ယဲ့ဖန်၊ ဒီနတ်ဘုရားက မင်းအတွက် ငါတို့မိုးကြိုးတောင်ကြားက လောကသခင် အထွတ်အထိပ်အဆင့် အယောက် ၁၀၆၉၀၊ အန္တိမအဆင့် အယောက် ၈၂၀၊ အန္တိမအဆင့် ၁၀၅ ယောက်နဲ့ အန္တိမ အထွတ်အထိပ်အဆင့် ၃၂ယောက် ပြင်ထားတယ်၊ မင်းကို သေရွာပို့ပေးဖို့လေ”
“လုံလောက်တယ်မလား”
မိုးကြိုးနတ်ဘုရား၏ စကား၌ ယုတ်မာကောက်ကျစ်ဟန်များ ပြည့်နှက်နေ၏။ ဤမြင်ကွင်းကိုသာ ငရဲဘုံက လူများ မြင်သွားပါက စကြဝဠာတစ်ခုလုံး ပွက်လောရိုက်သွားလောက်သည်။
မိုးကြိုးတောင်ကြား တစ်ခုတည်းမှာပင် နတ်သခင်အဆင့်အထက်၌ ရှိနေသောလူ ထောင်သောင်းချီ၍ ရှိနေသည်မှာ မယုံနိုင်စရာ ကောင်းလှသည်။ ယင်ယန်လောကမှ မိုးကြိုးတောင်ကြားသည် နှစ်ထောင်ချီ၍ တံခါးပိတ်ကျင့်ကြံနေခဲ့ကြခြင်း ဖြစ်သည်။
ဤသည်ကိုကြည့်ပြီး ယဲ့ဖန်က အပြုံးက အေးစက်လာလေ၏။
“လုံလောက်တယ်”
ထိုသို့ပြောပြီး သူသည် တုံ့ဆိုင်းခြင်းမရှိ၊ နောက်ဆုတ်ခြင်းမရှိဘဲ ဝင့်ကြွားစွာဖြင့် မိုးကြိုးတောင်ကြားဆီသို့ လျှောက်လမ်းသွားသည်။
သူ၏ခြေသံက မိုးကြိုးတောင်ကြားမှ သိုင်းပညာရှင်များအားလုံး၏ စိတ်ထဲတွင် နှလုံးသားကို နင်းခြေသကဲ့သို့ ခံစားလာရသဖြင့် အားလုံး မျက်နှာပျက်သွားသည်။ သူတို့သည် ဘေးကပ်၍ ယဲ့ဖန် ရှေ့ဆက်သွားနိုင်ရန် လမ်းဖယ်ပေးလာသည်။
မိုးကြိုးတောင်ကြား၏ တံခါးဝသို့ ယဲ့ဖန် ခြေချလိုက်သည်နှင့် ထောင်သောင်းချီသော သိုင်းပညာရှင်များက လက်သီးလက်မောင်းတန်း၍ ဟစ်ကြွေးလေသည်။
“သတ်ကြဟေ့”
“သတ်ကြ”
“သတ်”
ထောင်သောင်းချီသော သိုင်းပညာရှင်များ၏ ကြွေးကြော်သံက တုန်လှုပ်ဖွယ်ကောင်းလှသည်။ ထိုအသံကြောင့် အန္တိမအဆင့်ပင် နားအူကာ နားစည်ထဲမှ သွေးကြောများ ပျက်စီးသွားလောက်သည်။
ဤအင်အားစုဖြင့် မိုးကြိုးနတ်ဘုရားက ယဲ့ဖန်ကို အပြတ်ရှင်းချင်နေခြင်း ဖြစ်သည်။
“အရူးတစ်သိုက်ပဲ”
ယဲ့ဖန်က နှုတ်ခမ်းကိုတွန့်၍ အထင်သေးဟန် ပြုံးလိုက်သည်။ ထိုအခါ မိုးကြိုးတောင်ကြားမှ သိုင်းပညာရှင်များက ဒေါသထွက်နေသော မျက်လုံးများဖြင့် လှမ်းလာကြသည်။
မိုင်အနည်းငယ်မျှ အကွာအဝေးသို့ ရောက်လာသောအခါ ထိုလူစု၏ အလယ်၌ အန္တိမအဆင့် သိုင်းပညာရှင်များ ရှိနေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် ထိုအန္တိမအဆင့် သိုင်းပညာရှင်များ၏ အနောက်၌ လူနှစ်ယောက် ရှိနေသည်။
တစ်ယောက်မှ မိုးကြိုးနတ်ဘုရားဖြစ်ပြီး ယဲ့ဖန်အား ထီမထင်သော မျက်နှာထားဖြင့် ကြည့်နေ၏။ ယဲ့ဖန်က နတ်ဘုရင် အထွတ်အထိပ်အဆင့်သာ ရှိသေးသည်ကို သတိထားမိသွားပြီးနောက် သူ၏ အပြုံးက ပို၍ ပီပြင်လာပြီး နားရွက်တက်ချိတ်မတတ် ဖြစ်လာလေသည်။
မိုးကြိုးနတ်ဘုရား၏ဘေး၌ မိန်းမပျိုလေးတစ်ယောက် ရှိနေသည်။ ထိုမိန်းမပျို၌ မက်မွန်သီးကဲ့သို့ လုံးဝန်းသော မျက်ဝန်းတစ်စုံရှိပြီး ရေမြွေသဖွယ် သွယ်လျချောမွတ်သော ခါးတစ်စုံ ရှိလေသည်။
ထိုအခိုက်တွင် မိန်းမပျိုသည် ယဲ့ဖန်၏ ခွန်အားကို သတိထားမိပြီး မျက်ခုံးပင့်လာပြီး စိတ်ဝင်စားမှု လျော့နည်း သွားလေသည်။
“မိုးကြိုး၊ ဒီလိုဘာမဟုတ်တဲ့ နတ်ဘုရင်အဆင့်လေးအတွက် ဒီလောက်လူတွေ ထုတ်သုံးရတာ ထိုက်တန်လို့လား”
“လူတစ်ယောက်ပဲ လွှတ်လိုက်ရင်တောင် သူ့ကို တစ်စစီ လုပ်နိုင်တယ် မဟုတ်ဘူးလား”
ထိုမိန်းမပျိုသည် လက်ရှိ မိုးကြိုးတောင်ကြား အရှင်သခင်၏ သမီးဖြစ်သူ ဖုန့်လောလော ဖြစ်ပြီး လက်ရှိတွင် မိုးကြိုး နတ်ဘုရား၏ ဇနီးသည်လည်း ဖြစ်ပေသည်။
အစပိုင်း၌ မိုးကြိုးနတ်ဘုရားနှင့် အရှင်ဇီထျန်းတို့သည် မိုးကြိုးတောင်ကြား၏ မျိုးဆက်များ ဖြစ်သည်။ သို့သော် သူ နောက်ဆုံးတစ်ခေါက် ပြန်လာချိန်တွင် ယဲ့ဖန်ကြောင့် ဒဏ်ရာ အပြင်းအထန် ရလာခဲ့သဖြင့် ကျိုးထျန်းရွှမ်နွီ၏ နတ်သမီးနန်းတော်ကို သစ္စာဖောက်ခဲ့သည်။
မိုးကြိုးနတ်ဘုရားသည် ကျိုထျန်းရွှမ်းနွီကို တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာ အပြင်းအထန်ရအောင် လုပ်နိုင်ခဲ့သဖြင့် လူသားအရှင်သခင်၏ ချီးကျူးခြင်း ခံရကာ သူ၏ အဆင့်အတန်း မြင့်မားလာသည်။ ထို့နောက် မိုးကြိုး တောင်ကြား အရှင်သခင်၏ သားမက်ပင် ဖြစ်သွားလေသည်။
သူ၏ခွန်အားက အန္တိမတစ်ပိုင်းအဆင့်သာ ရှိသေးသော်လည်း အန္တိမ အထွတ်အထိပ်အဆင့်ရှိသည့် မိုးကြိုးတောင်ကြား၏ အကြီးအကဲများကို ဩဇာပေးနိုင်သည်။
ဖုန့်လောလော၏ စကားကြောင့် မိုးကြိုးနတ်ဘုရားက အလျင်အမြန် ရှင်းပြလိုက်သည်။
“လောလော၊ ဒီနတ်ဘုရင်အဆင့်ကောင်ကို အထင်မသေးနဲ့၊ သူက ကျိုထျန်းရွှမ်နွီ နတ်သမီးရဲ့ ငယ်ချစ်ဦးပဲ”
“ပြီးခဲ့တဲ့ကာလတုန်းက သူက အန္တိမအဆင့် ရှေးဟောင်းသိုင်းပညာရှင် သုံးဆယ့်နှစ်ယောက်ကို ဦးဆောင်ပြီး အနောက်ဘက် နယ်မြေခုနစ်ခုကို သိမ်းခဲ့တာ၊ ပြီးတော့ နံပါတ်တစ် စစ်သူကြီး သံမျက်နှာဖုံးဘုရင်ကိုလည်း သတ်ခဲ့သေးတယ်။ လူသား အရှင်သခင်နဲ့ ရွှယ်ယွမ်က သူ့ကို တော်တော်လေး မုန်းတီးနေပြီ”
မိုးကြိုးနတ်ဘုရား၏ လှောင်ပြုံးက ပို၍ ပီပြင်လာသည်။
“အဲ့တော့ သူ့ကို သတ်ပြီး ကျိုထျန်းရွှမ်နွီရဲ့ သတို့သားလောင်း ရွှယ်ယွမ်ကို ဆက်သလိုက်မယ်ဆိုရင် လူသား အရှင်သခင်က ကိုယ်တို့ မိုးကြိုးတောင်ကြားကို ကြည့်ရှုစောင့်ရှောက်မှာပဲ”
သူ့စကားကြောင့် ဖုန့်လောလော အံ့ဩသွားသည်။ ထို့နောက် သူမမျက်လုံး၌ ဝမ်းသာရိပ်များ စွန်းထင်းလာသည်။
“သူက မဟာနတ္ထိ အရှင်သခင်လား”
ဖုန့်လောလောသည်လည်း အနောက်ဘက် နယ်မြေခုနစ်ခုအကြောင်း ကြားခဲ့ပါသည်။ မဟာနတ္ထိ အရှင်သခင်၏ ဂုဏ်သတင်းကိုလည်း ပိုကြားခဲ့သည်။ သို့သော် ထိုသူက နို့နံ့မစင်သေးသည့် နတ်ဘုရင်အဆင့်သာ ရှိသော လူငယ်တစ်ယောက် ဖြစ်နေလိမ့်မည်ဟု ထင်မထားမိချေ။ ဖုန့်လောလော၌ သံသယတစ်ချို့ ရှိနေသေးသည်။ “ဒီနတ်ဘုရင်အဆင့်လေးက အန္တိမအထွတ်အထိပ်အဆင့်ရှိတဲ့ သံမျက်နှာဖုံးဘုရင်ကို သတ်လိုက်တယ်ဆိုတာ သေချာလို့လား”
မိုးကြိုးနတ်ဘုရားက အသာပြုံး၍ ခေါင်းခါလေသည်။
“ဒီကောင်လေးက ကောင်းကင်ဘုံ ဆန့်ကျင်သူပဲ၊ သူ့ရဲ့ တိုက်ပွဲဝင်ခွန်အားက တော်တော်လေး ပုံမှန် မဟုတ်ဘူး၊ အစကတည်းက သူက အဆင့်ငယ် နှစ်ဆယ်လောက်ကို ကျော်ပြီး သတ်ဖြတ်နိုင်တယ်”
“ဒါပေမဲ့ စိတ်မပူပါနဲ့ နတ်ဘုရင်အဆင့်က အဆင့်ငယ် နှစ်ဆယ်ကို ကျော်တိုက်နိုင်တယ်ဆိုတော့ အလွန်ဆုံး သတ်နိုင်ရင် လောကသခင် အထွတ်အထိပ်အဆင့်ကိုပဲ သတ်နိုင်မှာ”
ထိုသို့ပြောနေစဉ်တွင် မိုးကြိုးနတ်ဘုရား၏ အပြုံးက ပို၍ ခက်ထန်လာ၏။
“ကိုယ် ထင်တာကတော့ သံမျက်နှာဖုံးဘုရင်က ဟိုလူအိုကြီး သုံးဆယ့်နှစ်ယောက်ကြောင့် သေသွားတာပဲ ဖြစ်မယ်၊ ပြီးတော့ အဲ့လူအိုကြီးတွေ သူ့ဆီမှာ အညံ့ခံတယ်ဆိုတာကလည်း ငရဲဘုံက ကမ္ဘာဂြိုဟ်အတွက် သူတို့ သူ့အပေါ် အကြွေးတင်နေလို့ပဲ”
မိုးကြိုးနတ်ဘုရား၏ ရှင်းပြချက်ကို နားထောင်ပြီး ဖုန့်လောလောက ခေါင်းတညိတ်ညိတ် ဖြစ်နေသည်။
“အဲ့လိုကိုး”
“အဆင့်ငယ် နှစ်ဆယ်ကျော်ပြီး တိုက်နိုင်တယ်ဆိုတော့ တကယ့်ကို ထူးချွန်တဲ့သူပဲ၊ သူ့သေလမ်း သူရှာလာတာ ကတော့ စိတ်မကောင်းစရာပဲပေါ့လေ”
ထိုသို့ပြောပြီးနောက် ဖုန့်လောလောက ယဲ့ဖန်၏ဦးခေါင်းအား အဖိုးတန် လက်ဆောင်တစ်ခုကို ကြည့်သကဲ့သို့ ကြည့်လာသည်။
“အဲ့တော့ သူ့ခေါင်းကိုဖြတ်ပြီး ရွှယ်ယွမ်ကို လက်ဆောင်ပေးရတာပေါ့”