← Chapters

အခန်း ၉၉၄

Vol. 67 Ch. 994

အခန်း ၉၉၄

Vol. 67 Ch. 994

Chapter 994 ပြင်းပြသော လူသတ်ချင်စိတ်

“အဲ့တော့ သူ့ခေါင်းကိုဖြတ်ပြီး ရွှယ်ယွမ်ကို လက်ဆောင်ပေးရတာပေါ့”

ဖုန့်လောလော၏ စကားကို ကြားလိုက်ရသောအခါ သောင်းချီသော သိုင်းပညာရှင်များက ရှေ့သို့ တိုးသွား ကြသည်။

ထိုသိုင်းပညာရှင်များအားလုံးသည် ယဲ့ဖန်အား ဦးအောင်သတ်၍ မျက်နှာရချင်နေကြသည်။ ဤသည်ကိုကြည့်ပြီး မိုးကြိုးနတ်ဘုရားက လက်ကာပြလိုက်သည်။

“မလုပ်နဲ့ဦး၊ ဒါက ပျင်းစရာကောင်းတယ်”

ဖုန့်လောလော အံ့ဩသွားပြီး မိုးကြိုးနတ်ဘုရားအား ဇဝေဇဝါဖြင့် မေးလိုက်သည်။

“မိုးကြိုး ရှင် ဘာလုပ်ချင်လို့လဲ”

“နတ်ဘုရင်အဆင့်လေးကို သတ်တာပဲကို ဘာလုပ်ဦးမလို့လဲ”

ဖုန့်လောလော စိတ်မရှည်တော့ပေ၊ သူမစိတ်ထဲတွင် ယဲ့ဖန်ကို သတ်ခြင်းက ပုရွက်ဆိတ်အား သတ်သကဲ့သို့ လွယ်ကူသည်ဟု ထင်မှတ်နေသည်။ သူမ၏ခင်ပွန်းက ဤသို့ပြောနေသဖြင့် စိတ်မရှည်ချင်တော့ပေ။

မိုးကြိုးနတ်ဘုရားက စဉ်းလဲစွာပြုံး၍ ယဲ့ဖန်အား ကောက်ကျစ်သော အမူအရာဖြင့် ကြည့်လိုက်သည်။

“သူနဲ့ ပထမဆုံးတစ်ခေါက် ငရဲဘုံမှာ တွေ့တုန်းက ငါ့လက်မောင်းကို သူ ဖြတ်ခဲ့တယ်”

“ဒုတိယတစ်ခေါက် ကျိုထျန်းရွှမ်နွီ နတ်သမီးနန်းတော်မှာ စိတ်ဝိညာဉ် ခန္ဓာကိုယ်နဲ့ ယင်ယန် ရတနာတွေ ခြိမ်းခြောက်ယူပြီး ငါ့ကို အရှက်ခွဲခဲ့တဲ့အပြင် ခြေထောက်တစ်ဖက်ပါ ဖြတ်သေးတယ်”

“တတိယတစ်ခေါက် ငရဲဘုံက ငါ့ကျေးကျွန် ငါ့ကို ဆင့်ခေါ်တုန်းက သူ ငါ့ကို ပြန်မောင်းထုတ်ခဲ့တယ်”

“လေးကြိမ်မြောက်ကျတော့ ငါ စီနီယာအစ်ကို ဇီထျန်းကို အကူအညီတောင်းခဲ့တယ်၊ ဒါပေမဲ့ ဒီကောင်က ကျို့ရွှမ်း မိုးကြိုးတုတ်ကို လုယူပြီး ငါတို့ကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်”

မိုးကြိုးနတ်ဘုရားသည် အတိတ်မှ အဖြစ်များကို ပြန်ပြောရင်း နာကျည်းလာသည်။ အတိတ်က အဖြစ်တိုင်းက သူ့အား အရှက်ရစေသည့် အဖြစ်များပင်။ သူ ယဲ့ဖန်ကို သေစေချင်ပြီး အဆိုးရွားဆုံးသော နည်းလမ်းဖြင့်သာ သေစေချင်၏။ ထိုနည်းဖြင့်သာ သူ့ရင်ထဲမှ အမုန်းတရားကို ဖြေဖျောက်နိုင်ပေမည်။

သူ၏ အသုံးမကျသော စကားများကို နားထောင်ပြီး ယဲ့ဖန် စိတ်တိုကာ ပြန်အော်လိုက်သည်။

“လေးကြိမ်လုံး မင်း အရှက်ကွဲခဲ့တာတောင် မင်း မျက်နှာပြရဲသေးတာလား၊ မင်း တော်တော် အရှက်မရှိတာပဲ”

“မင်း တိုက်မယ်ဆိုလည်း တိုက်ကွာ၊ အရေးမပါတာတွေ ပြောလွန်းတယ်”

*အရေးမပါတာတွေတဲ့လား*

“ဟမ့် … ယဲ့ဖန် ငါ အရေးမပါတာတွေ ပြောနေတာ ဟုတ်လား၊ မဟုတ်လားဆိုတာ မင်း မကြာခင် သိမှာပါ”

မိုးကြိုးနတ်ဘုရား၏ အကြည့်များက ရက်စက်ခက်ထန်လှသည်။ ထိုအခါ ဖုန့်လောလော အံ့ဩသွားပြီး မိုးကြိုး နတ်ဘုရားအား သိချင်စိတ်ဖြင့် မေးလိုက်သည်။

“မိုးကြိုး ရှင် ဘာလုပ်ချင်လို့လဲ”

သူမအမေးကြောင့် မိုးကြိုးနတ်ဘုရားက ထူးဆန်းစွာ ပြုံးလိုက်ပြီး ကပ်လျက်မှ တောင်ကို လက်ညှိုးထိုး ပြလာသည်။

“လောလော၊ ပြီးခဲ့တဲ့ ခြောက်လလောက်တုန်းက ကိုယ် ဖမ်းလာတဲ့လူကို မင်း မှတ်မိလား”

ဖုန့်လောလော အံ့ဩသွားပြီး ထိုတောင်ကို လှမ်းကြည့်လိုက်သည်။ ထိုတောင်အား မိုးကြိုးလျှပ်စီးများဖြင့် ဝန်းရံထားပြီး တောင်ထိပ်ပေါ်သို့ နတ်မိုးကြိုးက တစ်စုံတစ်ရာကို ပစ်ချသကဲ့သို့ အဆက်မပြတ် ကျရောက် နေသည်။

“ရှင် ဟိုကျွန်ကို ပြောတာလား”

ဖုန့်လောလော မှင်တက်သွားသည်။ အဆိုပါကျွန်သည် ကောင်းကင်ဘုံသို့ ဆက်သသည့် ယဇ်ကောင် ဖြစ်သည်။ သံကြိုးများဖြင့် ချုပ်နှောင်၍ ပူဇော်ပထားသောသူ ဖြစ်သည်။

မိနစ်တိုင်း စက္ကန့်တိုင်း သူသည် မိုးမြေ၏ မိုးကြိုးဒဏ်ကို ခံစားရပြီး ခန္ဓာကိုယ်၌ ပြင်းစွာသော ဒဏ်ရာများ ရရှိလေသည်။

လွန်ခဲ့သော ခြောက်လက မိုးကြိုးနတ်ဘုရား အပြင်သို့ ထွက်သွားခဲ့ပြီး ပြန်လာချိန်တွင် ငရဲဘုံမှ လူတစ်ယောက်ကို ဖမ်းမိခဲ့သည်။

ထို့နောက် သူသည် ထိုငရဲဘုံမှလူအား တောင်ထိပ်၌ ချည်၍ နေ့ရောညပါ မိုးကြိုးပြစ်ဒဏ်အား ခံယူစေခဲ့သည်။ သာမန် ကျေးကျွန်များသည် တစ်လအတွင်း သေဆုံးသွားလေ့ရှိသဖြင့် နောက်ထပ် ကျေးကျွန်တစ်ယောက်ကို ထပ်ဆက်သ ရသည်။ သို့ရာတွင် ထိုငရဲဘုံမှလူက နှစ်ဝက်မျှ တောင့်ခံခဲ့ပြီး သေဆုံးခြင်း မရှိခဲ့ပေ။

ခြောက်လအတွင်း မိုးကြိုးပြစ်ဒဏ်ကို စက္ကန့်မလပ် တောင့်ခံရသဖြင့် မည်မျှသန်မာသော လူဖြစ်ပါစေ ကြေးချွတ်သန့်စင်ဘုံ၌ အဆတစ်ရာမကသော နာကျင်မှုကို ခံစားရသည့် နှိပ်စက်မှု ဖြစ်သည်။ သို့သော် ထိုငရဲဘုံမှ လူက ယခုထိ တောင့်ခံနိုင်နေသဖြင့် အံ့ဩစရာ ကောင်းလှသည်။

“ဟုတ်တယ်”

မိုးကြိုးနတ်ဘုရားက အသာပြုံးလိုက်ပြီးနောက် ယဲ့ဖန်အား မချိုမချဉ် အကြည့်ဖြင့် ကြည့်လိုက်သည်။

“ဘာလို့လဲဆိုတော့ အဲ့ကျေးကျွန်က သူ့ညီအစ်ကို သံလက် ဝံပုလွေရိုင်းလေ”

ထိုစကားကြောင့် ယဲ့ဖန် ချက်ချင်း မျက်နှာပျက်သွားပြီး ကပ်လျက်မှ တောင်အား လှမ်းကြည့်လိုက်သည်။ လျှပ်စီးများက မြွေဖြူသဖွယ် တလက်လက် လင်း၍ မိုးခြိမ်းနေသဖြင့် တောင်ထိပ်မှ မြင်ကွင်းကို သေချာ မမြင်ရပေ။

ယဲ့ဖန်က သုန်မှုန်နေသော မျက်နှာထားဖြင့် ကောင်းကင်မျက်လုံးကိုဖွင့်၍ ကြည့်လိုက်သည်။ ထိုအခါ တောင်ထိပ်မှ မြင်ကွင်းက သူ့မျက်လုံးထဲသို့ ရှင်းလင်းစွာ ဝင်ရောက်လာသည်။

တောင်ထိပ်ပေါ်၌ ပေါင်တစ်လုံးစာ ထူထဲသော မြင့်မားသည့် သံတိုင်တစ်ခု ရှိလေသည်။ ထိုတိုင်၌ လူတစ်ယောက်အား သံကြိုးများဖြင့် ချည်နှောင်ထားသည်။

မိုးကြိုးပစ်ချခံထားရသဖြင့် တစ်ကိုယ်လုံး မီးလောင်ကျွမ်းနေပြီး ဆံပင်များ ကျွတ်နေသည်။ မီးသင့်နေသော ထိုလူပေါ်သို့ နတ်မိုးကြိုး ကျလာတိုင်း သူ၏ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူ၏ သွေးကြောတိုင်းက မခန့်မှန်းနိုင်လောက်သော နှိပ်စက်မှုကို ကြုံတွေ့ ခံစားနေရသည့်ပုံပင်။

ထိုလူပေါ်သို့ နတ်မိုးကြိုးများ ဆက်တိုက် ကျရောက်နေသဖြင့် လူရုပ်ပင် မပေါ်လုနီးပါး ဖြစ်နေပြီး အချိန်မရွေး သေဆုံး၍ ပြာဖြစ်သွားတော့မည့်ပုံပင်။ သို့ရာတွင် ထိုလူက လည်ချောင်းကွဲမတတ် ဟစ်ကြွေးနေ၏။

“ငါက နတ်ဆိုးကွ”

“ငါက နတ်ဆိုး”

“…”

ထိုစကားတစ်ခွန်းကသာ တောင်ထိပ်၌ အကြိမ်ကြိမ် ပဲ့တင်ထပ်နေသည်။ တစ်ကြိမ် ဟစ်ကြွေးလိုက်တိုင်း မိုးကြိုးဒဏ်ကို တောင့်ခံနိုင်မည့် ခွန်အားမျိုး ပြန်ရလိုက်ပုံပေါ်သည်။

ထိုမြင်ကွင်းကိုမြင်ပြီး ယဲ့ဖန် တုန်လှုပ်သွားရသည်။ ချက်ချင်းဆိုသလိုပင် သူ့မျက်လုံး၌ မျက်ရည်များ ဝဲလာပြီး မျက်လုံးများက သွေးသဖွယ် နီစွေးလာ၏။

“ဝံပုလွေရိုင်း”

ထိုလူ၏မျက်နှာကို ယဲ့ဖန် မမြင်ရသော်လည်း အသံကိုတော့ မှတ်မိနေပါသေးသည်။ ထိုသူသည် သံလက် ဝံပုလွေရိုင်းပင်။

ယဲ့ဖန်၏စိတ်ထဲ၌ လူသတ်ချင်စိတ်များ တားဆီးမရအောင် ပြည့်နှက်လာသည်။ ဝံပုလွေရိုင်းက နှစ်ဝက်တိတိ နတ်မိုးကြိုး ပြစ်ဒဏ်ကို အရှင်လတ်လတ် ခံနေရလိမ့်မည်ဟု သူ ထင်မထားမိပါ။

ထိုနှစ်ဝက်အတွင်း မိနစ်တိုင်း စက္ကန့်တိုင်း နှိပ်စက်ခံနေရသည်ထက် သေသွားသည်က ပိုကောင်းပေဦးမည်။ ထိုအခိုက်တွင် ယဲ့ဖန်သည် ကတုန်ကယင် ဖြစ်နေပြီး မိုးကြိုးတောင်ကြားမှ လူတိုင်းကို သတ်ချင်နေသည်။ မိုးကြိုးတောင်ကြားမှ ခွေးထက် ယုတ်ညံ့သူများအားလုံးကို သူ သတ်ချင်နေ၏။

“ဟားဟားဟား … မင်း ငါ့ကို တကယ် သတ်ချင်နေတာလား”

မိုးကြိုးနတ်ဘုရားက ယဲ့ဖန်၏ အမူအရာကို မြင်ပြီး ပြုံးလေသည်။

“ယဲ့ဖန် ဒီနတ်ဘုရားက မင်းကို နှစ်ဝက်တောင် စောင့်နေခဲ့ရတာ၊ မင်း ဒီလိုပုံစံမျိုး ဖြစ်တာကို မြင်ချင်လို့ စောင့်နေခဲ့တာ”

“ငါ မင်းကို အရေးမပါတာတွေ ပြောနေတုန်း မင်းညီအစ်ကိုက နှိပ်စက်ခံနေရတယ်လေ”

“ငါ မင်းကို စကားပြောနေတုန်း မင်းညီအစ်ကိုက မိုးကြိုးဒဏ် ခံနေရတာ”

“ဟားဟားဟား … မင်းကို ပြောရဦးမယ်ကွ၊ နောက်ဆယ့်ငါးမိနစ်နေရင် ကောင်းကင်ကနေ ထိပ်တန်း အဆင့်ဆယ်ခုထဲ ပါတဲ့ နတ်ဘုရားသတ် မိုးကြိုးကျလာမှာ”

ထိုစကားကိုကြားပြီး ယဲ့ဖန် မျက်နှာပျက်ယွင်းသွားသည်။ ယင်ယန်လောကနှင့် ငရဲဘုံသည် နတ်မိုးကြိုးကို တောင့်ခံရသည့် အခြေအနေခြင်း ကွဲပြားလှသည်။

ငရဲဘုံ၌ ရင်ဆိုင်ရသည့် ကိုးရောင်ခြယ် နတ်ဘုရားမိုးကြိုးသည် မိုးကြိုးနတ်ဘုရား ပစ်လွှတ်သော မိုးကြိုးပြစ်ဒဏ် ဖြစ်သဖြင့် စွမ်းအင်က အကန့်အသတ် ရှိသည်။

ယင်ယန်လောကမှ နတ်မိုးကြိုးမှာမူ ရှေးခေတ်ကာလကတည်းက ဆင့်ကဲ ပြောင်းလဲခဲ့သော နတ်မိုးကြိုးဖြစ်ပြီး ကြောက်စရာကောင်းသည်။ ထိုနတ်မိုးကြိုးသည် လောကအား ဖျက်ဆိးနိုင်သည်အထိ အစွမ်းထက်လှသည်။ ပို၍ ကြောက်စရာကောင်းသည်မှာ ယန်နယ်မြေမှ သက်ရှိများကိုပင် သတိထားမိသွားစေသည်။

နတ်ဘုရားမိုးကြိုးသည် အဆင့်တစ်ဆယ်၌သာ ရှိသဖြင့် ယန်နယ်မြေမှ လူများကို မဆွဲဆောင်နိုင်သော်လည်း ၎င်း၏ အဖျက်စွမ်းအင်က သိသာလှသည်။

ထိုသို့ပြောနေစဉ်မှာပင် မိုးကြိုးနတ်ဘုရားက တောင်ထိပ်ကို လက်ညှိုးထိုး၍ လှောင်ပြောင်သော အပြုံးဖြင့် ပြုံးလိုက်သည်။

“မင်း အခု ဝံပုလွေရိုင်းကို သွားကယ်လို့ ရတယ်၊ ဒါပေမဲ့ တောင်ရဲ့ မြေဆွဲအားက ယင်ယန်လောကရဲ့ ဆွဲငင်အားထက် ဆယ်ဆမက ပိုများတယ်၊ မင်း ရတနာတစ်ခုနဲ့ ပျံမယ်ဆိုရင်တောင်မှ ပျံလို့မရဘူး၊ တစ်ထစ်ချင်း တက်မှပဲ ရတယ်”

“စုစုပေါင်း လှေကားထစ် တစ်ရာ့ရှစ်ထစ် ရှိတယ်၊ တစ်ထစ်တက်လိုက်တိုင်း ကိုယ့်ကိုယ်ကိုယ် ဓားနဲ့ တစ်ချက် ထိုးရတယ်၊ အဲ့လိုမလုပ်နိုင်ရင် ကောင်းကင်ဘုံရဲ့ ဥပဒေသကြောင့် ပျက်စီးသေဆုံးသွားမှာ၊ ဘယ်လောက် သန်မာတဲ့လူ ဖြစ်နေပါစေ အဆုံးထိ မတက်နိုင်ဘူး”

“ဓားနဲ့အထိုးခံရတဲ့ ခံစားချက်ကိုရော နတ်မိုးကြိုးဒဏ်ကိုပါ ခံရမှာ”

“မိုးကြိုးနတ်ဘုရားဖြစ်တဲ့ ငါတောင်မှ ကောင်းကင်ဘုံကို ယဇ်ပူဇော်မယ့် ကျေးကျွန်ကို ခေါ်သွားတိုင်း တောင်ထိပ်အထိ အစားသေပေးမယ့် တပည့်တစ်ယောက်ကို ခေါ်သွားရတယ်”

မိုးကြိုးနတ်ဘုရား၏ စကားကြောင့် ယဲ့ဖန် ပို၍ မျက်နှာသုန်မှုန်လာသည်။ တောင်၏ လှေကားထစ်များကို သူ သေချာလှည့်ကြည့်လိုက်သောအခါ လှေကားထစ်တိုင်းက နီရဲနေသည်ကို တွေ့လိုက်ရသည်။ တစ်နှစ်ပတ်လုံး သွေးများဖြင့် စိုရွှဲနေသည့်ပုံပင်။

All Chapters