← Chapters

အခန်း ၉၉၅

Vol. 67 Ch. 995

အခန်း ၉၉၅

Vol. 67 Ch. 995

Chapter 995 သေလမ်းခရီး

သွေးစွန်းသော လှေကားထစ်များ၊ ကောင်းကင်ဘုံအား လူ့အသက်ဖြင့် ယဇ်ပူဇော်ခြင်း။ ဤတောင်သည် ယဇ်ကောင် ပူဇော်သော နေရာသာ ဖြစ်သည်။

လက်ရှိအချိန်တွင် ယဲ့ဖန်၏ မျက်နှာထားသည် သုန်မှုန်နေပြီး ကောင်းကင်မျက်လုံးမှနေ၍ တောင်ထိပ်ပေါ်၌ အမည်းရောင် တိမ်စိုင်များ စုစည်းဖြစ်ပေါ်နေသည်ကို မြင်နေရသည်။

ကြောက်စရာကောင်းသော တစ်စုံတစ်ရာက အရှိန်ယူ အစပျိုးနေသည့်ပုံပင်။ ထိုအရှိန်အဝါနှင့်တင် ယဲ့ဖန် ကြက်သီး ထမိသွားသည်။

“ကောင်းပြီလေ၊ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်”

ယဲ့ဖန်သည် မိမိအသက်ကို စတေးရမည်ဆိုလျင်တောင်မှ သူ၏ ညီအစ်ကို သေသွားသည်ကို ထိုင်ကြည့် မနေနိုင်ပါ။ ထို့နောက် ယဲ့ဖန်သည် တွေဝေမနေဘဲ တောင်ခြေသို့ ပြေးသွားလေသည်။

ဤအဖြစ်ကြောင့် မိုးကြိုးနတ်ဘုရား အားပါးတရ ပြုံးလိုက်သည်။ လှေကားထစ် တစ်ရာ့ရှစ်ထစ်အတွင်း အကြိမ် တစ်ရာ့ရှစ်ကြိမ်တိတိ ဓားဖြင့် ထိုးစိုက်ရပေမည်။ သူ တောင်ပေါ်သို့ ဒဏ်ရာဒဏ်ချက်များနှင့် တက်နိုင် သွားချိန်တွင် နတ်မိုးကြိုး ကျရောက်လာပေလိမ့်မည်။

ဤနည်းလမ်းသည် ယဲ့ဖန်အတွက် မိုးကြိုးနတ်ဘုရား ရွေးချယ်ထားသော သေလမ်းခရီးပင်။ ထိုသို့တွေးတော ပြီးနောက် မိုးကြိုးနတ်ဘုရားသည် စိတ်ကျေနပ်စွာ ပြုံးလိုက်မိသည်။

ယဲ့ဖန် သွေးအလိမ်းလိမ်းဖြစ်ကာ နတ်မိုးကြိုးကြောင့် ငယ်သံပါအောင် အော်ဟစ်ရင်း သေဆုံးသွားရသည်ဟု မြင်ယောင်ကာ ပါးစပ်က နားရွက်တက်ချိတ်မတတ် ဖြစ်နေ၏။

ဤသည်ကိုကြည့်ပြီး အနားမှ ဖုန့်လောလောနှင့် မိုးကြိုးတောင်ကြားမှ သိုင်းပညာရှင်များအားလုံး တုန်လှုပ် သွားသည်။ မိုးကြိုးနတ်ဘုရား၏ အန္တရာယ်ပေးတတ်သော စိတ်ထားက လူတိုင်းကို ကျောချမ်းသွားစေခဲ့သည်။

ထိုအချိန်မှာပင် တောင်ထိပ်ပေါ်၌ တိမ်မည်းလိပ်များ စုဝေးနေပြီး ကြောက်ခမန်းလိလိ မိုးခြိမ်းသံများ ထွက်ပေါ် နေသည်။

ဂျိန်း! ဂျိန်း! ဂျိန်း!

တောင်ထိပ်ပေါ်ရှိ တိမ်မည်းလိပ်များမှ မိုးခြိမ်းသံများနှင့်အတူ ပြင်းထန်သော အဖျက်စွမ်းအင် အငွေ့အသက် များပါ ထွက်ပေါ်နေ၏။

ထိုအခိုက်တွင် ဝံပုလွေရိုင်းသည် မိမိကိုယ်ကိုယ် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အားနည်းလွန်းလှသည်ဟု ခံစားမိ နေသည်။ သူ၏ နောက်ဆုံးအချိန် ရောက်လာပြီဖြစ်ကြောင်း သိလိုက်သည်။

ထိုစဉ် သူသည် ခေါင်းကိုမော့လိုက်သဖြင့် မျက်နှာပေါ်ကျနေသော ဆံစများက ဘေးသို့ လျှောကျသွားသည်။ တိမ်မည်းများနှင့် ကြောက်စရာကောင်းသော ကောင်းကင်ယံကို မော့ကြည့်ပြီး ဝံပုလွေရိုင်း မချိပြုံး ပြုံးလိုက်သည်။

“နှစ်ဝက် ရှိသွားခဲ့ပြီ၊ သခင်ကြီး ဝံပုလွေရိုင်း တောင်းပန်ပါတယ်၊ ကျုပ် သခင်ကြီး ပြန်လာတာကို မစောင့်နိုင်တော့ပါဘူး”

ဝံပုလွေရိုင်း၏ စိတ်ထဲ၌ အောင့်သက်သက် ဖြစ်နေသည်။ သူသည် သေခြင်းတရားထက် ဆိုးရွားသော နှိပ်စက်မှုအား နေ့တိုင်း ခံစားခဲ့ရပြီး နတ်မိုးကြိုးအောက်၌ အကြိမ်ပေါင်းများစွာ သေလုမျောပါး ဖြစ်ခဲ့ရသည်။ တစ်ခုတည်းသော အရာက သူ့အား ရှေ့ဆက်အားတင်းနိုင်စေခဲ့သည်။ ထိုသူကြောင့်သာ သူ တောင့်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။

ယန်ဝမ် ဟင်းလင်းပြင်ထဲသို့ ကျသွားသော ယဲ့ဖန်ကို သူ ပြန်ခေါ်နိုင်မည်ဟု သူ ထင်ခဲ့သည်။ ယဲ့ဖန် ငရဲဘုံသို့ ပြန်လာပြီး လောကသခင်သုံးပါးကို သတ်၍ ယင်ယန်လောကသို့ တက်လာမည်ဟု သူ ထင်ထားသည်။ ယဲ့ဖန် ယင်ယန် လောကကို လွှမ်းမိုး၍ ရှေးခေတ်မှသည် ခေတ်သစ်အထိ ထိတ်လန့်တုန်လှုပ်အောင် လုပ်မည့် တစ်နေ့သို့ ရောက်လာသည်အထိ သူ တောင့်ခံထားချင်ခဲ့သည်။

ယခုအခါတွင်မူ ဝံပုလွေရိုင်း၏ စိတ်ထဲ၌ ဝမ်းနည်းစိတ်များ ပြည့်နှက်လာသည်။ သူ ဤသို့ အဆုံးမသတ်လိုပါ။ သူ လောကမှ ထွက်မသွားချင်သေးပေ။ သူ ကောင်းကင်ယံအား‌ မော့ကြည့်၍ အော်ပြောလိုက်သည်။

“နောင်ဘဝဆိုတာ ရှိခဲ့ရင် ကျွန်တော်တို့ ညီအစ်ကိုအဖြစ် ထပ်ရှိချင်ပါသေးတယ်၊ ဒီဝံပုလွေရိုင်းက သခင်ကြီးရဲ့ ကျေးကျွန်အဖြစ် ဆက်ရှိချင်ပါသေးတယ်”

ထိုသို့ပြောပြီးနောက် ဝံပုလွေရိုင်း မျက်ရည်ကျလာသည်။ ထိုစဉ် တောင်ခြေမှနေ၍ အေးစက်စက် စကားသံ ထွက်လာလေသည်။

“ဒီဘဝတစ်ခုတည်းမှာပဲ ညီအစ်ကို ဖြစ်မယ်၊ နောင်ဘဝဆိုတာ မရှိဘူး”

“ဘာလို့လဲဆိုတော့ ငါ့ညီအစ်ကိုကို … ငါ အသေမခံနိုင်လို့ပဲ”

ရင်းနှီးနေသော အသံကြောင့် ဝံပုလွေရိုင်း တုန်လှုပ်သွားသည်။

*ထင်ယောင်ထင်မှား ဖြစ်တာလား*

*ငါ စိတ်ထင်နေတာများလား*

ဝံပုလွေရိုင်း ကိုယ့်နားကိုယ် မယုံနိုင်ဖြစ်နေပြီး တောင်ခြေသို့ အသည်းအသန် လှမ်းကြည့်လိုက်သည်။ ထိုအခါ ပုံရိပ်တစ်ခုက တောင်ခြေဆီသို့ လှမ်းလာနေသည်ကို တွေ့လိုက်ရသည်။ အနက်ရောင်ဝတ်စုံနှင့် ဆံပင် အဖြူရောင် ရှိသောလူ၊ ဖြောင့်မတ်သော ကိုယ်နေဟန်ထား။ သူ၏ ပုံစံက မြေအောက်ငရဲမှ ထွက်လာသည့်ပုံပင်။

ဝံပုလွေရိုင်း တွေဝေကာ မှင်တက်နေမိသည်။ သူ မျက်ရည်များ ထပ်မံ စီးကျလာပြီးနောက် စိတ်လှုပ်ရှားကာ တုန်ယင်နေ၏။

“စောင့်နိုင်ခဲ့ပြီ၊ ငါ ဝံပုလွေရိုင်း သခင်ကြီး ပြန်လာတာကို မြင်ရတဲ့အထိ စောင့်နိုင်ခဲ့ပြီ”

“ငါ သေပျော်ပြီကွ၊ ဟားဟားဟား …”

ဝံပုလွေရိုင်းက ငိုယိုရင်း ရယ်မောနေ၏။ သူ ဖြစ်ချင်သောဆန္ဒတစ်ခု ပြည့်ဝသွားသလိုပင်။ ကောင်းကင်မှ မိုးခြိမ်းသံများ ပို၍ကျယ်လောင်လာသည်ကို သတိထားမိပြီးနောက် ဝံပုလွေရိုင်းသည် ယဲ့ဖန်ရှိရာသို့ ပြန်လှမ်းကြည့်၍ အော်ဟစ်နှုတ်ဆက်လိုက်သည်။

“သံလက် ဝံပုလွေရိုင်း သခင်ကြီးကို ဂါဝရပြုပါတယ်”

“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် အသက်ရှည်ပါစေ”

သူ၏လေသံ၌ ဆုံးဖြတ်ချက် ခိုင်မာ၍ သေပွဲဝင်ရဲသော အရိပ်အငွေ့များ ပါဝင်နေ၏။ ထို့နောက် သူက ယဲ့ဖန်ကို ကြည့်၍ နွေးထွေးစွာ ပြုံးလိုက်သည်။

“သခင်ကြီး ကျွန်တော့်အတွက် လက်စားချေဖို့ သတိရပေးပါ၊ ဝံပုလွေရိုင်း အရင်သွားနှင့်ပါတော့မယ်”

လက်ရှိအချိန်တွင် ဝံပုလွေရိုင်းသည် သေခြင်းတရားက မိမိထံ ရောက်ရှိလာပြီဟု ခံစားမိနေသည်။ သို့သော် သူ နောင်တ မရပါ။ နှစ်ဝက်မျှ တောင့်ခံခဲ့ပြီးနောက် ယဲ့ဖန်ကို တွေ့လိုက်ရသဖြင့် သူ တောင့်ခံခဲ့သမျှက ထိုက်တန် ခဲ့လေပြီ။

ထိုစဉ် ယဲ့ဖန်၏ စကားသံ ထွက်ပေါ်လာ၏။

“ငါ မင်းအတွက် လက်စားချေပေးမယ်၊ ဒါပေမဲ့ အဲ့ဒါကို မင်းကိုယ်တိုင် ကြည့်နေစေရမယ်”

ထိုစကားကြောင့် ဝံပုလွေရိုင်း တုန်လှုပ်သွားသည်။ ထို့နောက် တစ်စုံတစ်ရာကို စဉ်းစားမိကာ သူ မျက်နှာပျက် သွားလေသည်။

“မလုပ်ရဘူး”

ဝံပုလွေရိုင်း ရူးမတတ် ဖြစ်နေ၏။ လွန်ခဲ့သော နှစ်ဝက်က သူ့အား တောင်ထိပ်ပေါ် ပို့ရင်း သွေးအလိမ်းလိမ်း ဖြစ်သွားခဲ့သော မိုးကြိုးတောင်ကြားမှ လူကို ပြန်မြင်ယောင်လာသည်။

ထိုသူသည် ခန္ဓာကိုယ်သို့ ဓားချက် တစ်ချက်ပြီးတစ်ချက် ထိုးစိုက်ခံရသည်။ တောင်ထိပ်ပေါ်သို့ ရောက်ချိန်တွင် ထိုလူ၏ တစ်ကိုယ်လုံး၌ သွေးများ ပေကျံကာ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နေ၏။ သူ့အား တိုင်၌ ချည်နှောင် ပြီးချိန်တွင် ထိုသူသည် နတ်မိုးကြိုးကြောင့် ပေါက်ကွဲ၍ သေဆုံးသွားခဲ့သည်။

သေလမ်းခရီး။

ဤတောင်တက်လမ်းအတွက် မိုးကြိုးတောင်ကြားမှ ပေးထားသော နာမည် ဖြစ်လေသည်။ ရှေးခေတ်အခါမှ ယခုအချိန်အထိ တောင်ထိပ်မှ အသက်ရှင်လျက် ပြန်ဆင်းလာနိုင်သူ မရှိပေ။

တောင်ပေါ်သို့ တက်သွားသည့် တပည့်တိုင်း မြေဆွဲအားဒဏ်နှင့် ဓားချက်ကို ကြံကြံခံ၍ တက်နိုင်သော်လည်း နတ်မိုးကြိုးကြောင့် သေဆုံးစမြဲပင်။

လက်ရှိတွင် ဝံပုလွေရိုင်း ရူးမတတ် ဖြစ်ကာ တောင်ခြေမှ ယဲ့ဖန်အား အသည်းအသန် အော်ဟစ် တားဆီး လေသည်။

“သခင်ကြီး တက်မလာပါနဲ့၊ ဒီနေ့ ဖွဲ့စည်းနေတဲ့ မိုးကြိုးက နတ်ဘုရားသတ် မိုးကြိုးပါ”

“ဒဏ်ရာရနေတဲ့ ဘယ်သူမဆို ဒီမိုးကြိုးအောက်မှာ သေချာပေါက် သေသွားမှာပါ”

“ကျွန်တော့်အတွက် အသေမခံပါနဲ့၊ ကျေးဇူးပြုပြီး … သခင်ကြီး ကျွန်တော် တောင်းဆိုနေတာပါ”

ဝံပုလွေရိုင်း ရင်ကွဲမတတ် အော်ပြောနေမိသည်။ ထိုအခါ တောင်ခြေမှ ယဲ့ဖန်က အသာပြုံး၍ ပြန်ပြောလိုက်သည်.

“ငါ့ကိုစောင့်နေ”

ထိုသို့ပြောပြီး ယဲ့ဖန်က ပထမ လှေကားထစ်သို့ ခြေချလိုက်သည်။ ခြေချပြီးသည်နှင့် တွေဝေမနေဘဲ လက်ထဲမှ ဓားမြှောင်ဖြင့် ဗိုက်ကို ထိုးလိုက်သည်။

ဝမ်းဗိုက်မှ သွေးများ ပန်းထွက်လာပြီး သွေးများက လှေကားထစ်ပေါ် စီးကျလာသည်။ ထို့နောက် ယဲ့ဖန် ဒုတိယထစ်သို့ လှမ်းလိုက်သည်။

…

ထိုအခိုက်တွင် ဝံပုလွေရိုင်း၊ မိုးကြိုးနတ်ဘုရား၊ ဖုန့်လောလောနှင့် မိုးကြိုးတောင်ကြားမှ သိုင်းပညာရှင်များ အားလုံး ရူးသွပ်သော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

ယဲ့ဖန်က လျှပ်စီးသဖွယ် လျင်မြန်စွာ တက်သွားသည်ကို သူတို့ မြင်နေရသည်။ သူ လှေကားထစ်သို့ တစ်ကြိမ် တက်လိုက်တိုင်း သူ၏ ခန္ဓာကိုယ်၌ ဓားဒဏ်ရာတစ်ခုစီ ဖြစ်ပေါ်လာ၏။

တစ်ထစ်၊ ငါးထစ်၊ ဆယ်ထစ်၊ အထစ်နှစ်ဆယ်။ တစ်ခဏအတွင်းမှာပင် ယဲ့ဖန်၏ ဝမ်းဗိုက်၊ ရင်ဘတ်၊ လက်မောင်း၊ ခြေထောက်နှင့် ခြေဗဝါးတို့၌ ဓားဒဏ်ရာတို့ဖြင့် ပြည့်နှက်လာသည်။

သွေးများ ပိုမို၍ စီးကျလာသဖြင့် တောင်ပေါ်မှနေ၍ မြစ်သဖွယ် စုဝေးစီးဆင်းလာသည်။ မိုးကြိုးတောင်ကြားမှ သိုင်းပညာရှင်များအားလုံး၏ အမြင်တွင် ယဲ့ဖန်၏ အပြုအမူက သေကြောင်းကြံနေသည့် ရူးသွပ်သော အပြုအမူ ဟုသာ ထင်မှတ်နေကြသည်။

သူ ဝံပုလွေရိုင်းကို ကယ်နိုင်မည် မဟုတ်သလို သူကိုယ်တိုင်လည်း အသက်ရှင်နိုင်မည် မဟုတ်ပါ။ သေခြင်းတရားသည်သာ သူ၏ နောက်ဆုံးလားရာ ဖြစ်လေသည်။

မိုးကြိုးနတ်ဘုရား၊ ဖုန့်လောလောနှင့် မိုးကြိုးတောင်ကြားမှ သိုင်းပညာရှင်များ အားလုံး ဝမ်းသာအားရ ပြုံးနေကြသည်။

မဟာနတ္ထိ အရှင်သခင်အား ကိုယ့်ဘက်မှ လူတစ်ယောက်မှ စတေးစရာမလိုဘဲ သတ်နိုင်ပေတော့မည်။ ဤသတင်းသာ လူသားအရှင်သခင်ထံသို့ ရောက်သွားပါက လူသားအရှင်သခင် အလွန် ဝမ်းသာသွားမည် ဖြစ်သလို မိုးကြိုးတောင်ကြား၏ ဂုဏ်သတင်းသည်လည်း မြင့်တက်လာမည်မှာ သေချာလှသည်။

“ဟေ့ … ယဲ့ဖန်၊ မင်း ငါ့ကို အရှက်ရအောင် လုပ်ခဲ့သမျှကို အခု သွေးနဲ့ ပြန်ပေးဆပ်နေရပြီ မဟုတ်လား”

“မင်းပေးခဲ့တဲ့ ဒဏ်ရာတွေအတွက် မင်းအသက်နဲ့ ပြန်ပေးဆပ်ရမယ်”

မိုးကြိုးနတ်ဘုရားက အပြုံးကြီး ပြုံးနေလေသည်။

“နောင်ဘဝကျရင် အမှားမလုပ်မိဖို့ သတိထားပေါ့ကွာ၊ ဪ … ငါ့နှယ် မေ့တတ်လိုက်တာ၊ မင်းက လုံးဝ သုတ်သင်ခံရမှာမို့ နောက်ဘဝဆိုတာမှ မရှိတော့ဘူးပဲ”

All Chapters