← Chapters

အခန်း ၉၉၆

Vol. 67 Ch. 996

အခန်း ၉၉၆

Vol. 67 Ch. 996

Chapter 996 ကောင်းကင်ဘုံအား ရန်စခြင်း

“သခင်ကြီး”

တောင်ထိပ်ပေါ်မှ ဝံပုလွေရိုင်းသည် ရူးမတတ် ဖြစ်နေ၏။ သူသည် သံကြိုးများအား ချိုးဖောက်ချင်သော်လည်း သံကြိုးများသည် ယင်ယန်မိုးကြိုးသံဖြင့် ပြုလုပ်ထားသော သံကြိုးများ ဖြစ်နေသည်။ သူ မဆိုထားနှင့် အန္တိမ အထွတ်အထိပ် အဆင့် သိုင်းပညာရှင်တောင်မှ တစ်ချက်တည်းဖြင့် ပျက်စီးအောင်လုပ်ရန် ခက်လှသည်။

“တက်မလာပါနဲ့၊ သခင်ကြီး ခင်ဗျားမှာ စောင့်ရှောက်ရမယ့် လူတွေ အများကြီး ရှိနေသေးသလို လုပ်စရာ ကိစ္စတွေလည်း အများကြီး ရှိနေပါသေးတယ်”

“ဝံပုလွေရိုင်းအတွက်နဲ့ ဒီလိုလုပ်ဖို့ မထိုက်တန်ပါဘူး”

ယဲ့ဖန်၏ ခန္ဓာကိုယ်၌ ဒဏ်ရာများ ဖြစ်ပေါ်လာသည်ကို ထိုင်ကြည့်နေရသဖြင့် ဝံပုလွေရိုင်း ဆောက်တည်ရာမရ ဖြစ်နေသည်။ ယဲ့ဖန်၏ကိုယ်၌ သွေးများ ရွှဲရွှဲစိုနေသောကြောင့် သွေးလူသားဟုပင် ထင်မှတ်မှားရလောက်သည်။

အထစ် ရှစ်ဆယ်၊ ကိုးဆယ်။ ယဲ့ဖန်၏ ခန္ဓာကိုယ်၌ ဒဏ်ရာများက ဇကာပေါက်များသဖွယ် ရှိနေပြီး သူ၏ ခြေလှမ်းက နှေးသထက် နှေးလာပြီး ခန္ဓာကိုယ်သည်လည်း အားနည်းသထက် အားနည်းလာ၏။

မသေမျိုး ခန္ဓာကိုယ် ရှိနေတာတောင်မှ ပြင်းထန်သော မြေဆွဲအားအောက်၌ သွေးများက ရေသဖွယ် စီးကျနေပြီး မည်မျှ သန်မာနေပါစေ တောင့်ခံရ ခက်လှသည်။

ယဲ့ဖန်၏ ဒယိမ်းဒယိုင် ဖြစ်နေသော ပုံရိပ်ကိုကြည့်ပြီး ဝံပုလွေရိုင်းသည် ရင်ကိုဓားနှင့်မွှန်းသကဲ့သို့ ခံစားမိနေ၏။ သူ အသုံးမကျသည်ကို မုန်းတီးမိသည်။ သူ အားနည်းလွန်းသည်ကို မုန်းတီးနေမိသည်။

သူ့အတွက်နှင့် ယဲ့ဖန် အန္တရာယ်ထဲ ရောက်နေသည်ကို မြင်နေရသည်ထက် ပေါက်ကွဲသေဆုံး၍ ပြာဖြစ်ကာ ဘယ်သောအခါမှ လူပြန်မဝင်စားနိုင်တော့သည်က ပိုကောင်းပေဦးမည်။ ဤမြင်ကွင်းက သူ့ကို အသေသတ် နေသည်ထက် ပို၍ ခံစားရခက်စေသည်။

ယဲ့ဖန်၏ ပခုံးမှ သွေးများ တစိမ့်စိမ့် စီးကျနေ၏။ သူ၏မျက်နှာက မသိမသာ ဖြူရော်နေပြီး သွေးထွက်များ နေသောကြောင့် သူ မူးဝေနေသည်။ သို့သော် သူ လဲကျ၍မဖြစ်ပေ။ သူ၏ ညီအစ်ကိုများက သူ လာကယ်မည့် အချိန်ကို စောင့်နေကြသည် မဟုတ်ပါတကား။

“ငါ့ကိုစောင့်နေ”

“ငါ့ကို စောင့်နေပါ”

“...”

ယဲ့ဖန်က အသံတိုးတိုးဖြင့် ရေရွတ်လေသည်။ ထို့နောက် သူသည် စိတ်ရူးဖောက်နေသော သားရဲကဲ့သို့ သေရမည်ကို သိသော်လည်း၊ ထောင်ချောက်ဖြစ်မှန်း သိသော်လည်း ကြောက်လန့်ခြင်းမရှိဘဲ ရှေ့ဆက်၍ လျှောက်လှမ်းလိုက်သည်။

ဝံပုလွေရိုင်း၏ မျက်လုံးမှ ဆက်တိုက် မျက်ရည်များ စီးကျနေ၏။ ယဲ့ဖန်၏ သွေးအလိမ်းလိမ်း ဖြစ်နေသော ပုံရိပ်ကို ကြည့်ပြီး ကမ္ဘာဂြိုဟ်မှ ကျန်းရှီမြို့က အဖြစ်ကို ပြန်မြင်ယောင်လာသည်။

ထိုအချိန်က ယဲ့ဖန်သည် မိမိအသားကိုလှီး၍ နတ်ဆိုးများကို သတ်ခဲ့သည်။ အမှောင်သခင်ကို ကယ်ရန်အတွက် အိပ်မက်ဆိုး ချောက်နက်ထဲ၌ နေခဲ့ပြီး ဝိညာဉ်စား ပုရွက်ဆိတ်များ ကိုက်ဖဲ့သည်ကို ခံခဲ့သည်။

အန္တရာယ်တွင်းထဲသို့ အကြိမ်ကြိမ် ကျရောက်ခဲ့သော်လည်း သေတွင်းမှ အကြိမ်ကြိမ် ရှင်သန်ခဲ့သည်။ ထိုအရာများအားလုံးသည် သူ့အနားမှ မိသားစုဝင်များအတွက်သာ ဖြစ်သည်။ ရူးသွပ်သော ခံစားချက်က ဝံပုလွေရိုင်း တစ်ကိုယ်လုံးကို ဖုံးလွှမ်းလာသည်။

“အား...”

ဤသို့ ရက်စက်၍ ခံရခက်လှသော အခြေအနေအောက်၌ ဝံပုလွေရိုင်း၏ အရှိန်အဝါက ရုတ်တရက် ထိုးတက် လာသည်။

လောကသခင် တစ်ပိုင်းအဆင့်၊ လောကသခင် စဦးအဆင့်၊ လောကသခင် အလယ်အလတ်အဆင့်။

....

ဝံပုလွေရိုင်း၏ ခန္ဓာကိုယ်မှ အရှိန်အဝါများ ချက်ချင်း ထိုးတက်လာပြီး အန္တိမ တစ်ပိုင်းအဆင့်သို့ တစ်ခဏအတွင်း ရောက်ရှိသွားသည်။ သို့သော် ထိုမျှနှင့် မရပ်သေးပေ။

ဖျောက်ခနဲ အသံနှင့်အတူ သူ၏သိုင်းအဆင့်က အန္တိမအဆင့်သို့ ဝင်ရောက်သွားသည်။ အန္တိမအဆင့်သို့ ရောက်သွားသော ဝံပုလွေရိုင်းသည် သာမန် အန္တိမအဆင့်ထက် ပို၍ ကြောက်စရာကောင်းနေသည်။

သူသည် ပြီးခဲ့သည့် ခြောက်လအတွင်း နတ်မိုးကြိုးဒဏ်ကို မိနစ်တိုင်း စက္ကန့်တိုင်း ခံစားခဲ့ရသည်။ ဤသည်က သူ၏ ကြွက်သားထဲ၌ နတ်မိုးကြိုး စွမ်းအင် အစအနများ ကျန်ရစ်ခဲ့စေသည်။

“ကျိုးပျက်စမ်းကွာ”

ဝံပုလွေရိုင်း၏ မျက်လုံးများက ခက်ထန်နေ၏။ ယင်ယန် မိုးကြိုးသံဖြင့် ပြုလုပ်ထားသော သံကြိုးများ၌ အက်ရာ ထင်လာသည်။

ဤအဖြစ်ကိုသာ မိုးကြိုးတောင်ကြားမှ လူများ မြင်သွားလျင် ခြောက်ခြားသွားလောက်သည်။ အဘယ်ကြောင့် ဆိုသော် အန္တိမ အထွတ်အထိပ်အဆင့် သိုင်းပညာရှင်တောင်မှ ယင်ယန် မိုးကြိုးသံဖြင့် ပြုလုပ်ထားသော သံကြိုးအား ခြစ်ရာထင်အောင်ပင် မလုပ်နိုင်ကြပေ။

ဤသည်က ဝံပုလွေရိုင်း၏ တိုက်ပွဲဝင်ခွန်အားသည် အန္တိမ အထွတ်အထိပ်အဆင့်ထက် သာလွန်နေကြောင်း ပြသနေ၏။ ထိုအချိန်တွင် ကောင်းကင်ယံ၌ တိမ်မည်းများ ပိုမို၍ စုစည်းလာသည်။ တိမ်စိုင်များကြား၌ လျှပ်စီးရောင်က တလက်လက် တောက်ပနေ၏။

တောင်ထိပ်တစ်ခုလုံး အမှုန့်ဖြစ်သွားလောက်သည်ဟု ထင်မှတ်ရသည်။ နတ်ဘုရားသတ် မိုးကြိုးသည် လောကကို ဖျက်ဆီးနိုင်သော မိုးကြိုးပင်။ အောက်သို့ မိုးကြိုးကျမလာသေးသော်လည်း တောင်ထိပ်တစ်ခုလုံး ပျက်စီးလုနီးပါး ဖြစ်နေသည်။

ဤနတ်မိုးကြိုး၏ အဖျက်စွမ်းအင်အောက်၌ ဝံပုလွေရိုင်းသည် မိမိကိုယ်ကို အားနည်းလှသည်ဟု ခံစားမိ လေသည်။

“ဒါတောင် မအောင်မြင်သေးပါလား ...”

ဝံပုလွေရိုင်း ခံရခက်စွာ ပြုံးလိုက်သည်။ သူသည် အန္တိမအဆင့်သို့ အဆင့်တက်သွားသော်လည်း နတ်ဘုရားသတ် မိုးကြိုးဒဏ်မှ မလွတ်မြောက်နိုင်သေးပေ။ ဝံပုလွေရိုင်း၏ စိတ်ထဲ၌ ယူကြုံးမရသော အတွေးများ ပြည့်နှက် နေသည်။

တောင်အောက်မှ မိုးကြိုးနတ်ဘုရားနှင့် အခြားသူများသည်လည်း နတ်ဘုရားသတ် မိုးကြိုး၏ အရှိန်အဝါကို ခံစားမိပြီး အားလုံး တုန်လှုပ်နေကြသည်။

“ဒါ နတ်ဘုရားသတ် မိုးကြိုးဆိုတာလား၊ ငါတို့ မိုးကြိုးတောင်ကြားရဲ့ ပထမဆုံး ဘိုးဘေးတွေထဲက တစ်ယောက်က ဒီမိုးကြိုးကြောင့် သေသွားတာလို့ ပြောကြတယ်”

“ဟုတ်တယ်၊ အဲ့အချိန်မျိုးဆက်တုန်းက ဘိုးဘေးတွေက ထိတ်လန့်တုန်လှုပ်စရာ ကောင်းလောက်အောင် ထူးချွန်တယ်လို့ ပြောကြတယ်၊ ဒါပေမဲ့ နတ်ဘုရားမိုးကြိုးကြောင့် သဲအိတ်လို ပေါက်ကွဲပြီး သေသွားတာပါပဲ”

“...”

ထိုအချိန်တွင် မိုးကြိုးတောင်ကြားမှ သိုင်းပညာရှင်များ မျက်ခုံးလှုပ်နေပြီး နတ်ဘုရားသတ် မိုးကြိုး၏ အရှိန်အဝါကြောင့် ရင်တုန်သွားကြပြီး ခေါင်းတခါခါ ဖြစ်နေကြသည်။

ဝံပုလွေရိုင်းနှင့် ယဲ့ဖန်တို့ သေဆုံးတော့မည်ဟု အားလုံး ထင်မှတ်နေသည်။ အားလုံးထက် မိုးကြိုးနတ်ဘုရားက အပျော်ဆုံးပင်။

“ဟားဟားဟား ... သေလိုက်တော့၊ ဒီတစ်ခါတော့ မင်း ဘယ်လိုလွတ်အောင် ပြေးမလဲ ကြည့်ရသေးတာပေါ့”

မိုးကြိုးနတ်ဘုရားသည် ဝံပုလွေရိုင်း စူးစူးရွားရွား အော်နေသောအသံနှင့် ယဲ့ဖန်၏ ဆောက်တည်ရာမရသော ပုံစံတို့ကို မြင်ယောင်ပြီး စဉ်းလဲစွာ ပြုံးနေသည်။

ဂျိန်းဍ

ထိုစဉ် လျှပ်စီးလက်ခနဲ ဖြစ်သွားပြီး‌ တောင်ထိပ်ပေါ်သို့ နတ်ဘုရားသတ်မိုးကြိုး ပစ်ချလာသည်။ တောင်ထိပ်တစ်ခုလုံး ပေါက်ကွဲသွားသည်ကို မိုးကြိုးနတ်ဘုရားနှင့် မိုးကြိုးတောင်ကြားမှ သိုင်းပညာရှင်များ အားလုံး မြင်လိုက်ရသည်။

ကျောက်ဆောင်ကျောက်တုံးများ ဘေးသို့လွင့်စဉ်လာပြီး ကမ္ဘာပျက်သော မြင်ကွင်းလိုပင်။ အရာအားလုံး ပြီးဆုံးသွားပြီဟု အားလုံး သိလိုက်ကြသည်။

ထိုအခိုက်တွင် ဖုန့်လောလောနှင့် မိုးကြိုးနတ်ဘုရားတို့က အားပါးတရ ပြုံးလိုက်ပြီး နောက်လှည့်၍ ထွက်သွားရန် ပြင်လေသည်။ ထိုအခါ မိုးကြိုးတောင်ကြား သိုင်းပညာရှင်များကြားထဲမှ အံ့ဩတကြီး ပြောလာသော အသံ ထွက်လာ၏။

“ဟမ် ... တောင်ထိပ်ကို ကြည့်ကြပါဦး ...”

ထိုစကားကြောင့် အားလုံး အံ့ဩသွားပြီး တောင်ထိပ်သို့ လှမ်းကြည့်လိုက်ကြသည်။ တောင်ထိပ်၌ မီးခိုးငွေ့များ လွင့်ပျယ်လာပြီး မြင်ကွင်းက ရှင်းလင်းလာသည်။ တောင်ထိပ်တစ်ခုလုံး ပျက်စီးသွားသော်လည်း သံတိုင်၌ သံကြိုးများဖြင့် ချုပ်နှောင်ခံထားရသောလူက ယခုထိ ရှိနေဆဲပင်။

“မ ... မသေဘူးလား”

အားလုံး မျက်လုံးပြူးသွားပြီး မယုံနိုင် ဖြစ်နေ၏။ သူတို့သည်သာမက တောင်ထိပ်မှ ဝံပုလွေရိုင်းသည်လည်း တွေဝေနေ၏။ သူ နည်းနည်းလေးမှ နာသလို မခံစားရပေ။ နတ်ဘုရားသတ် မိုးကြိုးက သူ့ပေါ် ကျလာပုံမရချေ။

“ဒါက ...”

ဝံပုလွေရိုင်း နားဝေတိမ်တောင် ဖြစ်သွားပြီး မျက်လုံးပြန်ဖွင့်၍ မော့ကြည့်လိုက်သည်။ မျက်စိရှေ့မှ မြင်ကွင်းကြောင့် သူ တုန်လှုပ်သွားရသည်။ သူ့ရှေ့၌ လူတစ်ယောက် ရပ်နေ၏။

ထိုသူသည် သွေးများ ပေကျံနေပြီး ခန္ဓာကိုယ်မှ မီးခိုးငွေ့များ ထွက်နေ၏။ သူ၏ကျောပြင်တစ်ခုလုံး လောင်ကျွမ်းကာ သွေးများ စီးကျနေ၏။ ထိုသူကား ... ယဲ့ဖန်ပင် ဖြစ်လေတော့သည်။

“သ ... သခင်ကြီး”

ဝံပုလွေရိုင်း တုန်လှုပ်သွားသည်။ ယဲ့ဖန်က သူ့အတွက် နတ်ဘုရားသတ်မိုးကြိုးကို ကိုယ်စား ဝင်ခံလိမ့်မည်ဟု သူ ထင်မထားမိပါ။ ယဲ့ဖန်ကမူ သူ့အား ပြုံး၍ ကြည့်နေသည်။

“ဟိုလူတွေအားလုံး သေသွားတာကို မင်းကိုယ်တိုင် မြင်စေရမယ်လို့ ငါ ပြောခဲ့သားပဲ”

ယဲ့ဖန်က ခါးပြန်မတ်လိုက်ပြီးနောက် မည်းမှောင်နေသော တိမ်လိပ်များကို မော့ကြည့်၍ နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်သည်။

“နတ်ဘုရားသတ် မိုးကြိုးတဲ့၊ ဒီလောက်ပဲလား”

“လာစမ်းပါ”

သူ့စကားကြောင့် အားလုံး တွေဝေသွားသည်။

*ဒီကောင်က နတ်ဘုရားသတ် မိုးကြိုးဒဏ်ကို ခံနိုင်တဲ့အပြင် အခု ကောင်းကင်ဘုံကိုပါ ရန်စနေပါလား*

All Chapters