← Chapters

အခန်း ၉၉၉

Vol. 67 Ch. 999

အခန်း ၉၉၉

Vol. 67 Ch. 999

Chapter 999 မိုးမျှော်မိုးကြိုးမုန်တိုင်း

*နတ်ဘုရားသတ်မိုးကြိုးပါလား*

မိုးခြိမ်းသံကို ကြားလိုက်ရချိန်တွင် မိုးကြိုးနတ်ဘုရား၊ ဖုန့်လောလောနှင့် သောင်းချီသော မိုးကြိုးတောင်ကြားမှ သိုင်းပညာရှင်များအားလုံး နားဝေတိမ်တောင် ဖြစ်သွားလေသည်။

သူတို့ ကြည့်နေစဉ်မှာပင် ကောင်းကင်ယံ၌ တိမ်မည်းများ လျင်မြန်စွာ ဖွဲ့စည်းလာသည်ကို တွေ့လိုက်ရသည်။ ထိုတိမ်မည်းများမှ ဖြစ်ပေါ်လာသော အရှိန်အဝါကြောင့် အောက်ဘက်မှ လူများအားလုံး ကြက်သီးမွေးညင်း ထလာရသည်။

နတ်ဘုရားသတ် မိုးကြိုးက ယဲ့ဖန်ကို မသတ်နိုင်ရုံသာမက သူ့အား အဆင့်ကြီးတစ်ခုအထိ တက်ရောက်နိုင်အောင် ကူညီပေးလိုက်သလို ဖြစ်သွားလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ ထို့ကြောင့်ပင် ဆိုးရွားသော ကပ်ဘေးတစ်ခု ဖြစ်ပေါ်လာအောင် လုပ်မိသွားသည့်ပုံပင်။

ဂျိန်း!

ဆိုးရွားသော တစ်စုံတစ်ရာ ဖြစ်ပေါ်လာတော့မည့်ဟန်ဖြင့် မိုးခြိမ်းသံ ထွက်ပေါ်လာသောကြောင့် အားလုံး မျက်နှာပျက် သွားကြသည်။

“မြန်မြန် ပြေးကြ”

မိုးကြိုးနတ်ဘုရား ခေါင်းမွေးထောင်လာပြီး ဖုန့်လောလောနှင့် သိုင်းပညာရှင်များအားလုံးကို အော်ဟစ်၍ သတိပေး လိုက်သည်။

ဂျိန်း!

ထိုစဉ် ယဲ့ဖန်ရှိရာသို့ နတ်မိုးကြိုး ကျရောက်လာသည်။ ဤမိုးကြိုးကပ်ဘေးသည် နတ်ဘုရားသတ် မိုးကြိုးလောက် အစွမ်းမထက်သော်လည်း ကောင်းကင်ကိုးသွယ် ဆယ်ကမ္ဘာပျက်သုဉ်း နတ်မိုးကြိုးထင် အနည်းငယ် ပို၍ အစွမ်းထက်လေသည်။ ပစ်ချလိုက်သည့် မိုးကြိုး၏ ဖိအားကြောင့် မြေဆီလွှာတစ်ခုလုံး ပေါက်ကွဲသွားရသည်။

“ကောင်းတယ်”

ယဲ့ဖန်၏ မျက်နှာတွင် ကြောက်လန့်ဟန် တစ်စွန်းတစမျှ မရှိဘဲ စိတ်လှုပ်ရှားမှုဖြင့်သာ ပြည့်နှက်နေ၏။ သူသည် မိုးကြိုးတောင်ကြားမှ သိုင်းပညာရှင်အားလုံးကို ကြည့်၍ နတ်ဆိုးသဖွယ် ပြုံးလိုက်သည်။

“သတ်ဖြတ်ခြင်း စတင်မယ်”

ထိုသို့ပြောပြီးနောက် ယဲ့ဖန်၏ပုံရိပ်က ထိုနေရာမှ ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာချိန်တွင် မိုးကြိုးတောင်ကြားမှ သိုင်းပညာရှင်တစ်ယောက်၏ အနောက်သို့ ရောက်နေလေသည်။

ဂျိန်း!

ထိုစဉ် ကောင်းကင်မှ နတ်မိုးကြိုးက ယဲ့ဖန်ရှိရာသို့ ကျရောက်လာသည်။ သို့ရာတွင် ယဲ့ဖန်ကို မထိဘဲ ထိုသိုင်းပညာရှင်ကိုသာ မိုးကြိုးထိမှန်သွားပြီး ပေါက်ကွဲ၍ သေဆုံးသွားသည်။

ထိုသိုင်းပညာရှင်၏ အသားစနှင့် အရိုးစများ လွင့်စဉ်လာချိန်တွင် မိုးကြိုးတောင်ကြားမှ သိုင်းပညာရှင်များအားလုံး တွေဝေသွားကြသည်။

“အစ်ကိုဖေး”

“ညီလေးဖေး”

“…”

ထိုသိုင်းပညာရှင်များသည် သူတို့၏ အန္တိမအဆင့် ညီအစ်ကိုတစ်ယောက် အော်ပင်မအော်လိုက်နိုင်ဘဲ ပေါက်ကွဲသေဆုံးသွားသည်ကို မယုံနိုင် ဖြစ်နေ၏။ ဤသည်မှာ အစသာ ရှိပေသေးသည်။

ဂျိန်း! ဂျိန်း! ဂျိန်း!

ကောင်းကင်ထက်မှ မိုးကြိုးများ ဆက်တိုက် ကျဆင်းလာသည်။ မိုးကြိုးမုန်တိုင်းက မိုးကြိုးတောင်ကြား တစ်ခုလုံးကို လွှမ်းမိုးလာ၏။ ဤအဖြစ်က မိုးကြိုးတောင်ကြားမှ လူများအားလုံးကို ထိတ်လန့်သွားစေသည်။

“မလုပ်နဲ့”

အန္တိမအဆင့် သိုင်းပညာရှင်တစ်ယောက်သည် နတ်မိုးကြိုးကို ရှောင်တိမ်းနေစဉ်မှာပင် ထပ်ကျလာသော နတ်မိုးကြိုးကြောင့် ပေါက်ကွဲကာ သေဆုံးသွားလေသည်။ ထို့အတူ ဘေးပတ်လည်၌ ကြောက်လန့်တကြား အော်ဟစ်သံများ တစ်သံပြီးတစ်သံ ထွက်လာနေသည်။

ဤမိုးကြိုးမုန်တိုင်းက ဆယ်မိုင်ပတ်လည်အတွင်း ဆက်တိုက် ကျရောက်နေ၏။ ထိုမိုးကြိုးမုန်တိုင်းအောက်၌ မိုးကြိုးတောင်ကြားမှ သိုင်းပညာရှင်များ ဆက်တိုက် ပေါက်ကွဲကာ သေဆုံးနေကြသည်။

“ခွေးမသား”

မိုးကြိုးနတ်ဘုရား ထိတ်လန့်နေသလို ဒေါသလည်း ထွက်နေ၏။ ယဲ့ဖန်က မိုးကြိုးကပ်ဘေးကို အသုံးချ၍ သူတို့ကို စာရင်းရှင်းလာမည်ဟု သူ ထင်မထားမိပါ။

ဂျိန်း! ဂျိန်း! ဂျိန်း!

သူ ဒေါသထွက်နေစဉ်မှာပင် မိုးကြိုးတောင်ကြားမှ သိုင်းပညာရှင်များ ဆက်လက်၍ သေဆုံးနေသဖြင့် မိုးကြိုးတောင်ကြား၏ မြေကြီးတစ်လျှောက် သွေးရောင်လွှမ်းကာ ခန္ဓာကိုယ် အပိုင်းအစများက နေရာအနှံ့ ပျံ့ကြဲနေ၏။

လူဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင်။ နတ်မိုးကြိုးအောက်၌ မိုးကြိုးတောင်ကြားမှ ထောင်ချီသော သိုင်းပညာရှင်များ သေဆုံးသွားပြီး လက်ရှိအခြေအနေကြောင့် မိုးကြိုးတောင်ကြား တစ်ခုလုံးအား သားသတ်ကွင်းဟုပင် ထင်မှတ်မှားရသည်။

ဤမိုးကြိုးမုန်တိုင်းအောက်၌ လောကသခင်အဆင့်သာမက အန္တိမ တစ်ပိုင်းအဆင့်ပင် အညှာအတာမရှိ အသတ်ခံလိုက်ရသည်။ အန္တိမအဆင့်တောင်မှ တစ်ချက်၊ နှစ်ချက်မျှသာ တောင့်ခံနိုင်ပြီး နောက်ဆုံးတွင် ပေါက်ကွဲ သေဆုံးသွားရသည်။

ထိတ်လန့်စရာအကောင်းဆုံးသူက ယဲ့ဖန်ပင်။ သူသည် နတ်မိုးကြိုးအား ကြောက်လန့်ခြင်းမရှိသလို ကျရောက် လာသည့် မိုးကြိုးတိုင်းအား ကျို့ရွှမ်းမိုးကြိုးတုတ်ကာ စုပ်ယူသွားသည်။

ယဲ့ဖန်သည် မိုးကြိုးတောင်ကြား၏ လူများကြားထဲတွင် ဟိုဟိုဒီဒီ ပြေးလွှားပြီး မိုးကြိုးမုန်တိုင်းက သူ့ကိုသာ ပစ်မှတ်ထားနေ၏။ သူနှင့် မီတာတစ်ရာ ပတ်လည်အတွင်းရှိနေသည့်အရာအားလုံး ပျက်စီးရသည်။

ယဲ့ဖန် ဖြတ်သွားသည့် မည့်သည့်နေရာ၌ဆို ရှိနေသော သိုင်းပညာရှင်များအားလုံး ပေါက်ကွဲကာ သေဆုံး သွားရသည်။

ဖု့န်လောလော မှင်တက်မိနေ၏။ သေးနုပ်သော နတ်အထွတ်အထိပ်အဆင့်လေးက ဤမျှသော အဖျက် စွမ်းအင်မျိုးကို ယူဆောင်လာလိမ့်မည်ဟု သူမ ထင်မထားမိပေ။

“အား…”

အော်သံများကို နားထောင်နေရပြီး နေရာအနှံ့၌ အလောင်းများကို တွေ့နေရသောကြောင့် ဖုန့်လောလော ရူးမတတ် ဖြစ်နေ၏။

“အဖေ မြန်မြန် ပြန်လာပါတော့၊ ကျွန်မတို့ မိုးကြိုးတောင်ကြား ဒုက္ခရောက်နေပြီ”

ဖုန့်လောလောက မိုးကြိုးတောင်ကြား အပြင်ဘက်သို့ မျက်နှာမူ၍ ရင်ကွဲမတတ် အော်ပြောလိုက်သည်။ သူမ သည်သာမက ဘေးနားရှိ မိုးကြိုးတောင်ကြားမှ လူများအားလုံး ဆောက်တည်ရာမရ ဖြစ်နေကြသည်။

မိုးကြိုးတောင်ကြား အရှင်သခင်သာ ပြန်ရောက်မလာပါက မိုးကြိုးတောင်ကြားတစ်ခုလုံး ပျက်စီးရပေတော့မည်။

“အရှင်သခင် မြန်မြန် အိမ်ပြန်လာပါတော့”

“အရှင်သခင် မြန်မြန် အိမ်ပြန်လာပါတော့”

“…”

ကြောက်စိတ်များ ပြည့်နှက်နေသော အော်သံများက မိုးကြိုးတောင်ကြားမှနေ၍ ကောင်းကင်တစ်ခွင်သို့ ပျံ့နှံ့သွားသည်။ သူတို့ အော်ဟစ်လိုက်သော်လည်း မည်သည့် တုံ့ပြန်ချက်ကိုမှ မရရှိပေ။

“သေလိုက်တော့”

သူသည် သေမင်းတမန်သဖွယ် ဖြတ်သွားသည့် နေရာတိုင်းမှ သိုင်းပညာရှင်များ၏ အသက်ကို နုတ်ယူနေ၏။ တစ်ထောင်၊ သုံးထောင်၊ ငါးထောင်။

လက်ရှိတွင် မိုးကြိုးတောင်ကြားမှ သိုင်းပညာရှင်များအားလုံး ဆောက်တည်ရာမရ ဖြစ်နေကြသည်။ မျက်တောင် တစ်ခတ်အတွင်း လူပေါင်းရှစ်ထောင်မက သေဆုံးသွားသည်။

မိုးကြိုးမုန်တိုင်း၏ အပြင်ဘက်တွင် ဝံပုလွေရိုင်းတစ်ယောက် ထိတ်လန့်တုန်လှုပ်နေသလို အံ့ဩဝမ်းသာမိနေ၏။ ယဲ့ဖန် ဤမျှ ရူးသွပ်လိမ့်မည်ဟု သူလည်း ထင်မထားမိပါ။

မိနစ်ပိုင်းအတွင်း မိုးကြိုးတောင်ကြားတစ်ခုလုံး ပျက်စီးလုနီးပါး ဖြစ်နေ၏။ အန္တိမအဆင့် သိုင်းပညာရှင် တစ်ယောက်ပေါ် မိုးကြိုးကျရောက်လာပြီးနောက် ကောင်းကင်တစ်ခုလုံး လင်းလာပြီး နတ်မိုးကြိုးသည်လည်း တဖြည်းဖြည်း လွင့်ပြယ်သွားကာ မိုးကြိုးမုန်တိုင်း ရပ်တန့်သွားသည်။

ထိုအချိန်တွင် မိုးကြိုးတောင်ကြားမှ အသက်ရှင်ကျန်ရစ်ခဲ့သော သိုင်းပညာရှင်တစ်ထောင်တို့သည် မောပန်း နွမ်းနယ်ကာ မြေကြီးပေါ် လဲကျသွားလေသည်။

အားလုံးသည် သေမင်းခံတွင်းဝမှ ထွက်လာနိုင်သကဲ့သို့ မျက်နှာ ဖြူရော်နေကြသည်။ မိုးကြိုးမုန်တိုင်းသာ တစ်မိနစ်မျှ ထပ်ဖြစ်နေခဲ့ပါက သူတို့အားလုံး သေသွားလောက်သည်။

“သွားပြီ၊ ငါ့မိုးကြိုးတောင်ကြားတော့ ပျက်စီးသွားပြီ”

ထိုအချိန်တွင် ဖုန့်လောလောနှင့် မိုးကြိုးနတ်ဘုရားတို့ မျက်နှာပြာနှမ်းနေကြသည်။ မိုးကြိုးတောင်ကြားမှ သိုင်းပညာရှင် အယောက်တစ်သောင်း ရှိသည့်အနက် ယခု အယောက်တစ်ထောင်မျှသာ ကျန်ရစ်တော့သည်။ ပျံ့ကြဲနေသော ကိုယ်လက်အင်္ဂါ အပိုင်းအစများကို ကြည့်ပြီး နှစ်ယောက်သား သတိလစ်မတတ် ဖြစ်နေ၏။

“ယဲ့ဖန်၊ မင်း … မင်း မိုးကြိုးတောင်ကြားက ငါ့တပည့်တွေကို သတ်ခဲ့တယ်၊ ငါ မင်းကို အသေဆိုးနဲ့‌ သေစေချင်တယ်ကွ”

မိုးကြိုးနတ်ဘုရားက ယဲ့ဖန်အား အလွန် သတ်ဖြတ်ချင်သော အမူအရာဖြင့် ကြည့်နေသည်။ သူ့စကားကြောင့် မိုးကြိုးတောင်ကြားမှ လူများအားလုံး ယဲ့ဖန်ကို စိုက်ကြည့်လာသည်။ အားလုံး မုန်းတီးစိတ်ဖြင့် အံကြိတ် ထားမိသည်။

“သတ်ပစ်မယ်ကွ”

အသက်ရှင်နေသော သိုင်းပညာရှင်များသည် အန္တိမအဆင့်နှင့် အန္တိမ တစ်ပိုင်းအဆင့်သို့ ရောက်နေသောသူများ ဖြစ်သည်။ သူတို့သည် ဒေါသတကြီး ပြန်ထ၍ ယဲ့ဖန်ထံ ပြေးဝင်သွားသည်။

မိုးကြိုးတောင်ကြားမှ အန္တိမ အထွတ်အထိပ်အဆင့်များ တစ်ယောက်မှ မသေသွားသဖြင့် ယခု သူတို့အားလုံး တိုက်ခိုက်လာသောအခါ ဖိအားက ကြောက်စရာ ကောင်းလှသည်။

မိုးကြိုးတောင်ကြားမှ သိုင်းပညာရှင်များအားလုံး ယဲ့ဖန်ကို မုန်းတီးနေကြသည်။ ထို့ကြောင့် အားလုံး ရေကုန်ရေခမ်း အားထုတ်၍ ယဲ့ဖန်ကို တိုက်ခိုက်လေသည်။

“သူ့ကိုသတ်၊ ဒီကောင်က ကျို့ရွှမ်းမိုးကြိုးတုတ်ကို လုထားတဲ့အပြင် ငါတို့ကိုပါ ကပ်ဘေးကျစေခဲ့တာ၊ သူ့ကို အခု အသေသတ်မှ ဖြစ်မယ်”

မိုးကြိုးနတ်ဘုရား အပြုံးကြီး ပြုံးနေ၏။ သူ့စိတ်ထဲတွင် ယဲ့ဖန်က နတ်အထွတ်အထိပ်အဆင့်သို့ ရောက်သွား သော်လည်း အဆင့်နှစ်ဆယ်မျှ ကျော်တိုက်နိုင်လျင်တောင်မှ နတ်သခင် အထွတ်အထိပ်အဆင့်လောက်ကိုသာ တိုက်နိုင်မည်ဟု ထင်နေ၏။

အန္တိမအဆင့် သိုင်းပညာရှင်များ၏ ပူးပေါင်းတိုက်ခိုက်မှုအောက်၌ သူ မလွဲမသွေ သေရလိမ့်မည်ဟု ထင်မှတ်ထားသည်။

ဝံပုလွေရိုင်းတောင်မှ မျက်နှာပျက်သွားပြီး ရှေ့တက်၍ ယဲ့ဖန်ကို ကူညီရန် ပြင်လေသည်။ ထိုစဉ် ယဲ့ဖန်က နတ်ဓားကို ထုတ်၍ ဝှေ့ယမ်းလိုက်သည်။

All Chapters