အခန်း ၁၀၀၂
Vol. 67 Ch. 1002
Chapter 1002 ယနေ့က အလောင်းကောင်မျိုးနွယ် အောင်ပွဲခံမယ်
*အလောင်းကောင်တွေပါလား*
လက်ရှိတွင် အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ အလောင်းကောင်များက မိုးကြိုးတောင်ကြားထံသို့ လှမ်းလာနေကြသည်။
အလောင်းကောင် တစ်ကောင်ချင်းစီ၏ ခန္ဓာကိုယ်မှ အပုပ်နံ့များ စူးရှစွာ ထွက်ပေါ်နေပြီး သူတို့၏ အရေပြားက ရိရွဲ၍ တွဲကျနေသည်။ မျက်နှာသွင်ပြင်တစ်ခုလုံး ရွဲ့စောင်းနေသဖြင့် ကြည့်ရဆိုးကာ ကြောက်စရာ ကောင်းလှသည်။ မြေကြီးထဲမှ ကုန်းထွက်လာသော တစ္ဆေများလိုပင် ခြောက်ခြားဖွယ် ကောင်းလှသည်။
အထူးသဖြင့် ထိုအလောင်းများ၏ အရေအတွက်ကိုကြည့်ပြီး ကြက်သီးတဖြန်းဖြန်း ထလာကြသည်။ ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင်၊ အယောက်တစ်သောင်း။
တစ်ခဏအတွင်းမှာပင် သောင်းချီသော အလောင်းကောင်များက မိုးကြိုးတောင်ကြားတွင်းသို့ ဒီရေသဖွယ် လျင်မြန်စွာ ရောက်ရှိလာသည်။
အလောင်းကောင်တိုင်း၏ အရှိန်အဝါက ခြောက်ခြားဖွယ်ကောင်းလှသဖြင့် မိုးကြိုးတောင်ကြားမှ လူများအားလုံး စိုးရိမ်လာကြသည်။
“အလောင်းတွေ၊ ဒါ … ဒါတွေအားလုံးက အလောင်းကောင်တွေ”
အံ့ဩနေရာမှ သတိဝင်လာပြီးနောက် မိုးကြိုးဘုရင်၊ မသေမျိုး ဖုန်းဝမ်နှင့် အရှေ့မှ မသေမျိုးမျိုးနွယ်များသာမက မိုးကြိုးနတ်ဘုရားနှင့် ဖုန့်လောလောတို့လည်း ကြက်သီးတဖြန်းဖြန်း ထနေကြသည်။
အလောင်းကောင်မျိုးနွယ်။ ထိုမျိုးနွယ်သည် မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်က တည်ရှိခဲ့သော တော်ဝင်မျိုးနွယ် အလောင်းကောင်များ ဖြစ်သည်။ သူတို့သည် နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့သဖြင့် သူတို့ ရှိနေသည်ကို ယင်ယန်လောကမှ ထိပ်သီးပုဂ္ဂိုလ်များပင် မေ့လျော့လာကြသည်။ ယခုအခါတွင်မူ ထိုမျိုးနွယ် ပြန်လည် နိုးထလာလေပြီ။
“ဟိုမှာ အရှေ့က အလောင်းကောင် ခြောက်ကောင်က ဟိုအရင်တုန်းက အလောင်းကောင် ဘုရင်ခြောက်ပါး မဟုတ်လား”
မသေမျိုး ဖုန်းဝမ်သည် သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်ကာ မျက်လုံးပြူးနေ၏။ သူ လက်ညှိုးထိုးရာသို့ အားလုံး ကြည့်လိုက်သောအခါ သောင်းချီသော အလောင်းကောင်များက အဖွဲ့ ခြောက်ဖွဲ့ ကွဲနေသည်ကို တွေ့လိုက်ရသည်။ အဖွဲ့တစ်ခုချင်းစီ၏ အရှေ့၌ အလွန်တရာ ကြောက်စရာကောင်းသော အလောင်းကောင် တစ်ကောင်စီ ရှိနေသည်။
သူတို့သည် အသိစိတ် ရှိနေပုံရပြီး မျက်ဆန်မပါသော မျက်လုံးအိမ်များက မသိမသာ လင်းလက်နေသည်။ သူတို့၏ ပုံစံက မည်သူမည်ဝါကို စားပစ်ရန် ရွေးချယ်ပြီးနေသည့် သရဲသဘက်များလိုပင်။
အလောင်းဘုရင်၊ ဤအမည်နာမသည် လူတိုင်းကို ကြောက်လန့်သွားစေသော အမည်ပင်။ တစ်ချိန်က ကြောက်မက်ဖွယ်ကောင်းခဲ့သော မဟာနတ္ထိ ရှေးဧကရာဇ်သည် မျိုးနွယ်ကြီးလေးခုနှင့် ဤတော်ဝင်မျိုးနွယ်ကို အမှီပြု၍ မဟာနတ္ထိခေတ်ကို လွှမ်းမိုးကာ အောင်မြင်မှု အကြီးအကျယ် ရရှိခဲ့သည်။
ထို့အပြင် ဤအလောင်းကောင် ဘုရင်ခြောက်ပါးသည် မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်တစ်ခုလုံးကို တုန်လှုပ်စေသူများ ဖြစ်သည်။
ဤအလောင်းကောင်ဘုရင် တစ်ပါးချင်းစီသည် မသေမျိုးမျိုးနွယ်၏ မသေမျိုး ဖီးနစ်ဘုရင်နှင့် သိကျွမ်း ရင်းနှီးသော မိတ်ဆွေများ ဖြစ်သည်။ အလောင်းကောင် ဘုရင်တစ်ပါးချင်းစီက ကောင်းကင်ဘုရင်အဆင့်များ ဖြစ်လေသည်။
“မဟာနတ္ထိ အမိန့်ပြား၊ ဒီကောင်က မဟာနတ္ထိ အမိန့်ပြားပိုင်ရှင်လား”
မိုးကြိုးဘုရင်၏ နဖူး၌ ချွေးများ စို့တက်နေပြီး ယဲ့ဖန်အား မယုံနိုင်ဟန်ဖြင့် ကြည့်နေမိသည်။ အလောင်းကောင် မျိုးနွယ်သည် တော်ဝင်မျိုးနွယ် ဖြစ်သည်။ လူသား အရှင်သခင်တောင်မှ သူတို့ကို အညံ့ခံအောင် မလုပ်နိုင်ပေ။ မဟာနတ္ထိ အမိန့်ပြားကိုသာ နာခံကြသည်။
လူတိုင်း ပြောဆိုနေကြချိန်တွင် ယဲ့ဖန်၏ လက်တစ်ဖက် လှုပ်သွားသည်ကို တွေ့လိုက်ရသည်။ သူ၏လက်ထဲ၌ ရှေးဟောင်း အမိန့်ပြားတစ်ခု ရှိနေ၏။
ထိုအမိန့်ပြားကို မြင်လိုက်ရသောအခါ မိုးကြိုးဘုရင်၊ မသေမျိုး ဖုန်းဝမ်နှင့် အခြားသူများအားလုံး သေမတတ် ကြောက်လန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန် ကိုင်ထားသော အမိန့်ပြားက မဟာနတ္ထိ အမိန့်ပြား ဖြစ်နေသောကြောင့်ပင်။
ထိုစဉ် အလောင်းကောင်ဘုရင် ခြောက်ပါး ဦးဆောင်လာသော အလောင်းကောင်မျိုးနွယ် တစ်ခုလုံးသည် ခန္ဓာကိုယ်များ တုန်ယင်လာပြီး သူတို့၏ ယိုယွင်းနေသော မျက်နှာတွင် စိတ်လှုပ်ရှားဟန်များ ထင်ဟပ်လာသည်။
သူတို့သည် ယဲ့ဖန်ရှေ့၌ ဒူးထောက်၍ အက်တက်တက်အသံများဖြင့် နှုတ်ဆက်လေသည်။
“သခင်ကြီးကို ဂါဝရပြုပါတယ်”
အလောင်းကောင်မျိုးနွယ်ဝင်တိုင်းက တုန်ယင်ကာ စိတ်လှုပ်ရှားနေကြသည်။ သူတို့ နှစ်ပေါင်း မရေတွက်နိုင် လောက်အောင် စောင့်ဆိုင်းခဲ့ရသည်။ သူတို့ မြေအောက်၌ ထာဝရ ပုပ်သိုးဆွေ့မြည့်သွားရတော့မည်ဟု အကြိမ်ကြိမ် ထင်ခဲ့မိသည်။
လောကကြီးက သူတို့ကို မေ့လျောသွားပြီဟု ထင်ခဲ့ကြသည်။ ယခုအခါတွင် သူတို့ စောင့်ဆိုင်းနေရသော ပုဂ္ဂိုလ် ရောက်လာလေပြီ။
ဂလု!
ထိုအခိုက်တွင် များပြားလှသော အလောင်းကောင်မျိုးနွယ်များကိုကြည့်ပြီး အနားမှ ဝံပုလွေရိုင်း တံတွေးမျိုချ လိုက်မိသည်။
သူ၏သခင်ကြီးက ပိုပို၍ ဆန်းကြယ်လာသည်ကို သတိထားမိလာသည်။ နတ်ဆိုးဧကရာဇ်တွင် ယင်ယန်လောက၌ ကြောက်စရာကောင်းသော အလောင်းကောင်မျိုးနွယ် ရှိနေလိမ့်မည်ဟု သူ မသိထားပေ။
“မဟုတ်ဘူး … မဖြစ်နိုင်တာ၊ ဘယ်လိုလုပ် ဒါက …”
မိုးကြိုးနတ်ဘုရားနှင့် ဖုန့်လောလောတို့ မှင်တက်နေ၏။ အလောင်းကောင်မျိုးနွယ်တိုင်း၏ အရှိန်အဝါက အန္တိမ အထွတ်အထိပ်အဆင့်ထက် ကြောက်စရာကောင်းနေသည်ကို သူတို့ သေချာခံစားမိသည်။
ထို့အပြင် အလောင်းကောင်ဘုရင် ခြောက်ပါးနှင့် သောင်းချီသော အလောင်းကောင်များက ယဲ့ဖန်ရှေ့ ဒူးထောက်၍ သခင်ကြီးဟု ခေါ်နေခြင်းက သူတို့ ထင်ထားသည်ထက်ပင် ကျော်လွန်နေ၏။
“သူ … သူက ငရဲဘုံက တွားသွားကောင်သာသာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ် ယင်ယန်လောကက တော်ဝင် မျိုးနွယ်ကို အမိန့်ပေးနိုင်ရတာလဲ”
“သူ … သူက ဘယ်သူလဲ”
မိုးကြိုးနတ်ဘုရား၏ စိတ်ထဲတွင် ကြောက်စိတ်နှင့် သံသယစိတ်များ ပြည့်နှက်လာသည်။ ထိုစဉ် ယဲ့ဖန်က လက်ဝှေ့ပြ၍ ပြောလိုက်သည်။
“ဒီနေ့က အလောင်းကောင်မျိုးနွယ် အောင်ပွဲခံရမယ့်နေ့ပဲ”
ထိုစကားသည် ငြိမ်သက်နေသော ကန်ရေပြင်သို့ ကျောက်ခဲတစ်ခဲ ပစ်ချလိုက်သကဲ့သို့ဖြစ်ကာ အလောင်းကောင် မျိုးနွယ်များအား သွေးဆူလာစေသည်။
တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ထရပ်လာပြီး သူတို့၏ ယိုယွင်းနေသော မျက်နှာတွင် ရက်စက်၍ သွေးဆာသော အမူအရာများ ပြည့်နှက်နေ၏။
ထို့နောက် ကျော်ကြားသော အလောင်းကောင်မျိုးနွယ်သည် သားရဲကောင်ကဲ့သို့ မာန်ဖီ၍ မိုးကြိုးဘုရင်နှင့် အခြားသူများအား သတ်ဖြတ်ရန် ပြေးဝင်သွားကြသည်။
“မကောင်းတော့ဘူး၊ ထွက်ပြေးကြ”
မသေမျိုး ဖုန်းဝမ်သည် ရင်တုန်လာပြီး သူ၏မသေမျိုး မျိုးနွယ်ဝင်များကို အော်ဟစ်၍ သတိပေးလိုက်သည်။ ထိုသို့ သတိပေးပြီးသည်နှင့် သူနှင့် မိုးကြိုးဘုရင်သည် မြေကြီးအား ခြေဖြင့်ဆောင့်နင်း၍ အဝေးသို့ ခုန်လွှားကာ ထွက်ပြေးလေသည်။
သို့ရာတွင် သူတို့ လှုပ်ရှားမှုများက တိခနဲ ရပ်တန့်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် အလောင်းကောင် ဘုရင် ခြောက်ပါးက သူတို့ရှေ့၌ တိတ်ဆိတ်စွာ ရပ်နေကြသောကြောင့်ပင်။
ထိုအလောင်းကောင် ဘုရင်ခြောက်ပါးသည် တစ္ဆေကဲ့သို့ လျင်မြန်ဖျတ်လတ်လှသလို မသေမျိုး ဖုန်းဝမ်နှင့် မိုးကြိုးဘုရင်တို့၏ ပြေးပေါက်များအား ပိတ်ဆို့ထားသည်။
ဤအဖြစ်ကြောင့် ကောင်းကင်ဘုရင်အဆင့် မသေမျိုးဖုန်းဝမ်တို့ နှစ်ယောက်လုံး မျက်နှာ ပြာနှမ်းသွားသည်။ ထိုအခါ မသေမျိုး ဖုန်းဝမ်သည် သတ္တိမွေး၍ အလောင်းကောင် ဘုရင်ခြောက်ပါးကို ပြောလိုက်သည်။
“ရောင်းရင် အလောင်းကောင်ဘုရင်တို့၊ ခင်ဗျားတို့ မခံစားမိဘူးလား၊ ကျုပ်က မသေမျိုး မျိုးနွယ်ကလေ”
“တစ်ချိန်က ကျုပ်တို့အားလုံး မဟာနတ္ထိ ရှေးဧကရာဇ်ရဲ့ အမိန့်ကို နာခံခဲ့ကြတဲ့သူတွေလေ၊ မဟာနတ္ထိ ရှေးဧကရာဇ်အတွက် ကျုပ်တို့ ဘေးချင်းယှဉ်ပြီး တိုက်ခိုက်ခဲ့ကြတာ မဟုတ်လား”
မသေမျိုး ဖုန်းဝမ် မျက်နှာဖြူရော်ကာ ချွေးပြန်နေသည်။ အလောင်းကောင်ဘုရင်၏ ကြောက်စရာကောင်းပုံကို သူ အသိဆုံးပင်။ ထို့ကြောင့် တစ်ချိန်က ဘိုးဘေးများ သိကျွမ်းခဲ့သည်ကို အသုံးချ၍ လွတ်လမ်းရှာရန် မျှော်လင့် ထားသည်။
သူ့စကားကြောင့် အလောင်းကောင်ဘုရင် ခြောက်ပါးက ကြောက်စရာကောင်းအောင် ပြုံးလာပြီးနောက် သူတို့ထံမှ အက်တက်တက် အသံ ထွက်လာသည်။
“မသေမျိုး မျိုးနွယ်ကို သိတယ်”
*ဟူး*
တစ်ဖက် သိသည်ဟု ပြောလာသဖြင့် မသေမျိုးဖုန်းဝမ်နှင့် မိုးကြိုးဘုရင်တို့ စိတ်အေးသွားပြီး သက်ပြင်းချ လိုက်မိသည်။ အလောင်းကောင် ဘုရင်ခြောက်ပါး၏ အရှိန်အဝါက သူတို့အား ကြောက်လန့်စေခဲ့သည်ကိုတော့ ဝန်ခံရပေမည်။
အလောင်းကောင်ဘုရင် ဆက်ပြောလာသည့်စကားကြောင့် သူတို့ ချက်ချင်း မျက်နှာပျက်သွားရသည်။
“သစ္စာဖောက်တွေ”
“သတ်”
ထိုစကားအဆုံး၌ မသေမျိုး ဖုန်းဝမ်နှင့် မိုးကြိုးဘုရင်တို့ ကြက်သီးတဖြန်းဖြန်း ထသွားလေသည်။ သူတို့နှစ်ယောက်လုံး ချက်ချင်း တကွဲတပြားစီ ထွက်ပြေးကြသည်။ ထိုစဉ် ကောင်းကင်ဘုရင်အဆင့် အလောင်းကောင် ဘုရင်နှစ်ပါးက လှစ်ခနဲ လှုပ်ရှား၍ သူတို့လမ်းကို ပိတ်ဆို့လာ၏။
ထို့နောက် သူတို့၏ ပုပ်ပွနေသော လက်သည်းများကိုဝင့်၍ တိုက်ခိုက် သတ်ဖြတ်လာသည်။ သူတို့၏ အရှိန်အဝါကြောင့် မသေမျိုး ဖုန်းဝမ်နှင့် မိုးကြိုးဘုရင်တို့ ကြောက်လန့်သွားသည်.
ကျန်အလောင်းကောင်ဘုရင်က ဝင်ပါရန် စိတ်ကူးမရှိ၍ တော်သေးသည်။ သူတို့သည် ဝိုင်းအုံ၍ တိုက်ခိုက်ရမည်ကို အဖက်မတန်ဟု သဘောထားပုံရပြီး လက်ပိုက်ကာ ကြည့်နေကြသည်။
“မိုးကြိုးဘုရင် သူတို့ကို သတ်မှပဲ ငါတို့ လွတ်နိုင်မယ်”
မသေမျိုး ဖုန်းဝမ် ကြံရာမရ ဖြစ်နေ၏။ မိုးကြိုးဘုရင်သည်လည်း အရှေ့မှ အလောင်းကောင်ဘုရင်များကို အသေသတ်မှ ဖြစ်မည်ကို ရိပ်စားမိသည်။
ထို့နောက် ကောင်းကင်ဘုရင်အဆင့် မသေမျိုးဖုန်းဝမ်နှင့် မိုးကြိုးဘုရင်တို့သည် အလောင်းကောင် ဘုရင်နှစ်ပါးနှင့် တိုက်ခိုက်လေတော့သည်။
ကောင်းကင်ဘုရင်အဆင့် လေးယောက်တို့ အချင်းချင်း တိုက်ခိုက်လာသောအခါ တိုက်ပွဲအခြေအနေက ပြင်းထန်လွန်းလှသည်။ တိုက်ခိုက်လိုက်သည်နှင့် မသေမျိုးဖုန်းဝမ်နှင့် မိုးကြိုးဘုရင်တို့ ထိတ်လန့်လာရသည်။
သူတို့၏ အမြင်တွင် အလောင်းကောင် ဘုရင်နှစ်ပါးသည် အလွန် သန်မာလှပြီး တိုက်ခိုက်မှုတိုင်း၌ တာအို သဘောတရားများ ပါဝင်နေသည်ဟု ထင်မှတ်နေသည်။ သူတို့၏ တိုက်ခိုက်မှုအစွမ်းက ကြောက်စရာ ကောင်းလှသည်။
တိုက်ခိုက်နေစဉ်တွင် ရုတ်တရက် စုတ်ပြဲသံများ ထွက်ပေါ်လာ၏။ မသေမျိုးဖုန်းဝမ်၏ ပခုံးတစ်ဖက်ကို အလောင်းကောင်ဘုရင်တစ်ပါးက ဆွဲဖြုတ်လာပြီး မိုးကြိုးဘုရင်၏ ဝမ်းဗိုက်၌ သွေးများ စိမ့်ထွက်လာသည်။ တစ်ချက်တည်းဖြင့် ဒဏ်ရာ ရသွားခြင်းပင်။
“ချီးတဲ့မှပဲ”
ဤအဖြစ်ကြောင့် ကောင်းကင်ဘုရင်အဆင့် မသေမျိုးဖုန်းဝမ်နှင့် မိုးကြိုးဘုရင်တို့နှစ်ယောက်လုံး တုန်လှုပ် ခြောက်ခြား သွားလေသည်။ အိပ်မက်ဆိုးကား ယခုမှ စတင်ရုံသာ ရှိပေသေးသည်။