အခန်း ၁၀၀၄
Vol. 67 Ch. 1004
Chapter 1004 ခင်ဗျားက ဒါကို ပြောချင်တာလား
မသေမျိုး မျိုးနွယ်သည် လူသားအရှင်သခင်လက်အောက်၌ အမှုထမ်းသော ရှေးဟောင်းမျိုးနွယ်ကြီး လေးခုထဲမှ တစ်ခုဖြစ်သောကြောင့် အလွန် ကြောက်စရာကောင်းလှသည်။
မျိုးနွယ်တွင်း၌ လောကသခင်အဆင့်များက တိမ်သဖွယ် ပေါ်များလှပြီး အန္တိမအဆင့်များလည်း ပေါများလှသည်။ မျိုးနွယ်ဝင်များထဲတွင် မသေမျိုး ဖုန်းဝမ်သည် မဟာဘုရင်လေးပါးထဲမှ တစ်ပါး ဖြစ်ပြီး လူသားအရှင်သခင်၏ အလေးထားခြင်း ခံရသူ ဖြစ်သည်။
မိုးကြိုးတောင်ကြား၏ အရှေ့ဘက် မိုင်တစ်ရာကျော် အကွာ၌ ကြီးမားသော ရဲတိုက်ကြီးတစ်ခု တည်ရှိသည်။ ထိုရဲတိုက်ကြီးသည် မြင့်မားထည်ဝါ၍ ခမ်းနားကြီးကျယ်လှသည်။
ထို့အပြင် ရဲတိုက်ပတ်လည်၌ အန္တိမ တစ်ပိုင်းအဆင့်များက ခေါက်တုံ့ခေါက်ပြန် ကင်းလှည့်နေ၏။ အန္တိမ တစ်ပိုင်းအဆင့်များက အစောင့်အဆင့်မျှသာ ရှိနေသည်။ အခြားနေရာများ၌ ဤသို့တာဝန်ပေးထားပါက ဆူညံ ပွက်လောရိုက်သွားလောက်သော်လည်း ဤနေရာ၌ သာမန် ဖြစ်ရိုးဖြစ်စဉ်မျှသာ ရှိပုံပေါ်သည်။
ယခုအချိန်တွင် ထိုနေရာရှိ အစောင့်များသည် အချင်းချင်း စကားပြောဆိုနေကြသည်။
“မိုးကြိုးတောင်ကြား ဘာဖြစ်သွားလဲ မသိဘူး၊ အဲ့ဒီမှာ ကြောက်စရာကောင်းတဲ့ နတ်ဘုရားသတ်မိုးကြိုးတောင် ပစ်ချလာတယ်ဆိုတော့”
အန္တိမ တစ်ပိုင်းအဆင့်တစ်ယောက်က သိချင်ဟန်ဖြင့် စကားစလာသည်။ နတ်ဘုရားသတ် မိုးကြိုးသည် ထိပ်တန်း မိုးကြိုးဆယ်ခုထဲမှ အဆင့်တစ်ဆယ်၌ ရှိသော မိုးကြိုး ဖြစ်သည်။ ကောင်းကင်ဘုရင်အဆင့်တစ်ယောက်တောင်မှ ထိုမိုးကြိုးကို ကြောက်လန့်ရသည်။
သူ့စကားကြောင့် အနားမှ အန္တိမအဆင့် နောက်တစ်ယောက်က ပျက်ရယ်ပြု၍ ပြန်ပြောလေသည်။
“ချီး … စိတ်ပူမနေနဲ့၊ ဘာမှဖြစ်မှာ မဟုတ်ဘူး၊ အနောက်ဘက်ဒေသက မဟာနတ္ထိ အရှင်သခင်နဲ့ အန္တိမအဆင့် ရှေးဟောင်း သိုင်းပညာရှင် သုံးဆယ့်နှစ်ယောက်လုံး မိုးကြိုးတောင်ကြားကို ရောက်လာရင်တောင်မှ မိုးကြိုးတောင်ကြားက လူတွေကြောင့် သူတို့ ပျက်စီးသွားမှာ သေချာတယ်”
“ဟမ့် … မိုးကြိုးတောင်ကြားက ကိစ္စကို ဖြေရှင်း ပြီးသွားရင် ငါတို့မျိုးနွယ်နှစ်ခု ပူးပေါင်းပြီး အနောက်ဘက် စစ်တပ်ကို တိုက်ခိုက်မှာ၊ သောက်ရေးမပါတဲ့ မဟာနတ္ထိ အရှင်သခင်ဆိုတဲ့ကောင်နဲ့ အန္တိမအဆင့် ရှေးဟောင်း သိုင်းပညာရှင် သုံးဆယ်နှစ်ယောက်ကို ငါတို့ သတ်ပစ်ရမယ်”
“…”
လက်ရှိအချိန်တွင် မသေမျိုးမျိုးနွယ်၏ အန္တိမအဆင့် သိုင်းပညာရှင်များ အဆက်မပြတ် ဆွေးနွေးပြောဆို နေကြသည်။
“…”
သူတို့၏ စကားထဲတွင် ယင်ယန်လောက၏ အနောက်ဘက် ဒေသမှ မဟာနတ္ထိ အရှင်သခင်နှင့် အခြားသူများကို အလွန် အထင်သေး ရွံရှာဟန်ဖြင့် ပြောဆိုနေကြသည်။
အနောက်ဘက် ဒေသခုနစ်ခု၌ အသန်မာဆုံးသောသူမှာ အန္တိမ အထွတ်အထိပ်အဆင့်ရှိသော သံမျက်နှာဖုံးဘုရင် ဖြစ်သည်။
နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့သော မိုးကြိုးတောင်ကြားနှင့် မသေမျိုးမျိုးနွယ်တို့အတွက် အန္တိမ အထွတ်အထိပ် အဆင့်မှာ အရေးပါသော အဆင့်တစ်ခု မဟုတ်ပေ။ ထို့အပြင် သူတို့ဘက်၌ ကောင်းကင်ဘုရင်အဆင့် သိုင်းပညာရှင် နှစ်ယောက်တောင် ရှိနေသေးသည် မဟုတ်ပါတကား။ မဟာနတ္ထိ အရှင်သခင်နှင့် အခြားသူများ လာရဲပါက သူတို့ အသာလေး သတ်ပစ်လိုက်ရုံပင်။
“အရှင်ကွေ မသေမျိုးဖီးနစ်ဘုရင်ကို နှိပ်စက်နေတာ ဘယ်လိုဖြစ်နေပြီလဲ မသိဘူး”
“အရှင်ကွေရဲ့သား ဟေးဒီးနဲ့ ဝမ်လီအပြင် သူ့ညီပါ ငရဲဘုံမှာ အသတ်ခံလိုက်ရတာဆိုတော့ အရှင်ကွေက ငရဲဘုံက လူတွေအပြင် ဘိုးဘေး ဖီးနစ်ဘုရင်ကိုပါ တော်တော်မုန်းနေတာကွ”
“…”
လူတိုင်း စကားပြောနေချိန်တွင် အက်ကွဲသံတစ်သံ ထွက်လာသဖြင့် လူတိုင်း မှင်တက်သွားသည်။ အစောင့်များအားလုံး အရှေ့သို့ လှမ်းမျှော်ကြည့်လိုက်သော်လည်း မူမမှန်တာဟူ၍ နည်းနည်းလေးမှ ရှာမတွေ့ချေ။
“ခုနက ဘာအသံလဲ”
အစောင့်များအားလုံး သတိထားနေကြသော်လည်း တစ်စုံတစ်ယောက်က မသေမျိုးမျိုးနွယ်၏ ပိုင်နက်ထဲ ဝင်လာပြီး ပြဿနာ ရှာရဲလိမ့်မည်ဟု ထင်မထားကြချေ။ နှစ်ထောင်ချီအတွင်း မည်သို့သော မူမမှန်မျိုးကိုမှ သူတို့ မကြုံဖူးချေ။
ဂျွတ်!
ထိုအချိန်မှာပင် နောက်ထပ် အက်ကွဲသံတစ်သံ ထွက်လာပြန်သည်။ အန္တိမ တစ်ပိုင်းအဆင့်တစ်ယောက်က မြေကြီးကို ငုံ့ကြည့်လိုက်မိပြီး ချက်ချင်း မျက်နှာပျက်သွားသည်။
“မြေကြီးကို ကြည့်ကြဦး”
သူ၏အော်သံကြောင့် အားလုံး မြေကြီးကို လိုက်ကြည့်လိုက်ကြသည်။ သူတို့ ကြည့်နေစဉ်မှာပင် မြေကြီး၌ ပက်ကြားအက်ရာများ ဆက်တိုက် ဖြစ်ပေါ်လာသည်။ ကြောက်စရာကောင်းသော တစ်စုံတစ်ရာက မြေကြီးထဲမှ သွားလာနေပုံရသည်။
“သတိထား”
အန္တိမ တစ်ပိုင်းအဆင့်တစ်ယောက် သတိပေးလိုက်သည့်အဆုံးမှာပင် ထိုသိုင်းပညာရှင်၏ အောက်မှ မြေကြီးက ပေါက်ထွက်လာပြီး ပုပ်သိုးနေသော လက်တစ်ဖက် ထွက်လာသည်ကို တွေ့လိုက်ရသည်။
အန္တိမ တစ်ပိုင်းအဆင့် သိုင်းပညာရှင်၏ ခြေထောက်တစ်ဖက်ကို ဖမ်းကိုင်၍ ဆောင့်ဆွဲလာသည်။ ထိုသူသည် မြေကြီးထဲသို့ အရှင်လတ်လတ် ဆွဲချခံလိုက်ရပြီးနောက် မြေကြီးထံမှ ကြောက်လန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာသည်။ ထို့အပြင် ထိုအပေါက်ထဲမှ သွေးများ စိမ့်ထွက်လာသည်။ မြေကြီးထဲ၌ လူသားစား မိစ္ဆာ ရှိနေသည့်ပုံပင်။
“ဒါ … ဒါ ဘာကြီးလဲ”
အန္တိမ တစ်ပိုင်းအဆင့် သိုင်းပညာရှင်များ ကျင်ငယ်ရည် ထွက်ကျမတတ် ကြောက်လန့်ကာ နောက်သို့ ဆုတ်သွား ကြသည်။ သို့ရာတွင် ရဲတိုက်ပတ်လည်မှ မြေကြီးအားလုံး ဆက်တိုက် အက်ကွဲလာပြီး အန္တိမ တစ်ပိုင်းအဆင့် သိုင်းပညာရှင် တစ်ယောက်ပြီး တစ်ယောက် မြေကြီးထဲ ဆွဲချခံရပြီး သတ်ဖြတ်ခံလိုက်ရသည်။
မြေကြီးထဲမှ ပုပ်သိုးယိုယွင်းနေသော လူတစ်ယောက် ထွက်လာပြီးနောက် နောက်ထပ် လူများ ဆက်တိုက် ထွက်လာကြသည်။ ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင်။
တစ်ခဏအတွင်း ဖြစ်ပျက်သွားသော အဖြစ်အပျက်ကို ကြည့်ပြီး မသေမျိုး မျိုးနွယ်ဝင်များအားလုံး တုန်လှုပ် ခြောက်ခြားသွားသည်
‘အလောင်းကောင်တွေ၊ မြတ်စွာဘုရား … အလောင်းကောင်တွေ တိုက်ခိုက်နေတာပဲ”
မသေမျိုးမျိုးနွယ်ဝင်တစ်ယောက်က ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ သူ ထိုသို့အော်လိုက် ပြီးသည်နှင့် ပုပ်သိုးနေသော လက်နှစ်ဖက်က သူ့အား ဖမ်းချုပ်လာပြီး အားဖြင့် စုတ်ဖြဲလေသည်။ ထိုသူထံမှ သွေးများ ပန်းထွက်လာပြီး အရှင်လတ်လတ် ဆွဲဖြဲခံလိုက်ရသည်။
ထိုအခိုက်တွင် မသေမျိုးမျိုးနွယ်၏ ရှေးဟောင်းရဲတိုက်ရှေ့မှ အန္တိမတစ်ပိုင်းအဆင့် အယောက်တစ်ရာကျော်လုံး အသတ်ခံလိုက်ရလေသည်။
ထိုစဉ် ခြေသံများ ထွက်ပေါ်လာပြီး ယဲ့ဖန်က ဝံပုလွေရိုင်းကိုခေါ်၍ အလောင်းကောင်ဘုရင် ခြောက်ပါးနှင့် များစွာသော အလောင်းကောင်မျိုးနွယ်များကို ဦးဆောင်ကာ ရဲတိုက်ထံသို့ လျှောက်လှမ်းလာသည်။
ယနေ့သည် မသေမျိုးမျိုးနွယ်အတွက် ကပ်ဆိုက်သောနေ့ပင်။ မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်ကတည်းက တည်ရှိခဲ့သော ဤမျိုးနွယ်ကြီးသည် မျိုးနွယ်တွင်းမှ အသန်မာဆုံးသောသူ သေသွားလိမ့်မည်ဟု ထင်ထားပုံ မရကြချေ။
….
မသေမျိုးမျိုးနွယ်၏ ရဲတိုက်တွင်းမှ မှောင်မည်းနေသော မြေအောက်ခန်းအတွင်း၌ နံရံများတွင် သွေးများ စိုရွှဲနေသည်။
မြေအောက်ခန်းတွင်း၌ နှိပ်စက်သော ပစ္စည်းကိရိယာများဖြင့် ပြည့်နှက်နေပြီး ထောင့်နား၌ ကိုယ်လက် အင်္ဂါအပိုင်းအစများ ပုံနေသဖြင့် မြင်ရသူတိုင်း ခြောက်ခြားသွားလောက်သည်။
ထိုအချိန်တွင် အိုမင်းနေသော လူအိုကြီးတစ်ယောက်ထံမှ သွေးများ တတောက်တောက် စီးကျနေသည်။ သူ၏ တစ်ကိုယ်လုံး၌ အရေပြားများ စုတ်ပြတ်နေပြီး တောင်ပံတစ်စုံလုံး ဆွဲဖြုတ်ခံထားရသည်။
ခန္ဓာကိုယ်၌ သွေးများ စိမ့်ထွက်နေသော အနာပေါက်များ များစွာရှိနေသောကြောင့် သွေးလူသားသဖွယ်ဖြစ်ကာ ကြည့်ရဆိုးလှသည်။
ထိုလူအိုကြီး၏အရှေ့၌ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ထိုင်နေသည်။ ထိုလူသည် မသေမျိုး ဟေးဒီးနှင့် အလွန် တူပေသည်။ သို့ရာတွင် သူ၏မျက်လုံးများက ဟေးဒီးစ်ထက် ပို၍ ခက်ထန်ကြမ်းကြုတ်၏။
သူသည် လက်ထဲမှ ဓားကိုအသာလွှဲ၍ လူအိုကြီး၏ ခန္ဓာကိုယ်မှ သွေးများ ကပ်နေသာ အသားစကို လှီးထုတ် လေသည်။
“ချစ်ရတဲ့ ဘိုးဘေးကြီး … ဘယ်လို အရသာရှိလဲ”
မသေမျိုး အရှင်ကွေက စဉ်းလဲစွာ ပြုံးနေ၏။
“ကျုပ် ခင်ဗျားကို နာကျင်မှုတွေ ဆယ်ဆ ပိုပြန့်နိုင်တဲ့ ကျင်းတန်း ပေးထားတာလေ”
“ကျုပ် ခင်ဗျားအရေပြားကို ခွာလိုက်တိုင်း သေတာထက် ပိုဆိုးတဲ့ နာကျင်မှုကို ခံစားရမှာ၊ ဟားဟားဟား …”
မသေမျိုး အရှင်ကွေက အားရကျေနပ်စွာ ရယ်မောနေသည်။ မသေမျိုး အရှင်ကွေက ဖီးနစ်ဘုရင်၏ ခန္ဓာကိုယ်မှ အရေပြားကို ဓားဖြင့် ထပ်လှီးချလိုက်သည်။
မသေမျိုး ဖီးနစ်ဘုရင်သည် နာကျင်မှုကြောင့် မျက်နှာဖြူရော်ကာ တစ်ကိုယ်လုံး တုန်ယင်လာသည်။ သို့သော် ပါးစပ်ကို သွားဖြင့်ကိုက်၍ မအော်မိအောင် ကြိုးစားနေသည်။
“တော်တော် အကြောမာတာပဲ”
“ခင်ဗျားက ငရဲဘုံကလူကို ကူညီတဲ့အပြင် ကျုပ်သားတွေကိုပါ သတ်ခဲ့တယ်၊ ခင်ဗျား စောင့်ရှောက်တဲ့ အဲ့ကောင်က ကျုပ်သားနဲ့ ကျုပ်ညီကို သတ်ခဲ့တယ်”
“ဒီနေ့ ကျုပ် ခင်ဗျားကို စိတ်ကျေနပ်တဲ့အထိ နှိပ်စက်မယ်”
ထိုသို့ပြောနေချိန်တွင် မသေမျိုး အရှင်ကွေ၏ မျက်လုံးများက ရက်စက်ခက်ထန်လှသည်။
“စိတ်မပူနဲ့၊ ကျုပ်တို့ မသေမျိုးမျိုးနွယ်နဲ့ မိုးကြိုးတောင်ကြားတို့ ဆွေးနွေး တိုင်ပင်ထားပြီးပြီ။ အနောက်ဘက် ဒေသက တုံကျန့်စစ်တပ်ရယ် ဟိုသောက်ရူးကောင်နဲ့ ရှေးဟောင်း သိုင်းပညာရှင် သုံးဆယ့် နှစ်ယောက်ကို သုတ်သင်ပြီးတာနဲ့ ကောင်းကင်ဘုံ အခမ်းအနားကျရင် လူသားအရှင်သခင်ဆီမှာ ငရဲဘုံတစ်ခုလုံးကို ဖျက်ဆီးခွင့် တောင်းဆိုမှာ”
“အဟဲ … အဲ့အခါကျရင် ခင်ဗျား စောင့်ရှောက်ချင်တဲ့ အဲ့ကောင်လည်း သေမယ်၊ ခင်ဗျား စောင့်ရှောက်ချင်တဲ့ ကမ္ဘာဂြိုဟ်က လူအားလုံးကို ပြာဖြစ်သွားအောင် သုတ်သင်ပစ်မှာ”
မသေမျိုး အရှင်ကွေ၏ စကားများက ကြမ်းကြုတ်လွန်းလှသည်။
“ကျုပ် အဲ့ငရဲဘုံကကောင်ရဲ့ ခေါင်းကို ဖြတ်ပစ်မယ်၊ သူ့ဆွေမျိုးတွေ၊ သူ့ညီအစ်ကိုတွေ၊ သူ့မိန်းမတွေနဲ့ လက်အောက်ငယ်သားတွေအားလုံးကို ခေါင်းဖြတ်ပစ်မယ်၊ ဟားဟားဟား …”
မသေမျိုးခေါင်းဆောင် အရှင်ကွေက ဟက်ဟက်ပက်ပက် ရယ်မောလေ၏။ သူ့စကားကြောင့် မသေမျိုး ဖီးနစ်ဘုရင်၏ မျက်လုံးများက မီးဝင်းဝင်းတောက်လာသည်။ သို့ရာတွင် သူသည် အားနည်းနေသဖြင့် ကြံရာမရ ဖြစ်နေသည်။
“ကောင်လေးယဲ့ … အသက်ရှင်ရမယ်၊ မင်း အသက်ရှင်နေမှ ဖြစ်မယ်”
ယဲ့ဖန်၊ ကမ္ဘာဂြိုဟ်မှ လူများကို တွေးမိသည်နှင့် မသေမျိုး ဖီးနစ်ဘုရင်၏ စိတ်ထဲတွင် ဝမ်းနည်းစိတ်များဖြင့် ပြည့်နှက်လာသည်။
ထိုစဉ် မြေအောက်ခန်းအပြင်ဘက်မှ ခြေသံ ထွက်လာသည်။ ထို့အပြင် အပြင်ဘက်မှနေ၍ မြေအောက်ခန်းထဲသို့ တစ်စုံတစ်ရာများ ပစ်သွင်းလာသည်။
ဆယ်ခု၊ အခုတစ်ရာ၊ အခုတစ်ထောင်။ ထိုအရာများက မြေအောက်ခန်းတစ်ခုလုံး အပြည့်နီးပါး ဖြစ်လာသည်။
ထိုအရာများကို သေချာမြင်လိုက်ရချိန်တွင် မသေမျိုး အရှင်ကွေနှင့် မသေမျိုး ဖီးနစ်ဘုရင်တို့ နားဝေတိမ်တောင် ဖြစ်ကာ အံ့ဩသွားကြသည်။
“ခေါင်းဖြတ်မယ်တဲ့လား”
“ခင်ဗျားက ဒါကို ပြောချင်တာလား”