အခန်း ၁၀၁၃
Vol. 68 Ch. 1013
Chapter 1013 မအောင်မြင်ဘူးလို့ ဘယ်သူ ပြောလဲ
နဂါးသတ်တောင်သည် ကောင်းကင်ယံသို့ တိုးဝင်မတတ် မြင့်မားသော တောင်ဖြစ်သည်။ နဂါးသတ် တောင်ခြေမှစ၍ အပေါ်သို့ တက်ရာတွင် ပထမ ဘိုးဘေး၏ စမ်းသပ်ချက်ကို တောင့်ခံရသည်။ ထို့အပြင် စမ်းသပ်ချက်တိုင်းတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ပါဝင်နေ၏။
လက်ရှိတွင် ထောင်ချီသော ထိုက်ကူ နဂါးမျိုးနွယ်များသည် တောင်ခြေ၌ တစ်ဖက်တစ်ချက်စီ ရပ်နေကြသည်။ တစ်ယောက်ချင်းစီက ကျိုးနွံစွာ ရပ်နေကြခြင်း ဖြစ်သည်။
ဤသည်က ရှေးယခင်ကတည်းက နဂါးသတ်တောင်ပေါ်သို့ တက်မည့် စစ်သည်တော်များအား လေးစားသမှု ပြသည့် ပြယုဒ် ဖြစ်လေသည်။
နတ်ဆိုးနဂါးသည် ခန္ဓာကိုယ်ကို ဖျတ်ခနဲ လှုပ်ရှား၍ နဂါးသတ်တောင်ခြေသို့ သွားလိုက်သည်။ သူသည် ကြောက်စရာကောင်းသော နဂါးသတ်တောင်ကို မော့ကြည့်၍ မိုက်ရူးရဲဆန်သော အမူအရာဖြင့် ရေရွတ်လိုက်သည်။
“ညီအစ်ကို ငါ့ကို စောင့်နေပါ”
ထိုသို့ရေရွတ်ပြီးသည်နှင့် နတ်ဆိုးနဂါးက တွေဝေခြင်းမရှိဘဲ နဂါးသတ်တောင်ပေါ်သို့ ဖြည်းဖြည်းချင်း တက်သွားလေသည်။
ဘိုးဘေးဖြစ်သူ၏ စမ်းသက်ချက်က ဆက်တိုက် ထွက်ပေါ်နေသဖြင့် နတ်ဆိုးနဂါး ဖြည်းဖြည်းချင်း တက်နေရသလို ခန္ဓာကိုယ်၌ အက်ရာများ ထင်လာသည်။
နတ်ဆိုးနဂါး၏ ခန္ဓာကိုယ်ပေါ်ရှိ အက်ရာများမှ သွေးများ စိမ့်ထွက်လာသောကြောင့် ဖြူနေသော လှေကားထစ်ပင် နီစပြုလာ၏။
ဤသည်ကိုကြည့်ပြီး တောင်ခြေမှ ထိုက်ကူနဂါးများက အထင်သေးစွာ ပြုံးလာကြသည်။
“တောင်ပေါ် စတက်တာနဲ့ ဒဏ်ရာစရပြီး သွေးထွက်တော့တာပဲ၊ နတ်ဆိုးနဂါး ဖုရှန်က အားနည်းလွန်းတာပဲ”
“ဟမ့် … လက်ရှိအခြေအနေအရဆို သူ့ကို သတ်စရာတောင် မလိုတော့ဘူး၊ သွေးထွက်လွန်ပြီးတောင် သေလောက်တယ်”
“…”
ထိုက်ကူနဂါးမျိုးနွယ်များ၏ အမြင်တွင် နတ်ဆိုးနဂါးသည် သေလူနှင့် မခြားနားတော့ချေ။ ဘုရင်မ ခွေရှယ်က ပို၍ ပျက်ရယ်ပြု လှောင်ပြောင်နေသည်။ သူမက ဘေးနားမှ ထိုက်ကူနဂါးကို ပြန်မေးလိုက်သည်။
“တောင်ပေါ်မတက်ခင် အဲ့ကောင် ဘာပြောလိုက်တာလဲ”
ထိုထိုက်ကူနဂါးသည် အံ့ဩသွားပြီးမှ ပြန်စဉ်းစားပြီး ပြောလိုက်သည်။
“ညီအစ်ကို ငါ့ကို စောင့်နေပါလို့ ပြောလိုက်တာ ထင်ပါတယ် ဘုရင်မ၊ နတ်ဆိုးနဂါး ဖုရှန်က နဂါးသတ်တောင်ကို တစ်ခြားသူအတွက်နဲ့ တက်တာလား”
ထိုထိုက်ကူနဂါး မယုံနိုင်ဖြစ်နေသည်။ နဂါးသတ်တောင်ကို တက်ခြင်းသည် သေလမ်းကို သွားခြင်းနှင့် အတူတူပင်။ မည်သို့သောလူစားမျိုးကြောင့် နတ်ဆိုးနဂါးက ရင်ထဲမှ အမုန်းနှင့် အာဃာတတရားတို့ကို မျိုသိပ်၍ နဂါးသတ်တောင်ကို တက်ကာ သေလမ်းရှာရသနည်း။
“ညီအစ်ကိုတဲ့လား”
ဘုရင်မခွေရှယ်ကာ အထင်သေးစွာ ပျက်ရယ်ပြုပြန်သည်။
“သေချာပါတယ်၊ ဒီကောင် အခုထိ အရင်လို ပြောတိုင်းယုံပြီး နုံအနေတုန်းပဲ၊ သူများအတွက်နဲ့များ အသေခံ မယ်တဲ့လား”
“အရူးပဲ၊ ကြည့်နေ ခဏနေရင် သူ နဂါးသတ်တောင်မှာ သေလိမ့်မယ်”
ဘုရင်မခွေရှယ်သည် အာရုံထားမနေတော့ဘဲ အေးတိအေးစက် အကြည့်တို့ဖြင့် နတ်ဆိုးနဂါး မည်သို့ သေမလဲဟုသာ ကြည့်လာလေသည်။
ထိုအချိန်တွင် နတ်ဆိုးနဂါးသည် ဆယ်ထစ်မြောက် လှေကားထစ်သို့ ရောက်နေပြီး သတ်ဖြတ်လိုသော အရှိန်အဝါများ ရုတ်တရက် ထွက်ပေါ်လာသဖြင့် နတ်ဆိုးနဂါး၏ ခန္ဓာကိုယ် နှစ်ပိုင်း ပြတ်သွားရသည်။
ဝေဒနာကြောင့် နတ်ဆိုးနဂါး တုန်ယင်သွားသည်။ ခန္ဓာကိုယ် အောက်ပိုင်း ပြတ်သွားသဖြင့် ဦးခေါင်း၊ လက်သည်းနှစ်ဖက်နှင့် ခန္ဓာကိုယ် အပေါ်ပိုင်းတို့သာ ကျန်ရစ်တော့သည်။ သူသည် နဂါးလက်သည်းနှစ်ဖက်ကို ဆန့်၍ ရှေ့သို့ တွားသွား၍ တက်လိုက်သည်။ လှေကားထစ်၌ သွေးရောင်လွှမ်းလာပြန်သည်။ ဤသည်မှာ ပထမ စမ်းသပ်ချက်သာ ရှိသေးသည်။
နတ်ဆိုးနဂါးသည် ခန္ဓာကိုယ် နှစ်ပိုင်း ပြတ်သွားချိန်တွင် ဆက်၍ အသက်ရှင်နိုင်လိမ့်ဦးမည်ဟု တောင်ခြေမှ နဂါးများ ထင်မထားမိကြချေ။
ထိုစဉ် ဒုတိယ စမ်းသပ်ချက်နှင့် တတိယ စမ်းသပ်ချက်တို့ အသီးသီး ကျလာသည်။ ထိုအချိန်တွင် နတ်ဆိုးနဂါး၏ ခန္ဓာကိုယ်မှ သွေးများ ဆက်တိုက် စီးကျလာသည်။ သူ၏ခန္ဓာကိုယ်သည်လည်း တတိတိ ပြတ်ကျလာ၏။
ခန္ဓာကိုယ် အပေါ်ပိုင်းမှ သွေးများ ဆက်လက် စိမ့်ထွက်နေပြီး လွန်စွာ အဖြစ်ဆိုးရွားလှသည်။ ပြင်းထန်လှသော နာကျင်မှုကြောင့် နတ်ဆိုးနဂါး မျက်ဖြူလန်ကာ သတိလစ်မတတ် ဖြစ်လာရသည်။
“မဟုတ်ဘူး၊ ငါ သေလို့မဖြစ်ဘူး၊ ငါ့ကို စောင့်နေတဲ့ လူတွေရှိသေးတယ် … သူ ငါ့ကို စောင့်နေသေးတယ်”
နတ်ဆိုးနဂါး၏ မျက်လုံးတွင် ရူးသွပ်မှုများ ထင်ဟပ်လာသည်။ ယခင်က သူ၏ နဂါးစိတ်ဝိညာဉ်သည် ကမ္ဘာဂြိုဟ်၌ ချိပ်ပိတ်ခံခဲ့ရသည်။
အထီးကျန်ခြင်းကသာ သူ့ကို အဖော်ပြုလာပြီး နောင်တတရားနှင့် အမုန်းတရားတို့ ရစ်နွယ်လာသည်။ ထိုအချိန်က သူ မည်သူကိုမှ မယုံကြည်တော့ချေ။ သူ့စိတ်ထဲတွင် လူတိုင်း သေသင့်သည်ဟုသာ မှတ်ယူထား၏။
ယဲ့ဖန်ကြောင့် သူ လွတ်လာချိန်တွင် ယဲ့ဖန်ကို သတ်၍ ခန္ဓာကိုယ်ကို လုယူကာ ပြန်လည်မွေးဖွားချင်ခဲ့သည်။ သို့သော် အဆုံး၌ ထိုအတွေးကို သူ လက်လျှော့လိုက်သည်။
ယဲ့ဖန်က သန်မာနေသောကြောင့် သာမကဘဲ ယဲ့ဖန်ကို ကြည့်ပြီး သူ့အရိပ်ကို ပြန်မြင်နေရသကဲ့သို့ ခံစားလိုက်ရ သောကြောင့်ပင်။
ယဲ့ဖန်သည် သူ ချစ်ရသူအတွက် အသက် အသေခံရဲသလို ညီအစ်ကိုများအတွက်လည်း အသေခံရဲသည်။ ယဲ့ဖန်က သူနှင့် အလွန် တူလွန်းလှသည်။ သို့သော် ယဲ့ဖန်က သူနှင့် ထပ်တူ မတူညီပါ။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်၌ သူ့အတွက် အသက်ပေးရဲသော ကျေးကျွန်များ၊ အမျိုးသမီးများနှင့် ညီအစ်ကိုများ ရှိသဖြင့် ကံကောင်းလှသည်။ နတ်ဆိုးနဂါးသည်လည်း သူ့အတွက် အသက်ပေးရဲလာ၏။
“ငယဲ့လေး ဒီခံ့ချောနဂါးကြီးက မင်းနဲ့အတူ လောကကို အုပ်စိုးပြီး ဖိနှိပ်မှု မရှိတဲ့ လောကကြီးကို ဖန်တီးချင် သေးတယ်”
“ငါ့အဖေကို ငါက အမှိုက် မဟုတ်ဘူးဆိုတာ သက်သေပြချင်တယ်၊ ငါ့ကို သစ္စာဖောက်ခဲ့တဲ့သူတွေ၊ နာကျင်အောင် လုပ်ခဲ့တဲ့သူတွေနဲ့ လှောင်ပြောင်ခဲ့သူတွေကို ငါ နတ်ဆိုးနဂါး ဖုရှန်က အသုံးမကျတဲ့ကောင် မဟုတ်ဘဲ နဂါးဧကရာဇ် တစ်ပါး ပြီးတော့ မင်းရဲ့ ညီအစ်ကိုဖြစ်တယ်ဆိုတာကို သက်သေပြမယ်”
“မင်းနဲ့အတူ ငါက တစ်ကျော့ပြန် ဦးမော့လာပြီး နဂါးဧကရာဇ် ဖြစ်လာမှာကွ”
နတ်ဆိုးနဂါး မျက်ရည်ကျလာသည်။ ခိုင်မာသော ယုံကြည်ချက်တို့နှင့်အတူ သူ ဆက်လက် တက်လှမ်းလေသည်။ ထိုအခါ စမ်းသပ်ချက်များက သူ့အပေါ် အဆက်မပြတ် ကျရောက်လာ၏။
ဆယ်ချက်၊ အချက်နှစ်ဆယ်၊ အချက်သုံးဆယ်။
…
နတ်ဆိုးနဂါး၏ ခန္ဓာကိုယ်က တစ်စစီ ဖြစ်လာပြီး မရဏ အငွေ့အသက်က သူ့အား ထပ်ခါထပ်ခါ လွှမ်းခြုံ လာသည်။ သို့ရာတွင် နတ်ဆိုးနဂါးက ရဲရဲနီသော မျက်လုံးများဖြင့် ရူးသွပ်စွာ ဆက်တက်လေသည်။
သေရဲသည့် ရူးရူးမိုက်မိုက် စိတ်ဆန္ဒကြောင့် တစ်ခဏအတွင်း နဂါးသတ်တောင်၏ တစ်ဝက်မျှ တက်လှမ်းနိုင် လာသည်။
ထိုအခိုက်တွင် တောင်ခြေမှ ထိုက်ကူနဂါးမျိုးနွယ်အားလုံး ထိတ်လန့်နေကြသည်။ အသွင်ပင် မပြောင်းနိုင်သော နတ်ဆိုးနဂါးက နဂါးသတ်တောင်သို့ တက်နိုင်လိမ့်မည်ဟု ထင်မထားမိပေ။
အထူးသဖြင့် လမ်းတစ်လျှောက် တစ်စစီ ပြတ်တောက်လာသော နဂါး ခန္ဓာကိုယ်ကို ကြည့်ပြီး ထိုက်ကူနဂါး မျိုးနွယ်တိုင်း တုန်လှုပ်နေသည်။
*အရူးပဲ*
*အရူးကပဲ ဒီလို တက်နိုင်မှာ*
*သူ သေမှာ သိတာတောင် မတုံ့ဆိုင်းဘူးပဲ*
*အဲ့ညီအစ်ကိုဆိုတဲ့လူက သူ့အတွက် အဲ့လောက် အရေးပါတာလား*
ဘုရင်မခွေရှယ်တောင်မှ မနာလိုမုန်းတီးစိတ်များ ဖြစ်ပေါ်လာရသည်။
“အရူးကောင်၊ နင် သေစေနိုင်တဲ့ စမ်းသပ်ချက်ကို ဘယ်လောက် တောင့်ခံနိုင်မလဲ ဒီဘုရင်မ ကြည့်ရသေးတာပေါ့”
အားလုံး တောင်ပေါ်မှ နတ်ဆိုးနဂါးကိုသာ မော့ကြည့်နေမိသည်။ ထိုအခိုက်တွင် နတ်ဆိုးနဂါး၌ နဂါး လက်သည်း တစ်ဖက်သာ ကျန်တော့သည်။ သူ၏ခန္ဓာကိုယ် သုံးပုံနှစ်ပုံခန့်က တစ်စစီ ဖြစ်သွားလေပြီ။
နဂါးလက်သည်းတစ်ဖက်တည်းဖြင့်သာ ဆက်၍ တက်နေသော်လည်း စမ်းသပ်ချက်က မပြီးသေးပေ။ ရက်စက်၍ သွေးအေးသော ကောင်းကင်ဘုံက ကောင်းကင်ဘုံကို ဆန့်ကျင်နေသော နတ်ဆိုးနဂါးအား အပြစ်ပေး နေသည့်ပုံပင်။
နတ်ဆိုးနဂါး၏ ကြေးခွံများ ဆက်တိုက် ပျက်စီးလာပြီး ဓားတစ်သောင်းနှင့် အခုတ်ခံနေရသလို ခံစားနေရ သောကြောင့် နတ်ဆိုးနဂါး တုန်ယင်နေ၏။ သူ၏နဂါးအရွတ်များပါ ပျက်စီးလာပြီး အခြေအနေ ဆိုးရွားလာလေသည်။
“ငါးဆယ့်တစ်”
“ခြောက်ဆယ်”
“ခြောက်ဆယ့်ကိုး”
“…”
ထိုအခိုက်တွင် နတ်ဆိုးနဂါးသည် သတိလစ်မတတ် ဖြစ်နေသောကြောင့် သတိရှိအောင် အထစ်များကိုသာ ရေတွက်နေပြီး သေ၍မဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် သတိပေးနေမိသည်။ သူ၏အမြင်များ ဝေဝါးစပြုလာပြီး သွေးများကြောင့် သွေးနဂါးတစ်ကောင်နှင့် ဆင်တူနေ၏။
ခုနစ်ဆယ့်သုံးထစ်သို့ ရောက်လာချိန်တွင် သူသည် လေးပုံတစ်ပုံမျှ တက်နိုင်သွားခဲ့လေပြီ။ တောင်ခြေမှ ထိုက်ကူနဂါးမျိုးနွယ်များ မျက်နှာပျက်ကာ ခြောက်ခြားလာကြသည်။
ထိုက်ကူနဂါးမျိုးနွယ်၏ သမိုင်းတွင် ရှေးယခင်က နဂါးသတ်တောင်သို့ တက်ခဲ့သည့် ဘိုးဘေးများသည် ခုနစ်ဆယ်လေးထစ်ထိသာ တက်နိုင်သည်ဟု မှတ်တမ်း ထင်ထားသည်။
နောက်ထပ် စမ်းသပ်ချက်ကိုသာ တောင့်ခံနိုင်ပါက နတ်ဆိုးနဂါးသည် သမိုင်းမှတ်တမ်း စာရင်းဝင်သွား ပေလိမ့်မည်။ ဤသည်ကြောင့် ထိုက်ကူနဂါးမျိုးနွယ်များအားလုံး ထိတ်လန့်နေကြသည်။
သူတို့၏ ထိတ်လန့်နေသော အကြည့်အောက်၌ ခုနစ်ဆယ့်လေးခုမြောက် စမ်းသပ်ချက် ကျရောက်လာပြီး နတ်ဆိုးနဂါး၏ နောက်ဆုံးလက်သည်း ပျက်စီးသွားသည်။ သူ့တွင် ဦးခေါင်းသာ ကျန်ရှိတော့သည်။
“ဟားဟားဟား … အရူး၊ နင် အခု ဘယ်လိုတက်မလဲ”
ဘုရင်မခွေရှယ်က ပျက်ရယ်ပြုကာ ခနဲ့နေ၏။ သမိုင်းမှတ်တမ်း ဝင်သွားလျင်တောင်မှ သူ ဘာလုပ်နိုင် ဦးမည်နည်း။ လက်သည်းမရှိတော့လျင် သူသည် သေသွားသော နဂါးသာသာအဆင့်မျှသာ ရှိတော့သည်။ တောင်ထိပ်ပေါ်သို့ တက်နိုင်ရန် မဖြစ်နိုင်တော့ပေ?
“ငါ မအောင်မြင်တော့ဘူးလား”
နတ်ဆိုးနဂါး မချိပြုံး ပြုံးလိုက်မိသည်။ လက်သည်းမရှိတော့ပါက သူ ဘိုးဘေး၏ ကြီးမားသော စမ်းသပ်ချက်ကို မတောင့်ခံနိုင်သလို လှေကားကိုလည်း ဆက်တက်နိုင်မည် မဟုတ်ပါ။
နတ်ဆိုးနဂါး ထိုသို့အဖြစ်မခံနိုင်ပါ။ ထိုစဉ် ရင်းနှီးသော အသံတစ်သံ ထွက်လာသဖြင့် နတ်ဆိုးနဂါး တုန်လှုပ် သွားရသည်။
“မအောင်မြင်ဘူးလို့ ဘယ်သူပြောလဲ”