အခန်း ၁၀၁၇
Vol. 68 Ch. 1017
Chapter 1017 မင်းက ပထမဆုံးလူပဲ
*ဒူးမထောက်သေးဘူးလား*
ဤလူငယ်၏အသံသည် အလွန် ကျယ်လောင်လှသည့်အပြင် လေသံထဲ၌ ထောင်လွှားဟန်များ အပြည့် ပါဝင်နေ၏။
သူ့စကားကြောင့် အလောင်းကောင် ဘုရင်ခြောက်ပါးလုံး မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။ သူတို့ ရှေ့သို့ တက်သွားချင်သော်လည်း ယဲ့ဖန်က လက်ကာပြ၍ တားလိုက်သည်။ ယဲ့ဖန်က အေးစက်၍ ဂရုမစိုက်သော အမူအရာဖြင့် ထိုလူငယ်ကို ကြည့်လိုက်သည်။
“မင်းက ဘယ်သူလဲ”
ယဲ့ဖန်က သူ့ကို ကြည့်နေသည်ကို မြင်သော်လည်း သူသည် လေးစားခြင်း မရှိဘဲ အထင်သေးသော မျက်နှာထားဖြင့် ဆက်ကြည့်နေသည်။
“ငါက ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်က ထျန်းကျန့်ဖေးပဲ”
ထျန်းကျန့်ဖေး၊ ထိုနာမည်ကို ယဲ့ဖန် မသိသော်လည်း အခြားသော ယင်ယန်လောကမှ သိုင်းပညာရှင်များမှာမူ ထိတ်လန့်သွားလေသည်။
ယင်ယန်လောက၏ ကြောက်စရာ အကောင်းဆုံး မျိုးနွယ်ထဲမှ တစ်ခုဖြစ်သော ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်၌ မျိုးဆက်များ ပေါ်ထွက်လာခဲသည်။ သို့ရာတွင် လွန်ခဲ့သော နှစ်ရာချီအတွင်း ကြောက်စရာကောင်းသော ပါရမီရှင် တစ်ယောက် ထွက်ပေါ်လာခဲ့သည်။ ထိုသူကား ကျန်းထျန့်ဖေးပင်။
လွန်ခဲ့သော နှစ်တစ်ရာခန့်က ယင်ယန်လောက၌ ချမ့်လုံစာရင်း ရှိခဲ့သည်။ ထိုစာရင်း၌ ပါဝင်သောသူတိုင်းသည် ယင်ယန်လောက၏ ထိပ်တန်း ပါရမီရှင်များပင် ဖြစ်သည်။ ထိုစာရင်း၌ လူပေါင်းတစ်ရာ ပါဝင်ပြီး နံပါတ်တစ်သည် လူသား အရှင်သခင်၏ တပည့်ဖြစ်သော ရွှယ်ယွမ်ပင်။
နံပါတ်နှစ်သည် ယင်ယန်လောကမှ လူအိုကြီးတစ်ယောက်၏ တပည့်ဖြစ်သော မင်ဖု၊ နံပါတ်သုံးမှာ မဟာဘုရင် လေးပါးထဲမှ တစ်ပါးဖြစ်သောသူ၏ မြေးဖြစ်သူ ရှောင်ထုဝမ်။
ထိုသုံးယောက်အပြင် ချမ့်လုံစာရင်း၌ ပါသော ကျန်လူ ကိုးဆယ့်ခုနစ်ယောက်သည် နာမည်ကျော်ကြားသော ပါရမီရှင်များပင်။
သို့သော် တစ်နေ့၌ ချမ့်လုံစာရင်း၌ ပါဝင်သော ပါရမီရှင်များအားလုံး အကြီးအကျယ် ဒုက္ခရောက်လေတော့သည်။ ထိုနေ့၌ ထျန်းကျန့်ဖေး ပေါ်ထွက်လာပြီး ချမ့်လုံစာရင်းပါ နံပါတ်တစ်ရာမြောက်လူကို စ၍ စိန်ခေါ်လေသည်။
ထို့နောက် နံပါတ်တစ်ရာမှလူအား ဓားချက် တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်သည်။ နံပါတ်ခုနစ်ဆယ်မှ လူကိုလည်း တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်ပြန်သည်။ နံပါတ်သုံးဆယ်မှလူကိုလည်း တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်နိုင်လေသည်။
…
တစ်နေ့အတွင်း ထျန်းကျန့်ဖေးက ချမ့်လုံစာရင်းမှ နံပါတ်တစ်ရာမြောက် ပါရမီရှင်ကို စစိန်ခေါ်ခဲ့ပြီး တစ်ယောက်ကို ဓားချက်တစ်ချက်တည်းဖြင့်သာ သတ်ခဲ့သည်။
ချမ့်လုံစာရင်း၏ နံပါတ်တစ်ရာမှ နံပါတ်လေးအထိ လူပေါင်း ကိုးဆယ့်ခြောက်ယောက်လုံး သူ၏ သတ်ခြင်းကို ခံလိုက်ရသည်။ မည်သူမှ သူ ဒုတိယမြောက် ဓားချက်အား ထုတ်ဖော်သည်ကို မမြင်ခဲ့ရပေ။
ထိုနေ့က ယင်ယန်တစ်လောကလုံးကို တုန်လှုပ်စေခဲ့သည်။ ထျန်းကျန့်ဖေးက သူတစ်ကိုယ်တည်း နံပါတ်နှစ်နှင့် နံပါတ်သုံး နေရာ၌ ရှိနေသော မင်ဖုနှင့် ရှောင်ထုဝမ်ကို စိန်ခေါ်ခဲ့ပြန်သည်။
ချမ့်လုံစာရင်း၌ နံပါတ်နှစ်နှင့် နံပါတ်သုံးနေရာ၌ ရှိနေသော သူနှစ်ယောက်တို့ ပူးပေါင်း၍ ထျန်းကျန့်ဖေးအား တိုက်ခိုက်လျင် တိုက်ပွဲက ပြင်းထန်လိမ့်မည်ဟု ယင်ယန်လောကမှ သိုင်းပညာရှင်များအားလုံး ထင်ခဲ့ကြသည်။
သို့သော်ငြားလည်း ထျန်းကျန့်ဖေးသည် ဓားချက်တစ်ချက်တည်းဖြင့်သာ မင်ဖုနှင့် ရှောင်ထုဝမ်တို့ကို ခန္ဓာကိုယ် နှစ်ခြမ်း ပြတ်သွားစေခဲ့၏။
ထိုတိုက်ပွဲက တစ်လောကလုံးကို ထိတ်လန့်စေခဲ့ပြီး လူသားအရှင်သခင်တောင်မှ ထိတ်လန့်ခဲ့သည်။ ထျန်းကျန့်ဖေးနှင့် ရွှယ်ယွမ်၏ တိုက်ပွဲကို သူကိုယ်တိုင် လာကြည့်လေသည်။
ထျန်းကျန့်ဖေးနှင့် ရွှယ်ယွမ်တို့ ရေကုန်ရေခမ်း တိုက်ခိုက်သော်လည်း နှစ်ယောက်လုံး အနိုင်အရှုံး မပေါ်ခဲ့ပေ။ သိုင်းကွက် အကွက်တစ်ထောင်သို့ ရောက်ချိန်မှသာ ရွှယ်ယွမ်က ထျန်းကျန့်ဖေးကို ဖိနှိပ်နိုင်ခဲ့ပြီး ခက်ခက်ခဲခဲနှင့် နိုင်သွားသည်။
ထိုအခါတွင်မှ ထျန်းကျန့်ဖေးက သူသည် ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ဖြစ်ကြောင်း ထုတ်ပြောခဲ့လေသည်။ လူသား အရှင်သခင်နှင့် ထျန်းကျန့်ဖေး၏ နောက်ခံကို သိလိုက်ရသည့် လူတိုင်း ထိတ်လန့်သွားရသည်။
ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်၏ အစွမ်းအထက်ဆုံး လူသတ်သိုင်းကွက်သည် ဓားမဟုတ်ဘဲ သူတို့၏ လက်သည်းများနှင့် အစွယ်များသာ ဖြစ်သည်။
ထိုအခိုက်တွင် ယင်ယန်လောက တစ်ခုလုံး ထိတ်လန့်သွားရသည်။ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်၏ ပါရမီရှင်က ယင်ယန်လောက၏ ပါရမီရှင် ကိုးဆယ့်ကိုးယောာက်အား ဓားချက်တစ်ချက်တည်းဖြင့် သတ်နိုင်လိမ့်မည်ဟု သူတို့ ထင်မထားမိခဲ့ကြပေ။
အကယ်၍ သူသာ အသွင်ပြောင်းပြီး လက်သည်းများနှင့် အစွယ်များကိုသုံးခဲ့ပါက ရွှယ်ယွမ် ဆိုးဆိုးရွားရွား ရှုံးနိမ့် သွားလောက်သည်။
ထိုအခါမှစ၍ ထျန်းကျန့်ဖေး၏ နာမည်က ယင်ယန်လောကကို ကိုင်လှုပ်သွားခဲ့သည်။ ထိုတိုက်ပွဲ အပြီး၌ ထျန်းကျန့်ဖေးက ပျောက်ကွယ်သွားခဲ့လေသည်။
ယခုအခါတွင်မူ ယဲ့ဖန်ရှေ့သို့ သူ ရောက်နေ၏။ ယဲ့ဖန်သည် ထျန်းကျန့်ဖေးဟူသော နာမည်ကို ကြားလိုက်ရချိန်တွင် မျက်မှောင်ကြုတ်သွားပြီး ခေါင်းအသာ ခါပြလိုက်သ်ည။
“ငါ တစ်ခါမှ မကြားဖူးဘူး”
သူ့စကားကြောင့် ထျန်းကျန့်ဖေးနှင့် ကောင်းကင်ဘုရင်အဆင့် အကြီးအကဲ အဘိုးအိုလေးယောက် မျက်နှာ အမူအရာ ပျက်ယွင်းသွားသည်။
*အရှက်ခွဲတာပဲ*
သူတို့စိတ်ထဲတွင် ယဲ့ဖန်က သူတို့၏ ပါရမီရှင် ထျန်းကျန့်ဖေးအား အရှက်ခွဲ လှောင်ပြောင်နေသည်ဟု ထင်နေကြသည်။
ထျန်းကျန့်ဖေးသည် ထိုသို့ထင်မှတ်ကာ မျက်နှာ မည်းမှောင်လာ၏။ သူ၏မျက်လုံး၌ ရက်စက် ကြမ်းကြုတ် ဟန်များ စွန်းထင်းလာလေသည်။
သူ့အနောက်မှ ကောင်းကင်ဘုရင်အဆင့် အဘိုးအိုတစ်ယောက်က ရှေ့ထွက်လာပြီး သုန်မှုန်နေသော မျက်နှာထားဖြင့် ယဲ့ဖန်ကို ကြိမ်းမောင်းလေသည်။
“မောက်မာလိုက်တဲ့ကောင်၊ မင်း ဘာသိလို့လဲ”
“သခင်လေး ကျန့်ဖေးက ငါတို့ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ရဲ့ လက်ရှိ သခင်လေးပဲ၊ သူက ငါတို့ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ရဲ့ နှစ်ထောင်ချီအတွင်း ပေါ်ထွက်လာတဲ့ ပါရမီရှင်လို့ ကျော်ကြားတဲ့လူ”
“မင်းလို သေမျိုးတစ်ယောက်က ငါ့သခင်လေးကို မလေးမစားလုပ်ရဲတယ်ပေါ့၊ မင်း သေသင့်တယ်”
ထိုအဘိုးအို၏ ဒေါသထွက်နေသော စကားနှင့်အတူ ကောင်းကင်ဘုရင်အဆင့် လေးယောက်လုံး ရှေ့သို့ တက်လာသည်။ သူတို့ထံမှ ထွက်ပေါ်လာသော ဖိအားများက ယဲ့ဖန်ထံသို့ ပျံ့လွင့်လာ၏။
ယဲ့ဖန်သည် အစကတည်းက ဒဏ်ရာ အပြင်းအထန် ရထားသဖြင့် ကောင်းကင်ဘုရင် လေးပါး၏ ဖိအားအောက်၌ ထပ်မံ၍ မျက်နှာ ဖြူရော်လာပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။
ဤအဖြစ်ကြောင့် ထျန်းကျန့်ဖေးနှင့် အဘိုးအိုလေးယောက်တို့ အံ့ဩသွားသည်။
*ဒဏ်ရာရသွားတာလား*
ကောင်းကင်ဘုရင်လေးပါး၏ အရှိန်အဝါဖိအားနှင့် ယဲ့ဖန် ဒဏ်ရာရသွားလိမ့်မည်ဟု သူတို့ ထင်မထားကြချေ။
*ပုရွက်ဆိတ်လိုပဲ အားနည်းလိုက်တာ*
*ချီးပဲ*
ထျန်းကျန့်ဖေး အထင်သေးစွာ ပြုံးလိုက်ပြီး ယဲ့ဖန်အား လူပြက်တစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လေသည်။
“ယဲ့ဖန်က ဘယ်လို နတ်ဆိုးဆန်ပြီး ဘယ်လိုတွေ တော်တယ်လို့ ရှန်းအာ ပြောနေတော့ ငါက အထင်ကြီးပြီး နာမည်ကို မှတ်ထားမိတာ၊ အခုကျတော့ လေပဲ ရှိပါလား”
ယဲ့ဖန် မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်သည်။
“ကြွက်ဖြူလေးကို မင်း ပြောတာလား”
“ရဲတင်းလိုက်တာ”
ယဲ့ဖန်က ကြွက်ဖြူလေးဟု ခေါ်လိုက်သောအခါ ထျန်းကျန့်ဖေး၏ မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားသည်။
“မင်းလို ငရဲဘုံကကောင်က ရှန်းအာကို ဒီလိုခေါ်ရဲတယ်လား၊ သေချင်နေပြီလား”
“ငါ မင်းကို ပြောလိုက်မယ်၊ ရှန်းအာက ဒီသခင်လေးရဲ့ သတို့သမီးလောင်းပဲ၊ မင်း မသေချင်ရင် သူနဲ့ ဝေးဝေးနေ၊ မဟုတ်လို့ကတော့ မင်း ကောင်းကင်ဘုံ အခမ်းအနား မတက်နိုင်သလို ရွှယ်ယွမ်နဲ့လည်း မချနိုင် ဖြစ်သွားမယ်၊ ဒီသခင်လေးက မင်းကို အခုချက်ချင်း သတ်ပစ်လိုက်လို့ ရတယ်”
ထျန်းကျန့်ဖေး၏ စကားလုံးများက ရင့်သီးကာ အေးစက်လှသည်။ သူ့စကားကြောင့် ယဲ့ဖန်နှင့် အခြားသူများ မျက်နှာ မည်းမှောင်သွား၏။
အထူးသဖြင့် အလောင်းကောင် ဘုရင်ခြောက်ပါးထံမှ သတ်ဖြတ်လိုသော အငွေ့အသက်များ တလိပ်လိပ် ထွက်ပေါ်လာသည်။ ယဲ့ဖန်သာ သူတို့ကို မတားထားပါက သူတို့ ထျန်းကျန့်ဖေးအား သတ်မိလောက်သည်။
ယဲ့ဖန်တောင်မှ မျက်နှာ မည်းမှောင်နေ၏။
“မင်းက ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ဝင် ဖြစ်နေပြီးတော့ ကြွက်ဖြူလေးရဲ့ မိသားစုဝင် ဖြစ်နေလို့ ငါ မင်းကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံခဲ့တယ်”
“ဒါပေမဲ့ မင်းက အခု ငါ့ကို သတ်ချင်နေတယ်၊ မင်းက ငါ သဘောမတူရင် သတ်မယ်ပေါ့လေ”
“မင်းရော သေချင်နေတာလား”
ယဲ့ဖန်၏ စကားကြောင့် ထျန်းကျန့်ဖေးနှင့် ကောင်းကင်ဘုရင်အဆင့် လေးယောက်လုံး မှင်တက်သွားသည်။
*သေချင်နေတာတဲ့လား*
သူတို့ငါးယောက်လုံး ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားကြသည်.
“နှစ်တစ်ရာ ရှိပြီ”
ထျန်းကျန့်ဖေးက နားကလော်ဟန်ပြုပြီးနောက် လက်ကိုလှုပ်၍ ဓားကို ထုတ်လိုက်လေသည်။ ထို့နောက် သူသည် ဆက်၍ နားကလော်ကာ ယဲ့ဖန်အား ထီမထင်သော အကြည့်ဖြင့်ကြည့်ကာ အေးစက်စက် ပြောလာသည်။
“လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက ယင်ယန်လောကက ပါရမီရှင် ကိုးဆယ့်ကိုးယောက်ကို ငါ သတ်ပြီးကတည်းက ဒီစကားမျိုး မကြားရတာ ကြာပြီ”
“ဟေ့ကောင် မင်း ပြောရဲရင် ထပ်ပြောကြည့်လိုက်”
ထျန်းကျန့်ဖေးက ဓားကိုလှုပ်ခါရင်း ယဲ့ဖန်အား အနိုင်ကျင့် နှိပ်စက်လိုဟန်ဖြင့် ကြည့်နေသည်။ ယဲ့ဖန်သာ ထပ်ပြောလိုက်ပါက သူ ယဲ့ဖန်ကို နှစ်ခြမ်းပိုင်းပစ်လောက်သည်။
ဤပုံစံက ယဲ့ဖန်ကို ဒေါသူပုန်ထသွားစေသည်။ ဘာအကြောင်းကိစ္စမှ မရှိဘဲ သူ့ဆီလာ၍ အတင်းဖိအားပေး နေသည်။ သူ ပြောသည်ကို သဘောမတူ သတ်ပစ်မည်ဟု ပြောနေသေး၏။
*ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်က ဒီလောက် သောင်းကျန်းလို့ရလား*
ထိုသို့တွေးမိပြီးနောက် ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်သည်။
“ငါ ဟန်ကိုယ့်တဲ့လူတွေကို မြင်ဖူးပြီးသား၊ ဒါပေမဲ့ မင်းကတော့ ငါ ပထမဆုံး မြင်ဖူးတဲ့ ငတုံးကောင်ပဲ”