အခန်း ၁၀၁၉
Vol. 68 Ch. 1019
Chapter 1019 အရူးကောင်
“ယဲ့ဖန် မင်း ငါ့ကို လွှတ်ပေးစမ်း၊ ဒီသခင်လေး အသွင်ပြောင်းပြီးမှ နောက်တစ်ပွဲ ဆက်တိုက်ကြတာပေါ့”
ထိုအခိုက်တွင် ထျန်းကျန့်ဖေးသည် ဆက်တိုက် ရုန်းကန်နေ၏။ သူ့စိတ်ထဲတွင် မလိုလားမှုများနှင့် မကျေနပ်စိတ်များ ပြည့်နှက်နေ၏။ သူ သတိလွတ်သွားခဲ့သည်။ သူ ယဲ့ဖန်ကို အထင်သေးခဲ့မိသည်။
သူ့စိတ်ထဲတွင် ယဲ့ဖန်သည် ငရဲဘုံမှ ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်ပြီး ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်မှ သခင်လေး ဖြစ်သောသူနှင့် မိုးနှင့်မြေသဖွယ် ခြားနားလှသည်ဟု ထင်ခဲ့သည်။ ထို့အပြင် နတ် အထွတ်အထိပ် အဆင့်လေးက သူ့အား ယှဉ်နိုင်လိမ့်မည်ဟုလည်း မထင်ခဲ့ချေ။
ယခုအခါတွင် သူသည် ပြန်တောင် မတိုက်နိုင်ဘဲ တစ်ချက်တည်းဖြင့် ဖမ်းချုပ်ခံလိုက်ရသည်။ ထျန်းကျန့်ဖေးသည် သူသာ ကောင်းကင်မိစ္ဆာကြွက်အသွင် ပြောင်းလိုက်ပါက ဤသို့ ဆိုးဆိုးရွားရွား ရှုံးနိမ့်မည်မဟုတ်ဟု ခံစားမိနေ၏။
*အသွင်ပြောင်းမယ်တဲ့လား*
ထိုစကားကြောင့် ယဲ့ဖန် ရယ်လိုက်မိပြီး ထျန်းကျန့်ဖေးအား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်သည်။
“မင်းက အရူးပါလို့ ငါ ပြောနေကာမှ မင်းက တကယ် ရူးမိုက်တာပဲ”
“တိုက်ခိုက်ရင် သေခြင်း၊ ရှင်ခြင်းပဲ ရှိတာလေ၊ မင်းက ဘာကလိမ်ကျဦးမလို့လဲ”
ထိုသို့ပြောပြီး ယဲ့ဖန် လက်ကို အားအနည်းငယ် စိုက်ထုတ်၍ ညှစ်လိုက်သည်။ ထိုအခါ ထျန်းကျန့်ဖေး၏ လည်ပင်းမှ တဖျစ်ဖျစ် မြည်သံများ ထွက်ပေါ်လာသည်။
ထျန်းကျန့်ဖေး၏ မျက်နှာ နီရဲလာပြီး မျက်လုံး ကျွတ်ထွက်မတတ် ဖြစ်လာလေသည်။ အသက်ရှူ၍ကြပ်ကာ ခေါင်းမူး၍ သေလုမျောပါး ဖြစ်လာ၏။
သူ၏ပုံစံက လက်ဖြင့် ဖျစ်လိုက်ရုံနှင့် သေမည့် ပိုးကောင်သဖွယ် ဖြစ်နေသည်။ အားနည်းလွန်းပြီး အစွမ်းမဲ့ လှသည်။
“မင်း မြင်လား”
ယဲ့ဖန်၏ အပြုံးက ပို၍ ကြောက်စရာကောင်းလာသည်။
“အခု မင်းက ငါ့လက်ထဲမှာ ပုရွက်ဆိတ် တစ်ကောင်လိုပဲ၊ မင်း ရှုံးသွားပြီ၊ ပြီးတော့ မင်းရဲ့ သေခြင်းရှင်ခြင်းက ငါ့လက်ထဲမှာ”
ယဲ့ဖန်၏ စကားကြောင့် ထျန်းကျန့်ဖေးသည် ဘဝ၌ ပထမဆုံးအကြိမ်ဖြင့် သေခြင်းတရားနှင့် အလွန်နီးကပ် လာသည်ဟု ခံစားမိလာရသည်။
ယခင်က သူသည် ယင်ယန်လောက၏ ပါရမီရှင်သာမက မိစ္ဆာအိုကြီးများကို သတ်ခဲ့သူ ဖြစ်သည်။ ထျန်းကျန့်ဖေး ဟူသော သူသည် သူ သတ်ချင်သူကို သတ်ကာ စားချင်လျင် စားသည့်သူ ဖြစ်လေသည်။
ယခုအခါတွင်မူ ယဲ့ဖန်က သူ့ကို အနိုင်ယူလိုက်သဖြင့် ခံရခက်နေ၏။
“အု … အု”
ထျန်းကျန့်ဖေး၏ မျက်နှာ နီရဲကာ သွေးကြောများ ပေါက်ထွက်လုနီးပါး ဖြစ်နေသည်။ သူသည် ယဲ့ဖန်အား မကျေနပ်သော အကြည့်ဖြင့် စိုက်ကြည့်၍ ခက်ခက်ခဲခဲ ပြန်ပြောလိုက်သည်။
“ယဲ့ဖန်၊ ငါ … ငါက ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ရဲ့ သခင်လေးပဲ၊ မင်း ငါ့ကို သတ်ရဲမယ်လို့ ငါ မယုံဘူးကွ”
“ငါ့ကို မြန်မြန်လွှတ်ပေးတာ ပိုကောင်းမယ်လို့ ငါ အကြံပေးချင်တယ်၊ မဟုတ်လို့ကတော့ မင်း ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်တစ်ခုလုံးကို ရန်စမိသလို ဖြစ်သွားလိမ့်မယ်၊ အဲ့အခါကျရင် မင်းနဲ့ မင်းနားက လူအားလုံး သေမှာ”
ထျန်းကျန့်ဖေးသည် ဖမ်းချုပ်ခံထားရသော်လည်း ယဲ့ဖန် သူ့ကို သတ်ရဲလိမ့်မည်ဟု မယုံကြည်ပေ။ သူသည် ရှေးခေတ်၏ ဖျက်ဆီးသူ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ် တစ်ယောက်ဖြစ်သည်။
လူသားအရှင်သခင်တောင်မှ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်၏ သခင်လေးဖြစ်သော သူ့အား မသတ်ရဲပေ။ သူသည်သာမက အနားမှ ကောင်းကင်ဘုရင်အဆင့် အဘိုးအို လေးယောက်သည် ကြောက်လန့်နေသော်လည်း ယဲ့ဖန်အား ဝိုင်း၍ ခြိမ်းခြောက်လေသည်။
“ယဲ့ဖန် မင်း ငါတို့ သခင်လေးကို လွှတ်ပေးစမ်း၊ မဟုတ်လို့ကတော့ မင်း ငါတို့ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ရဲ့ ရန်သူ ဖြစ်လာမှာ”
“ဟုတ်တယ်၊ ဒီတစ်ခေါက် ငါတို့သခင်လေးက မိသားစုခေါင်းဆောင်ရဲ့ အမိန့်ကြောင့် မင်းနဲ့ မဟာမိတ် ဖွဲ့ဖို့လာတာ၊ မင်း ကောင်းကင်ဘုံ ယဇ်ပူဇော်ခြင်း အခမ်းအနားကိုတက်မယ့် လူသားအရှင်သခင်ရဲ့ ရန်သူ ဆိုတာ ငါတို့ သိတယ်”
“မမလေး ရှန်းအာနဲ့ မဟာအကြီးအကဲက မင်းကို ချီးကျူးနေခဲ့တာ၊ မိသားစုခေါင်းဆောင်က မင်းနဲ့ ရှေးဟောင်း မိသားစု နှစ်ဆယ့်လေးခု အပြင် အလောင်းကောင်မျိုးနွယ်အားလုံး ငါတို့ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ဆီမှာ အညံ့ခံပြီး ငါတို့ရဲ့ လက်အောက်ခံအဖြစ် နေမယ်ဆိုရင် မင်းနဲ့ ပူးပေါင်းပြီး လူသား အရှင်သခင်ကို သတ်ပေးမယ်လို့ မှာလိုက်တယ်”
“…”
ထိုအခါတွင်မှ ကောင်းကင်ဘုရင်အဆင့် အဘိုးအိုလေးယောက်က သူတို့ လာရသည့် ရည်ရွယ်ချက်ကို အလျင်အမြန် ထုတ်ပြောလာသည်။ သူတို့သည် မဟာမိတ် ဖွဲ့ရန် ဤသို့ လာကြခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ယဲ့ဖန်အား အညံ့ခံရန် လာပြောခြင်း ဖြစ်ပေသည်။
ထျန်းရှန်းအာသည် ကြွက်ဖြူလေး ဖြစ်ပြီး မဟာအကြီးအကဲက ထျန်းရှန်းအာ၏ ဘိုးဘေးဖြစ်သည်။ ဝိညာဉ်မြို့တော်သို့ ယဲ့ဖန် ရောက်ခဲ့စဉ်က တွေ့ခဲ့သော ပစ္စည်းရောင်းသည့် အဘိုးအို ဖြစ်ပေသည်။
သူတို့ မြေးအဘိုးသည် မျိုးနွယ်အတွင်း ယဲ့ဖန်အကြောင်း ထပ်ခါထပ်ခါ ချီးကျူး ပြောဆိုနေခဲ့သည်။ ဤသည်က ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်၏ မိသားစုခေါင်းဆောင်နှင့် သခင်လေး ထျန်းကျန့်ဖေးတို့ အပါအဝင် မျိုးနွယ်ဝင်များ အားလုံးကို ယဲ့ဖန်အကြောင်း သိချင်စိတ် ဖြစ်လာစေခဲ့သည်။
အထူးသဖြင့် ယဲ့ဖန်က အလောင်းကောင် မျိုးနွယ်နှင့် ရှေးဟောင်း မိသားစု နှစ်ဆယ့်လေးခုအား အမိန့်ပေးနိုင်ပြီး ကောင်းကင်ဘုံ ယဇ်ပူဇော်ခြင်း အခမ်းအနားသို့ တက်ရောက်မည်ဟု ကြားပြီး မိသားစုခေါင်းဆောင်က ထျန်းကျန့်ဖေးနှင့် ကောင်းကင်ဘုရင်အဆင့် အကြီးအကဲ လေးယောက်ကို လွှတ်၍ ယဲ့ဖန်အား ထိန်းချုပ်ရန် စေလွှတ်လိုက်သည်။
ယဲ့ဖန် သဘောတူကို တူလိမ့်မည်ဟု သူတို့ မှန်းဆထားခဲ့သည်။ သို့မဟုတ်ပါက သူသည် လူသား အရှင်သခင်နှင့် ရင်ဆိုင်ရရုံသာမက ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်၏ ရန်သူလည်း ဖြစ်သွားပေမည်။ ထိုသို့ဖြစ်လာလျင် သူ သေဆုံးရမည်မှာ သံသယဝင်စရာ မရှိပေ။
“အညံ့ခံ ဟုတ်လား”
ယဲ့ဖန်၏ အကြည့်များက ပိုမိုအေးစက်လာသည်။ ဤသို့ လာသည့် ထျန်းကျန့်ဖေး အလွန် မောက်မာရခြင်းသည် ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်က တမင်လုပ်ခြင်းဖြစ်ကြောင်း ယခုအခါတွင်မှ သူ နားလည်လိုက်သည်။
သူတို့က ယဲ့ဖန်ကို ဦးချိုးနေကြသည်။ ယဲ့ဖန် အလွန် တုန်လှုပ်သွားပါက သူတို့သည် အလောင်းကောင် မျိုးနွယ်နှင့် ရှေးဟောင်း မိသားစု နှစ်ဆယ့်လေးခုကိုလည်း သိမ်းပိုက်နိုင်ပြီ ဖြစ်သည်။
“တော်တော်ကို ယုတ်ညံ့မိုက်ရိုင်းတာပဲ”
“ငါ့ရန်သူက လူသား အရှင်သခင် ဖြစ်နေတာကို အခွင့်ကောင်းယူပြီး လာခြိမ်းခြောက်တယ်ပေါ့၊ ကောင်းတယ် … သိပ်ကောင်းတယ်”
ယဲ့ဖန်၏ အကြည့်များက အေးစက်သထက် အေးစက်လာလေသည်။ သူ၏ အမူအရာကို ကြည့်ပြီး ထျန်းကျန့်ဖေးက ယဲ့ဖန် တွေဝေနေသည်ဟု ထင်မိသွားသည်။ ထျန်းကျန့်ဖေးက ထီမထင်သော မျက်နှာပေးဖြင့် ပြောလိုက်သည်။
“ယဲ့ဖန် မင်း သေချာစဉ်းစားမှ ဖြစ်မှာ”
“အခု ငါ့ကို လွှတ်ပေးစမ်း၊ ပြီးရင် ဒူးထောက်ပြီး ငါ့ကို သခင်လေးအဖြစ် အသိအမှတ်ပြုစမ်း၊ ဒါဆို မင်းအမှားအားလုံးကို ငါ ခွင့်လွှတ်ပေးမယ်၊ ငါတို့ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ကလည်း မင်းနဲ့အတူ လူသား အရှင်သခင်ကို တိုက်ခိုက်ပေးမယ်၊ လူသား အရှင်သခင်ရဲ့ နန်းတော်ကို အမြစ်ကနေ လှန်ပေးမယ်”
ထျန်းကျန့်ဖေး သရော်ပြုံး ပြုံးလိုက်မိသည်။ ယဲ့ဖန် ကျေအေးပေးမည်မှာ သေချာလှသည်။ သူ ပြောသည်ကို သဘောတူလျင် အသက်ရှင်နိုင်ပေမည်။ ငြင်းဆန်ပါက သေဆုံးရလိမ့်မည်။
“ဒါပေမဲ့ မင်း ငါ့ကို တကယ် သတ်ချင်နေတယ်ဆိုရင် ဒီကိစ္စအတွက် ဘယ်လိုမှ သင့်မြတ်နိုင်စရာ အကြောင်း မရှိဘူး”
“ငါ သေသွားရင် ကောင်းကင်ဘုံ ယဇ်ပူဇော်ခြင်း အခမ်းအနားမှာ မင်း လူသားအရှင်သခင် နန်းတော်နဲ့ တိုက်ခိုက်ရမှာတင် မဟုတ်ဘူး၊ ငါတို့ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ဝင်တွေရဲ့ ဒေါသကိုပါ ရင်ဆိုင်ရမှာ”
“နှစ်ဖက် ညှပ်တိုက်ခံရရင် မင်းနဲ့ အလောင်းကောင်မျိုးနွယ်အပြင် ရှေးဟောင် မိသားစု နှစ်ဆယ့်လေးခုက သန်မာရင်တောင်မှ သေခြင်းတရားနဲ့ အဆုံးသတ်ရမှာပဲ”
ထျန်းကျန့်ဖေး၏ စကားများက ယဲ့ဖန်၏ အဓိကအချက်ကို ဖိနင်း၍ ပြောနေခြင်းပင်။ ယခု ယဲ့ဖန်က ဒဏ်ရာ အပြင်းအထန် ရထားသည်။ လူသား အရှင်သခင် နန်းတော်နှင့် ရင်ဆိုင်လျင် အခြေအနေက မသေချာသော်လည်း ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်နှင့်ပါ ထပ်ရင်ဆိုင်ရလျင် နိုင်နိုင်ခြေ မရှိတော့ပေ။
အခန်းထဲ၌ အခြေအနေက တင်းမာနေ၏။ ကောင်းကင်ဘုရင်အဆင့် အဘိုးအိုလေးယောက်သည် ယဲ့ဖန်၏ အမူအရာကို ကြည့်ပြီး စိုးရိမ်ခြင်း မရှိတော့ချေ။ ယဲ့ဖန်က အရူး မဟုတ်သရွေ့ ဘာလုပ်ရမလဲ ဆိုတာကို သိပေလိမ့်မည်။
“ပြောလို့ပြီးပြီလား”
ယဲ့ဖန်၏ ဂရုမစိုက်သော လေသံ ရုတ်တရက် ထွက်ပေါ်လာသည်။
*ဟမ်*
ထိုစကားကြောင့် ထျန်းကျန့်ဖေးနှင့် အဘိုးအိုလေးယောက် မျက်မှောင်ကြုတ်သွားသည်။
“ယဲ့ဖန် မင်း ဘာပြောချင်တာလဲ”
ဘာကြောင့်မှန်း မသိသော်လည်း ထျန်းကျန့်ဖေး၏ စိတ်ထဲ၌ မကောင်းသော ခံစားချက်မျိုး ရလာသည်။ သို့သော် ထိုအတွေးကို ထျန်းကျန့်ဖေး ဖယ်ထုတ်ကာ ခေါင်းခါလိုက်သည်။
*ဒီကောင် ရူးနေတာ မဟုတ်ရင် ငါတို့ ကောင်းကင်မိစ္ဆာကြွက်မျိုးနွယ်ရဲ့ ရန်သူ ဖြစ်လာရဲမှာ မဟုတ်ပါဘူး*
ထိုသို့စဉ်းစားပြီး ထျန်းကျန့်ဖေး ပို၍ ယုံကြည်မှု ရှိလာသည်။ ထိုစဉ် ငရဲကြီးကိုးထပ်မှကဲ့သို့သော အသံမျိုး ထွက်ပေါ်လာ၏။
“မင်း နောက်ဆုံးစကား ပြောလိုက်ပြီးပြီဆိုတော့ မင်း တမလွန်ကို သွားလို့ရပြီ”
ထိုစကားအဆုံး၌ ထျန်းကျန့်ဖေး တစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်းထကာ မရဏ အငွေ့အသက်က သူ့ကို လွှမ်းခြုံလာသည်ဟု ခံစားမိသွားသည်။
“မဟုတ်ဘူး”
ငယ်သံပါအောင် အော်လိုက်သည့်အသံ ထွက်ပေါ်လာ၏။ ထျန်းကျန့်ဖေး အသည်းအသန် ရုန်းကန်မိသည်။
ဂျွတ်!
ထိုစဉ် အက်ကွဲသံ ထွက်ပေါ်လာပြီးနောက် ထျန်းကျန့်ဖေး၏ ရုန်းကန်နေသော ခန္ဓာကိုယ်က တောင့်ခနဲ ဖြစ်သွားသည်။ သူသည် ကြက်ပေါက်ကဲ့သို့ လည်ချိုးခံလိုက်ရလေပြီ။
သူ့မျက်နှာပေါ်၌ သွေးပျက်ကြောက်လန့်ဟန်များ ထင်ဟပ်နေသည်။ သူသည် သေဆုံးချိန်အထိ မည်သို့သော အရူးမျိုးနှင့် ကြုံတွေ့လိုက်ရသလဲ ဆိုသည်ကို နားမလည်သည့်ပုံပင်။