အခန်း ၁၀၂၄
Vol. 69 Ch. 1024
Chapter 1024 မြန်လိုက်တဲ့ဓားချက်
မိုးနတ်မင်း၏ အသံက အဆုံးထိ ထွက်မလာဘဲ တိခနဲ ရပ်သွားသောကြောင့် လူတိုင်း အံ့ဩသွားလေသည်။
*ဟမ်*
အားလုံး မျက်မှောင်ကြုတ်ကာ မကျေမနပ်ဟန် ပြလာသည်။ ဤမင်္ဂလာပွဲသည် ဧကရာဇ်နှင့် ကြင်ယာတော်တို့၏ မင်္ဂလာပွဲ ဖြစ်သဖြင့် နည်းနည်းလေးမှ အမှားဖြစ်၍ မရပေ။
ထိုအခိုက်တွင် အားလုံးက မိုးနတ်မင်းကို မော့ကြည့်လာကြသည်။ ထိုအခါ မိုးနတ်မင်းက နေရာ၌ တောင့်တင်းစွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ့ပါးစပ်က ပွင့်နေပြီး တစ်ခုခု ပြောချင်သော်လည်း အသံ ထွက်မလာချေ။
ဤမြင်ကွင်းကြောင့် လူတိုင်း မသိမသာ အံ့ဩသွားကြသည်။ ဟွမ်အာတောင်မှ အံ့ဩသွားပြီး လက်ထဲမှ ဆေးလုံးအား သောက်ရန် ပြင်နေရာမှ ရပ်မိသွားသည်။
လေနတ်ဘုရား၊ မီးနတ်ဘုရားနှင့် အခြားသူများသည်လည်း မျက်နှာပျက်နေကြပြီး ရွှယ်ယွမ်၏ မျက်နှာထားကို သတိထားမိသောကြောင့် ကြက်သီးထလာလေသည်။
“မိုးနတ်မင်း မင်း ဘာတွေလုပ်နေတာလဲ၊ မြန်မြန်လုပ်၊ ဘာလို့ လူသားအရှင်သခင်ရဲ့ နာမည်ကို ဆက်မပြော တာလဲ”
“မြန်မြန်လုပ်၊ သခင်လေး ရွှယ်ယွမ် စောင့်နေရအောင် မလုပ်စမ်းနဲ့”
“…”
နတ်ဘုရားများအားလုံး အလွန်အမင်း မျက်နှာမည်းမှောင်နေကြသည်။ မီးနတ်ဘုရားက မိုးနတ်မင်းကို တံတောင်နှင့်တွန်း၍ မြန်မြန်ပြောရန် အချက်ပြလိုက်သည်။
မီးနတ်ဘုရားက မိုးနတ်မင်းကို တံတောင်ဖြင့် တွတ်လိုက်မိချိန်တွင် မိုးနတ်မင်း၏ လည်ပင်းမှ သွေးစင်းကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး သွေးများက မီးနတ်ဘုရား၏ မျက်နှာသို့ စဉ်လာသည်။
ပူနွေးသော သွေးစက်များကြောင့် မီးနတ်ဘုရား အံ့ဩသွားရသည်။ ထို့အပြင် အားလုံး၏ အံ့ဩနေသော အကြည့်အောက်၌ မိုးနတ်မင်း၏ ဦးခေါင်းက လည်ပင်းမှ တိခနဲ ပြတ်ကျကာ အောက်သို့ ပြုတ်ကျလာ၏။
ထိုအခါ မြေကွက်လပ်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ နတ်ဘုရားများ၊ လူတစ်သိန်း၊ ရွှယ်ယွမ်နှင့် လူသား အရှင်သခင်တို့အားလုံး မှင်တက်အံ့ဩသွားကြသည်။
လူတစ်ယောက်က မိုးနတ်မင်း၏ ဦးခေါင်းကို မည်သူမှမသိလိုက်ခင် ဖြတ်နိုင်လိမ့်မည်ဟု သူတို့ ထင်မထားမိချေ။ အားလုံး သတိပြန်ဝင်လာပြီးနောက် ဆူညံ ပွက်လောရိုက်လာလေသည်။
“မြတ်စွာဘုရား ဘာဖြစ်သွားတာလဲ၊ မိုးနတ်မင်းရဲ့ ဦးခေါင်းကို ဘယ်သူ ဖြတ်သွားတာလဲ”
“အံ့ဩစရာပဲ … အဲ့လူ ဘယ်လိုလုပ်လိုက်သလဲဆိုတာ ငါ မမြင်ဘူး”
“ကြည့်ဦး၊ လူသားအရှင်သခင်တောင်မှ သတိမထားတဲ့ပုံပဲ၊ ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“…”
လက်ရှိတွင် မြေကွက်လပ်၌ ဆူညံသံများဖြင့် ပြည့်နှက်နေ၏။ သိုင်းပညာရှင်တစ်သိန်းနှင့် နတ်ဘုရားများအားလုံး ခြောက်ခြားနေကြသည်။
လူသားအရှင်သခင်နှင့် ရွှယ်ယွမ်တို့တောင်မှ အကြီးအကျယ် မျက်နှာပျက်နေ၏။
“မြန်လွန်းတဲ့ ဓားချက်ပဲ”
လူသားအရှင်သခင်၏ မျက်လုံးများက မှုန်မှိုင်းလာ၏။ အစောပိုင်းက အလင်းတစ်ခု ဖြတ်ပြေးသွားသော်လည်း လူသတ်မည့်အရာ ဖြစ်မည်ဟု ထင်မထားသဖြင့် ဂရုမစိုက်လိုက်မိချေ။
လူသားအရှင်သခင်က အားနည်း၍ မဟုတ်ဘဲ လူသတ်သမားက အစမှအဆုံးတိုင် လူသား အရှင်သခင်ကို ပစ်မှတ် မထားခဲ့သဖြင့် သူ မည်သည့်ခံစားချက်မှ မရခဲ့ခြင်း ဖြစ်သည်။
ဤအဖြစ်ကြောင့် ဟွမ်အာ၏ ခန္ဓာကိုယ်လေး အပြင်းအထန် တုန်ယင်လာပြီး မျက်ဝန်း၌ ရီဝေလာသည်။ သူမသည် ပါးစပ်ကို လက်ဖြင့်အုပ်၍ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်မိ၏။
“သူ … သူများလား”
ဘာကြောင်းမှန်းမိသော်လည်း ထိုသူ ဤနေရာသို့ ရောက်လာပုံရသည်ဟု သူမ ခံစားမိနေ၏။ မြေကွက်လပ်တစ်ခုလုံး ဆူညံ ပွက်လောရိုက်နေချိန်တွင် ခြေသံတစ်သံ ထွက်ပေါ်လာသည်။
ထိုခြေသံက သိမ်မွေ့သော်လည်း လူတိုင်း၏ နားစည်ထဲတွင် ထိုခြေသံပိုင်ရှင်က မြေကြီးကို နင်းနေခြင်း မဟုတ်ဘဲ အားလုံး၏ ရင်ကို နင်းနေသည်ဟု ထင်မှတ်မှားကာ ရင်တဒိတ်ဒိတ် ခုန်လာကြသည်။
“ဟိုမှာ အဲ့ … အဲ့လူက ဘယ်သူလဲ”
အော်သံတစ်သံကြောင့် အားလုံး ထိုသူ လက်ညှိုးထိုးပြရာ အနောက်ဘက်သို့ လှည့်ကြည့်လိုက်မိသည်။ ထိုအခါ အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက် ဖြည်းဖြည်းချင်း လှမ်းလာနေသည်ကို တွေ့လိုက်ရသည်။
ထိုသူသည် ဖြည်းဖြည်းချင်း လှမ်းလာနေသော်လည်း သူ၏ ခြေလှမ်းတိုင်း၌ ထူးဆန်းသော စွမ်းအင်တစ်မျိုးက ခြေဖဝါးနေ၍ ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့နေသည်ဟု ထင်မှတ်ရသည်။ ထိုခံစားကြောင့် ဘေးပတ်လည်မှ လူတိုင်း နောက်သို့ ဆုတ်သွားကြသည်.
“ယဲ့ … ယဲ့ဖန်”
ထိုအနက်ရောင်ဝတ်စုံနှင့်လူကို သေချာ မြင်လိုက်ရပြီးနောက် မီးနတ်ဘုရား၊ လေနတ်ဘုရားနှင့် အခြားသူများ အလန့်တကြား အော်ဟစ်လာသည်။
“သူ … သူက အနောက်ဘက်ဒေသက မဟာနတ္ထိ အရှင်သခင်ပဲ၊ မသေမျိုးမျိုးနွယ်နဲ့ မိုးကြိုးတောင်ကြားကို ဖျက်ဆီးခဲ့တဲ့လူ”
နတ်ဘုရားများ၏ အော်သံကြောင့် ယင်ယန်လောကမှ သိုင်းပညာရှင် တစ်သိန်းလုံး ထိတ်လန့်သွားလေသည်။ လက်ရှိအချိန်၌ အားလုံး ယုံရခက်နေကြသည်။
*တစ်ယောက်တည်းလား*
*နယ်မြေခုနစ်ခုရဲ့ အရှင်သခင်၊ မိုးကြိုးတောင်ကြားနဲ့ မသေမျိုးကို ဖျက်ဆီးခဲ့တဲ့ ကြောက်စရာကောင်းတဲ့သူက ဒီကို တစ်ယောက်တည်း လာတာလား*
*ပြီးတော့ သူက နတ်အထွတ်အထိပ်အဆင့်ပဲ ရှိသေးတယ်*
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
“ရှေးဟောင်း မိသားစု နှစ်ဆယ့်လေးခုက သိုင်းပညာရှင်တွေနဲ့ အလောင်းကောင် မျိုးနွယ်တွေ ဘယ်ရောက် သွားတာလဲ၊ အဲ့လူတွေ မပါဘဲနဲ့ ဒီကောင် ဘာလုပ်မှာလဲ၊ သက်သက် အသေခံချင်နေတာလား”
“နယ်မြေခုနစ်တင်မကဘဲ မိုးကြိုးတောင်ကြားနဲ့ မသေမျိုးမျိုးနွယ်ကို ဖျက်ဆီးနိုင်တာက ရှေးဟောင်း မိသားစု နှစ်ဆယ့်လေးခုနဲ့ အလောင်းကောင်မျိုးနွယ်ကြောင့်လို့ ငါ ကြားထားတာ၊ ဒါပေမဲ့ မဟာနတ္ထိ အရှင်သခင်က ဒီလောက် အားနည်းလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
“…”
လက်ရှိအချိန်၌ သိုင်းပညာရှင် တစ်သိန်းလုံး အချင်းချင်း ပြောဆိုနေကြသည်။ နတ် အထွတ်အထိပ် အဆင့်လေးသည် ပုရွက်ဆိတ်အဆင့်မျှသာ ရှိသဖြင့် အားလုံး၏ အမြင်၌ ဘောင်မဝင်သူသာ ဖြစ်သည်။ လူသားအရှင်သခင်နှင့် ရွှယ်ယွမ်တို့ ဆရာတပည့်သည်လည်း မျက်လုံးကိုစင်း၍ ကြည့်နေ၏။
“သူက ယဲ့ဖန်လား”
လူသားအရှင်သခင်နှင့် ရွှယ်ယွမ်တို့သည် ယဲ့ဖန်က ဤမျှ အားနည်းလိမ့်မည်ဟု ထင်မထားမိကြချေ။ အထူးသဖြင့် ယဲ့ဖန်၏ မျက်နှာက ဖြူရော်နေပြီး ဒဏ်ရာရနေပုံ ရသည်။
“စိတ်ဝင်စားစရာပဲ၊ စိတ်ဝင်စားဖို့ကောင်းတယ်”
ထိုစဉ် လူသားအရှင်သခင်က လှောင်ပြုံး ပြုံးလိုက်ပြီး လူတစ်သိန်းအား အော်ပြောလိုက်သည်။
“ကျုပ် အားလုံးကို ပြောဖို့မေ့နေတာ၊ ဒီမဟာနတ္ထိ အရှင်သခင်က ငရဲဘုံကလေ၊ သူက ငရဲဘုံက တွားသွားကောင်ပဲ”
“ပြီးတော့ သူက ကျိုထျန်းရွှမ်နွီ နတ်သမီးကို အရူးအမူး ပိုးပန်းခဲ့တာ၊ ဒါပေမဲ့ ဆိုးဆိုးရွားရွား အငြင်းခံလိုက်ရတယ်”
“အခုချိန်အထိ သူ နောင်တမရသေးဘဲ ကျုပ်ဆွေမျိုးကို လုယူချင်နေတာနဲ့တူတယ်”
လူသား အရှင်သခင်၏ စကားကြောင့် လူတစ်သိန်းကြား၌ ဆူညံလာလေသည်။
*အရူးအမူး ပိုးပန်းခဲ့ပင်မယ့် မအောင်မြင်ခဲ့ဘူး*
*ဆွေမျိုးကို လုယူချင်နေတယ်*
ထိုစဉ် လူတစ်သိန်းကြားထဲမှ ကျိန်ဆဲသံ ထွက်ပေါ်လာ၏။
“ပုရွက်ဆိတ်လိုကောင်၊ ငရဲဘုံက အားနည်းတဲ့ကောင်ကများ ကျိုထျန်းရွှမ်နွီ နတ်သမီးကို လိုချင်နေသေးတယ်၊ အရှက်မရှိလိုက်တာ”
“ဟုတ်တယ်၊ ရှေးဟောင်း မိသားစုနဲ့ အလောင်းကောင်ရဲ့ အကူအညီသာ မရှိရင် အဲ့ကောင် အကြိမ်တစ်သောင်းလောက် သေနေလောက်ပြီ”
“သူ့ကိုသတ်၊ သူကများ ဧကရာဇ်ရဲ့ အမျိုးသမီးကို လုယူချင်နေတယ်”
“…”
လက်ရှိအချိန်တွင် ယင်ယန်လောက၏ သိုင်းပညာရှင် အယောက်တစ်သိန်းတို့သည် ယဲ့ဖန်အား အထင်သေး လှောင်ပြောင်ဟန်များဖြင့် ကြည့်နေကြသည်။
အော်ဟစ်ပြောဆိုသံများကြောင့် လူသား အရှင်သခင် အပြုံးကြီး ပြုံးနေမိသည်။ သူသည် မျက်လုံးကိုစင်း၍ ကစားပွဲ စရမည်ကို စိတ်လှုပ်ရှားနေသော ဟန်ပန် ဖြစ်နေ၏။
“ကျုပ်ရဲ့ ယင်ယန်လောကက လူအပေါင်းတို့၊ ငရဲဘုံက တွားသွားကောင်က ယင်ယန်လောကကို စိုးမိုးချင်တာကို မင်းတို့ သည်းခံနိုင်လား”
“ငရဲဘုံက တွားသွားကောင်က ဧကရာဇ်ရဲ့ ကြင်ယာတော်ကို ပိုးပန်းချင်နေတာကို မင်းတို့ သည်းခံနေတာလား”
လူသားအရှင်သခင်၏ စကားများက လှုံ့ဆော်နိုင်စွမ်း ရှိလှသည်။ လူပေါင်း တစ်သိန်းလုံး သွေးဆူလာပြီး ဟစ်ကြွေး လာကြသည်။ ကြွေးကြော်သံများက ကျယ်လောင်လှပေသည်။
“မခံနိုင်ဘူး”
“အဲ့လို အဖြစ်မခံနိုင်ဘူး”
ထိုကြွေးကြော်သံများ၌ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။ လူသား အရှင်သခင် ထပ်ပြောလိုက်သည့် စကားကြောင့် လူတစ်သိန်းလုံး သွေးပွက်ပွက်ဆူလာလေသည်။
“ဒါဆိုလည်း မင်းတို့ ဘာကိုစောင့်နေတာလဲ”
“ဒီငရဲဘုံကကောင်ကို သတ်နိုင်တဲ့ ဘယ်သူမဆိုကို ကျုပ် တပည့်အဖြစ် လက်ခံပေးမယ်”
လူသားအရှင်သခင်၏ စကားက လူတစ်သိန်းအား လှုပ်လှုပ်ရှားရှား ဖြစ်လာစေသည်။