အခန်း ၁၀၂၇
Vol. 69 Ch. 1027
Chapter 1027 သူ့ကိုသတ်ရတာ လွယ်ပါတယ်
ဘုတ်!
တစ်စစီ စုတ်ပြတ်နေသော အလောင်းသုံးလောင်း မြေကြီးပေါ် လဲကျသွားချိန်တွင် မြေကွက်လပ်တစ်ခုနှင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ကိုက်ဝါးသံများသာ တဂျွတ်ဂျွတ် ထွက်ပေါ်နေသဖြင့် ကျောချမ်းဖွယ်ကောင်းလှသည်။ သုံးယောက်လုံး သေသွားလေပြီ။ အဖြစ်အပျက်တစ်ခုလုံး တစ်မိနစ်ပင် မကြာလိုက်ချေ။
ယင်ယန်လောကအား နှစ်ပေါင်းနှစ်သိန်းတိတိ စိုးမိုးထားခဲ့သော မဟာဘုရင်သုံးပါးသည် ဦးခေါင်းများ ပေါက်ကွဲ၍ မရှုမလှ သေဆုံးသွားခဲ့သည်။
သူတို့၏ အလောင်းများသည် တစ်ခဏအတွင်း ကိုက်ဝါးခံလိုက်ရပြီးနောက် သွေးအိုင်များသာ ကျန်ရစ်ခဲ့ တော့သည်။ ဤအဖြစ်ကြောင့် လူတိုင်း ခေါင်းနပမ်းကြီးကာ ကြက်သေ သေနေကြသည်။
“ဝိ…ဝိညာဉ်စား ပုရွက်ဆိတ်တွေ၊ ဘာလို့ … လွန်ခဲ့တဲ့ နှစ်နှစ်သိန်းကတည်းက မျိုးသုဉ်းသွားတဲ့ ဝိညာဉ်စား ပုရွက်ဆိတ်တွေက ဘယ်လိုလုပ် ယင်ယန်လောကထဲ ပြန်ရောက်နေရတာလဲ”
“မဖြစ်နိုင်ဘူး၊ မဟာဘုရင်သုံးပါးက ဘယ်လိုလုပ် ဒီလိုသေရတာလဲ၊ ဒါ … ဒါ အမှန် မဟုတ်ဘူး”
“မြတ်စွာဘုရား၊ အရင်တုန်းက ဝိညာဉ်စား ပုရွက်ဆိတ်တွေ ယင်ယန်လောကကို စိုးမိုးခဲ့သေးတယ်လေ၊ ဝိညာဉ်စား ပုရွက်ဆိတ်တွေရဲ့ ဘိုးဘေးက မဟာနတ္ထိ ခေတ်အခါတုန်းက နှစ်သန်းချီပြီး စိုးမိုးခဲ့တာ၊ နောက်ဆုံး လူသားအရှင်သခင် လွှမ်းမိုးလာတာကြောင့် ဝိညာဉ်စား ပုရွက်ဆိတ်တွေရဲ့ ဘိုးဘေး သေသွားခဲ့သလို ဝိညာဉ်စား ပုရွက်ဆိတ်တွေ ဆုတ်ယုတ်သွားတာ”
“အတိတ်တုန်းက အရွယ်ရောက်ပြီးသား ဝိညာဉ်စားပုရွက်ဆိတ် ရာကျော်လေးက နတ်ဘုရားတွေနဲ့ တိုက်ပွဲမှာ သွေးမုန်တိုင်း တိုက်အောင် လုပ်ခဲ့တာလေ၊ လူသား အရှင်သခင်က သူတို့ကို ငရဲဘုံမှာ ချိပ်ပိတ်လိုက်ပြီးပြီကို၊ ဒါက …”
လက်ရှိတွင် လူသားအရှင်သခင်မှစ၍ ယင်ယန်လောကရှိ သိုင်းပညာရှင်များအားလုံး ကြက်သီးတဖြန်းဖြန်း ထလာကြသည်။
ဝိညာဉ်စား ပုရွက်ဆိတ်၊ ဤနာမည်သည် ယင်ယန်လောကမှ သိုင်းပညာရှင်များအတွက် မစိမ်းပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ရှေးခေတ်အခါက ကြောက်စရာအကောင်းဆုံးသော မျိုးနွယ်များထဲမှ တစ်ခု ဖြစ်ပြီး လေးခုမြောက် အကြီးဆုံး ရှေးဟောင်းမျိုးနွယ်ဟုလည်း တစ်ချိန်က ခေါ်ဝေါ်ခဲ့ကြသည်။
သူတို့သည် ရှေးခေတ်အခါတည်းက မွေးဖွားခဲ့သူများဖြစ်ပြီး သမိုင်းမှတ်တမ်းများထဲတွင် အမြဲ အသက်ရှင် ခဲ့သူများ ဖြစ်သောကြောင့် ဂုဏ်သတင်း ကြီးမားလှသည်။
ရှေးခေတ်အခါ ကုန်ဆုံးသွားပြီးနောက် မဟာနတ္ထိခေတ်သို့ ရောက်လာခဲ့သည်။ ဝိညာဉ်စား ပုရွက်ဆိတ်မျိုးနွယ်၌ ကြောက်စရာကောင်းသော ဘိုးဘေးတစ်ယောက် ရှိခဲ့သည်။ ထိုဘိုးဘေး၏ အရှေ့၌ ရှေးဟောင်းမျိုးနွယ်ကြီး သုံးခုပင် ခေါင်းမထောင်ဝံ့ချေ။
ထိုဘိုးဘေးကြောင့် ဝိညာဉ်စား ပုရွက်ဆိတ်များသည် မဟာနတ္ထိခေတ်အား နှစ်သန်းချီ၍ စိုးမိုးခဲ့ပြီး မည်သူမျှ မတားဆီးနိုင်ခဲ့ပေ။
နောက်ဆုံးတွင် ထိုဘိုးဘေး သေဆုံးသွားပြီး ဝိညာဉ်စား ပုရွက်ဆိတ်များ ဆုတ်ယုတ်ပျက်စီးသွားပြီး ၎င်းတို့၏ အသိုက်အရေအတွက်ကလည်း နိမ့်ဆင်းသွားကာ တစ်ချိန်လျင် ဆယ်ကောင်ကျော်မျှသာ သားပေါက်နိုင် တော့သည်။
မဟာနတ္ထိ ခေတ်အခါ ကုန်ဆုံးခါနီး၌ဝိညာဉ်စား ပုရွက်ဆိတ်များ ပြန်လည် ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့၏ အရေအတွက်ကလည်း ရာဂဏန်းမျှ ရှိနေပြီး နေရာအနှံ့၌ သွေးမိုးရွာသွန်းစေခဲ့ပြီး သူတို့၏ အစွယ်အောက်တွင် နတ်ဘုရားများစွာ ကျဆုံးကုန်သည်။
နောက်ဆုံးတွင် လူသားအရှင်သခင်က နတ်ဘုရားများကို ဦးဆောင်ခဲ့ပြိး ဝိညာဉ်စား ပုရွက်ဆိတ်များကို ဖမ်းဆီး၍ နတ်ဘုရားတို့ ကျဆုံးရာမြေ၌ ချိပ်ပိတ်ခဲ့သည်။
နှစ်နှစ်သိန်းကြာသွားခဲ့သဖြင့် ဝိညာဉ်စား ပုရွက်ဆိတ်ဟူသော အမည်အား ယင်ယန်လောကမှ သိုင်းပညာရှင်များ တဖြည်းဖြည်း မေ့လျောလာသည်။
ယခုအခါ၌ အရွယ်ရောက်ပြီးသား ဆင့်ကဲပြောင်းလဲသွားသော ဝိညာဉ်စား ပုရွက်ဆိတ်များ ထောင်သောင်းချီ၍ ထွက်ပေါ်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ”
အထိတ်လန့်ဆုံးသူမှာ လူသား အရှင်သခင်ပင်။ မဟာနတ္ထိ ခေတ်ကုန်ဆုံးခါနီးက ထွက်ပေါ်လာသော ဝိညာဉ်စား ပုရွက်ဆိတ်ရာကျော်အား သူ ဖိနှိပ်နိုင်ခဲ့သည်။ သို့သော် သူ မည်မျှ ကြိုးစားပါသော်လည်း ၎င်းတို့အား အမြစ်ပြတ် မသုတ်သင်နိုင်ခဲ့ပေ။
ထိုအခါမှသာ ဝိညာဉ်စား ပုရွက်ဆိတ်များကို သူ ပိတ်လှောင်ခဲ့ပြီး နတ်ဘုရားတို့ ကျဆုံးရာမြေ၌ ချိပ်ပိတ်ကာ ၎င်းတို့ဘာသာ သေဆုံးမည့်အချိန်ကို စောင့်နေခဲ့လိုက်သည်။
ထို့အပြင် ဝိညာဉ်စား ပုရွက်ဆိတ်များ အစီအရင်ကို ချိုးဖောက်၍ ပြန်လည်မွေးဖွားလာမည်ကို လူသား အရှင်သခင် စိုးရိမ်ခဲ့သောကြောင့် အစေခံအိုကြီးတစ်ယောက်ကို လွှတ်ပြီး ချိပ်ပိတ်ထားသော အစီအရင်အား စောင့်ကြပ်စေခဲ့သည်။
သို့ရာတွင် နှစ်ပေါင်းများစွာ ကြာသွားသော်လည်း ထိုအစေခံအိုကြီးထံမှ သတင်း တစ်စွန်းတစမျှ မရခဲ့ပေ။ ထိုသူနှင့် ဝိညာဉ်စား ပုရွက်ဆိတ်များ နတ်ဘုရားတို့ ကျဆုံးရာမြေ၌ သေဆုံးသွားပြီဟု လူသား အရှင်သခင် ထင်မှတ်ခဲ့သည်။
“ဝိညာဉ်စား ပုရွက်ဆိတ်တွေက သောင်းချီနေတယ်၊ ဒီလောက် များနေဖို့ မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်ချေက တစ်ခုပဲ ရှိတော့မယ်”
တစ်စုံတစ်ရာကို တွေးတောမိပြီးနောက် လူသား အရှင်သခင်၏ မျက်နှာ ပြာနှမ်းလာသည်။
“အဲ့ခွေးအိုကြီးက အစီအရင်ကို ထိုင်စောင့်မနေဘဲ ဒီကောင်တွေ ကြီးလာအောင် မွေးခဲ့တာကိုး၊ ဒါကြောင့်လည်း ဝိညာဉ်စား ပုရွက်ဆိတ်တွေရဲ့ အရေအတွက်က များလာတာ”
ထိုအခိုက်တွင် လူသားအရှင်သခင်၏ မျက်နှာက အလွန် ပြာနှမ်းနေ၏။ သူ၏ခန့်မှန်းချက်က မှန်ပါသည်။ အိပ်မက်ဆိုး ချောက်ကမ်းပါးအောက်ရှိ ပုရွက်ဆိတ်အသိုက်ထဲသို့ ယဲ့ဖန် ရောက်သွားခဲ့စဉ်က ထိုနေရာ၌ ခြောက်ခြားဖွယ်ကောင်းသော အရိုးစုတစ်ခု ရှိခဲ့သည်။
ထိုအရိုးစုသည် လူသားအရှင်သခင်၏ အစေခံအိုကြီး ဖြစ်လေသည်။ တစ်ချိန်က ထိုအစေခံအိုကြီးသည် နတ်ဘုရားတို့ ကျဆုံးရာမြေ၌ ချိပ်ပိတ်ထားသော ဝိညာဉ်စား ပုရွက်ဆိတ်များကို စောင့်ကြပ်ပါမည်ဟု လိုလိုလားလား တောင်းဆိုခဲ့သည်။ ထိုသို့လုပ်ရခြင်းမှာ သူ့၌ ကိုယ်ပိုင် ရည်ရွယ်ချက်များ ရှိနေသောကြောင့် ဖြစ်သည်။
သူသည် ပိတ်လှောင်ထားသော ဝိညာဉ်စား ပုရွက်ဆိတ်များအတွက် ကမ္ဘာဂြိုဟ်အား စားသောက်ပွဲကြီးအဖြစ် အသုံးပြုချင်ခဲ့သည်။ ထို့အပြင် သူသည် ငရဲဘုံမှ များစွာသော နတ်ဘုရားမျိုးနွယ်များ၊ အင်မော်တယ် မျိုးနွယ်များနှင့် မကောင်းဆိုးဝါးများကို ဖမ်းဆီး၍ ဝိညာဉ်စား ပုရွက်ဆိတ်များကို ကျွေးကာ အရေအတွက် ပွားများလာအောင် လုပ်ခဲ့သည်။
သူသည် တစ်နေ့၌ ဝိညာဉ်စား ပုရွက်ဆိတ်များကို ထိန်းချုပ်ကာ ငရဲဘုံကိုစိုးမိုးပြီး လူသား အရှင်သခင်၏ လက်အောက်မှ ထွက်၍ ယင်ယန်လောကကိုလည်း သိမ်းပိုက်မည်ဟု ကြံစည်ထားသည်။
သို့သော် ထိုအစေခံအိုကြီးသည် ဝိညာဉ်စား ပုရွက်ဆိတ်များ၏ အစွယ်အောက်၌ သူ သေဆုံးရလိမ့်မည်ဟု ထင်မထားမိချေ။ ဤသည်ကလည်း လူသား အရှင်သခင် ထင်မထားမိသော အကြံအစည်ပင်။
လက်ရှိတွင် ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များသည် မဟာဘုရင်သုံးပါးကို ဝါးမျိုပြီးသည်နှင့် ယဲ့ဖန်အနား၌ ရစ်ဝဲနေကြသည်။ ၎င်းတို့၏ ရဲရဲနီနေသော မျက်လုံးများက လူသားအရှင်သခင်နှင့် ရွှယ်ယွမ်ကို စူးစိုက်ကြည့်နေ၏။
အမိန့်ရသည်နှင့် ၎င်းတို့က လူသားအရှင်သခင်နှင့် ရွှယ်ယွမ်ထံ ပြေးဝင်၍ ကိုက်ဖြတ်မည့်ပုံပင်။ ၎င်းတို့၏ သွေးဆာနေသော အကြည့်များက ကျောချမ်းဖွယ် ကောင်းလှသည်။
“ချီးတဲ့မှပဲ”
ထိုအခိုက်တွင် ရွှယ်ယွမ် ကြက်သီးမွေးညင်း ထနေ၏။
“ဘယ်လိုလုပ် ဒီလို ဖြစ်လာရတာလဲ၊ အလောင်းကောင်မျိုးနွယ်က သူ့ကို သခင်အဖြစ် အသိအမှတ်ပြုတယ်၊ ရှေးဟောင်းမိသားစု နှစ်ဆယ့်လေးခုကလည်း သူ့ကို သခင်ကြီးအဖြစ် ခံယူထားတယ်၊ ကြောက်စရာကောင်းတဲ့ ဝိညာဉ်စား ပုရွက်ဆိတ်တွေကလည်း သူ့ကို သခင်အဖြစ် သတ်မှတ်ထားပြန်ပြီ”
“ဒီမိစ္ဆာကောင်ကတော့”
ယဲ့ဖန်ကဲ့သို့ မိစ္ဆာဆန်သော လူမျိုးကို ရွှယ်ယွမ် တစ်ခါမှ မမြင်ဖူးပါ။ ယဲ့ဖန် မည်သို့လုပ်လိုက်သလဲ သူ နားမလည်နိုင်ပေ။ လူသားအရှင်သခင်တောင်မှ ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များကြောင့် ကြက်သီးထ လာရသည်။
“အရင်တုန်းက ငါ မလုပ်နိုင်ခဲ့တဲ့အရာကို ငရဲဘုံကကောင်က တကယ်လုပ်သွားခဲ့တာပဲ”
“ဆရာပြောတာ မှန်တယ်နဲ့တူတယ်၊ ဒီကောင်က သာမန် ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ကောင် မဖြစ်နိုင်ဘူး၊ သူ့ကို ကောင်းကင်ဘုံက မနာလိုတာကို ငါ မအံ့ဩတော့ဘူး”
ထိုသို့စဉ်းစားပြီးနောက် လူသားအရှင်သခင်၏ အမူအရာက သုန်မှုန်လာ၏။
“နန်းတော်အစောင့်တွေ ဘယ်ရောက်နေလဲ”
လူသားအရှင်သခင်၏ စကားအဆုံး၌ အနောက်မှ ကောင်းကင်ဘုရင်အဆင့် မိစ္ဆာနတ်ဘုရား ရှစ်ပါး ရှေ့ထွက်လာသည်။ ထို့အပြင် ထိုကောင်းကင်ဘုရင်အဆင့်များက လက်ထဲမှ အလံငယ်တစ်ခုကို အသာလှုပ် ယမ်းလိုက်သည်။
ကောင်းကင်ယံတစ်ခုလုံး ပေါက်ကွဲသံထွက်ပေါ်လာပြီးနောက် ကောင်းကင်ယံမှ လူရိပ်များ ဆင်းသက် လာကြသည်။ ထိုသူများအားလုံးသည် ရွှေရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး ကောင်းကင်ဘုရင် တစ်ပိုင်း အဆင့်သို့ ရောက်နေသောသူများ ဖြစ်နေသည်။ လူပေါင်း တစ်ထောင်မျှ ရှိလေ၏။
လူသားအရှင်သခင်က နန်းတော်အစောင့်များကို နှစ်ပေါင်းများစွာ ဂရုတစိုက် လေ့ကျင့်ပေးထားလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
ကောင်းကင်ဘုရင်အဆင့် ရှစ်ယောက်နှင့် ကောင်းကင်ဘုရင်တစ်ပိုင်းအဆင့် အယောက်တစ်ထောင်။ ဤအင်အားစုက ယင်ယန်လောကနှင့် ငရဲဘုံအား ရှင်းလင်းရန် လုံလောက်နေသလို မည်သူမှလည်း တားဆီးနိုင်မည် မဟုတ်ပါ။ ရှေးဟောင်မျိုးနွယ်သုံးခုတောင်မှ ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။
အချိန်သာရခဲ့ပါက လူသားအရှင်သခင်သည် ကောင်းကင်ဘုရင် တစ်ပိုင်းအဆင့် အယောက်တစ်ထောင်အား ကောင်းကင်ဘုရင်အဆင့် မိစ္ဆာနတ်ဘုရားများ ဖြစ်လာအောင် ပြောင်းလဲပစ်မည်ပင်။ ထိုသို့ဖြစ်လာလျင် ကောင်းကင်ဘုရင်အဆင့် အယောက်တစ်ထောင်က ပြိုင်ဘက်ကင်းသူများ ဖြစ်လာပေလိမ့်မည်။
လက်ရှိတွင် ကောင်းကင်ဘုရင်အဆင့် ရှစ်ယောက်နှင့် တစ်ထောင်သော နန်းတော်အစောင့်များက လူသား အရှင်သခင်၏ အနောက်၌ ရပ်နေကြသည်။ လူသား အရှင်သခင်က တစ်ချက်ပြုံးလိုက်ပြီး ရွှယ်ယွမ် ဘက်လှည့်ကာ ပြုံးလိုက်သည်။
“ယွမ်အာ”
“တပည့် ရှိပါတယ်”
ရွှယ်ယွမ် အလျင်အမြန် အရိုအသေပေး၍ ဖြေလိုက်သည်။
“သွား၊ ဝိညာဉ်စား ပုရွက်ဆိတ်တွေ၊ အလောင်းကောင်တွေနဲ့ ရှေးဟောင်းမိသားစု အားလုံးကို ဒီဆရာနဲ့ နန်းတော် အစောင့်တွေလက်ထဲ အပ်လိုက်”
ထိုသို့ပြောနေစဉ်မှာပင် လူသားအရှင်သခင်က ခက်ထန်သော မျက်လုံးများဖြင့် ယဲ့ဖန်ကို စူးစိုက်ကြည့်၍ ဆက်ပြောလိုက်သည်။
“ဒီငရဲဘုံက တွားသွားကောင်ကိုတော့ မင်းဆီ လွှဲပေးလိုက်မယ်”
“မမေ့နဲ့၊ ကောင်းကင်တာအိုက မင်းကို မကြာသေးခင်က ယန်စွမ်းအင်တွေ ဖြည့်ပေးထားတာကို မမေ့နဲ့၊ သူ့ကို သတ်ရတာ မင်းအတွက် လက်လှုပ်ရုံနဲ့တင် ဖြစ်တဲ့အထိ လွယ်တယ်”