အခန်း ၁၀၂၉
Vol. 69 Ch. 1029
Chapter 1029 သုံးချက်ပဲ
ဒေါင်!
ထိုခေါင်းလောင်းသံ ထွက်ပေါ်လာချိန်တွင် ဘေးပတ်ဝန်းကျင် လေဟာနယ်တစ်ခုလုံးနှင့် အချိန်တို့ အေးခဲရပ်ဆိုင်း သွားပုံရသည်။ ရွှယ်ယွမ်၏ လက်သီးသည်လည်း နေရာမှာတင် ရပ်နေသလို သူ၏အပြုံးသည်လည်း အေးခဲနေ၏။
သူ နားဝေတိမ်တောင်ဖြစ်ကာ စဉ်းစားမရ ဖြစ်နေသည်။ သူသည်သာမက မြေကွက်လပ်ပတ်လည်မှ နတ်ဘုရားများ၊ မိသားစုကြီးများနှင့် ယင်ယန်လောကမှ သိုင်းပညာရှင်များအားလုံး ပြင်းထန်စွာ တုန်ယင် သွားကြသည်။
အားလုံး၏ လှောင်ပြောင်သရော်နေသော အမူအရာများလည်း အေးခဲတောင့်တင်းနေပြိး စိတ်ဝိညာဉ်တစ်ခုလုံး အေးခဲသွားသလို ခံစားလိုက်ရသည်။
“ရွှယ်ယွမ် သတိထား”
လူသား အရှင်သခင်တောင်မှ တစ်ချက်မျှ တုန်ယင်သွားပြီး သတိပြန်ဝင်လာသည်နှင့် ချက်ချင်း မျက်နှာပျက် သွားသည်။
သူ အော်ဟစ် သတိပေးလိုက်သော်လည်း နောက်ကျသွားချေပြီ။ ခေါင်းလောင်းသံ ထွက်လာပြီးသည်နှင့် ယဲ့ဖန်က ရွှယ်ယွမ်၏ ရင်ဘတ်ကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။
အရိုးကျိုးသံ ထွက်ပေါ်လာပြီးနောက် ရွှယ်ယွမ်၏ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာသည်။ သူ၏ရင်ဘတ်၌ အခေါင်းပေါက် ဖြစ်နေပြီး ရင်ညွန့်ရိုးကျိုးကာ သွေးများ စင်ထွက်လာလေသည်။
ထို့နောက် ကြိုးပြတ်သွားသော စွန်သဖွယ် မီတာတစ်ရာခန့် လွင့်ထွက်သွားပြီးမှ အောက်သို့ အရှိန်ဖြင့် ပြန်ပြုတ်ကျ လာသည်။
ဘုန်းခနဲ အသံထွက်လာမှ လူတိုင်း တုန်ယင်သွားပြီး သတိဝင်လာကြသည်။ သို့သော် မျက်စိရှေ့မှ မြင်ကွင်းကြောင့် အားလုံး တွေဝေသွားလေသည်။
“ရှုံး … ရှုံးသွားတာလား”
လူတိုင်း မျက်လုံးပြူးသွားပြီး အပြုံးများ ပျောက်ကွယ်ကာ ခြောက်ခြား၍ မယုံနိုင်သော အမူအရာများ ဖြစ်လာကြသည်။
ဝေါ့!
မြေကြီးပေါ် ပြုတ်ကျလာသည်နှင့် ရွှယ်ယွမ် သွေးအန်လာသည်။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး”
ထိုအချိန်တွင် ရွှယ်ယွမ်သည် မိမိဒဏ်ရာအား အရေးမလုပ်နိုင်ချေ။ သူသည် ယဲ့ဖန်အား သရဲသဘက်ကို ကြည့်သကဲ့သို့ ကြည့်နေမိသည်။
“ကောင်းကင်ခွင်း ခေါင်းလောင်း၊ မင်း … မင်းမှာ ဘယ်လိုလုပ် ကောင်းကင်ခွင်းခေါင်းလောင်း ရှိနေရတာလဲ”
သူ၏ တအံ့တဩ ပြောလိုက်သောအသံကြောင့် မြေကွက်လပ်မှ လူများအားလုံး အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။
“ကောင်းကင်ခွင်းခေါင်းလောင်းလား၊ ခုနက ခေါင်းလောင်းသံက ကောင်းကင်ခွင်းခေါင်းလောင်းဆီက ထွက်လာတဲ့ အသံလား”
“ငါ တစ်ခုခု လွတ်သွားသလို ခံစားလိုက်ရတာက အဲ့ဒါကြောင့်ကိုး၊ လတ်စသက်တော့ စိတ်ဝိညာဉ်ကို အေးခဲနိုင်တဲ့ ကောင်းကင်ခွင်းခေါင်းလောင်း ဖြစ်နေတာကိုး”
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး၊ ကောင်းကင်ခွင်း ခေါင်းလောင်းက အဲ့ပုဂ္ဂိုလ်ရဲ့ ပစ္စည်းလေ၊ ဘယ်လိုလုပ် ငရဲဘုံက ပုရွက်ဆိတ်ဆီမှာ ပေါ်လာရတာလဲ”
“…”
လူပေါင်းတစ်သိန်း၏ အသံကြောင့် ဆူညံပွက်လောရိုက်နေ၏။ လူတိုင်း၏ မျက်နှာတွင် အလွန်တရာ တုန်လှုပ် ခြောက်ခြားဟန်များ ပြည့်နှက်နေလေသည်။
နတ်ဘုရားများသည် သွေးအန်နေသော ရွှယ်ယွမ်ကိုကြည့်ပြီး အိပ်မက်မက်နေသည်ဟု ခံစားမိသွားသည်။ အစောပိုင်းလေးတင် သူတို့ ရွှယ်ယွမ်ကို နတ်မင်းတစ်ပါးကဲ့သို့ ထင်မှတ်ခဲ့ကြသည်။ ထို့အပြင် ခန္ဓာကိုယ်ထဲသို့ ယန်စွမ်းအင်များ စီးဆင်းနေသောကြောင့် သူ၏ခွန်အားက ပို၍ ခန့်မှန်းရ ခက်လှသည်။
သို့ရာတွင် ယခုအခါ၌ ယဲ့ဖန်၏ လက်သီးချက်အောက်၌ ရှုံးနိမ့်သွားရသဖြင့် စိတ်ကူးယဉ် အိပ်မက်တစ်ခုဟု ထင်မှတ်ကာ မယုံနိုင် ဖြစ်နေကြသည်။
“ဒီကောင်က ဒီအဆင့်အထိ တိုးတက်လာပြီလား”
မီးနတ်ဘုရား၊ လေနတ်ဘုရားနှင့် အခြားသူများအားလုံး နဖူးမှနေ၍ ချွေးစေးများ စီးကျလာပြီး စိတ်ထဲ၌ နောင်တရစိတ် ဝင်လာသည်။
သို့သော် ယဲ့ဖန်က တစ်ခွန်းမျှ မပြောပေ။ သူ့မျက်နှာထားက နတ်ဆိုးသဖွယ် အေးစက်နေ၏။ သူသည် ဖျတ်ခနဲ လှုပ်ရှား၍ ရွှယ်ယွမ်ထံသို့ ပြေးဝင်သွားသည်။
“ဒုတိယ လက်သီးချက်”
ထိုစကားအဆုံး၌ ယဲ့ဖန်၏ ဒုတိယအကြိမ် လက်သီးကိုဝင့်၍ ထိုးနှက်လိုက်သည်။ ထိုလက်သီးချက်ကြောင့် ရွှယ်ယွမ်၏ ဘေးပတ်လည်မှ လေဟာနယ်တစ်ခုလုံး အက်ကွဲလာပြီး မရဏ အငွေ့အသက်များက သူ့ကို လွှမ်းခြုံလာ၏။
“ချီးပဲ၊ ငါ ဒီလို အဖြစ်မခံနိုင်ဘူး”
ရွှယ်ယွမ် ရူးမတတ် ဖြစ်နေသည်။ သူသည် မြင့်မြတ်သော လူတစ်ယောက်၊ ကောင်းကင်တာအို၏ တပည့် ဖြစ်ပြီး ယန်စွမ်းအင်များ ဖြည့်သွင်းပေးထားခံရသူ ဖြစ်သည်။ သို့ရာတွင် ယဲ့ဖန်ထံ၌ သူ ရှုံးနိမ့်သွားရသည်။ ဤသည်မှာ ရှက်စရာကောင်းလှသည်။
ထိုသို့တွေးတောပြီးနောက် ရွှယ်ယွမ်သည် ခန္ဓာကိုယ်တစ်ခုလုံးမှ ယန်စွမ်းအင်များကို လည်ပတ်စေပြီး ယဲ့ဖန်အား လက်သီးဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။
“ခွေးသား သေပေတော့”
ရွှယ်ယွမ်၏ မျက်လုံး၌ ရူးသွပ်မှုများနှင့် ပြည့်နှက်နေသည်။ သူ ယဲ့ဖန်ကို မုန်းသည်။ ယဲ့ဖန်၏ အလောင်းကို သူ တစ်စစီဖြစ်အောင် လုပ်ရန် မစောင့်နိုင်တော့ချေ။
ဒေါင်!
ထိုစဉ် ဒုတိယမြောက် ခေါင်းလောင်းသံ ထွက်ပေါ်လာပြီး ရွှယ်ယွမ် သွေးအန်လုနီးပါး ဖြစ်သွားရသည်။ သူ၏ စိတ်ဝိညာဉ် အေးခဲသွားပြီး ယဲ့ဖန်၏ လက်သီးချက်က သူ့ပေါ် ကျရောက်လာသည်ကို ကြည့်နေလိုက် ရတော့သည်။
“မလုပ်နဲ့”
ရွှယ်ယွမ် အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ဝက် ပေါက်ကွဲသွားပြီး အရိုးများ အက်ကွဲကာ အသားနှင့် သွေးစက်များ လွင့်စဉ်သွားလေသည်။
လူတစ်ကိုယ်လုံး အမှိုက်အိတ်ကဲ့သို့ ထပ်မံ၍ မီတာတစ်ရာခန့် လွင့်ထွက်သွားပြီး သွေးအလိမ်းလိမ်းနှင့် ခွေးသေတစ်ကောင်ကဲ့သို့ မြေကြီးပေါ် ပြုတ်ကျလာသည်။
“ရွှယ်ယွမ်”
လူသားအရှင်သခင် ဒေါသူပုန် ထသွားလေသည်။ သူ ကူညီရန် ရှေ့သို့လှမ်းလိုက်သည်။ သို့သော် သူ ရှေ့သို့ လှမ်းလိုက်သည်နှင့် များစွာသော ဝိညာဉ်စား ပုရွက်ဆိတ်များက သူ့ရှေ့ ချက်ချင်း ရောက်လာသည်။
၎င်းတို့က သွေးဆာနေသော အကြည့်များဖြင့် လူသား အရှင်သခင်ကို စူးစိုက်ကြည့်နေ၏။ ၎င်းတို့၏ ကျောချမ်းသော အရှိန်အဝါကြောင့် လူသားအရှင်သခင်ပင် ချမ်းစိမ့်စိမ့် ဖြစ်လာရသည်။
သူသည်သာမက ကောင်းကင်ဘုရင် ရှစ်ပါးနှင့် နန်းတော် အစောင့်များသည်လည်း အလောင်းကောင် မျိုးနွယ်များနှင့် ရှေးဟောင်းမိသားစု နှစ်ဆယ့်လေးခု၏ စောင့်ကြည့်ခြင်း ခံနေရသည်။
လက်ရှိတွင် အခြေအနေက အလွနန်အမင်း တင်းမာနေ၏။ လူသား အရှင်သခင်နှင့် အခြားသူများသည် ဝိညာဉ်စား ပုရွက်ဆိတ်များနှင့် အလောင်းကောင်မျိုးနွယ်တို့အား သူတို့ ဖိနှိပ်နိုင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း တစ်ဖက်က ဖိနှိပ်လာလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
ထိုအချိန်၌ ရွယ်ယွမ်၏ ပါးစပ်ထောင့်မှ သွေးများ စီးကျနေသည်။ သူ၏ အဖြစ်က ဆိုးရွားလှပြီး ခန္ဓာကိုယ် တစ်ဝက်လည်း မရှိတော့ပေ။
သူသည် ခေါင်းမော့၍ ယဲ့ဖန်အား ကြောက်လန့်၍ မလိုလားသော အမူအရာဖြင့် ကြည့်လိုက်သည်။
“လူ … လူငယ်လေး၊ ကောင်းကင်ခွင်း ခေါင်းလောင်းကို မတီးဘဲ ငါနဲ့ တိုက်မှ မျှတာမှာနော်”
ရွှယ်ယွမ်သည် အသက်ရှူရကြပ်ကာ သွေးအန်လုနီးပါး ဖြစ်လာရသည်။ သူ့စိတ်ထဲတွင် ယဲ့ဖန်က ပြောင်ပြောင် တင်းတင်း လိမ်လည်လှည့်စားနေသည်ဟု ထင်မှတ်နေသည်။
သူ မည်မျှ သန်မာနေပါသော်လည်း တစ်ဖက်လူက ကောင်းကင်ခွင်းခေါင်းလောင်း သုံးလာသဖြင့် သူ အရူးတစ်ယောက်သဖွယ် ဖြစ်လာရသည်။
*မျှမျှတတ တိုက်တဲ့လား*
ယဲ့ဖန်က ပြုံး၍ ရွှယ်ယွမ်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေသည်။
“မင်း မှားနေပြီ”
“ငါ မင်းနဲ့ ဘယ်လိုတိုက်ရမယ်ဆိုတာကို ဆွေးနွေးဖို့ လာတာ မဟုတ်ဘူး”
“ငါ မင်း ဘယ်လိုသေမလဲ ဆုံးဖြတ်ဖို့ ရောက်လာတာ”
ယဲ့ဖန်၏ စကားက အေးစက်လွန်းသောကြောင့် ရွှယ်ယွမ် ကျောချမ်းလာရသည်။ လူတစ်ကိုယ်လုံး သေမင်းတမန်၏ စိုက်ကြည့်ခြင်း ခံရသည်ဟု ခံစားမိပြီး ကြက်သီးထလာသည်။ ယဲ့ဖန် လက်သီးဝင့်လာသည်ကို မြင်လိုက်ရချိန်တွင် သူ တုန်လှုပ်သွားလေသည်။
“မလုပ်နဲ့”
လက်ရှိတွင် ရွှယ်ယွမ်သည် တိုက်ခိုက်ချင်စိတ် တစ်စက်ကလေးမျှ မရှိတော့ဘဲ အသည်းအသန် ရုန်းကန်၍ ထွက်ပြေးချင်နေသည်။
ကိုယ်တွင်းအင်္ဂါများ ပျံ့ကြဲနေ၏။ လက်ရှိအချိန်၌ ယဲ့ဖန်က ကောင်းကင်ခွင်းခေါင်းလောင်းကို တတိယအကြိမ် တီးလိမ့်မည်ဟု သူ ယုံကြည်နေမိသည်။ သူ့စိတ်ထဲတွင် ထွက်ပြေးချင်စိတ်သာ ရှိလေသည်။
“အရူး”
ဤမြင်ကွင်းကြောင့် လူသားအရှင်သခင် မျက်နှာမည်းမှောင်လာသည်။ ယဲ့ဖန်၏ မျက်နှာထားက ဖြူရော် နေသည်ကို သူ သတိထားမိသွားသည်။ သူ့၌ တတိယအကြိမ် ကောင်းကင်ခွင်းခေါင်းလောင်း တီးရန် စိတ်ဝိညာဉ် ခွန်အား မရှိတော့သည့်ပုံပေ။
ရွှယ်ယွမ်သာ အသက်ကိုရင်း၍ ပြန်တိုက်ပါက နိုင်နိုင်ချေ ရှိသည်။ သို့ရာတွင် သူက အလွန် ကြောက်လန့်နေ သောကြောင့် လူသားအရှင်သခင် စိတ်ပျက်ကာ သွေးအန်ချင်လာသည်။
“တတိယ လက်သီးချက်”
ထိုအသံနှင့်အတူ တတိယမြောက် လက်သီးချက်က ရွှယ်ယွမ်၏ ကိုယ်ပေါ်သို့ ကျဆင်းလာသည်။
“အား”
ရွှယ်ယွမ်ထံမှ ငယ်သံပါအောင် အော်ဟစ်သံ ထွက်ပေါ်လာ၏။ သူ ထိတ်လန့်ကာ နောင်တရနေ၏။ ယဲ့ဖန်က ကောင်းကင်ခွင်း ခေါင်းလောင်းကို မတီးဘဲ သူ့ကို ထိုးနှက်လာလိမ့်မည်ဟု မမျှော်လင့်ထားမိချေ။ သူ ထိတ်လန့် ကြောက်ရွံ့နေစဉ်မှာပင် လက်သီးချက်ကြောင့် ခန္ဓာကိုယ် ပေါက်ကွဲကာ သွေးများ ပန်းထွက်သွားလေသည်။