အခန်း ၁၀၃၃
Vol. 69 Ch. 1033
Chapter 1033 ငါတို့ကိုပါ ထည့်ပေါင်းလိုက်မယ်ဆိုရင်ရော ဘယ်လိုလဲ
ကောင်းကင်ဘုရင်အဆင့် ခြောက်ယောက်၏ ဖိအားက ပြင်းထန်လွန်းလှပြီး မရဏ အငွေ့အသက်များက ယဲ့ဖန်ထံ တိုးဝင်လာသည်။ လေဟာနယ် အက်ကွဲလာပြီး ယဲ့ဖန်၏ ခြေထောက်အောက်မှ မြေဆီလွှာလည်း ဆက်တိုက် အက်ကွဲလာသည်။
“ဟားဟားဟား … ဒီကောင် လှုပ်ရှားလိုက်တာနဲ့ သေမှာပဲ”
လေနတ်ဘုရား၊ ရေနတ်ဘုရားနှင့် အခြားသူများအားလုံး အလွန် စိတ်လှုပ်ရှားနေကြသည်။ ယဲ့ဖန် လှုပ်ရှားလိုက်သည်နှင့် လူသားအရှင်သခင်တို့၏ ဆုတ်ဖြဲခြင်း ခံရမည့်မြင်ကွင်းကို သူတို့ မြင်ယောင်နေသည်။
“ငါ အသက်ချမ်းသာပေးပါလို့ မတောင်းပန်ခဲ့မိလို့ တော်သေးတယ် မဟုတ်လို့ကတော့ …”
နတ်ဘုရားနှစ်ပါးလုံး အချင်းချင်း ပြန်ကြည့်မိနေကြသည်။ ယခင်က သူတို့သည် အသက်ချမ်းသာပေးရန် တောင်းပန်ချင်ခဲ့သည်။ သို့သော် ယခု သူတို့ မတောင်းပန်ခဲ့သည့်အတွက် မည်မျှ ကံကောင်းကြောင်း သိလိုက်ရသည်။
သူတို့သည်သာမက ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်၏ အကြီးအကဲ သုံးယောက်ကလည်း ခက်ထန်စွာ ပြုံးနေကြသည်။
“ချလေ”
“မင်း ချတာနဲ့ မင်း သေမှာ၊ မင်း မချရင်လည်း သေမှာပဲ၊ ဟားဟားဟား …”
သုံးယောက်သား အပြုံးကြီး ပြုံးနေကြသည်။ လက်တွင် စုစည်းထားသည့် အရှိန်အဝါများကလည်း ပိုမို ပြင်းထန်လာသည်။
ဤမြင်ကွင်းကြောင့် အနီးအနားမှ မသေမျိုး ဖီးနစ်ဘုရင်နှင့် အခြားသူများ ရင်လေးလာကြသည်။ သူတို့သည် ယဲ့ဖန်ကို ကူညီ၍ လူသား အရှင်သခင်နှင့် အခြားသူများကို ခုခံရန် အဆင်သင့် ဖြစ်နေသည်။
သို့သော် ကောင်းကင်ဘုရင်အဆင့် ခြောက်ယောက်၏ လက်ဝါးချက်က ယဲ့ဖန်၏ ဦးခေါင်းပေါ်သို့ ကျရောက်တော့မည့်အချိန်၌ ကောင်းကင်ယံမှ ထိတ်လန့်ဖွယ်ကောင်းသော အော်သံတစ်သံ ထွက်ပေါ်လာသည်။
“ငါ့ညီအစ်ကိုကို ထိရဲတဲ့လူတိုင်း သေရမယ်ကွ”
ထိုအသံအဆုံး၌ ကျောက်ဆောင်များကို ပြိုကျလာစေနိုင်သည့် နဂါးဟိန်းသံ ထွက်လာသည်။ ထိုအသံက လူ၏ စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေပြီး ကောင်းကင်ဘုရင်အဆင့် ခြောက်ယောက်၏ တိုက်ခိုက်မှုကို တုံ့နှေး သွားစေသည်။
သူတို့ ခြောက်ယောက်၏ ဦးခေါင်းထက်မှ လေဟာနယ် အက်ကွဲလာပြီး ဧရာမ တောင်ကြီးတစ်လုံးနှင့် တူသော နဂါးတစ်ကောင် ဆင်းသက်လာသည်။ သူ၏ ဧရာမ ပါးစပ်ဖြင့် ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်၏ အကြီးအကဲ သုံးယောက်ကို ဝါးမျိုလိုက်သည်။
ဂျွတ်! ဂျွတ်!
သွေးများ ပန်းထွက်လာလေသည်။ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်၏ အကြီးအကဲ သုံးယောက်သည် အော်ပင် မအော်လိုက်ရဘဲ အစားခံလိုက်ရသည်။
ထို့နောက် ဧရာမ နဂါးကြီးသည် လူငယ်တစ်ယောက်အသွင်ပြောင်း၍ ယဲ့ဖန်ဘေး၌ ဝင်ရပ်လေသည်။ သူ့ပါးစပ်က ဝါးနေဆဲ ဖြစ်သောကြောင့် ပါးစပ်ထောင့်မှ သွေးများ စီးကျနေ၏။ သူ၏ ပုံစံက အလွန် မိစ္ဆာဆန်၍ ကြမ်းကြုတ် လှသည်။
ဤအဖြစ်ကြောင့် လူတိုင်း အံ့ဩသွားကြသည်။ ထိုသူများသည် ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်များ ဖြစ်သည်။ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်၏ ကောင်းကင်ဘုရင်အဆင့် လူများသည် တိုက်ပွဲဝင်ခွန်အား၌ တစ်မူထူး၍ ယှဉ်ရ ခက်သည်။ ယခုအခါတွင်မူ တစ်ချက်တည်းဖြင့် တွားသွားကောင်ကဲ့သို့ အရှင်လတ်လတ် ဝါးစားခံလိုက် ရလေသည်။
*ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ*
သို့ရာတွင် ဤမျှနှင့် မပြီးသွားသေးချေ။ အနားမှ ထိုက်ကူနဂါးမျိုးနွယ် သုံးယောက် ထိတ်လန့်နေချိန်တွင် မရဏ အငွေ့အသက်က သူတို့ထံ ကျရောက်လာသည်။
ကျွိ! ကျွိ!
တကျွိကျွိသံ ထွက်ပေါ်လာပြီးနောက် ထိုက်ကူနဂါးမျိုးနွယ် သုံးယောက်သည် ခြေထောက်အောက်မှ မြေကြီးက စူထွက်လာသည်ဟု ခံစားမိသွားသည်။ ထို့နောက် မြေကြီးက အက်ကွဲလာပြီး အထဲမှနေ၍ အဖြူရောင် အလင်းတန်းတစ်ခု ထွက်လာလေသည်။ ချွန်ထက်သော အစွယ်များက ထိုက်ကူနဂါးမျိုးနွယ် သုံးယောက်ကို ကိုက်ဖြတ်လာ၏။
“မကောင်းတော့ဘူး”
ဤအဖြစ်ကြောင့် ထိုက်ကူနဂါးမျိုးနွယ် သုံးယောက်လုံး ခြောက်ခြားသွားပြီး သေမင်း၏ စိုက်ကြည့်ခြင်း ခံလာရသည်ဟု ထင်မှတ်ကာ ကြက်သီးထသွားလေသည်။
ဝှစ်! ဝှစ်! ဝှစ်!
သုံးယောက်လုံး စဉ်းစားချိန်မရတော့ဘဲ နဂါးအဖြစ်သို့ ပြန်ပြောင်း၍ ထွက်ပြေးလိုက်သည်။ သူတို့ ပုံစံပြောင်းပြီးသည်နှင့် နဂါးတစ်ကောင် ဘေးသို့ အဖြူရောင် အလင်းတန်းတစ်ခု ရောက်လာသည်။
ဂျွတ်!
ထိုက်ကူနဂါး၏ ဦးခေါင်းတစ်ခုလုံးသည် ကြောက်စရာကောင်းသော တစ်စုံတစ်ရာ၏ ကိုက်ဖြတ်ခြင်း ခံလုက်ရပြီး ဦးခေါင်းမဲ့သော နဂါးကိုယ်က အောက်သို့ ပြုတ်ကျလာသည်။
“ရောင်းရင်း”
ဤအဖြစ်ကြောင့် ကျန်ထိုက်ကူနဂါးနှစ်ကောင် စိတ်ဓာတ်ကျသွားသည်။ သူတို့အား တစ်စုံတစ်ယောက် လာကယ်စေလို့သည့် အချိန်၌ အဖြူရောင် အလင်းတန်းတစ်ခုက သူတို့အနားသို့ ဖြတ်လာသည်။
ဆုတ်ပြဲသံ အသံနှစ်သံနှင့်အတူ ထိုက်ကူနဂါးနှစ်ကောင်လုံး၏ ဦးခေါင်းများ ကိုက်ဖဲ့ခံလိုက်ရပြီး အလောင်းများက အောက်သို့ ပြန်ပြုတ်ကျလာလေသည်။
ဝုန်း!
ကျယ်လောင်လှသည့် အသံက ယင်ယန်လောကမှ သိုင်းပညာရှင်များကို ရင်တုန်သွားစေပြီး တစ်ကိုယ်လုံး တုန်လှုပ်သွားကြသည်။
အားလုံး၏ အံ့ဩနေသော အကြည့်အောက်၌ အဖြူရောင် အလင်းတန်းက ဖျတ်ခနဲ မိန်းမလှလေးအသွင် ပြောင်းသွားပြီး ယဲ့ဖန်၏ ဘယ်ဘက်၌ ပေါ်ထွက်လာသည်။
သူမပါးစပ်က တစ်ခုခုကို ဝါးနေဆဲပင်။ နဂါးသုံးကောင်၏ ဦးခေါင်းကို ဝါးနေသည်ဟု မထင်ဘဲ ဂျယ်လီ ဝါးစားနေသည်ဟု သတ်မှတ်ထားပုံရကာ အေးအေးဆေးဆေး စားနေ၏။
ထိုအခိုက်တွင် မြေကွက်လပ်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်၏ ကောင်းကင် ဘုရင်အဆင့် အကြီးအကဲ သုံးယောက်နှင့် ထိုက်ကူနဂါးမျိုးနွယ်မှ ကောင်းကင်ဘုရင်အဆင့် နဂါးသုံးကောင် တို့သည် အချိန်တိုအတွင်း အသတ်ခံရပြီး ဝါးစားခံလိုက်ရလေသည်။
ဤသည်က လူတိုင်းကို မယုံနိုင် ဖြစ်သွားစေသည်။ တစ်ခဏအကြာ၌ လူတိုင်း သတိဝင်လာပြီး မြေကွက်လပ် တစ်ခုလုံး ဆူညံ ပွက်လောရိုက်လာလေသည်။
“နတ်ဆိုးနဂါး ဖုရှန်၊ စောက်သားရဲကောင် နင်ကများ ပေါ်လာရဲသေးတယ်လား”
ဘုရင်မ ခွေရှယ်သည် ထိတ်လန့်ကာ ဒေါသထွက်နေ၏။ ထို့အတူ သူမဘေးနားမှ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ် ဘိုးဘေးကလည်း အဆုတ်ကွဲမတတ် အော်ဟစ်လေသည်။
“ထျန်းရှန်းအာ၊ မင်း … မင်း ဒီငရဲဘုံက ပုရွက်ဆိတ်ကောင်ဘက်က ကူညီပြီး ကိုယ့်လူကို သတ်လိုက်တယ်လား၊ မင်း … မင်း ရန်သူဘက်ကနေ ဒီလိုလုပ်လို့ မရဘူးလေ”
အော်သံနှစ်သံလုံး၌ ဒေါသများ ပြည့်နှက်နေ၏။ အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးသည် နတ်ဆိုးနဂါး ဖုရှန် ဖြစ်ပြီး အဖြူရောင်ဝတ်စုံနှင့် မိန်းမလှလေးက ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်မှ ကြွက်ဖြူလေး ထျန်းရှန်းအာပင်။
*ရန်သူတဲ့လား*
ထျန်းရှန်းအာသည် ဘိုးဘေးဖြစ်သူ၏ အော်သံကြောင့် မျက်နှာ မည်းမှောင်သွားလေသည်။
“ဘိုးဘေး၊ ရှင် အခုထိ အမှားအမှန် မသိသေးဘူးလား”
“ယဲ့ဖန်က ကျွန်မတို့ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ကို စော်ကားမှာ မဟုတ်ဘူး၊ ထျန်းကျန့်ဖေးက အရင် ရန်စလိုက်လို့သာ အသတ်ခံလိုက်ရတာ သေချာတယ်၊ ပြီးတော့ ဒီကိစ္စရဲ့ နောက်ကွယ်က တရားခံက အကြီးအကဲ လေးယောက်ပဲ”
“ရှင်က အကျိုးအကြောင်းကို ဂရုမစိုက်ဘဲ မဆင်မခြင်လုပ်တယ်၊ ဒါက ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်အတွက် ထိခိုက်မှုပဲ ဖြစ်လာစေမှာ”
ထျန်းရှန်းအာ၏ ဒေါသတကြီး ပြန်ချေပသော စကားကြောင့် ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်၏ ဘိုးဘေး မျက်နှာ မည်းမှောင်သွားသည်။
ထျန်းရှန်းအာက ကိုယ့်လူကို ပြန်သတ်ရုံသာမက မိမိကိုယ်ပင် ပြန်လည် ပြောဆိုရဲလိမ့်မည်ဟု သူ ထင်မထားမိချေ။
ရုတ်ချည်းဆိုသလို ဘိုးဘေး ထျန်းချန်ဇီ ဒေါသစိတ်ကြောင့် တုန်ယင်လာ၏။ သူသည်သာမက ထျန်းရှန်းအာ၏ အဘိုးဖြစ်သူ ထျန်းကျူးသည်လည်း ရှေ့ထွက်လာပြီး သုန်မှုန်နေသော မျက်နှာထားဖြင့် ထျန်းရှန်းအာကို ပြောလိုက်သည်။
“ရှန်းအာ မြန်မြန် ပြန်လာခဲ့စမ်း”
“အဲ့ကိစ္စက ယဲ့ဖန် အမှား ဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊ ဒီနေ့ သူ သေရလိမ့်မယ်၊ မင်း သူ့ကို မကယ်နိုင်ဘူး၊ ငါလည်း သူ့ကို မကယ်နိုင်ဘူး”
“ရှေးဟောင်း မျိုးနွယ်ကြီး နှစ်ခုအပြင် လူသား အရှင်သခင်နဲ့ လူကြီးမင်းပါ ရှိနေတာ၊ ယဲ့ဖန်က သေချာပေါက် အသက်ရှင်မှာ မဟုတ်ဘူး၊ အဲ့ဒါကြောင်း မင်းကိုယ်မင်း အရူးလုပ်မနေနဲ့”
ထျန်းကျူး စိုးရိမ်တကြီး ဖြစ်နေသည်။ ငရဲဘုံ၌ ထျန်းရှန်းအာကို ယဲ့ဖန် စောင့်ရှောက်ပေးခဲ့သည့်အတွက် သူ ယဲ့ဖန်ကို အလွန် ကျေးဇူးတင်ပါသည်။ သို့သော် သူ့စိတ်ထဲ၌ ယခု ယဲ့ဖန် အန္တရာယ်ထဲ ကျရောက်နေပြီး အသက်ရှင်နိုင်စရာ လမ်းမရှိဟု ထင်နေ၏။ သူ၏မြေးမလေးကိုပါ ယဲ့ဖန်နှင့်အတူ မသေစေလိုပေ။
အဘိုးဖြစ်သူ၏ စကားကြောင့် ထျန်းရှန်းအာ၏ မျက်နှာလေးက ပိုမို ပျက်ယွင်းလာ၏။ သူမမျက်ဝန်း၌ ရူးသွပ်မှုများ ပိုမို ထင်ဟပ်လာလေသည်။
“ဘိုးဘိုး အဲ့လို ပြောစရာမလိုဘူး၊ ရှန်းအာဘဝမှာ မိတ်ဆွေဆိုတာ မရှိခဲ့ဘူး၊ အခု ရှိလာတဲ့ မိတ်ဆွေကိုလည်း ကျွန်မ တစ်သက်လုံး ခင်မင်သွားမှာ”
“ကျွန်မ မိတ်ဆွေကို သတ်ချင်ရင် ကျွန်အလောင်းကို အရင်နင်းသွားမှပဲ ရမယ်”
သူမစကားက ခိုင်မာပြတ်သားလှသည်။ ရုတ်ချည်းဆိုသလိုပင် ထျန်းချန်ဇီ၊ ထျန်းကျူးနှင့် ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်များအားလုံး မျက်နှာပျက်သွားကြသည်။
“အရူးမ”
ထျန်းချန်ဇီ၏ မျက်နှာက ဒေါသကြောင့် နီမြန်းနေသည်။
“မင်းကလား၊ သူ့ကိုလား၊ ဒီပုရွက်ဆိတ်လိုကောင်တွေကိုလေ”
“သေလမ်းရှာနေတာပဲ”
ထျန်းချန်ဇီက ဆက်လက်၍ ဖျောင်းဖျချင်နေသည်။ ထိုစဉ် ရေခဲတမျှ အေးစက်သောအသံတစ်သံက ခပ်ယဲ့ယဲ့ ထွက်ပေါ်လာ၏။
“ဒါက မလုံလောက်သေးဘူးလား”
“ဒါဆို ငါတို့ပါ ပေါင်းလိုက်မယ်ဆိုရင်ရော”
ထို့နောက် နောက်ထပ် ခြောက်ခြားဖွယ်ကောင်းသော စစ်တပ်တစ်ခု ဆင်းလာကြသည်။