အခန်း ၁၀၃၄
Vol. 69 Ch. 1034
Chapter 1034 သေစေနိုင်သော တိုက်ပွဲ
ရေခဲတမျှ အေးစက်သော စကားသံအဆုံး၌ ဖိနှိပ်လွှမ်းမိုးနိုင်သည့် အရှိန်အဝါ ထွက်ပေါ်လာသည်။ အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် လူထောင်သောင်းချီသော စစ်တပ်တစ်တပ် ဆင်းလာသည်။
လူတိုင်းက သွေးဆူနေပြီး တုန်လှုပ်ဖွယ်ကောင်းသော ဖိအားမျိုး ထုတ်ဖော်နေကြသည်။ ထိုလူများ၏ အရှိန်အဝါကို ခံစားမိသည်နှင့် လူသားအရှင်သခင်၊ ဘုရင်မခွေရှယ်၊ ထျန်းချန်ဇီနှင့် အခြားသူများအားလုံး မျက်နှာပျက်ကာ မျက်ခုံးလှုပ်လာလေသည်။
“နတ်ဘုရားဗိမာန်၊ ဒါ … ဒါ နတ်ဘုရားဗိမာန်က ရှေးနတ်ဘုရားတွေရဲ့ မျိုးဆက်တွေပဲ”
နတ်ဘုရားဗိမာန်သည် ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်နှင့် ထိုက်ကူနဂါးမျိုးနွယ်ကဲ့သို့ ကျော်ကြားသော တည်ရှိမှု ဖြစ်သည်။ သူတို့သည် ဘယ်သောအခါမှ လူလုံးထွက်ပြခြင်း မရှိပါ။ သို့ရာတွင် သူတို့၏ ဂုဏ်သတင်းက နည်းနည်းလေးမျှ မှေးမှိန်သွားခြင်း မရှိပေ။
မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်တစ်လျှောက်လုံး၌ ဝိညာဉ်စား ပုရွက်ဆိတ် ဘိုးဘေး ထွက်ပေါ်လာချိန်၊ မဟာနတ္ထိ ရှေးဧကရာဇ် ထွက်ပေါ်လာချိန်နှင့် လူသား အရှင်သခင် ထွက်ပေါ်လာချိန်တို့တွင် သူတို့က မသိသလိုသာ နေခဲ့သည်။
သို့သော် နတ်ဘုရားဗိမာန်သည် ရှေးခေတ် အင်အားစုများအားလုံး၏ ကြောက်စရာကောင်းသော တားမြစ် နေရာတစ်ခု အမြဲဖြစ်နေခဲ့သည်။
ဝင်သွားသည့် မည်သူမဆို အသက်မရှင်ကြချေ။ နတ်ဘုရားဗိမာန်သည် နှစ်သန်းချီ၍ လူကြားထဲ ထွက်မလာ ကြပေ။ ယခု ထိုသူများ လူလုံး ထွက်ပြလာချေပြီ။
လက်ရှိအချိန်၌ ထောင်သောင်းချီသော ယင်ယန်လောက၏ သိုင်းပညာရှင်များအားလုံး တုန်လှုပ်ခြောက်ခြား နေကြသည်။
*မျိုးနွယ်ကြီးသုံးခုလုံး လူကြားထဲ ထွက်ပေါ်လာတာပါလား*
အထူးသဖြင့် နတ်ဘုရားဗိမာန်၏ မျိုးဆက်များက ယဲ့ဖန်၏ တပ်ဖက်၌ ရပ်လိုက်သောအခါ အားလုံး မယုံနိုင် ဖြစ်သွားကြသည်။
သူတို့သာမက ယဲ့ဖန်တောင်မှ အနည်းငယ် အံ့ဩသွားလေသည်။ ဤထောင်သောင်းချီသော နတ်ဘုရား မျိုးဆက်များက သူ့ဘက်၌ ရပ်တည်လိမ့်မည်ဟု သူသည်လည်း ထင်မထားမိချေ။
ထိုစဉ် ခြေသံတစ်သံ ထွက်ပေါ်လာပြီးနောက် အဖြူရောင်ဝတ်စုံနှင့် မိန်းမပျိုတစ်ယောက် လျှောက်လှမ်းလာ၏။ ထိုအဖြူရောင်ဝတ်စုံနှင့် မိန်းမပျိုလေးကို မြင်သည်နှင့် ထောင်သောင်းချီသော နတ်ဘုရားများက ချက်ချင်း လမ်းရှင်းပေးသလို ထိုမိန်းမပျို ဖြတ်သွားသည်နှင့် ဦးညွှတ်၍ အရိုအသေပြုကြသည်။
“ပိုင်ယီလား”
ယဲ့ဖန် အံ့ဩသွားရသည်။ ပိုင်ယီ ဤနေရာ၌ ပေါ်လာလိမ့်မည်ဟု သူ လုံးဝ ထင်မထားမိပါ။ အထူးသဖြင့် သူမ၏ အရှိန်အဝါက ကမ္ဘာတုန်လောက်သည့် ပြောင်းလဲမှုမျိုးနှင့် ကြုံတွေ့ခဲ့ရပုံပင်။ ယဲ့ဖန်တောင်မှ သူမခန္ဓာကိုယ်မှနေ၍ အန္တရာယ် အငွေ့အသက်ကို ခံစားမိနေ၏။
ထို့အပြင် နတ်ဘုရားမျိုးဆက်များ၏ ပိုင်ယီပေါ် ထားသော အပြုအမူကို မြင်ပြီး ယဲ့ဖန် တစ်စုံတစ်ရာကို သဘောပေါက်သွားသည်။ လက်ရှိတွင် ပိုင်ယီ၏ မျက်နှာလေးက အလွန် အေးစက်နေသည်။
သူမက ယဲ့ဖန်ကို အသာပြုံး၍ ခေါင်းညိတ်ပြလာသည်။ ထို့နောက် သူမက လူသားအရှင်သခင်နှင့် အခြားသူများကို လှည့်ကြည့်၍ အေးတိအေးစက် လေသံဖြင့် ပြောလိုက်သည်။
“ရှင်တို့ သူ့ကို သတ်ချင်တာလား၊ ရှင်တို့ နတ်ဘုရားဗိမာန်က ကျွန်မကို လာမေးခဲ့လား”
ထိုစကားကြောင့် လူတိုင်း ခေါင်းနပမ်းကြီးသွားလေသည်။ လူသားအရှင်သခင်နှင့် အခြားသူများ၏ မျက်နှာများသည် ခန့်မှန်းမရလောက်အောင် ပျက်ယွင်းနေ၏။
သူတို့ဘက်က သန်မာပါသည်။ သို့ရာတွင် ယဲ့ဖန်ဘက်ကလည်း အားနည်းမနေချေ။ ထောင်သောင်းချီသော နတ်ဘုရားဗိမာန်မှ လူများကိုပါ ထပ်ပေါင်းလိုက်ပါက တစ်ဖက်နှင့် တစ်ဖက် သတ်ဖြတ်ရန် ပိုခက်လာသည်။
ယဲ့ဖန်၊ ပိုင်ယီ၊ နတ်ဆိုးနဂါး ဖုရှန်၊ ထျန်းရှန်းအာ၊ မသေမျိုး ဖီးနစ်ဘုရင်အပြင် ထောင်သောင်းချီသော နတ်ဘုရားမျိုးဆက်များ၊ အလောင်းကောင်မျိုးနွယ်နှင့် နယ်မြေခုနစ်မှ စစ်သည်တော်များ။
ဤအင်အားစုကြောင့် လူသားအရှင်သခင်၊ ဘုရင်မခွေရှယ်၊ ထျန်းချန်ဇီနှင့် အခြားသူများအတွက် ဖိအားပေး ခံရသလို ခံစားလာရသည်။ ထိုစဉ် ရယ်မောသံတစ်သံ ထွက်ပေါ်လာ၏။
“ဟားဟားဟား …”
လူသား အရှင်သခင်နှင့် အခြားသူများ ရယ်သံလာရာသို့ လှည့်ကြည့်လိုက်သောအခါ ထိုသူက ရွှေရောင် သတ္တဝါ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် ဇာတ်လမ်းတစ်ပုဒ်ကို ကြည့်နေရာမှ ပိုမို စိတ်ဝင်စားလာသည့် အမူအရာမျိုး ဖြစ်နေပြီး ထီမထင်ဟန် ပြုံးကာ ရယ်မောနေသည်။
“ဆရာ”
လူသား အရှင်သခင်က ရွှေရောင်သတ္တဝါကို အရိုအသေ ပေးလိုက်သည်။ ထိုအခါ ရွှေရောင်သတ္တဝါက လက်ကာပြလာသည်။
“စိတ်ချ၊ ဒီကိစ္စကို ငါ့တာဝန် ထားလိုက်”
ရွှေရောင်သတ္တဝါက ပိုင်ယီအား စဉ်းလဲသော အမူအရာဖြင့် ကြည့်ကာ အထင်သေးစွာ ပြုံးလိုက်သည်။
“ကလေးမလေး မင်း တော်တော် မောက်မာလွန်းတာပဲ၊ မင်းကိုယ်မင်း နတ်ဘုရားဗိမာန်ကို ကိုယ်စားပြု နိုင်တယ်လို့ ထင်နေတာလား”
ပိုင်ယီ မျက်မှောင်ကြုတ်သွားပြီး တစ်စုံတစ်ရာကြောင့် စိတ်ထဲ၌ မကောင်းသော ခံစားချက်များ ရလာပြီး စိတ်ထင့်လာ၏။
ထိုစဉ် ရွှေရောင်သတ္တဝါက လက်ဝှေ့ယမ်း၍ လေဟာနယ်ထဲသို့ အော်ဟစ်လိုက်သည်။
“ဗောဓိ၊ ထွက်လာဖို့ အချိန်တန်ပြီကွ”
*နောက်ထပ် ကြောက်စရာကောင်းတဲ့ လူအိုကြီး ရှိသေးတာလား”
သိုင်းပညာရှင်များအားလုံး နားဝေတိမ်တောင် ဖြစ်လာကြသည်။
*ယင်ယန်လောကရဲ့ ပုန်းကွယ်နေတဲ့ လူအိုကြီးအားလုံးနီးပါး ရောက်လာကြတာလား*
ဗောဓိဟူသော စကားကြောင့် ပိုင်ယီ တုန်လှုပ်လာရသည်။
“ဘယ်လိုလုပ်”
ပိုင်ယီ၏ ရင်ထဲ၌ မုန်တိုင်းဝင်သကဲ့သို့ ဖြစ်နေသည်။ သူမ ကြည့်နေစဉ်မှာပင် လေဟာနယ် အက်ကွဲလာပြီး ထိုအက်ကွဲကြောင်းမှနေ၍ မီးခိုးရောင်ဆံပင်နှင့် အဘိုးအိုတစ်ယောက် ထွက်လာသည်။
ထိုအဘိုးအိုကို မြင်သည်နှင့် ပိုင်ယီ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားရသလို နတ်ဘုရားဗိမာန်မှ လူများ အားလုံး အမူအရာ ပြောင်းလဲသွားသည်။
*ဗောဓိ ဘိုးဘေး ဖြစ်နေပါလား*
“ကလေးမလေး ငါ စိတ်မကောင်းပါဘူး”
လက်ရှိတွင် ဗောဓိ ဘိုးဘေးနတ်ဘုရားသည် ပြန်လည် မွေးဖွားလာသကဲ့သို့ ရုပ်ခန္ဓာတစ်ခု ရရှိထားသဖြင့် ထိတ်လန့်စရာ ကောင်းလှသည်။ သူက ရွှေရောင်သတ္တဝါကို တစ်ချက်ကြည့်လိုက်ပြီးမှ ပိုင်ယီအား တောင်းပန် ဟန်ဖြင့် ကြည့်လေသည်။
“ကလေးမလေး၊ မင်းက ငါ့အမွေဆက်ခံသူပဲ၊ ငါ မင်းအပေါ် သိပ်မျှော်လင့်ချက်ထားတာ၊ ဒါပေမဲ့ မင်း … မင်း လူသား အရှင်သခင်နဲ့ ကောင်းကင်တာအိုရဲ့ ရန်သူ ဖြစ်မလာသင့်ဘူး”
ထိုသို့ပြောနေစဉ်တွင် ဗောဓိဘိုးဘေး၏ အကြည့်၌ ရှုပ်ထွေးဟန်များ ထင်ဟပ်နေ၏။
“မင်း နတ်ဘုရားဗိမာန်က လူတွေကိုခေါ်ပြီး အဆုံးသတ်သွားတာကို ငါ ထိုင်ကြည့်မနေနိုင်ဘူး၊ အဲ့ဒါကြောင့် ငါ ကျင်းတောက်ယိုရဲ့ အပေးအယူကို လက်ခံလိုက်တာ”
“သူက ယန်စွမ်းအင်ကိုသုံးပြီး ငါ့ကို ခန္ဓာကိုယ် ဖွဲ့စည်းနိုင်ပြီး အသက်ပြန်ရှင်အောင် လုပ်ပေးခဲ့တယ်၊ ငါ နတ်ဘုရားဗိမာန်က နတ်ဘုရားတွေကို ခမ်းနားထည်ဝါလာအောင် ဦးဆောင်သွားမှာ”
“မင်း ဆန္ဒရှိတယ်ဆိုရင် အခု လာခဲ့၊ မင်းက နတ်ဘုရားဗိမာန်ရဲ့ အရှင်သခင်ဖြစ်တဲ့ ငါ့ရဲ့ တပည့် ဖြစ်နေတုန်းပဲလေ”
ဗောဓိဘိုးဘေး နတ်ဘုရား၏ စကားကြောင့် ပိုင်ယီ တုန်လှုပ်သွားရသည်။ သူမ အလွန် လေးစားရသည့် ရှေးဟောင်း စိတ်ဝိညာဉ်၊ ဗောဓိ အမွေအနှစ်ကို သင်ကြားပေးခဲ့သူက ခန္ဓာကိုယ် ပြန်လည် ဖွဲ့စည်းနိုင်ရန်အတွက် သူမကို သစ္စာဖောက်၍ လူသား အရှင်သခင်ဘက် ခိုလှုံသွားလိမ့်မည်ဟု ထင်မထားမိပေ။
“ဘိုးဘေး နတ်ဘုရား၊ ရှင် ကျွန်မကို အရမ်း စိတ်ပျက်စေခဲ့ပြီပဲ”
ပိုင်ယီ၏ မျက်နှာလေးက သုန်မှုန်ကာ စိတ်ရှုပ်ထွေးနေ၏။ သူမက ဗောဓိဘိုးဘေးကို တစ်ကြိမ် ဦးညွှတ်၍ အရိုအသေ ပေးလိုက်သည်။
“ဒီဦးညွှတ်မှုက ရှင်ရဲ့ အမွေအနှစ်အတွက် ကျေးဇူးတင်တဲ့အနေနဲ့ အရိုအသေ ပေးတာပါ”
ပိုင်ယီက ဗောဓိဘိုးဘေးကို နောက်ထပ် နှစ်ကြိမ် အရိုအသေ ထပ်ပေးလိုက်သည်။
“အခုကစပြီး ဘိုးဘေးနဲ့ ကျွန်မတို့ ကိုယ့်လမ်းကိုယ် ရွေးချယ်ကြတာပေါ့”
ထိုစကားကြောင့် ဗောဓိဘိုးဘေး မျက်နှာပျက်သွားသည်။ နတ်ဘုရားဗိဗာန်၏ အရှင်သခင်နေရာကို သူ ပေးသော်လည်း ပိုင်ယီက ယောက်ျားတစ်ယောက်အတွက် မိုက်ရူးရဲဆန်ကာ သေလမ်းကို ရွေးချယ်လိမ့်မည်ဟု သူ ထင်မထားမိချေ။
“ကောင်းပြီလေ၊ ခေါင်းမာတဲ့ ကလေးမပဲ၊ မင်းက ငရဲဘုံကကောင်ကို အဖော်ပြုပြီး အတူသေချင်မှတော့၊ ဒီဘိုးဘေးက မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်”
ထို့နောက် ဗောဓိဘိုးဘေးက တစ်သောင်းသော နတ်ဘုရားမျိုးဆက်များကို ကြည့်လိုက်သည်။
“မင်းတို့တွေ မလာသေးဘဲ ဘာလုပ်နေတာလဲ”
ထိုစကားကြောင့် ရှေးဟောင်း နတ်ဘုရားမျိုးဆက်များအားလုံး တုန်ယင်သွားသည်။ သူတို့၏ စိတ်ထဲတွင် ဗောဓိဘိုးဘေးသည် နတ်ဘုရားဗိမာန်အားလုံး၏ သင်္ကေတဖြစ်သလို နတ်ဘုရားများအားလုံး၏ ဂုဏ်ကျက်သရေ လည်း ဖြစ်သည်။ ယခု သူက ပြန်လည်မွေးဖွားလာသဖြင့် သူ၏စကားများက နတ်ဘုရားအမိန့်တော်ကို ကိုယ်စားပြု လေသည်။။
ရှေးဟောင်း နတ်ဘုရားမျိုးဆက်များအားလုံး သုန်မှုန်နေသော မျက်နှာများဖြင့် ထွက်လာကြသည်။ သူတို့သည် ပိုင်ယီကို အရင်ဦးညွှတ်လိုက်ပြီးမှ ဗောဓိဘိုးဘေးနောက်၌ သွားရပ်လေသည်။
တစ်ထောင်၊ ငါးထောင်၊ ရှစ်ထောင်။ ရှေးဟောင်း နတ်ဘုရားမျိုးဆက်များ တစ်သုတ်ပြီးတစ်သုတ် ပိုင်ယီကို တောင်းပန်၍ လူသား အရှင်သခင်ဘက်၌ သွားရပ်ကြလေသည်။
တစ်ခဏအတွင်းမှာပင် တစ်သောင်းသော ရှေးဟောင်းနတ်ဘုရားမျိုးဆက်များထဲမှ ရာဂဏန်းမျှလောက်သာ ပိုင်ယီနောက်၌ ကျန်ရစ်ခဲ့သည်။
လက်ရှိတွင် နှစ်ဖက်လုံး၏ အခြေအနေက ရှင်းလင်းသွားလေသည်။ ယဲ့ဖန်ဘက်၌ ပိုင်ယီ၊ နတ်ဆိုးနဂါး ဖုရှန်၊ ထျန်းရှန်းအာ၊ မသေမျိုး ဖီးနစ်ဘုရင်၊ အလောင်းကောင်ဘုရင် ခြောက်ပါးနှင့် ရှေးဟောင်းနတ်ဘုရား မျိုးဆက်အချို့သာ ကြောက်စရာကောင်းသော ခွန်အားများ ရှိကြသည်။
သာမန် အလောင်းကောင်မျိုးနွယ်များနှင့် နယ်မြေခုနစ်မှ သိုင်းပညာရှင်များသည် လူသားအရှင်သခင်နှင့် အခြားသူများ၏ အမြင်၌ လူရာမဝင်ချေ။
လူသားအရှင်သခင်ဘက်မှာမူ အရှိန်အဝါက ကြောက်စရာကောင်းလှသည်။ ကြောက်စရာကောင်း၍ ထူးခြားသော ရွှေရောင် သတ္တဝါ၊ လူသား အရှင်သခင်၊ ဘုရင်မခွေရှယ်၊ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ် ဘိုးဘေး၊ ဗောဓိ ဘိုးဘေး နတ်ဘုရားနှင့် ရှေးဟောင်းမျိုးနွယ်ကြီး သုံးခုမှ မျိုးနွယ်ဝင်များ ရှိသောကြောင့် လူ နှစ်သောင်းနီးပါး ရှိလေသည်။ ကွာခြားချက်က ကြီးမားလှပြီး တစ်ဖက်သတ် ဖိနှိပ်နိုင်သည့် အနေအထားမျိုးပင်။