အခန်း ၁၀၃၅
Vol. 69 Ch. 1035
Chapter 1035 ကောင်းကင်ဘုံကို သတ်ဖြတ်ခြင်း စတင်မယ်
“လူသားအရှင်သခင်၊ လူသားအရှင်သခင်ရဲ့ ဆရာ၊ ဘုရင်မခွေရှယ်၊ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ရဲ့ ဘိုးဘေး၊ ဗောဓိ ဘိုးဘေးနတ်ဘုရား”
“အဲ့ဒါအပြင်ကိုမှ ရှေးဟောင်း မျိုးနွယ်ကြီးသုံးခုရဲ့ မျိုးနွယ်ဝင်တွေ၊ မြတ်စွာဘုရား … ကြောက်စရာ ကောင်းလိုက်တာ”
နှစ်ဖက်စလုံး၏ အခြေအနေကို မြင်ပြီး ယင်ယန်လောကမှ သိုင်းပညာရှင်များအားလုံး စိတ်လှုပ်ရှားဟန် ပြလာသည်။ သူတို့ဘက်မှ အနိုင်ရပြီး ယဲ့ဖန်နှင့် အခြားသူများ သေကိုသေလိမ့်မည်ဟု ထင်နေကြသည်။
လူသား အရှင်သခင်တို့ ငါးယောက်ထဲမှ မည်သူမဆိုက ယဲ့ဖန်နှင့် အခြားသူများကို ချေမှုန်းနိုင်သည့် တည်ရှိမှု မျိုးပင်။
ထိုကဲ့သို့ ပုဂ္ဂိုလ်ငါးယောက် ပူးပေါင်းထားသည့်အပြင် မျိုးနွယ်ကြီးသုံးခုမှ နှစ်သောင်းသော သိုင်းပညာရှင်များ နှင့်ဆိုလျင် တစ်ဖက်သတ် ဖိနှိပ်နိုင်သော အနေအထားပင်။ သူတို့ဘက်မှ ရှုံးနိုင်ခြေ မရှိပေ။
“ဟားဟားဟား …”
လေနတ်ဘုရားနှင့် ရေနတ်ဘုရားတို့က ခက်ထန်သော မျက်နှာများဖြင့် ရယ်နေကြသည်။ သူတို့သည် ယဲ့ဖန်အား အထင်သေး၍ ဖိနှိပ်လိုသော ပုံစံဖြင့် ကြည့်နေလေသည်။
“ဟေ့ကောင် မင်း မြင်ပြီလား၊ မင်း ဘယ်လောက် သန်မာနေပါစေ၊ မင်း ဘယ်လို နည်းလမ်းတွေ သုံးနိုင်ပါစေ၊ အခု ဘာတတ်နိုင်သေးလဲ”
“နောက်ဆုံး မင်း သေရမှာက သေရမှာပဲ”
ယခင်က နတ်ဘုရားနှစ်ပါးနှင့် ယဲ့ဖန်နှင့် အခြားသူများကြောင့် ကြောက်လန့်လုနီးပါး ဖြစ်ခဲ့ရသည်။ ယခုအခါတွင်မူ အခြေအနေက ပြောင်းလဲသွားလေပြီ။
သူတို့သည် ရင်ထဲမှ ပျော်ရွှင်မှုအား အော်ဟစ်ခြင်းဖြင့်သာ ဖွင့်ထုတ်လိုက်နိုင်သည်။ လေနတ်ဘုရားတို့၏ စကားကို ကြားပြီး ယင်ယန်လောကမှ သိုင်းပညာရှင်များအားလုံး ပိုမို စိတ်လှုပ်ရှားလာပြီး လူသား အရှင်သခင်နှင့် အခြားသူများ အောင်ပွဲရပြီဟု မြင်ယောင်ကာ လက်သီးလက်မောင်းတန်း၍ ဟစ်ကြွေးလာသည်။
“သတ်”
“သတ်”
“သတ်”
အစောပိုင်းက ယင်ယန်လောကမှ သိုင်းပညာရှင်များသည် ယဲ့ဖန်၏ အလောင်းကောင်မျိုးနွယ်နှင့် နယ်မြေခုနစ်ခုမှ သိုင်းပညာရှင်များကြောင့် ယခု လူနှစ်သောင်းကျော်မျှသာ ကျန်ရစ်ခဲ့တော့သည်။ ထို့ကြောင့် သူတို့သည် ယဲ့ဖန်နှင့် အခြားသူများကို ရန်သူများအဖြစ် သတ်မှတ်ထားခဲ့ကြသည်။
ယခု ယဲ့ဖန်နှင့် အခြားသူများ အဖြစ်ဆိုးတော့မည် ဖြစ်သောကြောင့် သူတို့ ပိုမို ပျော်ရွှင်လာရသည်။ လက်ရှိတွင် သတ်ရန် ဟစ်ကြွေးအားပေးသံများ ဆူညံနေ၏။
ဟွမ်အာ၏ နဖူးမှ ချွေးစေးများ စီးကျနေသည်။ သူမ ကြံရာမရ ဖြစ်နေရသည်။ ယဲ့ဖန်နှင့် ရင်ဆိုင်ရန်အတွက် လူသား အရှင်သခင်က ဤမျှအခြေအနေထိ ရောက်အောင် အားထုတ်ထားလိမ့်မည်ဟု သူမ ထင်မထားမိပါ။
“အစ်ကိုယဲ့ဖန်၊ အဝေးကို သွားပါ၊ ထွက်သွားပါတော့”
ဟွမ်အာ ရူးမတတ် ဖြစ်နေသည်။ သူမ အစီအရင်ကို မချိုးဖျက်နိုင်သဖြင့် ယဲ့ဖန် ဒုက္ခရောက်နေသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။
“ဟားဟားဟား …”
ထိုစဉ် ဟားတိုက် ရယ်မောသံ ထွက်ပေါ်လာ၏။ လူသား အရှင်သခင်က ရှေ့တိုးလာပြီး ရက်စက်ခက်ထန်သော အမူအရာဖြင့် ယဲ့ဖန်ကို စိုက်ကြည့်၍ ပျက်ရယ်ပြုလေသည်။
“သွားမယ်ဟုတ်လား၊ စိတ်မကောင်းပါဘူး၊ သူ ဒီကို လာပဲလာနိုင်တယ်၊ ထွက်သွားလို့ မရနိုင်ဘူး”
ထိုသို့ပြောပြီး လူသားအရှင်သခင်က လက်ဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။
“အခမ်းအနား အမိုးကို ချလိုက်တော့”
“ဟုတ်ကဲ့”
ကျန်ရှိသော ကောင်းကင်ဘုရင်အဆင့် လေးယောက်က ပြန်ဖြေလိုက်သည်။ သူတို့သည် လက်ကိုထုတ်၍ မှော်မှန်ချပ်တစ်ချပ်စီကို ထုတ်လိုက်ကြသည်။
ထိုမှန်ချပ်ပေါ်၌ ကျောချမ်းဖွယ်ကောင်းသော အရှိန်အဝါမျိုး ရှိသည့် ရဲရဲနီသော မျက်လုံးတစ်စုံကို ထွင်းထားသည်။
မှန်လေးချပ်အား ကောင်းကင်ယံ၏ အရပ်လေးမျက်နှာတစ်ခုစီ၌ နေရာချလိုက်သောအခါ ရုတ်တရက် လင်းလက်လာသည်။
မှန်လေးချပ်များ နတ်ဘုရား အလင်းလေးခု ဖြာထွက်လာပြီး ကောင်းကင်ယံ၌ ပုံပေါ်လာသည်။ ထို့နောက် ကောင်းကင်ယံ၏ လေဟာနယ်က အရည်ပျော်စ ပြုလာသည်။ နောက်ဆုံးတွင် ကောင်းကင်ယံတစ်ခုလုံး ဗလာနယ်အဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် ကောင်းကင်ယံမှ စင်မြင့်တစ်ခု ကျဆင်းလာပြီး မြေကြီးပေါ်သို့ အရှိန်ဖြင့် ကျလာသဖြင့် ဖုန်တထောင်ထောင်း ထသွားလေသည်။ အလွန် မာကျောသော မြေကွက်လပ်၌ တွင်းချိုင့်ကြီးတစ်ခု ဖြစ်ပေါ် လာ၏။
ထိုအခါတွင်မှ ထိုစင်မြင့်၌ သွေးများ ပေကျံနေသည်ကို တအံ့တဩ တွေ့လိုက်ရသည်။ စင်မြင့်တစ်ခုလုံး နှစ်ပေါင်းများစွာ သွေးများဖြင့် ပေကျံနေပုံရပြီး စင်မြင့်၏ ဘာကိုမှ သေချာ မမြင်ရချေ။
ထိုစင်မြင့် ကျလာသည်နှင့် စင်မြင့်ထံမှ ပြင်းထန်သော သွေးညှီနံ့များကို ရလိုက်သည်။ ဤစင်မြင့်၌ မရေတွက်နိုင်သော နတ်ဘုရားများ၏ အသွေးအသားတို့ကို ပူဇော်ထားပုံ ရသည်။
“မြတ်စွာဘုရား ဒါ ကောင်းကင်ဘုံကျောင်း မဟုတ်လား၊ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ သိုင်းပညာရှင် ပေါ်လာတိုင်း ဒီကောင်းကင်ဘုံကျောင်းပေါ် တင်ပြီး ကောင်းကင်တာအိုကို ပူဇော်တာလေ”
“ဟုတ်တယ်၊ ယင်ယန်လောက မွေးဖွားလာကတည်းက အခုထိ အဲ့ဘုံကျောင်းမှာ သေသွားတဲ့ လူပေါင်း တစ်သိန်းကျော်လောက် ရှိနေပြီ”
“ဒီတစ်ခါတော့ ယဲ့ဖန်ရဲ့လူတွေ ဖြစ်မယ်ထင်တယ်”
“…”
ယင်ယန်လောကမှ သိုင်းပညာရှင်များက စကားတပြောပြောနှင့် ယဇ်ပူဇော်သည့် စင်မြင့်အား အံ့ဩ ကြောက်လန့်စွာ ကြည့်နေကြသည်။ အားလုံး၏ စိတ်ထဲတွင် ယဲ့ဖန်နှင့် အခြားသူများက ဤစင်မြင့်ပေါ်၌ ဆက်သရမည့်လူများ ဖြစ်လာတော့မည်ဟု ထင်မှတ်နေလေသည်။
“ယဲ့ဖန် မင်း မြင်လား၊ ဒါ မင်းအတွက် ပြင်ထားတဲ့ အခမ်းအနားပဲ”
လူသား အရှင်သခင်၏ အကြည့်များက ခက်ထန် ကြမ်းကြုတ်လှသည်။
“လွန်ခဲ့တဲ့ နှစ်နှစ်သိန်းလုံး ဒီအရှင်သခင်က ကောင်းကင်ဘုံ ယဇ်ပူဇော်ခြင်း အခမ်းအနားကို ဆယ်ကြိမ် ကျင်းပခဲ့တယ်၊ လူပေါင်း ငါးသောင်းသုံးထောင့် ရှစ်ရာ့လေးယောက်တိတိကို သတ်ပြီး ယဇ်ပူဇော်ခဲ့ပြီးပြီ”
“မင်းက ငါးသောင်းသုံးထောင့် ရှစ်ရာ့ငါးယောက်မြောက်လူပဲ”
လူသား အရှင်သခင်၏ စကားများက အလွန် အထက်စီးဆန်လှသည်။ ထိုစကားအဆုံး၌ သိုင်းပညာရှင်များ အားလုံး ရှေ့သို့တက်လာကြသည်။
လက်ရှိတွင် ပိုင်ယီ၊ နတ်ဆိုးနဂါး ဖုရှန်၊ ထျန်းရှန်းအာသာမက မသေမျိုး ဖီးနစ်ဘုရင်ပါ မျက်နှာသုန်မှုန်နေသည်။ သူတို့၏ မျက်လုံး၌ မိုက်ရူးရဲဆန်သော အမူအရာများ ထင်ဟပ်နေ၏။ အားလုံး ဆုံးဖြတ်ချက် တစ်ခုကို ပြတ်ပြတ်သားသား ချထားပြီးပုံရသည်။
“ရောက်ခါနီးပြီပဲ”
ယဲ့ဖန်သည် ထိုသို့ ရေရွတ်လိုက်ပြီးသည်နှင့် အခြားသူများကို လေးနက်စွာ စိုက်ကြည့်၍ ပြုံးလိုက်သည်။
“ဒီလိုဆိုမှတော့ ငါ မင်းတို့ကို တမလွန်လမ်းကို ပို့နိုင်ပြီနဲ့တူတယ်”
*ဘာ*
လူသားအရှင်သခင်နှင့် အခြားသူများအားလုံး အံ့ဩသွားလေသည်။ ယဲ့ဖန်က ဤသို့သော အခြေအနေသို့ ရောက်နေသော်လည်း ထိုသို့ မောက်မာထောင်လွှားသော စကားမျိုး ပြောရဲလိမ့်ဦးမည်ဟု သူတို့ ထင်မထားမိချေ။
သူတို့သည်သာမက ယင်ယန်လောက၏ သိုင်းပညာရှင်များအားလုံးသည်လည်း ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
“ဟားဟားဟား … ရယ်ရလွန်းလို့ သေတော့မှာပဲကွာ၊ ဒီကောင်က သေခါနီး ဖြစ်နေတာတောင် လူသား အရှင်သခင်ကို တမလွန် ပို့ချင်တယ်လို့ အရူးလို ပြောနေသေးတယ်”
“ဟုတ်ပါ့၊ အရူး၊ သူ ကြောက်လွန်းလို့ ရူးသွားတာ နေမယ်”
“…”
လူတိုင်း ခေါင်းတခါခါ ဖြစ်နေကြသည်။ ဘယ်သူမှ ယဲ့ဖန်၏ စကားကို မယုံကြချေ။ အထူးသဖြင့် လေနတ်ဘုရားနှင့် ရေနတ်ဘုရားတို့ပင်။ နှစ်ယောက်သား အူနာမတတ် ရယ်မောနေ၏။ သူတို့စိတ်ထဲတွင် ယဲ့ဖန်အား လူပြက်ဖြစ်သွားပြီဟု ထင်နေကြလေသည်။
သို့ရာတွင် ယဲ့ဖန်က ဘေးပတ်လည်မှ မထီမဲ့မြင် စကားများကို မသိကျိုးကျွန်ပြုထားသည်။ ဆင်တစ်ကောင်က ပုရွက်ဆိတ်များ၏ စကားကို ဂရုမစိုက်သလိုပင်။
သူသည် လူသားအရှင်သခင်နှင့် အခြားသူများကို သွေးဆာသော အကြည့်မျိုးဖြင့် ကြည့်နေသည်။
“ငါ မင်းတို့အားလုံးကို ဘာလို့ ချက်ချင်း မသတ်ပစ်တာလဲဆိုတာကို မသိဘူးမလား”
“ဘာလို့လဲဆိုတော့ အဲ့လောက်လေးနဲ့ မလုံလောက်သေးလို့၊ သူတို့တွေ ရောက်မလာသေးလို့”
ထိုသို့ပြောပြီး ယဲ့ဖန်က ဤနေရာ၊ ဤကောင်းကင်ယံအား တစ်ချက် ကြည့်လိုက်သည်။
“ဒီကောင်းကင်က ညစ်ညမ်းနေပြီဆိုတော့ သွေးနဲ့ ဆေးကြောဖို့ လိုနေပြီ”
“ဒီမြေက ညစ်ညမ်းနေလို့ သေခြင်းတရားနဲ့ပဲ ဆေးကြောနိုင်တော့မယ်”
ယဲ့ဖန်၏ စကားလုံးများက အရိုးကွဲမတတ် အေးစက်လှသည်။
“ငါ မင်းတို့အားလုံး စုဝေးတာကို စောင့်နေတာ၊ ဒါမှ မင်းတို့အားလုံးကို ငရဲဆီပို့နိုင်မှာလေ”
သူ၏စကားအဆုံး၌ လူတိုင်း ထိတ်လန့်သွားကြသည်။ ထိုစဉ် ယဲ့ဖန်က လက်ကိုမြှောက်၍ ခြေထောက်အောက်မှ မြေကြီးအား အားဖြင့် ရိုက်ချလိုက်သည်ကို တွေ့လိုက်ရသည်။
“ထွက်လာတော့”
“ကောင်းကင်ဘုံကို သတ်ဖြတ်ခြင်း စတင်ပြီ”
ဝုန်း! ဝုန်း! ဝုန်း!
ထိုစကားအဆုံး၌ ယင်ယန်လောက၏ မြေဆီလွှာတစ်ခုလုံး ပရမ်းပတာ ဖြစ်လာ၏။
ဂျွတ်!
ယင်ယန်လောက၏ မြေဆီလွှာ၌ သေးငယ်သော အက်ကြောင်းများ ဖြစ်ပေါ်လာလေသည်။ ငလျင် လှုပ်သည် ဟုပင် ထင်မှတ်မှားရသည်။ ထိုအက်ကြောင်းများအတွင်းမှ အေးစက်သော အငွေ့အသက်များ ဆက်တိုက် ပျံ့လွင့် လာလေသည်။ မြေကြီးထဲမှ ကြောက်စရာကောင်းသော တစ်စုံတစ်ရာ ကုန်းထွက်လာတော့မည့်ပုံပင်။
နောက်ဆုံးတွင် မြေကွက်လပ်ဘေးနားမှ ယင်ယန်လောက၏ မြေဆီလွှာများ အက်ကွဲပျက်စီးသွားလေသည်။ ထို့နောက် လူတိုင်းရှေ့သို့ ကြီးမား၍ မယှဉ်သာသော နေရာလပ်တစ်ခု ပေါ်ထွက်လာလေ၏။
စာစဉ် ၆၉ ဤတွင် ပြီးပါပြီ။