← Chapters

အခန်း ၁၀၄၀

Vol. 70 Ch. 1040

အခန်း ၁၀၄၀

Vol. 70 Ch. 1040

Chapter 1040 မင်းအမေ

“သခင်တဲ့လား”

ထိုရွှေရောင်သတ္တဝါအား လူသား အရှင်သခင်၏ ဆရာဟု ဤနေရာ၌ ရှိနေသူအားလုံး သိထားကြသည်။ ထိုသို့ကြောက်စရာကောင်းသော သတ္တဝါက ကောင်းကင်ထက်သို့ မော့ကြည့်၍ သခင်ဟု ဟစ်အော်လိမ့်မည်ဟု လူတိုင်း မယုံနိုင်ကြချေ။

*ရွှေရောင်သတ္တဝါထက် ပိုကြောက်စရာကောင်းတဲ့ အရာမျိုး ရှိနေတာလား*

ဤသို့တွေးမိပြီးနောက် လေနတ်ဘုရားနှင့် ရေနတ်ဘုရားတို့ နားဝေတိမ်တောင် ဖြစ်သွားကြသည်။ ထျန်းချန်ဇီနှင့် ဘုရင်မခွေရှယ်တို့သည်လည်း မယုံနိုင် ဖြစ်နေကြသည်။ လူသား အရှင်သခင်နှင့် ဗောဓိဘိုးဘေး နတ်ဘုရားတို့သာ စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလေသည်။

“အဲ့ဒီလူ ပေါ်လာတော့မှာလား”

“ကောင်းကင်တာအို...လို့ခေါ်တဲ့သူကလေ”

ဗောဓိဘိုးဘေး နတ်ဘုရား၏ မျက်နှာ၌ ကြောက်လန့်သွေးပျက်ဟန်များဖြင့် ပြည့်နှက်နေသည်။ သူ ပိုင်ယီကို သစ္စာဖောက်၍ လူသားအရှင်သခင်ဘက်သို့ ပူးပေါင်းလိုက်ရသည့် အရေးအကြီးဆုံး အကြောင်းပြချက်ကလည်း ကောင်းကင်တာအိုကြောင့်ပင်။

ကောင်းကင်တာအို ဤသို့ ရောက်လာလျင် ကောင်းကင်ဘုံ ဆန့်ကျင်သောသူများအားလုံး ပျက်သုဉ်းသွားပေမည်။ ဤသည်မှာ ထာဝရ အမှန်တရားပင်။

လက်ရှိအချိန်၌ ဗောဓိဘိုးဘေး နတ်ဘုရားသည် ကြောက်လန့်တုန်ယင်စွာဖြင့် မြေကြီးပေါ်မှ တွားသွား၍ ထလာသည်။

လူသားအရှင်သခင်ကမူ အကျည်းတန်သော မျက်နှာထားမျိုး ဖြစ်နေသည်။ သူသည် သရော်ပြုံး ပြုံး၍ ယဲ့ဖန်ကို လှမ်းကြည့်လိုက်သည်။

“ဟားဟားဟား ... ယဲ့ဖန်၊ ယန်ဝမ် ဟင်းလင်းပြင်က လူတွေကို မင်း ခေါ်ထုတ်လာနိုင်တာနဲ့ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်မယ်လို့ မင်း ထင်နေတာလား”

“အရူး၊ ငါတို့ မင်းကို သတ်တော့မှာ၊ ဒါ ကောင်းကင်ဘုံရဲ့ အလိုတော်ကွ၊ ကောင်းကင်ဘုံရဲ့ ဆန္ဒ”

ထိုသို့ပြောနေချိန်တွင် လူသား အရှင်သခင်၏ အပြုံးက ပို၍ပီပြင်လာ၏။

“ကောင်းကင်ဘုံ ဆန့်ကျင်သူတို့၊ ပျော်ပျော်ကြီး ခံစားလိုက်တော့၊ ဘာလို့လဲဆိုတော့ ဒါက မင်းရဲ့ နောက်ဆုံးအချိန် ဖြစ်နေလို့ပဲ၊ ဟားဟားဟား ...”

လူသားအရှင်သခင်၏ အပြုံးက ကြောက်စရာကောင်းလှသည်။ ထိုစဉ် ကောင်းကင်ယံတစ်ခုလုံး အရောင်ပြောင်း လာသည်။ ကောင်းကင်ယံမှ မိုးခြိမ်းသံနှင့်အတူ မိုးကြိုးလျှပ်စီးများ လက်လာပြီး ဥပဒေသများ ပျက်စီးလာသည်။

ကြောက်စရာကောင်းသော တစ်စုံတစ်ရာ မွေးဖွားထွက်ပေါ်လာတော့မည်ဟု ထင်မှတ်ရသည်။ ဤမြင်ကွင်း ကြောင့် အောက်ဘက်ရှိ လူများအားလုံး တိုက်ခိုက်နေရာမှ ရပ်တန့်သွားသည်။

မဟာနတ္ထိ ရှေးဧကရာဇ်၊ ရှေးဟောင်း နတ်မင်းသုံးပါး၊ အရိုးဖြူ တမန်တော် ခုနစ်ဆယ့်နှစ်ပါးနှင့် အရိုးဖြူ စစ်သူကြီးများနှင့် ကောင်းကင်စစ်သည်တော်များအားလုံး မျက်နှာ လေးနက်သွားသည်။

ဘယ်အရာ ရောက်လာတော့မလဲ သူတို့ သိနေသည်။ ဤသည်က အတိတ်တုန်းက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း တိုက်ပွဲလိုပင်။

ယဲ့ဖန်သည်လည်း အကြည့်များက စူးရှအေးစက်နေပြီး အာရုံစူးစိုက်မှုအပြည့်ဖြင့် ကြည့်နေ၏။

“နောက်ဆုံးတော့ ခင်ဗျားနဲ့ ထပ်ဆုံရတော့မှာပေါ့”

ကောင်းကင်ဘုံ သတ်ဖြတ်ခြင်း တိုက်ပွဲက မည်မျှ ဝမ်းနည်းဖွယ်ကောင်း၍ ဆိုးရွားလှသည်ကို ယဲ့ဖန် ရှင်းလင်းစွာ မှတ်မိနေပါသေးသည်။

သူတို့သည်သာ အပြင်းအထန် ဒဏ်ရာရရုံတင်မကဘဲ ကောင်းကင်တာအိုသည်လည်း အပြင်းအထန် ဒဏ်ရာ ရခဲ့သည်။

လက်ရှိအချိန်တွင် ဟွမ်အာသည် ကြောက်စရာကောင်းသော ဘေးအန္တရာယ်တစ်ခု ဖြစ်ပွားလာတော့မည်ဟု ခံစားမိကာ မျက်နှာ ဖြူရော်လာ၏။

“အစ်ကိုယဲ့ဖန်၊ အဲ့ဒါကြီးက ဘာကြီးလဲဟင်”

ဟွမ်အာ တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်းထကာ နဖူးမှ ချွေးစေးများ စီးကျလာလေသည်။ ဟွမ်အာ၏ အမေးကြောင့် ယဲ့ဖန်၏ အကြည့်များက ပို၍ လေးနက်လာသည်။

“ကောင်းကင်တာအို၊ ပြီးတော့ သူက သင်္ချိုင်းစောင့်”

“ငါတို့ရှိနေတဲ့ နေရာကမှ တကယ့် ငရဲဘုံအစစ်ပဲ၊ ငရဲဘုံရဲ့ အပြင်ဘက်ကို ယန်နယ်မြေလို့ ခေါ်တယ်”

“ငရဲဘုံက လူအားလုံးက ယန်နယ်မြေကလူတွေ ဖမ်းဆီးထားတဲ့ ခြံမွေးတိရစ္ဆာန်တွေပဲ၊ အဲ့ထက် မပိုဘူး”

ထိုသို့ ရှင်းပြနေချိန်တွင် ယဲ့ဖန်၏ မျက်လုံးများက ပိုမို အေးစက်လာ၏။ သူသည် တင်းမာခက်ထန်သော အမူအရာဖြင့် ကောင်းကင်ယံကို စိုက်ကြည့်နေသည်။

“ယန်နယ်မြေက ငါတို့အပေါ် ကောင်းကျိုးမပြုဘူး၊ အရာအားလုံးကို ခွေးတစ်ကောင်လိုပဲ သတ်မှတ်ထားတယ်၊ ယန်နယ်မြေက မတရားတဲ့ကောင်တွေက ငါတို့ ငရဲဘုံကို သားသတ်ရုံအဖြစ်ပဲ အသုံးပြုတယ်”

“ဒီတိုက်ပွဲကို ကောင်းကင်ဘုံ သတ်ဖြတ်ခြင်းလို့ ခေါ်တယ်”

ယဲ့ဖန်သည် ထိုသို့ပြောပြီးသည်နှင့် ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ ဤသည်ကိုကြည့်ပြီး လူသားအရှင်သခင်နှင့် အခြားသူများသည် စိတ်လှုပ်ရှားလာကြသည်။ ရှေးခေတ်သို့ ပြန်ရောက်သွားသကဲ့သို့ ထင်မှတ်ကာ သွေးပွက်ပွက် ဆူလာ၏။

“ကောင်းကင်ဘုံ သတ်ဖြတ်ခြင်း”

“ကောင်းကင်ဘုံ သတ်ဖြတ်ခြင်း”

“…”

ရူးမတတ် ကြွေးကြော်သံများ ပဲ့တင်ထပ်၍ ထွက်ပေါ်နေသည်။ လူတိုင်း တိုက်ခိုက်ရမည်ကို ဂုဏ်ယူနေကြသည်။ ဤတိုက်ပွဲဖြစ်စဉ်အား ငရဲဘုံ၏ သမိုင်းမှတ်တမ်း၌ ထည့်သွင်းဖော်ပြခြင်း ခံရတော့မည်ကို သူတို့ သိနေသည်။

ထိုစဉ် ယဲ့ဖန်က ဆေးတစ်လုံးကို ထုတ်၍ ဟွမ်အာကို ပေးလိုက်သည်။ ထို့နောက် ဆေးပုလင်းတစ်ချို့ကို ထုတ်၍ နတ်ဆိုးနဂါး ဖုရှန်၊ ပိုင်ယီနှင့် အခြားသူများထံ ပစ်ပေးလိုက်သည်။

“သောက်လိုက်၊ ဒါက မင်းတို့ဝိညာဉ်ကို ကာကွယ်ပေးလိမ့်မယ်”

*ဝိညာဉ်ကို ကာကွယ်ပေးလိမ့်မယ်တဲ့လား*

ထိုစကားကြောင့် နတ်ဆိုးနဂါး ဖုရှန်နှင့် အခြားသူများ တုန်လှုပ်သွားကြပြီး လက်ရှိကိစ္စက မည်မျှ အရေးကြီးသည်ကို နားလည်သွားကြသည်။

ထို့နောက် လူတိုင်း တွေဝေမနေဘဲ ဆေးတစ်လုံးဆီ ထုတ်သောက်လိုက်ကြသည်။ သူတို့သည်သာမက ကောင်းကင်ယံမှ မဟာနတ္ထိ ရှေးဧကရာဇ်၊ ရှေးဟောင်း နတ်မင်းသုံးပါး၊ အရိုးဖြူ တမန်တော် ခုနစ်ဆယ့်နှစ်ပါးနှင့် ထောင်သောင်းချီသော အရိုးဖြူ စစ်သူကြီးများနှင့် ကောင်းကင်စစ်သည်တော်များလည်း ပြင်ဆင်ထား ကြသည့်ပုံပင်။ ယန်ဝမ်ဟင်းလင်းပြင်မှ လူများအားလုံး ဆေးလုံးများကိုထုတ်၍ သောက်နေကြသည်။

ဤမြင်ကွင်းကိုကြည့်ပြီး ရွှေရောင် သတ္တဝါက သရော်ပြုံး ပြုံးလိုက်သည်။

“ဟားဟားဟား … အရူးတွေ၊ ယန်ဝိညာဉ်ဆေးလုံး ပေါ်လာတာနဲ့ ကောင်းကင်ဘုံ ဆန့်ကျင်သူ သုတ်သင်ခြင်း စစ်ပွဲတုန်းကလို စိတ်ဝိညာဉ် မသေဆုံးဘဲ နောက်ဆုတ်နိုင်မယ်လို့ ထင်နေတာလား”

“ဟာသပဲ၊ ငါ မင်းတို့ကို ပြောရမှာတော့ အားနာတယ်ကွာ၊ ဒီနေ့ ကောင်းကင်တာအိုသခင်က အရင်တုန်းကလို မဟုတ်တော့ဘူး”

“ဒီတစ်ခေါက် ကောင်းကင်ဘုံ ယဇ်ပူဇော်ခြင်း အခမ်းအနားက ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ မင်းတို့အားလုံးကို ရှင်းလင်းပစ်ဖို့ကွ၊ ယန်ဝိညာဉ်ဆေးလုံးကတောင် မင်းတို့ကို ကာကွယ်နိုင်မှာ မဟုတ်ဘူး၊ ဟားဟားဟား …”

ရွှေရောင်သတ္တဝါက အပြုံးကြီးပြုံးနေသည်။ သူသည် ယဲ့ဖန်နှင့် အခြားသူများ၏ ဆိုးရွားလှသော အဆုံးသတ်ကို မြင်ယောင်နေပုံ ရသည်။

ဝုန်း!

ရွှေရောင်သတ္တဝါ၏ စကားအဆုံး၌ ကောင်းကင်ယံတစ်ခုလုံး ပေါက်ကွဲပွင့်ထွက်လာသည်။ ထို့နောက် အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ကောင်းကင်တွင် ကြောက်စရာကောင်းလှသည့် ရဲရဲနီနေသော မျက်လုံး တစ်စုံ ထွက်ပေါ်လာလေသည်။

ထိုမျက်လုံးသည် ကြီးမားလွန်းလှသဖြင့် ကောင်းကင်ယံအပြည့် ဖုံးလွှမ်းနေသည်။

ထိုမျက်လုံးသည် ရှေးဟောင်း သိုင်းပညာရှင်များ၏ အလောင်းများမှကဲ့သို့ သွေးသဖွယ် ရဲရဲနီ၍ ခက်ထန် ကြမ်းကြုတ်လှသည်။

ထိုမျက်လုံးကို လူအများ တစ်ချက်ကြည့်လိုက်မိသည်နှင့် စိတ်ဝိညာဉ် ပျောက်ဆုံးတော့မလို ခံစားလိုက်ရသည်။ ကြောက်စရာကောင်းသော ထိုမျက်လုံးအိမ်၌ အဆုံးမသတ်နိုင်သော ဥပဒေသများ ပါဝင်နေသလိုပင်။ ၎င်းမျက်တောင် တစ်ချက်ခတ်လိုက်သည်နှင့် လောက၏ သက်ရှိများကို သုတ်သင်နိုင်ပေသည်။

“ဟင်း … မဆိုးဘူးပဲ၊ မဆိုးဘူး”

ထိုကြောက်စရာကောင်းသော မျက်လုံးအိမ်မှနေ၍ မိစ္ဆာဆန်၍ အေးစက်သော အသံတစ်သံ ထွက်လာသည်။

“ဒီတစ်ခေါက် အခမ်းအနားမှာ ဒီလောက် အရသာရှိတဲ့ ငရဲဘုံသားတွေ အများကြီး ရှိနေလိမ့်မယ်လို့ ငါ ထင်မထားဘူး”

“ကောင်းကင်ဘုံ ဆန့်ကျင်သူတွေ၊ မင်းတို့ သေဖို့ အဆင်သင့်ပဲလား”

*သေဖို့ အဆင်သင့်ပဲလား*

ထိုစကားကြောင့် လူတိုင်း ခန္ဓာကိုယ် တုန်ယင်လာပြီး မျက်နှာထားများ ဖြူရော်လာ၏။ ဤအသံက လူတိုင်းအား ဦးညွှတ်ချင်စိတ် ဖြစ်လာအောင် လုပ်ဆောင်နိုင်ကြောင်း လူတိုင်း သတိထားမိသွားသည်။

ထိုမျက်လုံးတစ်စုံသည် ယဲ့ဖန်ရှိရာသို့ စူးစိုက်ကြည့်လာပြီး လူပြက်တစ်ယောက်ကို ကြည့်သကဲ့သို့ လှောင်ပြောင် ပျက်ရယ်ပြုလေသည်။

“ငရဲဘုံက ပုရွက်ဆိတ်ကောင်၊ မင်းကို ငါ မှတ်မိတယ်”

“အရင်တုန်းက မင်း ငါ့ကို ဒဏ်ရာရအောင် လုပ်ခဲ့ပြီးတော့ သေလုနီးပါး ဖြစ်အောင် လုပ်ခဲ့တာ”

“နှစ်ပေါင်းများစွာကြာအောင် ငါ မင်းကို စောင့်ကြည့်နေခဲ့တာ၊ မင်းအမေသာ မင်းကို စောင့်ရှောက်ပေးမနေရင် ငါ မင်းကို အကြိမ်ပေါင်းစွာ သတ်ပြီးနေလောက်ပြီ”

*အမေ*

ထိုစကားလေးနှစ်လုံးကြောင့် ယဲ့ဖန် ပြင်းထန်စွာ တုန်လှုပ်သွားရသည်။ သူ့စိတ်ထဲ ဗလာဖြစ်နေ၏။ သူ၏ တပေါ် အရှင်သခင်ဘဝ၌သာမက ငရဲဘုံမှ နတ်ဆိုးဧကရာဇ်ဘဝတွင်ပါ ဆွေမျိုးသားချင်းကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။ မိမိကိုယ်မိမိ အဖေ၊ အမေမရှိဘဲ မွေးဖွားလာခဲ့သည်ဟုတောင် ထင်ခဲ့မိသည်။

“ကျုပ်အမေ …”

ယဲ့ဖန်၏အသံက မသိမသာ အက်ကွဲနေပြီး ခက်ထန်ဖိနှိပ်လိုသော အငွေ့အသက်များ ပေါ်နေသည်။ ဤသည်ကို ကြည့်ပြီး ကောင်းကင်တာအို၏ မျက်လုံးများက ပျော်ရွှင်ကျေနပ်ပုံရသည်။

“အင်း … ကြည့်ရတာ မင်း မသိသေးဘူးနဲ့တူတယ်”

“ဟုတ်တယ်၊ မင်း တပေါ်အရှင်သခင်ဖြစ်နေတဲ့ဘဝမှာ မင်းအမေက မင်းကို စောင့်ရှောက်ခဲ့တယ်၊ မင်း နောက်တစ်ကြိမ် ပြန်မွေးဖွားလာပြီး နတ်ဆိုးမျိုးနွယ်ရဲ့ ကလေးတစ်‌ယောက် ဖြစ်လာတုန်းကလည်း မင်းအမေ မင်းကို စောင့်ရှောက်ခဲ့တယ်”

“စိတ်မကောင်းစရာက အခုကစပြီး သူ မင်းကို မစောင့်ရှောက်နိုင်တော့ဘူး၊ ဒါမှမဟုတ် သူ ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူးလို့ ပြောရမလားပဲ”

ထိုစကားများကြောင့် ယဲ့ဖန် တုန်လှုပ်သွားရသည်။

*တပေါ် အရှင်သခင်ဘဝတုန်းက သူ စောင့်ရှောက်ခဲ့တယ်*

*နတ်ဆိုးဧကရာဇ်ဘဝတုန်းကလည်း သူ စောင့်ရှောက်ခဲ့တယ်*

*ဘယ်လိုဖြစ်ရတာလဲ*

*ပြီးတော့ သူ ပြန်မလာနိုင်တော့ဘူးဆိုတာကရော*

*အဲ့ဒါ ဘာအဓိပ္ပာယ်လဲ*

All Chapters