အခန်း ၁၀၄၆
Vol. 70 Ch. 1046
Chapter 1046 ခန္ဓာကိုယ်ကို လှုပ်ခါ၍ သတ်ဖြတ်ခြင်း
“သေပေတော့”
ထိုအခိုက်တွင် လူသားအရှင်သခင်၏ ဆရာဖြစ်သူသည် လျင်မြန်စွာ ပြေးဝင်လာသဖြင့် ယဲ့ဖန်နောက်သို့ တစ်ခဏအတွင်း ရောက်ရှိသွားသည်။ သူ၏ချွန်ထက်သော လက်သည်းများက ယဲ့ဖန်၏ ကျောပေါ်သို့ ကျရောက် လာလေသည်။
ပြင်းထန်သော မရဏ အငွေ့အသက်များက ယဲ့ဖန်ကို လွှမ်းခြုံလာ၏။ အဖြစ်အပျက်က လျှပ်တစ်ပြက်အတွင်း ဖြစ်ပေါ်သွားသဖြင့် ဘေးပတ်လည်မှ လူတိုင်း မတုံ့ပြန်နိုင်ခင်မှာပင် လက်သည်းများက ယဲ့ဖန်၏ နှလုံးသားအား ထိုးဖောက်နိုင်တော့မယောင် ဖြစ်လာသည်။
“မလုပ်နဲ့”
ဟွမ်အာ ထိတ်လန့်သွားကာ စဉ်းစားမနေတော့ဘဲ သူမ၏ကိုယ်ဖြင့် ယဲ့ဖန်ကို ကာရန် ပြင်လိုက်သည်။ ဘေးပတ်ဝန်းကျင်မှ မဟာနတ္ထိ ရှေးဧကရာဇ်၊ နတ်ဆိုးနဂါး ဖုရှန်နှင့် အခြားသူများ မျက်နှာပြာနှမ်းသွားကြသည်။
“သခင်ကြီး သတိထား”
“ပထမ အရှင်သခင်၊ မြန်မြန်ရှောင်ပါ”
“…”
လူသားအရှင်သခင်၏ ဆရာဖြစ်သူက ရုတ်တရက် တိုက်ခိုက်လာလိမ့်မည်ဟု မည်သူမှ ထင်မထားကြချေ။ လူသား အရှင်သခင်တောင်မှ မသိမသာ အံ့ဩသွားရသည်။ ထို့နောက် သတိပြန်ဝင်လာပြီး ဝမ်းသာအားရ ဖြစ်သွားသည်။
“သတ် … သူ့ကိုသတ်ပစ်လိုက်၊ ဟားဟားဟား …”
လူသားအရှင်သခင် အလွန်အမင်း စိတ်လှုပ်ရှားနေ၏။ ယဲ့ဖန်၏ ယခင်ဓားချက်က ရွှေရောင်သတ္တဝါများကို လုံးဝ သတ်ပစ်လိုက်နိုင်သဖြင့် သူ ကြောက်လန့်ခဲ့ရသည်။ သူ့စိတ်ထဲ၌ ကြောက်စိတ်နှင့် စိုးရိမ်စိတ်များ စိုးမိုးနေ၏။
ယခု ဆရာဖြစ်သူက အလစ်အငိုက်ဖမ်း၍ တိုက်ခိုက်သည်က အောင်မြင်တော့မည်ကို တွေ့လိုက်ရသဖြင့် အလွန်အမင်း ဝမ်းသာသွားရသည်။
ဆရာဖြစ်သူ၏ လက်သည်းအောက်၌ ယဲ့ဖန် ဆိုးဆိုးရွားရွား သေဆုံးတော့မည်ဟု မြင်ယောင်နေ၏။ ကောင်းကင်တာအိုတောင်မှ စိတ်အေး၍ ကျေနပ်သွားသော ပုံစံမျိုး ဖြစ်လာလေသည်။
သုံးလက်မ၊ နှစ်လက်မ၊ လက်မဝက်။ ထိုအချိန်တွင် ယဲ့ဖန်၏ကျောပေါ်သို့ လက်သည်းများ ကျလာရန် လက်မဝက်သာ လိုတော့သည်။ ရှေ့သို့ အနည်းငယ် တိုးလိုက်သည်နှင့် ယဲ့ဖန်၏ နှလုံးသားကို ထိုးစိုက်နိုင် ပေတော့မည်။
“ငါ့အပိုင်၊ ဘုံကိုးပါး ယန်စွမ်းအင်က ငါ့အပိုင်ပဲ၊ ဟားဟားဟား …”
လူသားအရှင်သခင်၏ ဆရာက အလွန်အမင်း စိတ်လှုပ်ရှားနေ၏။ ထိုစဉ် ငေးငိုင်နေသော ယဲ့ဖန်က ခန္ဓာကိုယ်ကို တစ်ချက် လှုပ်လိုက်သည်။ ထိုအခါ သူ့ထံမှ စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုလှိုင်းက အလွန် ပြင်းထန်၍ ကြောက်စရာကောင်းလှသည်။
လူသားအရှင်သခင်၏ ဆရာဖြစ်သူ ပြုံးနေရာမှ တောင့်ခနဲ ဖြစ်သွားသည်။ ထိုစွမ်းအင်လှိုင်းအောက်၌ သူ၏လက်သည်းများက တစ်လက်မလေးမျှ မရွေ့တော့သည်ကို သတိထားမိသွားသဖြင့် အံ့ဩသွားရသည်။
ထို့အပြင် သူ၏လက်သည်း၌ ပင့်ကူမျှင်ကဲ့သို့ အက်ရာများ ထင်လာသည်။ လက်သည်းမှနေ၍ လက်ဝါး၊ လက်မောင်း၊ ထိုမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ အက်ရာများ ပျံ့နှံ့လာ၏။
လက်ရှိတွင် လူသားအရှင်သခင်၏ ဆရာဖြစ်သူ ကိုယ်ပေါ်၌ အက်ရာများက ပင့်ကူမျှင်သဖွယ် ထူထဲစွာ ထွက်ပေါ်နေပြီး သူ့မျက်နှာ၌ အံ့ဩ၍ မယုံနိုင်ဟန်များ စွန်းထင်းလာသည်။
“ကိုယ်ကိုခါလိုက်ရုံနဲ့ … ဒီလိုဖြစ်တာလား၊ မဟုတ်ဘူး … မဖြစ်နိုင်ဘူးကွ”
လူသားအရှင်သခင်၏ ဆရာဖြစ်သူ ကြောက်လန့်တကြား ပြောဆိုလိုက်သံအဆုံး၌ ခန္ဓာကိုယ်တစ်ခုလုံး ခြောက်သွေ့လာပြီး အက်ကွဲ၍ အမှုန့်အသွင် ပြောင်းလဲသွားလေသည်။ ထိုအမှုန့်များက လေထဲ၌ မျောလွင့် သွားနေသည်။
ဤအဖြစ်ကြောင့် ပြုံးရယ်နေသော လူသားအရှင်သည်လည်း ကြက်သေ သေသွားသည်။ ကောင်းကင်တာအို သည်လည်း မျက်မှောင်ကြုတ်သွားပြီး ထိတ်လန့်အံ့ဩဟန် ပေါ်လာသည်။
သူတို့သည်သာမက ဟွမ်အာ၊ မဟာနတ္ထိ ရှေးဧကရာဇ်နှင့် အခြားသူများလည်း နားဝေတိမ်တောင် ဖြစ်နေကြသည်။
*ကိုယ်ကိုခါလိုက်ရုံနဲ့ သတ်နိုင်တယ်လား*
သူတို့ အရာအာလုံးကို သေချာမမြင်လိုက်ရပေ။ ယဲ့ဖန် လှုပ်ရှားလိုက်သည်ဟူ၍ ခန္ဓာကိုယ်ကို တစ်ချက်မျှ လှုပ်လိုက်ရုံသာ ရှိသည်။ ထို့နောက် စွမ်းအင်လှိုင်းတစ်ခုက လူသားအရှင်သခင်၏ ဆရာဖြစ်သူအား အမှုန့်ဖြ စ်သွားစေသည်။ ဤသည်ကိုသာ သူတို့ မြင်လိုက်ရသည်။
အောက်ဘက်ရှိ အသက်ရှင်နေသေးသော ရှေးဟောင်းမျိုးနွယ်သုံးခုမှ လူများနှင့် ယင်ယန်လောက၏ သိုင်းပညာရှင်များ မယုံနိုင် ဖြစ်နေကြသည်။
လူသားအရှင်သခင်၏ ဆရာဖြစ်သူ အစွမ်းကို သူတို့ကိုယ်တိုင် မြင်ခဲ့ဖူးသည်။ ယခင်က လူသား အရှင်သခင်၏ ဆရာသည် မသေမျိုး ဖီးနစ်ဘုရင်၊ ထျန်းရှန်းအာ၊ မရဏဝိညာဉ် နတ်မင်းနှင့် ပိုင်ယီတို့၏ ပူးပေါင်းတိုက်ခိုက်မှုကို ခုခံနိုင်သေးသည်။ ယခုအခါတွင်မူ ယဲ့ဖန်ရှေ့၌ အားနည်းလွန်းနေပြီး အမှုန့်ပင် ဖြစ်သွားရသည်။
“တော် … တော်တော် ကြောက်စရာကောင်းတာပဲ၊ ဒါ ယန်နယ်မြေကလူတွေထက်တောင် ပိုသန်မာသေးတယ်”
“မြတ်စွာဘုရား၊ အရင်က ငါတို့ သတ်ချင်တဲ့လူက တော်တော် ကြမ်းတာပဲ၊ သူသာ နိုးထပြီးလာရင် ငါတို့အားလုံးကို သူ လက်လှုပ်ရုံနဲ့တင် သတ်နိုင်နေလောက်ပြီ”
“…”
ရှေးဟောင်းမျိုးနွယ်သုံးခုမှ အသက်ရှင်နေသေးသော မျိုးနွယ်ဝင်များ ထိတ်လန့်နေကြသည်။ ထျန်းကျူးဆိုလျင် တွေဝေသော အကြည့်များဖြင့် ယဲ့ဖန်ကို ကြည့်နေမိသည်။ ငရဲဘုံ၌ သူ ယဲ့ဖန်ကို ပထမဆုံး မြင်ခဲ့သောအချိန်ကို ပြန်အမှတ်ရမိသွားသည်။
ထိုစဉ်က တစ်ဖက်လူသည် အားနည်းသော ငရဲဘုံမှ ပုရွက်ဆိတ်မျှသာ ဖြစ်ပြီး ပါးစပ်ထဲ ထည့်ပြောရုံပင် မထိုက်တန်ခဲ့ပေ။
ယခုအခါတွင်မူ တစ်ဖက်လူက ခန္ဓာကိုယ်လေး လှုပ်လိုက်ရုံနှင့် ကြောက်စရာကောင်းသော သတ္တဝါအား သတ်နိုင်နေ၏။
ဤသို့ ကြီးမားသော ပြောင်းလဲမှုကြောင့် ထျန်းကျူး တုန်လှုပ်သွားရပြီး အဆပေါင်းများစွာ အိုစာသွားသလို ခံစားလိုက်ရသည်။
“ကြည့်ရတာ ငါတို့ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ် တကယ် မှားခဲ့တယ်ထင်တယ်”
လက်ရှိတွင် သူသည် မြေးမလေး ထျန်းရှန်းအာကြောင့် ကျေနပ်ဂုဏ်ယူမိသွားသည်။ အနည်းဆုံး မြေးဖြစ်သူ၏ ယူဆချက်က မှန်ခဲ့သည် မဟုတ်ပါတကား။ ယဲ့ဖန်ကဲ့သို့သော ပုဂ္ဂိုလ်မျိုး နောက်သို့ လိုက်ပါနိုင်သဖြင့် ကံကောင်း လှပေသည်။
လူတိုင်း ထိတ်လန့်နေချိန်တွင် ယဲ့ဖန်က တဖြည်းဖြည်း ခေါင်းမော့လာပြီး ကောင်းကင်တာအို၏ မျက်လုံးတစ်စုံကို လှမ်းကြည့်လာသည်။
သူသည် ရှေ့သို့ တစ်လှမ်းတိုးလာပြီး ကောင်းကင်တာအိုထံသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားသည်။ သူ၏ခြေလှမ်းတိုင်းက ကောင်းကင်တာအိုကို မသိမသာ တုန်လှုပ်စေ၏။
သူ စေခိုင်းသည့် ရွှေရောင် သတ္တဝါများပင် ကြောက်လန့်တကြားနှင့် နောက်ဆုတ်လာကြသည်။ ရွှေရောင်သတ္တဝါ များသည်လည်း ယဲ့ဖန်၏ ကြောက်စရာကောင်းပုံကိုမြင်ပြီး ခြောက်ခြားနေလေသည်။
ယဲ့ဖန် တစ်ယောက်တည်း လျှောက်လာနေ၏။ သူ့အရှေ့မှ ရွှေရောင်သတ္တဝါများမှာမူ သူ တစ်လှမ်းတိုးလာတိုင်း သွေးပျက်စွာ နောက်ဆုတ်ကြသည်။
“ချီးတဲ့မှပဲ”
ရွှေရောင်သတ္တဝါများ၏ အပြုအမူကိုမြင်ပြီး ကောင်းကင်တာအို၏ မျက်လုံး၌ ဒေါသရိပ်များ ထင်ဟပ်လာသည်။
“မင်းတို့ ဘာတွေစောင့်နေတာလဲ၊ သူ့ကို သတ်လေ၊ သူ့ကို မြန်မြန်သတ်”
“သူ့ကိုသတ်နိုင်တဲ့ ဘယ်သူ့ကိုမဆို ငါ့မျိုးနွယ်ထဲ ဝင်ခွင့်ပြုမယ်၊ ယန်နယ်မြေက ဆုလာဘက်တွေပေးမယ်”
ကောင်းကင်တာအို၏ စကားအဆုံး၌ ရွှေရောင်သတ္တဝါများ တုန်လှုပ်သွားကြသည်။ သူတို့သည် ကောင်းကင် တာအို၏ လက်အောက်ငယ်သားများ ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်တာအို၏ မျက်လုံးနောက်ကွယ်မှ မျိုးနွယ်က ယန်နယ်မြေရှိ ကျုံးကျိုးအင်ပါယာ၌ မည်မျှ ကြောက်စရာကောင်းကြောင်း သိကြလေသည်။
ထိုမျိုးနွယ်၏ မျိုးနွယ်ဝင်တစ်ယောက် ဖြစ်လာပြီး ယန်နယ်မြေ၌ ဆရာတစ်ဆူ ဖြစ်လာခြင်းသည် ကံထူးမှု ကြီးပင်။
ရွှေရောင်သတ္တဝါများသည် ကြောက်စိတ်များ ပျောက်ကွယ်သွားပြီး ဝမ်းသာစိတ်နှင့် ရက်စက် ကြမ်းကြုတ် စိတ်များ ပေါ်ပေါက်လာသည်။
ထို့နောက် စူးခနဲ အော်ဟစ်၍ ယဲ့ဖန်ထံသို့ ဒီရေအလား ပြေးဝင်သွားကြပြန်သည်။ ရွှေရောင်သတ္တဝါများ ပြေးဝင်လာပုံက တုန်လှုပ်ဖွယ်ကောင်းလွန်းလှသည်။
သို့သော် ကောင်းကင်တာအိုက ဤမျှနှင့် မကျေနပ်သေးပေ။ သူ၏မျက်လုံးတစ်စုံအတွင်း၌ ဝဲကတော့တစ်ခု ပေါ်ထွက်လာပြီး ရွှေရောင်သတ္တဝါများ ထပ်ထွက်လာပြန်သည်။
အကောင် လေးသောင်း၊ ခြောက်သောင်း၊ တစ်သိန်း။ ကောင်းကင်တာအို၏ မျက်လုံးထဲမှ ရွှေရောင်သတ္တဝါများ ထပ်ထွက်လာသဖြင့် စုစုပေါင်း အကောင်တစ်သိန်း ဖြစ်သွားလေသည်။
ဤမြင်ကွင်းကြောင့် မဟာနတ္ထိ ရှေးဧကရာဇ်နှင့် အခြားသူများ ကြက်သီးထကာ စိုးရိမ်တုန်လှုပ်လာကြသည်။ သို့သော် လူတိုင်း ထိတ်လန့်တုန်လှုပ်စရာကောင်းသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာ၏။