← Chapters

အခန်း ၁၀၄၈

Vol. 70 Ch. 1048

အခန်း ၁၀၄၈

Vol. 70 Ch. 1048

Chapter 1048 အပြင်းထန်ဆုံး တိုက်ကွက်

ရွှစ်!

ယဲ့ဖန် ဓားကိုဝင့်၍ ခုတ်ပိုင်းလိုက်ချိန်တွင် မသဲမကွဲ အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအခိုက်တွင် တစ်လောကလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။ ရွှေရောင်သတ္တဝါ အကောင်တစ်သိန်းသည် နေရာ၌ ရပ်နေကြပြီး လူသားအရှင်သခင်၏ အပြုံးသည်လည်း အေးခဲသွားလေသည်။

မဟာနတ္ထိ ရှေးဧကရာဇ်၊ ဟွမ်အာနှင့် အခြားသူများလည်း တုန်လှုပ်လာကြသည်။ အောက်ဘက်မှ ရှေးဟောင်း မျိုးနွယ်သုံးခု၏ မျိုးနွယ်ဝင်များလည်း လည်ချောင်းထဲမှနေ၍ နှလုံးခုန်ထွက်လာတော့မည်ဟု ခံစားနေရသည်။

လူတိုင်း ကောင်းကင်တာအို၏ မျက်လုံးတစ်စုံကိုသာ စိုက်ကြည့်နေမိကြသည်။ ထိုစဉ် ကောင်းကင်တာအို၏ မျက်ဆန်၌ သွေးစင်းကြောင်းတစ်ခု ပေါ်ထွက်လာပြီး သွေးများ စီးကျလာသည်ကို အားလုံး တွေ့လိုက်ရသည်။

တောက်!

ထိုသွေးစက်က မြေကွက်လပ်ပေါ်သို့ ကျရောက်လာသောအခါ မြေဆီလွှာသည် အက်ဆစ်ဖြင့် ထိခံလိုက် ရသကဲ့သို့ အရည်ပျော်ကာ တွင်းချိုင့်တစ်ခု ဖြစ်သွားလေသည်။ ထို့အတူ ကောင်းကင်ယံမှ ကျယ်လောင်သော ကြုံးဝါးသံ ဖြစ်ပေါ်လာ၏။

“အား…”

“ပုရွက်ဆိတ်ကောင်၊ မင်း … မင်းကများ ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲတယ်လား”

နှစ်ပေါင်းများစွာ ကြာပြီးနောက် ကောင်းကင်တာအိုသည် မိမိ ထပ်မံ၍ ဒဏ်ရာရလိမ့်မည်ဟု ထင်မှတ်မထားချေ။ ထို့အပြင် ယခုဓားချက်ဒဏ်ရာက လွန်ခဲ့သောနှစ်များက ကောင်းကင်ဘုံ ဆန့်ကျင်သူ သုတ်သင်ခြင်းစစ်ပွဲက ဒဏ်ရာထက် ပို၍ နာကျင်ရသဖြင့် ထိတ်လန့်သွားရသည်။

ဘုံကိုးပါး ယန်စွမ်းအင်က သူ၏မျက်ဆန်တွင်း၌ ပြင်းထန်စွာ လောင်မြိုက်နေ၏။ ခံရခက်လောက်သော နာကျင်မှုကြောင့် ကောင်းကင်တာအို ရူးမတတ် ဖြစ်နေပြီး ဒဏ်ရာကြောင့် သူ၏မျက်ဆန်က နှစ်ပိုင်းပြုတ်လုနီးပါး ဖြစ်နေသည်။

“ပုရွက်ဆိတ်ကောင် မင်း သေပေတော့”

ထိုစကားအဆုံး၌ ကောင်းကင်တာအိုသည် မျက်လုံးကိုပြန်ဖွင့်လိုက်လေသည်။ ထိုအခါ မျက်လုံးတွင်းမှ သွေးအလင်းတန်းများ ဖြာထွက်လာပြီး ယဲ့ဖန်ထံသို့ သွေးအလင်းရောင် ကျရောက်လာသည်။

ထိုသွေးအလင်းတန်း၌ မိစ္ဆာဝိညာဉ်များ ပါဝင်နေပုံရပြီး ထွက်ပေါ်လာသည်နှင့် ကောင်းကင်တစ်ခုလုံးကို ဖျက်ဆီးနိုင်သည့် စွမ်းအင်မျိုး ရှိပုံရသည်။

ထိုအခါ ယဲ့ဖန် မျက်နှာထား သုန်မှုန်သွားပြီး လက်လွတ်စပယ် မပြုမူရဲဘဲ ရှောင်တိမ်းလေသည်။ ယဲ့ဖန်၏ ရွေ့လျားနှုန်းက အလွန် လျင်မြန်လှသဖြင့် သွေးအလင်းတန်းများကို ဆက်တိုက် ရှောင်တိမ်းနိုင်၏။ သို့သော် သူ့အနောက်မှ ရွှေရောင်သတ္တဝါ အကောင်တစ်သိန်းကမူ ထိုမျှ ကံမကောင်းချေ။

သွေးအလင်းတန်းများက ရွှေရောင်သတ္တဝါများကြားထဲသို့ ကျရောက်လာသည်နှင့် စူးခနဲ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ရွှေရောင်သတ္တဝါများစွာတို့သည် သွေးအလင်းတန်းများကြောင့် အက်ဆစ်ဖြင့် အပက်ခံရသကဲ့သို့ ပျက်စီး ယိုယွင်းသွားလေသည်။

သွေးအလင်းတန်းတိုင်း၌ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ပါဝင်နေသဖြင့် ရွှေရောင် သတ္တဝါများသည် မရှောင်တိမ်းနိုင်ဘဲ အသတ်ခံလိုက်ရတော့သည်။

အကောင်တစ်ရာ၊ အကောင်တစ်ထောင်၊ တစ်သောင်း။ မရဏ အငွေ့အသက်များက အရူးအမူး ပျံ့နှံ့လာ၏။ ကျန်ရှိနေသော ရွှေရောင်သတ္တဝါများသည် ကြောက်လန့်တကြားနှင့် ထွက်ပြေးကြလေသည်။

ယဲ့ဖန်နှင့် ကောင်းကင်တာအိုတို့၏ တိုက်ပွဲသည် နတ်ဘုရားနှင့် သေမျိုး၏ တိုက်ပွဲဟု သူတို့ မှတ်ယူထားကြသည်။ သူတို့နှစ်ယောက်ထဲမှ မည်သူမဆိုသည် ၎င်းတို့အား ကလေးကစားသကဲ့သို့ သတ်နိုင်နေ၏။

ကောင်းကင်တာအို၏ မျက်လုံးထဲမှ သွေးအလင်းတန်းများက ပို၍လျင်မြန်စွာ ထွက်ပေါ်လာနေပြီး ယဲ့ဖန် ပိုပို၍ အဆောတလျင် ရှောင်တိမ်းနေရသည်။

သို့သော် ထိတ်လန့်စရာကောင်းသည့် အချက်မှာ ကောင်းကင်တာအို၏ သွေးအလင်းတန်းက ယဲ့ဖန်၏ အဝတ်စကိုပင် လောင်ကျွမ်းအောင် မပြုလုပ်နိုင်ပေ။

“သောက်ပုရွက်ဆိတ်ကောင်၊ ငါ မင်းကို မသတ်နိုင်ဘူးလို့ မထင်ဘူးကွ”

ကောင်းကင်တာအို၏ မျက်လုံးတစ်စုံသည် ရူးသွပ်မတတ် ဖြစ်နေပြီး မျက်လုံး၌ သွေးစက်များ စုဝေးလာသဖြင့် သူငယ်အိမ်တစ်ခုလုံး နီစွေးလာသည်။ ထို့နောက် မျက်လုံးထဲမှနေ၍ အနီရောင် အလင်းကွန်ရက်များ ဖြာထွက်လာ၏။

အနီရောင် အလင်းကွန်ရက်သည် ပေတစ်ထောင်နီးပါး ကျယ်ပြန်လာပြီး လေဟာနယ်ကို ဖုံးလွှမ်းကာ အရာအားလုံးကို လောင်မြှိုက်မတတ် ဖြစ်လာလေသည်။

ကောင်းကင်တစ်ခုလုံး အနီရောင်သန်းလာပြီးနောက် အတောမသတ်နိုင်သော မရဏအငွေ့အသက်ကြောင့် အောက်ဘက်မှ သက်ရှိများအားလုံး မှင်တက်နေကြသည်။

ကောင်းကင်ယံသို့ ဖုံးအုပ်နေသည့် ဤသွေးအလင်းကွန်ရက်သာ အောက်သို့ကျလာပါက မဟာနတ္ထိ ရှေးဧကရာဇ်နှင့် အခြားသူများ မဆိုထားနှင့် ယင်ယန်လောကတစ်ခုလုံးပင် လောင်မြိုက်သွားလောက်သည်။

လွှမ်းခြုံလာသော မရဏ အငွေ့အသက်များကြောင့် မဟာနတ္ထိ ရှေးဧကရာဇ်၊ ဟွမ်အာနှင့် အခြားသူများအားလုံး မျက်နှာ ပြာနှမ်းသွားလေသည်။

တစ်ချိန်က ကောင်းကင်ဘုံ ဆန့်ကျင်သူ သုတ်သင်ခြင်းစစ်ပွဲ၌ ကောင်းကင်တာအိုက ဤမျှအထိ မတိုက်ခိုက် ခဲ့ကြောင်း မဟာနတ္ထိ ရှေးဧကရာဇ် တွေးမိနေသည်။ လူသားအရှင်သခင်တောင်မှ တုန်လှုပ်နေ၏။

“ကောင်းကင် … တာအိုသခင်၊ ခင်ဗျား ဒီအရှင်သခင်ကိုပါ သတ်တော့မလို့လား”

လူသားအရှင်သခင်သည် ကောင်းကင်တာအို၏ ရူးသွပ်သော အပြုအမူကို ခံစားမိနေသည်။ ရန်သူ၊ မိတ်ဆွေဟူ၍ မခွဲခြားဘဲ သတ်ချင်သော စိတ်တစ်ခုတည်းသာ ရှိနေလေသည်။

အားလုံး တုန်လှုပ်ခြောက်ခြားနေစဉ်မှာပင် သွေးရောင်ပြောင်းနေသော ကောင်းကင်ယံမှ အနီရောင် အလင်းတန်းများ ကျရောက်လာသည်။

လေဟာနယ်တစ်ခုလုံး အက်ကွဲလာ၏။ ဤသည်က ကောင်းကင်တာအို၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုဖြစ်ပြီး အပြတ်ရှင်းသော တိုက်ကွက်ဖြစ်ကြောင်း လူတိုင်း သိလိုက်ကြသည်။

“မကောင်းတော့ဘူး”

ဤမြင်ကွင်းကြောင့် ယဲ့ဖန်၏ အမူအရာက ပိုမိုသုန်မှုန်လာသည်။ ဤသွေးအလင်းတန်းကိုသာ သူ ရှောင်ရှား လိုက်ပါက အောက်ဘက်မှ ဟွမ်အာနှင့် အခြားသူများထံ ဤအလင်းတန်း ကျရောက်သွားမည်ကို သူ သိနေ၏။

ထိုသို့ဆိုလျင် အောက်ဘက်မှ လူများအားလုံး အသတ်ခံရပေလိမ့်မည်။ ဤသည်ကို တွေးမိပြီးနောက် ယဲ့ဖန်သည် လေထဲ၌ ရပ်နေရုံသာ တတ်နိုင်ကာ နည်းနည်းလေးမျှ မရှောင်တိမ်းတော့ချေ။

ထို့နောက် သူသည် စိတ်ဝိညာဉ်ခွန်အားကို စုစည်းလိုက်ပြီး ကောင်းကင်ခွင်းခေါင်းလောင်းအား တီးလိုက်သည်။

ဒေါင်!

ခေါင်းလောင်းသံက ဝေးလံခေါင်ဖျားသော နေရာအထိ ပျံ့လွင့်သွားပြီး အချိန်နှင့် နေရာလပ်တို့ကို ရပ်တန့်သွား စေနိုင်သည့်ပုံပင်။ ရုတ်ချည်းဆိုသလိုပင် သွေးအလင်းတန်းတောင်မှ တစ်ဒင်္ဂမျှ ရပ်တန့်သွားရသည်။

ထိုအခါ ယဲ့ဖန်က ဤအခွင့်အရေးကို အသုံးချ၍ လက်ထဲမှ နတ်ဓားဖြင့် ကောင်းကင်တာအို၏ မျက်လုံးကို ခုတ်ပိုင်းလိုက်သည်။

ကောင်းကင်တာအို၏ မျက်လုံးထံသို့ ဓားချက်ဆယ်ချက်ခန့် ကျရောက်လာသည်။ ဤတိုက်ခိုက်မှုသည် ယဲ့ဖန် အစွမ်းကုန် ထုတ်သုံးထားသည့် တိုက်ခိုက်မှုပင်။

သူသည် ဘုံကိုးပါး ယန်စွမ်းအင်အားလုံးကို ဓားသွား၌ စုစည်းထားသဖြင့် ဓားသွားက ခြစ်ခြစ်တောက် ပူနေသော နေကဲ့သို့ လေဟာနယ်အား လောင်မြိုက်သွားစေသည်။

ဓားချက်ဆယ်ချက်ခန့် ထုတ်ဖော်ပြီးနောက် ယဲ့ဖန်၏ နှလုံးသားထဲတွင် အားပျက်လုနီးပါး ဖြစ်လာသည့် ခံစားချက်မျိုး ဖြစ်ပေါ်လာကာ ပါးစပ်ထောင့်မှ သွေးများပင် စီးကျလာ၏။

“အောင်မြင်မှဖြစ်မယ်”

ယဲ့ဖန်သည် သူ ထုတ်ဖောက်လိုက်သော ဓားချက်များ ကျရောက်သွားမည်ကို စောင့်ကြည့်နေမိသည်။ ဤတိုက်ခိုက်မှုပေါ်၌ သေခြင်း၊ရှင်ခြင်းနှင့် အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းတို့ မူတည်နေကြောင်း သူ သိပါသည်။

အားလုံး၏ ထိတ်လန့်မျှော်လင့်နေသော အကြည့်အောက်၌ ဘုံကိုးပါး ဓားချက်ဆယ်ချက်က ပြင်းထန်သော အဖျက်စွမ်းအင်များနှင့်အတူ သွေးအလင်းတန်းနှင့် ထိပ်တိုက် တွေ့ဆုံသွားလေသည်။

ရုတ်ချည်းဆိုသလိုပင် တစ်လောကလုံး ပြောင်းလဲလာသည်။ ဘုံကိုးပါး ဓားချက်က အနီရောင် သွေးအလင်းတန်းအား ဖျက်ဆီးလိုက်သဖြင့် သွေးအလင်းတန်းများ အက်ကွဲကာ ပြာဖြစ်သွားတော့သည်။

မျက်စိကျိန်းလောက်သည့် အလင်းများ ဖြာထွက်လာသောကြောင့် လူတိုင်း မျက်စိစူးသွားပြီး တစ်ယောက်ပြီး တစ်ယောက် မျက်လုံး မှိတ်လိုက်မိသည်။

တစ်မိနစ်၊ ငါးမိနစ်၊ ဆယ်မိနစ်။

သူတို့အားလုံး အသက်ရှူရခက်သလို ခံစားရနေသည်။ သူတို့အားလုံး မျက်လုံး ပြန်ဖွင့်ကြည့်လိုက်သောအခါ ကောင်းကင်ယံမှ သွေးအလင်းတန်းက လုံးဝ အက်ကွဲပျက်စီးသွားသည်ကို တွေ့လိုက်ရလေသည်။ မြေကြီးပေါ်သို့ သွေးအလင်းတန်းများ ပြတ်တောင်းပြတ်တောင်း ကျလာသည်။

ထိုအခါ အရိုးဖြူ တမန်တော်တစ်ယောက် သွေးအလင်းတန်းကြောင့် ပျက်စီးသွားသည်။ ရှေးဟောင်း မျိုးနွယ်ဝင်များလည်း တစ်ယောက်ပြီး တစ်ယောက် ပေါက်ကွဲကာ သေဆုံးကုန်သည်။ ထွက်ပြေးနေသော ရွှေရောင် သတ္တဝါများသည်လည်း သွေးအလင်းတန်း ထိမှန်သည်နှင့် လောင်ကျွမ်းကုန်သည်။

မဟာနတ္ထိ ရှေးဧကရာဇ်၊ ဟွမ်အာနှင့် အခြားသူများအားလုံး မျက်နှာပြာနှမ်းလာပြီး ပြတ်တောင်း ပြတ်တောင်း ကျလာသည့် သွေးအလင်းတန်းအောက်၌ သေဆုံးလုနီးပါး ဖြစ်လာကြသည်။

ထိုစဉ် မဟာနတ္ထိ ရှေးဧကရာဇ်၏ စိတ်လှုပ်ရှားစွာ ပြောလာသော စကားသံ ထွက်ပေါ်လာသည်။

“မြန်မြန် … ကြည့်ကြဦး”

လူတိုင်း ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။ ထိုအခါ ကောင်းကင်ယံ၌ ယဲ့ဖန်ရှေ့မှ သွေးအလင်းတန်း များအားလုံး ပျောက်ကွယ်သွားပြီး ကောင်းကင်တာအို၏ မျက်လုံး၌ သွေးစင်းကြောင်းများ ဖြစ်ပေါ်နေ၏။

All Chapters