အခန်း ၁၀၄၉
Vol. 70 Ch. 1049
Chapter 1049 အရာအားလုံး လောင်ကျွမ်းသေဆုံးသွားပြီ၊ ပြန်လည်ဝင်စားခြင်း ခရီးစဉ် စတင်ပြီ
“ကောင်းကင်…ကောင်းကင်တာအိုက ရှုံးသွားတာလား”
အောက်ဘက်မှ လူသားအရှင်သခင် မယုံသင်္ကာ ဖြစ်နေ၏။ ကောင်းကင်တာအို၏ မျက်လုံးပေါ်မှ သွေးစင်းကြောင်းကို ကြည့်ပြီး သူ မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ်သွားလေသည်။
သူ၏စိတ်ထဲတွင် ကောင်းကင်တာအိုသည် ငရဲဘုံသာမက ယင်ယန်လောကတစ်ခုလုံး၏ အုပ်ချုပ်သူဟု သတ်မှတ်ထားသည်။
ကောင်းကင်တာအိုသာ ဆန္ဒရှိပါက သူကဲ့သို့ လူသား အရှင်သခင် ရှစ်ယောက်၊ ဆယ်ယောက်မကကို ထောက်ပံ့ပေးနိုင်သလို သက်ရှိအားလုံးကိုလည်း သုတ်သင်နိုင်စွမ်း ရှိပါသည်။
လူသားအရှင်သခင်တောင်မှ ယင်ယန်လောက၌ တရိုတသေ ဆက်ဆံခံရသော အဆင့်သို့ ရောက်နေသော်လည်း ကောင်းကင်တာအိုရှေ့၌ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးနုပ်သွားရသည်။ တစ်ဖက်လူက သူ့ကို အချိန်မရွေး သတ်နိုင်နေသည် မဟုတ်ပါတကား။
သူ့စိတ်ထဲ၌ အထင်ကြီး လေးစားရသော ပုဂ္ဂိုလ်က သူ အထင်သေးခဲ့သော ငရဲဘုံမှ ပုရွက်ဆိတ်ကောင်၏ ဓားချက်များကြောင့် ဒဏ်ရာရသွားသဖြင့် တုန်လှုပ်သွားရသည်။
*ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ*
ဒုတိယတစ်ချက်၊ ငါးချက်၊ ဆယ်ချက်။ ထိုအချိန်တွင် အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ကောင်းကင်တာအို၏ မျက်လုံးတွင် သွေးစင်းကြောင်းများ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လာ၏။
ကြောက်စရာကောင်းသော မျက်လုံးတစ်စုံသည် တစ်စစီ ပျက်စီးလုနီးပါး ဖြစ်လာသဖြင့် ကြောက်စရာ ကောင်းလှသည်။
လူတိုင်း အုတ်အော်သောင်းနင်း ဖြစ်ကာ တုန်လှုပ်ခြောက်ခြားနေကြသည်။ ယဲ့ဖန်၏ ဓားချက်ဆယ်ချက်က မည်မျှ ကြောက်စရာကောင်းကြောင်း မတွေးဝံ့ကြချေ။
ကောင်းကင်တာအို၏ မျက်လုံးမှ သွေးစက်များ တတောက်တောက် စီးကျနေသဖြင့် သွေးမိုးရွာသွန်းနေသလိုပင်။ ကောင်းကင်တာအို၏ သွေးစက်တိုင်းက မြေကြီးပေါ် ကျလာသည်နှင့် မြေဆီလွှာ လောင်ကျွမ်းကာ တွင်းချိုင့်များ ဖြစ်ပေါ်လာလေသည်။
“အား…”
ဒဏ်ရာက တောင့်မခံနိုင်လောက်အောင် ပြင်းထန်လွန်းသဖြင့် ကောင်းကင်တာအို စူးစူးဝါးဝါး အော်ဟစ် လိုက်မိသည်။ ဤအဖြစ်အား သူ ထိတ်လန့်ကာ မယုံနိုင် ဖြစ်နေရသည်။
“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ … ဘယ်လိုလုပ် ဘုံကိုးပါး ယန်စွမ်းအင်က ဒီလောက်အထိ အစွမ်းထက် နေရတာလဲ”
ကောင်းကင်တာအို မှင်တက်အံ့ဩနေမိသည်။ ဘုံကိုးပါး ယန်စွမ်းအင်၏ ကျော်ကြားပုံကို သူ သိထားပါသည်။ သို့သော် သူ သိထားသလောက်ဆိုလျင် ဘုံကိုးပါး ဧကရာဇ် ကံကုန်သွားပြီးနောက် ယန်နယ်မြေ၏ မျိုးဆက်များမှ လူတစ်ချို့သည် ဘုံကိုးပါး ယန်စွမ်းအင်တစ်ချို့ကို ပိုင်ဆိုင်ခဲ့သည်။ သို့ပါသော်လည်း ယခုလောက်အထိ ကြောက်မက်ဖွယ် မကောင်းပေ။ ထိုသို့ဆိုလျင် အဖြေက တစ်ခုတည်းသာ ရှိပေတော့သည်။
“ဖြစ်နိုင်တာက … ဒါ … ဒါ ဘုံကိုးပါး ဧကရာဇ် နေကိုးစင်းကို သန့်စင်ပြီး ရလာခဲ့တဲ့ အသန့်စင်ဆုံး ဘုံကိုးပါး ယန်စွမ်းအင် များလား”
ယန်နယ်မြေကို ထိန်းချုပ်ခဲ့သည့် ကြောက်စရာကောင်းခဲ့သော ဘုံကိုးပါး ဧကရာဇ်၏ ဘုံကိုးပါး ယန်စွမ်းအင်အား ငရဲဘုံ လူသားတစ်ယောက်၏ ကိုယ်ထဲ၌ ချိပ်ပိတ်ထားလိမ့်မည်ဟု သူ မယုံနိုင် ဖြစ်နေ၏။
ကောင်းကင်တာအို အံ့ဩမှင်တက်နေစဉ်မှာပင် ယဲ့ဖန်၏ မျက်နှာအမူအရာက ဖြူရော်လာပြီး သွေးတစ်လုပ် အန်လာ၏။
လက်ရှိအချိန်၌ ယဲ့ဖန်သည် ခန္ဓာကိုယ်တစ်ခုလုံးမှ စွမ်းအင်များအားလုံးကို သုံးစွဲလိုက်သဖြင့် လေထဲ၌ ရပ်နေရင်း ပြိုလဲလုမတတ် ခံစားနေရသည်။
သူသည်သာမက ကောင်းကင်တာအိုသည်လည်း တိုက်ပွဲဝင်ခွန်အားကို ဆုံးရှုံးသွားလေသည်။ နှစ်ဖက်လုံး မဆုတ်သာ မတိုးသာသော အခြေအနေ၌ ပိတ်မိနေကြသည်။
သို့သော် ယဲ့ဖန် တိုက်ပွဲဝင်ခွန်အား ဆုံးရှုံးသွားခြင်းက မဟာနတ္ထိ ရှေးဧကရာဇ်တို့ မတိုက်ခိုက်နိုင်တော့ဟု မဆိုလိုပေ။ ကောင်းကင်တာအို မတိုက်ခိုက်နိုင်တော့သည်ကို သတိထားမိပြီးနောက် သူတို့အားလုံး အလွန် စိတ်လှုပ်ရှားသွားကြလေသည်။
“လာကြ၊ သခင်ကြီးကိုယ်စား ကောင်းကင်တာအိုကို အပြစ်ပေးရမယ်”
မဟာနတ္ထိ ရှေးဧကရာဇ်၊ ရှေးနတ်မင်း သုံးပါးနှင့် အခြားသူများအားလုံး အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။ ယခုအချိန်က ကောင်းကင်တာအိုကို ဖျက်ဆီးရန် အကောင်းဆုံး အချိန်မှန်း သူတို့ သိလိုက်သည်။
သူတို့သည်သာမက ကောင်းကင်တာအိုကိုယ်တိုင်သည်လည်း မိမိသေရမည်ကို သိနေ၏။ သူ အသက်ရှင်နိုင်မည့် အကြောင်းပြချက် မရှိတော့ချေ။
“ကောင်းပြီလေ၊ ဘယ်လို အသက်ရှင်ရမလဲ မသိတဲ့ ငရဲဘုံသားတွေပဲ”
“ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်တာနဲ့ မင်းတို့ထဲက ဘယ်သူမဆို ငါနဲ့ယှဉ်နိုင်ပြီလို့ ထင်နေတာလား”
မဟာနတ္ထိ ရှေးဧကရာဇ်နှင့် အခြားသူများသည် ယဲ့ဖန်ဘေးနားသို့ ရောက်လာပြီး ကောင်းကင်တာအိုကို လှမ်းကြည့်လိုက်ကြသည်။ ယဲ့ဖန်တောင်မှ ခေါင်းမွေးထောင်သွားသလို ခံစားလိုက်ရသည်။ ကြောက်စရာ ကောင်းသော တစ်စုံတစ်ရာ ဖြစ်လာတော့မည်ဟု သူ စိတ်ထင့်လာ၏။
“မဖြစ်ဘူး၊ နောက်ပြန်ဆုတ်”
ယဲ့ဖန်သည် ကောင်းကင်တာအိုကို လှမ်းကြည့်လိုက်ပြီးနောက် မျက်နှာပျက်သွားကာ မဟာနတ္ထိ ရှေးဧကရာဇ်နှင့် အခြားသူများကို အော်၍ သတိပေးလိုက်သည်။
“ဟားဟားဟား ...နောက်ဆုတ်တဲ့လား၊ မင်းတို့ နောက်ဆုတ်လို့မရဘူးကွ”
“ဒီမှာ ရှိတဲ့လူတိုင်း သေရမှာ”
“အားလုံး သေရမှာ”
ကောင်းကင်တာအို၏ မျက်လုံးများက တင်းမာခက်ထန်နေ၏။ သူသည် ယဲ့ဖန်အား စိုက်ကြည့်၍ မကောင်းဆိုးဝါးသဖွယ် ပြုံးလာသဖြင့် လူတိုင်း တုန်လှုပ်သွားရသည်။
“ယဲ့ဖန်၊ ငါ မင်းကို မှတ်ထားမယ်၊ စိတ်မပူနဲ့၊ ဒီတစ်ခါတော့ မင်းလည်းသေ၊ ငါလည်းသေမှာ၊ အားလုံး သေရမှာ”
“ဒါပေမဲ့ ယန်နယ်မြေမှာ သုံးနှစ်နေရင် ငရဲတံခါးဝ ပွင့်လာတော့မှာ၊ အဲ့အခါကျရင် ငါက ငါ့မျိုးနွယ်ကို ဦးဆောင်ပြီး ငရဲဘုံကို လာဖျက်ဆီးမယ်၊ မင်းရဲ့ ဘုံကိုးပါး ယန်စွမ်းအင်ကိုလည်း ယူမယ်ကွ၊ ဟားဟားဟား ...”
ကောင်းကင်တာအိုက ယဲ့ဖန်ကို စူးစိုက်ကြည့်၍ ဟစ်အော်လိုက်သည်။
“ပေါက်ကွဲစမ်း”
လူတိုင်း အံ့ဩသွားကြသည်.
*ပေါက်ကွဲစမ်းတဲ့လား*
*ကောင်းကင်ဘုံရဲ့ ဖျက်ဆီးခြင်းလား*
ထိုအခိုက်တွင် မဟာနတ္ဌိ ရှေးဧကရာဇ်တို့အားလုံး မျက်နှာ အမူအရာ ပျက်ယွင်းလာကြသည်။ ရုတ်ချည်း ဆိုသလိုပင် ကောင်းကင်တာအို၏ မျက်လုံးတွင်းမှ ငလျင်လှုပ်သော အသံမျိုး ထွက်ပေါ်လာသည်။
ကောင်းကင်တာအို၏ မျက်လုံးသူငယ်အိမ် အက်ကွဲလာသည်ကို အားလုံး တွေ့လိုက်ရသည်။ ထို့နောက် မျက်လုံးတစ်ခု ပေါက်ကွဲ၍ တစ်စစီ ဖြစ်သွားလေသည်။
ပေါက်ကွဲသွားသော ကောင်းကင်တာအို၏ မျက်လုံးမှနေ၍ ပြင်းထန်သော အဖျက်စွမ်းအင်များ ပျံ့လွင့်လာပြီး ကောင်းကင်ယံ ပျက်ဆီးကာ အရာအားလုံး လောင်ကျွမ်း ပျက်စီးသွားတော့သည်။
ယဲ့ဖန် ရူးမတတ်ဖြစ်သွားလောက်သည့် အဖြစ်အပျက်တစ်ခု ဖြစ်လာ၏။ သူ၏မျက်စိရှေ့မှပင် အရိုးဖြူ တမန်တော်များ၊ စစ်သူကြီးများနှင့် ကောင်းကင်စစ်သည်တော်များသည် ထိုအဖျက်စွမ်းအင်ကြောင့် ပေါက်ကွဲ၍ သေဆုံးသွားကြသည်။
ပေါက်ကွဲမှုများက ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာသောကြောင့် လေထဲ၌ ပြာမှုန့်များ မျောလွင့်နေ၏။ သူတို့သည်သာမက ရှေးနတ်မင်းသုံးပါး၏ ခန္ဓာကိုယ်မှလည်း အက်သံများ ထွက်ပေါ်လာသည်။
“ပထမ အရှင်သခင်၊ ထွက် ... ထွက်ပြေးပါတော့”
ရှေးနတ်မင်း သုံးပါးလုံး သုတ်သင်ခံလိုက်ရလေပြီ။ ထို့နောက်တွင်မူ ထျန်းရှန်းအာ၏ နှစ်လိုဖွယ်ကောင်းသော ခန္ဓာကိုယ်အား အဖျက်စွမ်းအင် ထိမှန်လာသဖြင့် သူမခန္ဓာကိုယ်က တဖြည်းဖြည်း အက်ရာထင်လာလေသည်။
“ယဲ့ဖန် ... နောက်ဘဝမှာ ပြန်ဆုံမယ်နော်”
နတ်ဆိုးနဂါး ဖုရှန်နှင့် မသေမျိုး ဖီးနစ်ဘုရင်တို့သည်လည်း မျက်ရည်များဖြင့် ယဲ့ဖန်ကို ပြုံး၍ ကြည့်နေသည်။
“ငယဲ့လေး၊ ငါတို့တွေက ညီအစ်ကိုတွေနော်၊ နောင်ဘဝမှာလည်း ညီအစ်ကိုအဖြစ် ဆက်ရှိကြမယ်”
နတ်ဆိုးနဂါး ဖုရှန်နှင့် မသေမျိုး ဖီးနစ်ဘုရင်တို့၏ ခန္ဓာကိုယ်များ ရှေ့ဆင့်နောက်ဆင့် အက်ကွဲကာ ပေါက်ကွဲ သွားကြသည်။ ထို့အတူ များစွာသော ဝိညာဉ်စား ပုရွက်ဆိတ်များသည်လည်း တစ်ကောင်ပြီး တစ်ကောင် သေဆုံးနေကြသည်။
ပုရွက်ဆိတ်လေးဆိုလျင် ယဲ့ဖန်ထံသို့ အပြေးပျံသန်းလာနေ၏။ သို့ရာတွင် ယဲ့ဖန်ဆီသို့ မရောက်ခင်မှာဘဲ ပြာဖြစ်ကာ သေဆုံးသွားတော့သည်။
“ယဲ့ဖန် ... ကျွန် ... ကျွန်မ ရှင့်ကို ချစ်တယ်”
ပိုင်ယီသည် ချိုသာစွာပြုံး၍ ယဲ့ဖန်ကိုကြည့်နေရင်း ခန္ဓာကိုယ် အက်ကွဲ၍ သေဆုံးသွားသည်။ သူမသည် သေဆုံးချိန်အထိ ပြုံးနေဆဲပင်။ ယဲ့ဖန်ရှေ့၌ သေဆုံးခွင့်ရသည်က ကံကောင်းသည်ဟု သူမ ထင်မှတ်ထား ပုံရသည်။
ဟွမ်အာမှာမူ ယဲ့ဖန်၏ ရင်ခွင်တွင်းသို့ တိုးဝင်၍ ဝမ်းပန်းတနည်း ငိုကြွေးကာ ယဲ့ဖန်အား ပြင်းပြင်းပြပြ နမ်းရှိုက်လာ၏။
“အစ်ကိုယဲ့ဖန်၊ ဒီဘဝမှာ ကျွန်မ ရှင့်ရဲ့သတို့သမီး မဖြစ်နိုင်တော့ပင်မယ့် နောက်ဘဝမှာ ဟွမ်အာ တစ္ဆေဘဝ ရောက်ရင်တောင် အစ်ကို့ရဲ့ သတို့သမီး ဖြစ်ပေးပါ့မယ်”
သူမ ဆက်၍ ပြင်းပြင်းပြပြ နမ်းရှိုက်လေသည်။ ထိုသို့ နမ်းရှိုက်နေစဉ်မှာပင် သူမ၏ ခန္ဓာကိုယ်လေးက ပြာဖြစ်သွားပြီး လေနှင့်အတူ ပျောက်ကွယ်သွားတော့သည်။
ယဲ့ဖန် ကြက်သေ သေနေ၏။ အဖြစ်အပျက်က အလွန် လျင်မြန်လှသဖြင့် သူ မကယ်လိုက်နိုင်ချေ။ သူ မည်သူ့ကိုမှ မကယ်လိုက်နိုင်ပါ။
ရင်ခွင်တွင်းမှ ဟွမ်အာ ပြာဖြစ်သွားသည်ကို သူ ကြည့်နေရုံသာ တတ်နိုင်ခဲ့ပြီး သူ၏ချစ်ရသူများ၊ မိတ်ဆွေဟောင်း များအားလုံး မျက်စိရှေ့၌ သေကြေသွားသည်ကို ကြည့်နေခဲ့ရသည်။
“မဟုတ်ဘူး”
ယဲ့ဖန် ရူးသွပ်သွားပြီး နာကျင်စွာ အော်ဟစ်လိုက်မိသည်။ သူ့မျက်နှာတွင် ဤအဖြစ်အား မလိုလားဟန်များ ထင်ပေါ်နေသည်။
အောက်ဘက်မှ အလောင်းကောင်မျိုးနွယ်များ၊ နယ်မြေခုနစ်မှ စစ်သည်တော်များသည် ဝမ်းနည်းသော မျက်နှာထားများဖြင့် ယဲ့ဖန်ဘက် မျက်နှာမူ၍ ဒူးထောက်ကာ ရင်ဘတ်ပေါ် လက်တင်၍ နှုတ်ဆက်လေသည်။
“သခင်ကြီး”
“ဒီဘဝမှာ သခင်ကြီးရဲ့ ကျေးကျွန်အဖြစ် ဆက်မရှိနိုင်တော့ပင်မယ့် နောက်ဘဝမှာ သခင်ကြီးရဲ့ ကျေးကျွန်အဖြစ် ဆက်ရှိနေပါ့မယ်”
သူတို့သည်သာမက အသက်ရှင်နေသေးသော ရှေးဟောင်းမျိုးနွယ်သုံးခုမှ မျိုးနွယ်ဝင်များနှင့် ယင်ယန်လောက၏ သိုင်းပညာရှင်များအားလုံး ယဲ့ဖန်ကို ဒူးထောက်၍ တောင်းပန်လေသည်။
“တပေါ် အရှင်သခင်၊ ဒီဘဝက ကျွန်တော်တို့ရဲ့ အပြစ်တွေအတွက် တောင်းပန်ပါတယ်၊ ဒီအပြစ်ကြွေးကို နောက်ဘဝမှာ ပြန်ဆပ်ပါ့မယ်”
သူတို့၏ နှုတ်ဆက်ကြွေးကြော်သံအဆုံး၌ ကောင်းကင်ယံမှ ကောင်းကင်တာအို၏ အဖျက်စွမ်းအင် ကျရောက် လာသောကြောင့် အားလုံး ပေါက်ကွဲကာ သေဆုံးသွားကြလေသည်။ လူသားအရှင်သခင်သည်လည်း ကြောက်လန့်၍ ကြံရာမရသော ခံစားချက်တို့နှင့် ပြာဖြစ်ကာ သေဆုံးသွားလေ၏။
(စကားချပ်။ ဒီအပိုင်းကြောင့် ချစ်ခင်ရသော စာဖတ်ပရိသတ်တို့ မကျေမနပ်ပြောဖို့ ဆန္ဒမစောကြပါနဲ့ဦး၊ ဒီစာစဉ်မှာ ကံဆိုးမိုးမှောင်ကျမယ့် လွမ်းဆွေးဖွယ် အဖြစ်ဆိုးတွေ မရှိပါဘူး၊ ပြန်လည်ဝင်စားခြင်း ခရီးစဉ် စတင်တော့မှာပါ၊ ယန်နယ်မြေကို စိုးမိုးမယ့် ယဲ့ဖန်နဲ့ သူရဲ့ချစ်သူတွေနဲ့ ညီအစ်ကိုတွေရဲ့ ခရီးစဉ်က အခုမှ စတင်လာတော့မှာ ဖြစ်ပါတယ်)