← Chapters

အခန်း ၁၀၅၄

Vol. 71 Ch. 1054

အခန်း ၁၀၅၄

Vol. 71 Ch. 1054

Chapter 1054 ယဲ့ဖန် ရောက်လာပြီ

ဂျွတ်!

ထိုအက်သံက ရှင်းလင်းပြီး ကျယ်လောင်လှသည်။ အထူးသဖြင့် တိတ်ဆိတ်နေသော ဤသုသာန်မြေ၌ နားကွဲလုမတတ် ကျယ်လောင်လှပေသည်။

ထန်မိသားစု မြေးအဘိုး အံ့ဩသွားရုံသာမက သွေးဇီးကွက် လင်ဖေးပင် လမ်းလျှောက်နေရာမှ ရပ်သွား လေသည်။

သွေးဇီးကွက် လင်ဖေး မြေကြီးကို ငုံ့ကြည့်လိုက်မိသည်။ ထိုအခါ သုသာန်မြေ၏ တောင်ဘက်မှ မြောက်ဘက်အထိ အက်ကွဲရာ ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။

“ဒီသုသာန်မြေက အက်နေတာလား”

သွေးဇီးကွက် လင်ဖေး ခေါင်းခါလိုက်သည်။ ယခုအချိန်၌ ဤသည်ကို သူ အာရုံမစိုက်အားပေ။ အက်နေသည့် မြေကြီးကို ဆက်ကြည့်မနေတော့ဘဲ ထန်ယွင်အာ၏ နှစ်လိုဖွယ်ကောင်းသော ခန္ဓာကိုယ်ကိုသာ မချိုမချဉ် မျက်နှာပေးဖြင့် ကြည့်လေသည်။

“ကျစ် … ကျစ် … ဒီလို သိပ်လှတဲ့ မိန်းမလှလေးမျိုးကို ငါ မတွေ့ရတာ ကြာနေပြီ”

ယန်နယ်မြေမှ မည်သည့်အမျိုးသမီးမဆို ငရဲဘုံမှ နတ်မိမယ် သဖွယ် လှပကြသည်။ သို့သော် ထန်ယွင်အာက ပိုမို လှပ၍ သန့်ရှင်း လေသည်။ သူမ၏ မျက်နှာသွင်ပြင်က အသက်ရှူ မှားလောက်အောင် လှပလှသည်။

သူမသာ ငရဲဘုံကို ဆင်းလာခဲ့ပါက သူမအလှက ဟွမ်အာနှင့် အခြားမိန်းကလေးများထက် မနိမ့်ပေ။

“မစိုးရိမ်ပါနဲ့၊ ငါက မိန်းမတွေကို အကြိုက်ဆုံးပဲ”

“ငါ မင်းကို ရင်တလှပ်လှပ် ခုန်အောင်လုပ်ပြီး ဒီအရသာကို မမေ့နိုင်အောင် လုပ်ပေးမယ်၊ မိန်းမတစ်ယောက် ဖြစ်ရတဲ့ အကောင်းဆုံး သာယာမှုကို မြည်းစမ်းရအောင် လုပ်ပေးမယ်”

သွေးဇီးကွက် လင်ဖေး၏ စကားများက ဆိုးယုတ် ညစ်ညမ်းလှသည်။ သူသည် ထန်ယွင်အာအား ရမက်မီးများ တောက်လောင်နေသော မျက်လုံးများဖြင့် ကြည့်နေ၏။

ထန်မျိုးနွယ်မှ သခင်မလေးက ဖျင်အန်းမြို့၏ ပန်းလေးပွင့်ထဲမှ တစ်ပွင့်ဟု ကြားထားဖူးသည်မှာ ကြာမြင့် လှလေပြီ။ ထို့ကြောင့် ယခု ထန်ယွင်အာအား မိမိကိုယ်အောက် သွင်း၍ အကြီးအကျယ် ဖျက်ဆီးပစ်ချင်စိတ် ဝင်နေသည်။

သူ၏ယုတ်ညံ့သော စကားများကို ကြားပြီး ထန်မင်လီ မျက်နှာ ပြာနှမ်းလာလေသည်။

ပါးစပ်မှ သွေးများ အန်ထွက်လာသော်လည်း သွေးဇီးကွက် လင်ဖေးကို သူ အော်ပြောလိုက်သည်။

“သွေးဇီးကွက် ငါ့မြေးကို လွှတ်ပေးပါ၊ ငါ အဘိုးကြီးကို မင်း သတ်ချင်သတ် ဒါမှမဟုတ် အရေခွံနွှာချင်လည်း ရတယ်”

“ပြီးတော့ ငါတို့ ထန်မျိုးနွယ်က မင်းကို ပိုက်ဆံ ပေးနိုင်တယ်၊ မင်း လိုချင်သလောက် ပြောလိုက်၊ ပေးမယ်”

ထန်မင်လီသည် ထန်ယွင်အာကို အချစ်ဆုံး ဖြစ်သည်။ သူ သေသွားလျင်တောင်မှ ထန်ယွင်အာတစ်ယောက် ဤအယုတ်တမာကောင်၏ ဖျက်ဆီးခြင်း ခံရသည်ကို သူ မကြည့်လိုပါ။

“စိတ်မကောင်းပါဘူး”

ထိုစဉ် သွေးဇီးကွက် လင်ဖေးက ထီမထင်ဟန် ပြုံးလာ၏။

“ဒါ ပိုက်ဆံနဲ့ မဆိုင်ဘူး၊ ကျုပ် အဲ့လူကို အကြွေးတင်နေတာ၊ အဲ့အကြွေးကို ပြန်ဆပ်ဖို့အတွက် ခင်ဗျားတို့ မြေးအဘိုးရဲ့ ခေါင်းကိုယူမှ ဖြစ်မယ်”

ထိုသို့ပြောပြီးသည်နှင့် သွေးဇီးကွက် လင်ဖေးက စိတ်မရှည်တော့ချေ။

“အရေးမပါတာတွေ ပြောနေတာကို ရပ်လိုက်သင့်ပြီ၊ ခင်ဗျားကို သတ်မယ်၊ ပြီးရင် သူ့ကို အဓမ္မကျင့်မယ်”

“ပြီးရင် အဲ့လူကို ခင်ဗျားတို့ နှစ်ယောက်လုံးရဲ့ ခေါင်းကို ပေးမယ်”

ထိုသို့ပြောပြီးသည်နှင့် တံစဉ်ကို မြှောက်လိုက်သည်။ သွေးဇီးကွက် လင်ဖေးက ထန်မင်လီကို အရင် ရှင်းပစ်ချင်နေပုံရသည်။

“မလုပ်နဲ့”

ထန်ယွင်အာ၏ မျက်နှာတွင် ခြောက်ခြားမှုများဖြင့် ပြည့်နှက်လာသည်။ သူ့အဘိုး သေမည့်အဖြစ်ကို သူမ လက်မခံနိုင်ပါ။ ထို့အပြင် သူမရှေ့၌ အသတ်ခံရမည်ကို မခံစားနိုင်ပါ။

“အရှင် ဘုံကိုးပါး ဧကရာဇ်၊ ကျွန်မအဘိုးကို ကာကွယ်ပေးပါ၊ ကျွန်မအဘိုးကိုသာ ကယ်တင် ပေးမယ်ဆိုရင် ယွင်အာ တစ်သက်ဘုံး အစေခံအဖြစ် ခစားပါ့မယ်”

ထန်ယွင်အာ စိတ်ထဲ၌ ကျိတ်၍ ဆုတောင်းနေမိသည်။ သူအဘိုး လွတ်မြောက်နိုင်ရန်အတွက် သူမ အကြည်ညိုရဆုံး နတ်မင်းကို တောင်းပန်နေမိသည်။

နတ်မင်းက ထန်ယွင်အာ၏ ဆုတောင်းကို ကြားပုံရသည်။ ရုတ်ချည်းဆိုသလိုပင် နောက်ထပ် အက်ကွဲသံ တစ်သံ ထွက်ပေါ်လာ၏။

ထိုအက်ရာက ထန်ယွင်အာတို့ မြေးအဘိုးရှေ့၌ ပေါ်လာခြင်း ဖြစ်ပြီး ဤအဖြစ်ကြောင့် သွေးဇီးကွက် လင်ဖေး နောက်ဆုတ်လိုက်ရသည်။ ထို့နောက် သူ အံ့ဩရသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။

ယဲ့မျိုးနွယ်၏ သုသာန်မြေ၌ အက်ရာများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာလေသည်။ ယဲ့မျိုးနွယ်၏ ဘိုးဘွားသုသာန်တစ်ခုလုံး၌ ကြောက်စရာကောင်းသော တစ်စုံတစ်ရာ ဖြစ်ပုံနေပုံရပြီး မြေကြီးထဲမှ တစ်စုံတစ်ရာ တက်လာသည့်ပုံပင်။

အက်ရာအတွင်းမှနေ၍ ကြောက်စရာကောင်းသော မိစ္ဆာ အငွေ့အသက်များ ပျံ့လွင့်လာသဖြင့် သွေးဇီးကွက် လင်ဖေးနှင့် ထန်မျိုးနွယ် မြေးအဘိုးနှစ်ယောက်တို့ တုန်လှုပ်သွားကြသည်။

“ဒါ … ဒါ ဘာကြီးလဲ”

သွေးဇီးကွက် လင်ဖေး မျက်ခုံးလှုပ်သွားရသည်။ မြေအောက်၌ ကြောက်စရာကောင်းသော တစ်စုံတစ်ရာ ရှိနေသည်ကို ခံစားမိနေ၏။

အေးစက်သော အငွေ့အသက်ကြောင့် သူ ခေါင်းမွေးထောင်လာရသည်။ ထန်မြေးအဘိုး နှစ်ယောက် သည်လည်း အံ့အားသင့်နေလေသည်။

“မ … မဟုတ်မှလွဲရော ဘုံကိုးပါး ဧကရာဇ်က ငါ့ဆုတောင်းကို ကြားသွားတာများလား”

ထန်ယွင်အာ အိပ်မက်မက်နေသည်ဟု ခံစားမိပြီး မျက်စိရှေ့မှ အရာအားလုံးကို မယုံနိုင် ဖြစ်နေ၏။ ထို့အပြင် ပေါက်ကွဲသံ တစ်သံ ထွက်လာပြီးနောက် ယဲ့မျိုးနွယ် သုသာန်မြေအောက်မှနေ၍ လက်မောင်း တစ်ဖက် ထွက်လာသည်။

ထိုလက်မောင်းတွင် ကြွက်သားများ အမြောင်းလိုက် ပေါ်နေသဖြင့် ကြောက်စရာကောင်းသော စွမ်းအင်တစ်မျိုး ပေါ်လွင်နေ၏။ လက်သီးတစ်ချက်နှင့်တင် အရာအားလုံးကို ဖျက်ဆီးနိုင်ပုံ ရသည်။ ထိုလက်မောင်းတစ်ဖက်နှင့်အတူ အေးစက်ခက်ထန်သော အသံတစ်သံ ထွက်ပေါ်လာလေသည်။

“ယန်နယ်မြေ၊ ယန်နယ်မြေ”

“ငါယဲ့ဖန် ရောက်လာပြီကွ”

ဝုန်း!

အေးစက်စက် စကားသံနှင့်အတူ မြေဆီလွှာတစ်ခုလုံး ထပ်မံ၍ ပေါက်ကွဲသွားပြီး နောက်လက်တစ်ဖက် ထပ်ထွက်လာသည်။ ထို့နောက် ဦးခေါင်း၊ လည်ပင်း၊ ခန္ဓာကိုယ်နှင့် ခြေထောက်တို့ ထွက်လာ၏။

အချိန်တိုအတွင်းမှာပင် သွေးဇီးကွက် လင်ဖေးနှင့် ထန်မြေးအဘိုးတို့၏ အံ့ဩနေသော အကြည့်အောက်၌ သွေးအလိမ်းလိမ်းနှင့် လူတစ်ယောက် မြေကြီးထဲမှ ကုန်းထွက်လာ၏။

သွေးဇီးကွက် လင်ဖေး အံ့ဩမှင်တက်နေမိသည်။ ဤနေရာသည် သုသာန်မြေတစ်ခု ဖြစ်ပြီး လူသေများကို မြှုပ်နှံထားရာ နေရာဖြစ်သည်။

*ဒီလူ သေရာကနေ ပြန်ရှင်လာတာလား*

*ဒါပေမဲ့ ဒါက … ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

သွေးဇီးကွက် လင်ဖေးသာမက ထန်မြေးအဘိုးတို့လည်း ကြက်သီးမွေးညင်း ထနေကြသည်။ သုသာန်မြေထဲမှ ထွက်လာခြင်းသည် တွေးကြည့်ရုံနှင့်တင် ကျောချမ်းစရာ ကောင်းလှ၏။

“လူ … လူငယ်လေး၊ မင်းက လူလား၊ သရဲလား”

သွေးဇီးကွက် လင်ဖေးသည် လက်ထဲမှ တံစဉ်ကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ယဲ့ဖန်အား ကြက်သီးထစွာ မေးလိုက်သည်။

ထိုစကားကြောင့် ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး လင်ဖေးဘက်ကို လှည့်ကြည့်လာသည်။ ယဲ့ဖန်၏ မျက်နှာကို သေချာမြင်လိုက်ရမှာသာ သွေးဇီးကွက် လင်ဖေး စိတ်အေးသွားပြီး သက်ပြင်းချ လိုက်မိသည်။

“ထူးဆန်းလိုက်တာ၊ လတ်စသက်တော့ လူဖြစ်နေတာကိုး၊ ပြီးတော့ သူ့ကိုယ်ထဲမှ ယန်စွမ်းအင်တွေ စီးဆင်းနေတာလဲ မရှိဘူး၊ သာမန်လူ တစ်ယောက်ပဲ”

ယန်စွမ်းအင်ပင် စီးမနေသည့်လူတစ်ယောက်အား ကြောက်ခဲ့မိသည်ကို ပြန်တွေးမိပြီး သွေးဇီးကွက် လင်ဖေး၏ မျက်လုံးများက ခက်ထန်လာ၏။

“အရူးပဲ”

“အခု ငါ့ရှေ့မှာ ဒူးထောက်စမ်း”

ထိုသို့ပြောပြီးသည်နှင့် သွေးဇီးကွက် လင်ဖေးက လက်ထဲမှ တံစဉ်ကို အသာလွှဲယမ်းလိုက်သည်။ သို့သော် သူ့စကားကြောင့် ယဲ့ဖန် ပို၍ မျက်မှောင်ကြုတ်လာသည်။

ယန်နယ်မြေ၏ ဥပဒေသက အလွန် ကြောက်စရာကောင်းသည်ကို သူ ခံစားမိနေ၏။ ဤဥပဒေသ အောက်၌ သူ၏ခွန်အားက ဆယ်ပုံတိတိ ဖိနှိပ်ခံထားရနေ၏။

သို့သော် သူ့၌ ဘုံကိုးပါး ယန်စွမ်းအင် ရှိသည့်အပြင် ကောင်းကင်တာအို၏ မျက်လုံးကိုပင် အပြင်းအထန် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သေးသည်ပဲ။ သူ ဘယ်လိုလုပ် ဘာမဟုတ်သော လူတစ်ယောက်ကို ဂရုစိုက်ရ မည်နည်း။

လက်ရှိတွင် ယဲ့ဖန်သည် သွေးဇီးကွက် လင်ဖေးအား ကြည့်ပင်မနေတော့ချေ။ သူသည် ဟွမ်အာနှင့် အခြားသူများ ဘေးကင်းပါ့မလားနှင့် မည်သို့ ပြန်ဝင်စားအောင် လုပ်ရမလဲ ဆိုသည်ကိုသာ တွေးနေ မိသည်။

ယဲ့ဖန်၏ ခန္ဓာကိုယ်၌ ယန်စွမ်းအင် စီးဆင်းနေခြင်း မရှိသည်ကို ခံစားမိပြီးနောက် ထန်မျိုးနွယ် မြေးအဘိုးနှစ်ယောက် အလွန် ဝမ်းနည်းသွားကြသည်။

“လူငယ်လေး မင်း သွားတော့၊ ဒီမှာ မင်း ဘာမှမလုပ်နိုင်ဘူး၊ အလကားသက်သက် အသေမခံနဲ့”

ထန်မင်လီက ယဲ့ဖန်ကို အော်ဟစ်သတိပေးလိုက်သည်။ ဘေးနားမှ ထန်ယွင်အာသည်လည်း စိုးရိမ် နေ၏။ သူမတို့ မြေးအဘိုးနှစ်ယောက် အန္တရာယ် ရှိနေမှန်း သိသော်လည်း သာမန်လူတစ်ယောက် ဤကိစ္စ၌ ဝင်ပါမိ၍ မသေစေလိုပါ။

“သွား ဟုတ်လား၊ နောက်ကျသွားပြီ”

သွေးဇီးကွက် လင်ဖေးက ထီမထင်ဟန်ပြုံး၍ ရက်စက်စွာ ပြောလိုက်သည်။

“ဟေ့ကောင် ငါ တစ်နှစ်သုံး ရေမယ်၊ အဲ့လိုရေနေတုန်း မင်း ဒူးမထောက်ရင် မင်းကို ခေါင်းဖြတ် သတ်ပစ်မယ်”

“သုံး”

“နှစ်”

သူ၏ စကားများက အေးစက်ခက်ထန်သော်လည်း ယဲ့ဖန်က ကြောက်လန့်မသွားသည့်အပြင် မကြားချင် ယောင်ပင် ဆောင်နေသေးသည်။ ဤပုံစံကြောင်း သွေးဇီးကွက် လင်ဖေး ပို၍ စိတ်တိုသွားသည်။

“တစ်”

ထိုသို့ ရေပြီးသည်နှင့် လက်ထဲမှ တံစဉ်ကို လွှဲ၍ ယဲ့ဖန်၏ လည်ပင်းကို ဖြတ်တောက်လိုက်သည်။ သွေးများ ပန်းထွက်လာပြီး ဦးခေါင်းတစ်လုံး လွင့်ပျံလာလေသည်။

All Chapters