အခန်း ၁၀၅၇
Vol. 71 Ch. 1057
Chapter 1057 အမည်မသိ လူကြီးမင်း
“အခြားတစ်ယောက်ပါ”
ဖန်သားပြင်ပေါ်တွင် ထန်မင်လီ၏ စကားဆုံးသွားသည်နှင့် ခန်းမထဲမှ ပုဂ္ဂိုလ်ကြီးများအားလုံး မှင်တက် သွားကြသည်။ ဖန်သားပြင်ရှေ့၌ ကြည့်နေကြသော ဖျင်အန်း မြို့သူမြို့သားများအားလုံး တို့သည်လည်း မှင်တက်နေကြလေသည်။
ဤဖျင်အန်းမြို့၌ ထန်မင်လီမှအပ သွေးဇီးကွက် လင်ဖေးကို အခြားဘယ်သူက သတ်နိုင်သလဲ မတွေး တတ်ကြချေ။ စားသောက်ဆိုင်လေးထဲမှာတောင်မှ လူတိုင်း ဆူညံ ပွက်လောရိုက်လာကြသည်။ ဆိုင်ပိုင်ရှင် ဦးလေးကျုံးတောင်မှ တအံ့တဩ ရေရွတ်လေ၏။
“မြတ်စွာဘုရား၊ ဖျင်အန်းမြို့မှာ သွေးဇီးကွက် လင်ဖေးထက် ပိုကြောက်စရာကောင်းတဲ့ ရွက်ပုန်းသီး သိုင်းပညာရှင် တစ်ယောက် ရှိနေတာလား”
ဆိုင်ထဲမှ ဧည့်သည်များအားလုံးလည်း ထိတ်လန့်နေကြသည်။
“အံ့ဩစရာပဲ၊ သွေးဇီးကွက် လင်ဖေးက အခြားသူရဲ့ လက်ထဲမှာ သေသွားတာတဲ့လား”
“လူကြီးမင်းထန်ထက် ဘယ်သူက ပိုကြောက်စရာကောင်းနေတာလဲ”
“…”
အားလုံး တအံ့တဩနှင့် ပြောဆိုနေကြသည်။ ထိုစဉ် စားပွဲထိုး အားပင်းက ဘေးဘီကို လှည့်ကြည့် လိုက်သည်။ ယဲ့ဖန်၏ အမူအရာက အလွန် တည်ငြိမ်နေသည်ကို မြင်လိုက်ရသောအခါ သူသည် နိုင်လိုမင်းထက် ပြုမူလိုသော အပြုံးမျိုး ပြုံးလာ၏။
“ယဲ့ဖန် မင်းက တော်တော် ငြိမ်နေပါလား၊ သွေးဇီးကွက် လင်ဖေးကို မင်း သတ်လိုက်တာများလား”
“ဟားဟားဟား …”
အားပင်းက ထိုသို့ပြောပြီးသည်နှင့် ပြက်လုံးတစ်ခုကို ပြောလိုက်သကဲ့သို့ ဟားတိုက်ရယ်မောလေသည်။ သူ၏ အပြုအမူကြောင့် ယဲ့ဖန်သည် တည်ငြိမ်စွာဖြင့် မကြားသယောင် ပြုမူနေသော်လည်း ကျုံးလီအာက ဒေါသထွက်ဟန် ပြလာသည်။
“အားပင်း၊ အစ်ကိုယဲ့က သွေးဇီးကွက် လင်ဖေးကို မသတ်နိုင်ဘူးဆိုရင် နင်ရော သတ်နိုင်လို့လား”
“လီအာ၊ မင်း …”
အားပင်း ဆက်မပြောတော့ချေ။ ကျုံးလီအာက ယဲ့ဖန်ကို ဤသို့ ကာကွယ်ပြောဆိုပေးလိမ့်မည်ဟု သူ ထင်မှတ်မထားမိပါ။ သူ လှောင်နေသော လူကို သူမက ဝင်ကာပေးနေသောကြောင့် သူ ဒေါသထွက် လာရသည်။
“ဟမ့် … ငါ သွေးဇီးကွက် လင်ဖေးကို မသတ်နိုင်ဘူးဆိုရင်တောင်မှ ငါက ပထမအဆင့် ရွှေရောင် ခန္ဓာကိုယ် ရှိတယ်လေ၊ သူ့လို ယန်စွမ်းအင် မရှိတဲ့ အမှိုက်မှ မဟုတ်တာ”
*အမှိုက်*
ထိုစကားကြောင့် ကျုံးလီအာ ပို၍တောင်မှ ဒေါသထွက်လာရသည်။ သူမ ဆက်ပြောရန် ပြင်လိုက် စဉ်တွင် ယဲ့ဖန်က လက်ကာပြပြီး ကျုံးလီအာကို တားလိုက်သည်။
သူ့အတွက် အားပင်းသည် လှည့်ကြည့်ရန်မလိုသည့် ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်သည်။ သူ ဘုံကိုးပါး ယန်စွမ်းအင်ကို သုံး၍ သတ်လိုက်သည့်လူက သွေးဇီးကွက် လင်ဖေး ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားမိပါ။
“စိတ်ဝင်စားစရာပဲ”
ယဲ့ဖန်၏ မျက်လုံးများက တစ်ချက်လက်သွားပြီး သူ ဘာတွေးနေသလဲ မည်သူမှ မသိချေ။ ထိုစဉ် ဖန်သားပြင်ထဲမှ ပုဂ္ဂိုလ်ကြီးများက ထန်မင်လီကို တစ်ယောက်ပြီး တစ်ယောက် မေးနေကြသည်။
“လူကြီးမင်းထန် သွေးဇီးကွက်ကို ခင်ဗျား သတ်လိုက်တာ မဟုတ်ဘူးဆိုရင် ဘယ်သူ သတ်တာလဲ ဆိုတာကို ကျုပ်တို့ကို ပြောပြပါလား”
“ဟုတ်တယ်၊ ဘယ်လိုလူမျိုးမို့ ဒီလောက် သန်မာရတာလဲ၊ သွေးဇီးကွက် လင်ဖေးရဲ့ ဒဏ်ရာအရဆို ဓားချက် တစ်ချက်တည်းနဲ့ ခေါင်းဖြတ်ခံလိုက်ရတာပဲ”
“…”
ဖန်သားပြင်ထဲမှ ပုဂ္ဂိုလ်ကြီးများအားလုံး အံ့ဩနေကြသည်။ သို့သော် ထန်မင်လီက လက်ခါပြလာသဖြင့် လူတိုင်း၏ ဆွေးနွေးနေသောအသံများ ရပ်သွားလေသည်။
“အဲ့အချိန်တုန်းက ကျုပ်နဲ့ မြေးမလေး ယွင်အာတို့က သွေးဇီးကွက် လင်ဖေးရဲ့ လက်ထဲမှာ သေလုနီးပါး ဖြစ်နေခဲ့တာပေါ့”
“ဒါပေမဲ့ ရုတ်တရက်ဆိုသလိုပဲ ဆံပင် အဖြူရောင်နဲ့ လူငယ်လေးတစ်ယောက် ပေါ်လာတယ်”
“သူက သွေးဇီးကွက် လင်ဖေးကို ဓားချက် တစ်ချည်တည်းနဲ့ သတ်လိုက်တာ၊ သူက ကျုပ်ရဲ့ အသက်သခင်၊ ထန်မိသားစု တစ်ခုလုံးရဲ့ အသက်သခင်၊ ပြီးတော့ ဖျင်အန်းတစ်မြို့လုံးရဲ့ အသက်သခင် ကျေးဇူးရှင်ပဲ”
ထန်မင်လီက လေးနက်၍ ကျေးဇူးတင်သော အမူအရာဖြင့် ပြောလာ၏။ ထန်မင်လီ၏ စကားအဆုံး၌ ခန်းမထဲမှ ပုဂ္ဂိုလ်ကြီးများအားလုံး အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။
*လူငယ်လေးတဲ့လား*
လူငယ်တစ်ယောက်က သွေးဇီးကွက် လင်ဖေးကို သတ်နိုင်သည့် ခွန်အားမျိုး ဘယ်လိုလုပ် ရှိနေသလဲ ဆိုသည်ကို ဖျင်အန်းမြို့၏ ပုဂ္ဂိုလ်ကြီးများအားလုံး မတွေးတတ်ကြချေ။
အားလုံး မယုံနိုင်ဖြစ်နေကြသည်။ အထူးသဖြင့် စားသောက်ဆိုင်လေးထဲတွင် အခြေအနေက တင်းမာလျက် ရှိသည်။ လူတိုင်း ယဲ့ဖန်ကို လှည့်ကြည့်လာပြီး သူ၏ဆံပင် အဖြူရောင်ကြောင့် မျက်နှာ၌ ထူးဆန်း၍ ချီတုံချတုံဟန်များ ပေါ်လာကြသည်။
“အစ် … အစ်ကိုယဲ့၊ သွေးဇီးကွက် လင်ဖေးကို သတ်လိုက်တဲ့ လူငယ်လေးက အစ်ကိုလားဟင်”
ကျုံးလီအာက ယဲ့ဖန်ကို မေးလိုက်လေသည်။ ထိုအမေးကြောင့် ဆိုင်ရှင် ဦးလေးကျုံး၊ ဦးလေးကျုံး၏ ဇနီးသည်နှင့် ဧည့်သည်များအားလုံး သူ့ကို အလန့်တကြား ကြည့်လာ၏။
ဤသည်ကိုကြည့်ပြီး ယဲ့ဖန်သည် နေရခက်ဟန်ဖြင့် နှာခေါင်းသာ ပွတ်လိုက်မိသည်။ ဟုတ်မှန်ကြောင်း ဝန်မခံသလို ငြင်းလည်းမငြင်းပေ။ သူ့အစား တစ်ဖက်မှ အားပင်းက မကျေမနပ်ဖြင့် ပြောလာလေသည်။
“ဟားဟားဟား … လီအာ၊ မင်း ဘယ်လိုထင်လဲ၊ ယဲ့ဖန်က ယန်စွမ်းအင် တစ်စက်ကလေးတောင် မရှိတာကို၊ ဘယ်လိုလုပ် သူက သွေးဇီးကွက် လင်ဖေးကို သတ်တဲ့လူ ဖြစ်မလဲ”
“ပြီးတော့ သူ ငါတို့ဆိုင်ကို ရောက်လာတုန်းက ဒဏ်ရာ အကြီးအကျယ် ရထားပြီးတော့ သေမလိုဖြစ်ပြီး မေ့လဲသွားတာကိုလည်း မေ့မနေနဲ့ဦးလေ”
“သူက တအား သန်မာတယ်ဆိုရင် ဖျင်အန်းမြို့မှာ ဘယ်သူက သူ့ကို ထိခိုက်အောင် လုပ်နိုင်မှာလဲ”
အားပင်း၏ စကားများ၌ ဒေါသသံများ ပါနေ၏။ သူ ယဲ့ဖန်ကို ကြည့်မရ ဖြစ်နေသည်မှာ ကြာနေလေပြီ။
ယဲ့ဖန် ရောက်လာပြီးကတည်းက ကျုံးလီအာက ယဲ့ဖန်ကို သဘောကျနေပြီး သူ့အား နေ့တိုင်း ဂရုစိုက်သည့်အပြင် ဘာအလုပ်မှ မလုပ်ခိုင်းချေ။ ဤသည်ကြောင့် ယဲ့ဖန်ကို အားပင်း အလွန် မနာလို အားကျပြီး မုန်းတီးမိသည်။
သူ့စကားကြောင့် အနီးအနားမှ ကျုံးလီအာနှင့် အခြားသူများ မရည်ရွယ်ဘဲ ခေါင်းညိတ် ထောက်ခံ မိလိုက်သည်။
ယဲ့ဖန်၌ ဆံပင်အဖြူရောင် ရှိသော်ငြားလည်း သူ၏ကိုယ်တွင် ယန်စွမ်းအင် တစ်စက်ကလေးမျှ ရှိမနေချေ၊ ထို့ကြောင့် သူသည် သာမန်လူတစ်ယောက်သာ ဖြစ်သည်။
သာမန်လူတစ်ယောက်က သွေးဇီးကွက် လင်ဖေးကဲ့သို့ ကြောက်စရာကောင်းသောသူကို ဘယ်လိုလုပ် သတ်နိုင်ပါမည်နည်း။
လူတိုင်း သူတို့ အတွေးလွန်သွားသည်ဟု သတိထားလိုက်မိသည်။ ထိုသို့တွေးမိပြီးနောက် ကျုံးလီအာက ယဲ့ဖန်ကို တောင်းပန်သောအပြုံးမျိုး ပြုံးပြလိုက်သလို အားလုံးကလည်း ဖန်သားပြင်ကို ပြန်ကြည့် လေသည်။
“အားလုံး တိတ်တိတ်နေပေးကြပါ”
ဖန်သားပြင်တွင် ထန်မင်လီက လက်ဝှေ့ယမ်း၍ အားလုံး ငြိမ်သွားအောင် စောင့်ပြီးမှ ဆက်ကြေညာ လိုက်သည်။
“အဲ့အချိန်တုန်းက အဲ့လူကြီးမင်းလေးက နာမည် ပြောမသွားခဲ့တဲ့အတွက် သူ့ကို အမည်မသိ လူကြီးမင်းလို့ပဲ ကျုပ်တို့ ခေါ်လို့ရပါလိမ့်မယ်”
“ဒီခုနစ်ရက်အတွင်း ကျုပ်တို့ ထန်မိသားစုက လူလွှတ်ပြီး အမည်မသိ လူကြီးမင်းလေးကို လိုက်ရှာပင်မယ့် ရှာလို့မတွေ့ခဲ့ပါဘူး”
ထိုသို့ပြောနေချိန်တွင် ထန်မင်လီ၏ မျက်နှာ၌ နောင်တရသော အမူအရာမျိုး စွန်းထင်းနေ၏။
“ဒါကြောင့် ကျုပ်တို့ ထန်မိသားစုက ဒီလူကြီးမင်းလေး ရှိတဲ့နေရာကို ရှာနိုင်တဲ့ ဘယ်သူ့ကိုမဆို ကျုံးကျိုဒင်္ဂါး ဆယ်သန်း ချီးမြှင့်ပါ့မယ်”
ထိုစကားကြောင့် ဖန်သားပြင်ထဲမှလူများနှင့် ဖန်သားပြင်ထက်မှ ကြည့်နေကြသော လူများအားလုံး ဆူညံ ပွက်လောရိုက်သွားသည်။
*လူတစ်ယောက်ကို ရှာဖို့အတွက်နဲ့ ကျုံးကျိုဒင်္ဂါး ဆယ်သန်း သုံးတယ်တဲ့လား*
ဤသည်က ထန်မိသားစု၏ ကျေးဇူးပြန်ဆပ်ချင်သော စိတ်အား မြင်နိုင်ပေသည်။ ထိုသို့ ကြေငြာ ပြီးသည်နှင့် ထန်မင်လီနှင့် ထန်ယွင်အာတို့က မတ်တပ်ထရပ်၍ အားလုံးကို ဝေ့ကြည့်ပြီး ပြောလိုက်သည်။
“အမည်မသိ လူကြီးမင်းလေး၊ ဒီထုတ်လွှင့်မှုကို မင်း ကြည့်နေမလား ကျုပ် မသိပါဘူး”
“ဒါပေမဲ့ မင်းက ဒီထန်မင်လီနှင့် ထန်ယွင်အာရဲ့ အသက်ကို ကယ်ခဲ့တာပါ”
“ဒါကြောင့် ကျုပ်တို့ ကျေးဇူးဆပ်တာကို လက်ခံပေးပါ”
ထို့နောက် ထန်မင်လီနှင့် ထန်ယွင်အာတို့က ကင်မရာဘက်လှည့်၍ လေးလေးစားစား ဦးညွှတ်လေ၏။ မကြာခင်မှာပင် တိုက်ရိုက် ထုတ်လွှင့်ခြင်းလည်း ပြီးသွားသည်။
သတင်းကိုကြည့်ပြီးသည်နှင့် စားသောက်ဆိုင်ထဲမှ လူများအားလုံး ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြ လေသည်။ သို့သော် ဆံပင်အဖြူရောင် လူငယ်လေးနှင့် အမည်မသိ လူကြီးမင်းဟူသော စကားများက အားလုံး၏ စိတ်ထဲ၌ စွဲထင်နေ၏။
ထိုသူများကြားထဲ၌ ယဲ့ဖန် လှည့်ထွက်သွားသည်ကို မြင်ပြီး အားပင်းက ထီမထင်ဟန် ပြုံးလိုက်သည်။ ယဲ့ဖန်သည် သတင်းထဲကအတိုင်း တူညီသော ဆံပင်အရောင် ရှိသလို လူငယ်တစ်ယောက်လည်း ဖြစ်သည်။
ထိုအမည်မသိ လူကြီးမင်းသည် သွေးဇီးကွက် လင်ဖေးကို သတ်၍ ဖျင်အန်းတစ်မြို့လုံး၏ အသက်သခင် ကျေးဇူးရှင် ဖြစ်လာ၏။ သို့ရာတွင် ယဲ့ဖန်၌ ယန်စွမ်းအင် မရှိသဖြင့် တကယ့် လူ့အမှိုက်ပင်။
ထိုသို့တွေးတောပြီးနောက် အားပင်းသည် ယဲ့ဖန်အား ပို၍ အထင်သေး စက်ဆုပ်လာ၏။ အားပင်း၏ အတွေးကို ယဲ့ဖန် လုံးဝ မသိပေ။ သိခဲ့လျင်လည်း အရူးဟုသာ ပြန်ပြောလောက်သည်။
ထန်မင်လီတို့ မြေးအဘိုးကို သူ ကယ်ခဲ့သော်လည်း တစ်ခါမှ ကျေးဇူးသိတတ်ပါဟု ပြောရန် မစဉ်းစား ခဲ့ဖူးချေ။
အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်က သွေးဇီးကွက် လင်ဖေးအား ထန်မိသားစု၏ မြေးအဘိုးကို သတ်ရန် ပြောနိုင်သည် ဆိုကတည်းက ထန်မိသားစု ဒုက္ခရောက်နေမှန်း သိသာလှသည်။
ယဲ့ဖန်သည် ပြဿာနာများကို သဘောမကျပါ။ သို့ရာတွင် ယဲ့ဖန်နှင့် ထန်မိသားစုပါ ထင်မထားသည့် ကိစ္စ တစ်ခု ဖြစ်လာ၏။ ထိုကိစ္စမှာ တိုက်ရိုက် ထုတ်လွှင့်သည့်သတင်း ပြီးသွားသည်နှင့် ဖျင်အန်းမြို့မှ လူငယ် အများစုက ဆံပင် အဖြူရောင် ဆိုးလာခြင်းပင်။
အမည်မသိ လူကြီးမင်းဟူသော အမည်က ဖျင်အန်းတစ်မြို့လုံးသို့ ပျံ့နှံ့သွားသည့်အပြင် ပုံရိပ်ယောင် ကွန်ရက် အထိပါ ရောက်သွားလေသည်။ ဖျင်အန်းမြို့မှ အင်တာနက် အသုံးပြုသူများက ဆံပင်ဖြူနှင့် အမည်မသိ ပုဂ္ဂိုလ် ချစ်သူများအဖွဲ့ဟုပင် ဖွဲ့စည်းလိုက်ကြသည်။