အခန်း ၁၀၆၀
Vol. 71 Ch. 1060
Chapter 1060 ဒီလူက တကယ့် အရူးပဲ
ကျုံးမိသားစု၏ စားသောက်ဆိုင် လုပ်ငန်းသည် အလွန်အမင်း လူကြိုက်များလျက် ရှိသည်။ မနက် ဆယ့်တစ် နာရီမှ နေ့လယ် သုံးနာရီအထိ ဧည့်သည်များ ရာချီ၍ လာရောက် စားသောက်ကြသည်။
ဦးလေးကျုံး၊ ကျုံးလီအာနှင့် ကျုံးလီအာ၏ မိခင်တို့ အလွန် အလုပ်များက ချွေးတလုံးလုံး ဖြစ်နေကြသည်။ အကူအညီပေးရန် လူ နှစ်ယောက်၊ သုံးယောက် ခေါ်ထားသော်လည်း အလုပ်များနေဆဲပင်။
နေ့လယ် သုံးနာရီသို့ ရောက်သည်နှင့် စားသောက်ဆိုင်အား တန်းပိတ်လိုက်ရသည်။ လူတိုင်း အလွန် ပင်ပန်း နေသဖြင့် များပြားလှသော ဧည့်သည်များကို ငြင်းဆ်ရလေတော့သည်။
သူတို့ ဝန်ထမ်း ထပ်ငှားမှ ဖြစ်ပေမည်။ သို့မဟုတ်ပါက သူတို့သားအဖ နှစ်ယောက်လုံး အမောဖောက် သွားကြပေလိမ့်မည်။
ဦးလေးကျုံးသည် ဆိုင်ဖွင့်ချိန် လေးနာရီမှ ရရှိသော ဝင်ငွေကို တွက်ချက်နေသည်။ တွက်ချက်လေလေ သူ၏အပြုံးက ပို၍ ကြီးမားလာလေ ဖြစ်လာ၏။ နောက်ဆုံးတွင် သူသည် ဝင်ငွေကို တစ်ဝက်ခွဲ၍ ယဲ့ဖန်ကို ပေးလိုက်သည်။
“ရှောင်ဖန်၊ ဒီလေးနာရီအတွင်း ငါတို့ စုစုပေါင်း ယွမ်ငါးသောင်း ရတယ်၊ ကုန်ကျစရိတ်တွေ ဖယ်လိုက်ရင်တောင် အသားတင် အမြတ်က လေးသောင်းနီးပါး ရှိတယ်”
“ဒီမှာ ရော့၊ သုံးသောင်းကို မင်း ယူလိုက်”
ဦးလေးကျုံး အလွန် ပျော်ရွှင်နေ၏။ ဤလေးနာရီ၏ ဝင်ငွေသည် သူ၏ ယခင်တစ်လစာ ဝင်ငွေနှင့် ညီမျှနေသဖြင့် မှင်တက်ဖွယ် ကောင်းလှသည်။ သူ့စကားကြောင့် ယဲ့ဖန် အံ့ဩသွားပြီး ပိုက်ဆံကို မယူလိုက်ပေ။
“ရှောင်ဖန်၊ ငါတို့က မင်းပေးတဲ့ ချက်ပြုတ်နည်းကို အမှီပြုပြီး ငါတို့ ကျုံးမိသားစု စားသောက်ဆိုင်က အသက်ဆိုင်နေတာလေ၊ ပြီးတော့ စီးပွားရေးကလည်း ရုတ်တရက်ကြီးကို ကောင်းလာပြီလေ”
“နောက်ပိုင်းဆိုရင် မင်းက ချက်ပြုတ်နည်းကို ပေးတဲ့သူဆိုတော့ ကုန်ကျစရိတ် ဖယ်လိုက်ပြီးတဲ့ အမြတ်ကို မင်းက ခုနစ်ဆယ် ရာခိုင်နှုန်း ယူလေ၊ ငါတို့က သုံးဆယ် ရာခိုင်နှုန်း ယူမယ်”
လက်ရှိတွင် ဦးလေးကျုံးသည် ယဲ့ဖန်အား ကလေးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေ၏။ ချက်ပြုတ် နည်းလေး တစ်ခု ရေးလိုက်ရုံနှင့် ဆိုင်ကို အသက်ပြန်ဝင်လာအောင် လုပ်နိုင်သည်။ ထို့ကြောင့် ယဲ့ဖန်က သူတို့အတွက် နတ်ဘုရားကဲ့သို့သော ပုဂ္ဂိုလ်ပင်။
သူ့စကားကြောင့် ယဲ့ဖန်က ခေါင်းခါလိုက်သည်။
“ဦးလေးကျုံး၊ ဒီဟင်းလျာကို အသက်ကယ်ပေးတဲ့အတွက် ကျေးဇူးဆပ်တာလို့ သတ်မှတ်လိုက်ပါ”
“ကျွန်တော် ဦးလေးကို အမြတ်ခွဲပေးဖို့ မပြောပါဘူး၊ ကျွန်တော် ဒီပိုက်ဆံကို ဦးလေးဆီက ချေးထားတာလို့ သဘောထားပြီး လက်ခံလိုက်ပါ့မယ်”
ယဲ့ဖန်၏ စိတ်ထဲတွင် ဘုံကိုးပါး ဧကရာဇ်၏ မှတ်ဉာဏ် ရှိသည်။ မှတ်ဉာဏ်ထဲမှ အများစုက သူ့အတွက် အလွန် အသုံးဝင်သဖြင့် အံ့ဩသွားရသည်။
ဆေးပင်ဝယ်ရန်အတွက် ပိုက်ဆံ လိုအပ်သည် မဟုတ်ပါတကား။ လက်ရှိတွင် ယဲ့ဖန်သည် ပိုက်ဆံ သုံးသောင်းကို ကောက်ယူလိုက်သည်။ ယဲ့ဖန်၏ စကားကိုကြားပြီး ဦးလေးကျုံးနှင့် သူ့ဇနီးသည်သာမက ကျုံးလီအာပါ အံ့အားသင့် သွားလေသည်။
ယဲ့ဖန်က အမြတ်ငွေ ခွဲပေးခြင်းကို ငြင်းဆန်လိမ့်မည်ဟု သူတို့ ထင်မထားမိပါ။ ယဲ့ဖန် ပေးသော ဟင်းလျာကြောင့် ကျုံးမိသားစု၏ အသားတင် အမြတ်သည် တစ်နာရီလျင် တစ်သောင်းနီးနီး ရှိသည်။ ထို့ကြောင့် တစ်နေ့ ရောင်းရငွေက တစ်သိန်းမျှ ရှိလေသည်။
တစ်လလျင် သုံးသန်းနီးနီး ရနေသဖြင့် တစ်နှစ်လျင် သန်းသုံးဆယ်ကျော်မျှ အမြတ် ရနေလေပြီ။ တစ်နှစ်တည်းနှင့် ဤမျှ အမြတ်ငွေရရန် သာမန်လူများ တစ်သက်လုံး ကြိုးစားလျင်တောင်မှ မရနိုင်ပေ။
ဤသည်ကို ယဲ့ဖန်က အေးအေးလူလူ ငြင်းဆန်နေပြီး အရေးပင်မလုပ်သဖြင့် ကျုံးမိသားစု မည်သို့ ထိတ်မလန့်ဘဲ နေနိုင်မည်နည်း။
သူတို့ တစ်ခုခုပြောရန် ပြင်သော်ငြားလည်း ယဲ့ဖန်က ပိုက်ဆံယူကာ လက်ပြနှုတ်ဆက်လေသည်။
“ဦးလေးတို့ ပင်ပန်းသွားပြီဆိုတော့ နားလိုက်ပါဦး၊ ကျွန်တော် အပြင်သွားလိုက်ဦးမယ်”
ပြောပြီးသည်နှင့် ယဲ့ဖန်က ကျုံးမိသားစု ဆိုင်မှထွက်သွားလေသည်။ သူ၏ကျောပြင်ကို ငေးကြည့်ရင်း ကျုံးမိသားစုသည် ထိတ်လန့်နေရာမှ သတိဝင်မလာသေးချေ။ ကျုံးလီအာ၏ မိခင် ရှူလန်ရင်းက ဦးလေးကျုံးကို ပြောလာသည်။
“ယောက်ျား၊ ရှောင်ဖန်က ဘယ်လိုလူလဲလို့ ရှင် ထင်လဲ၊ ဒီကလေးမှာ ဘာယန်စွမ်းအင်မှ စီးမနေပင်မယ့် သူက သာမန်လူ မဟုတ်ဘူးလို့ ကျွန်မ အမြဲ ခံစားမိနေတယ်”
ဇနီးဖြစ်သူ၏ စကားကြောင့် ဦးလေးကျုံးက ယဲ့ဖန် ထွက်သွားရာဘက်သို့ ငေးကြည့်ရင်း တွေဝေ၍ သံသယ ရှိသော အကြည့်များဖြင့် ကြည့်ပြီး ပြောလိုက်သည်။
“ငါလည်း အဲ့လို ခံစားမိနေတယ်၊ ရှောင်ဖန်က သိပ်ကို ထူးဆန်းလွန်းတယ်”
“သူ ငါ့ကို ပေးတဲ့ ချက်ပြုတ်နည်းက ရှေးခေတ်က ဧကရာဇ်ကို ဆက်သတဲ့ ဟင်းလျာတစ်ခု ဖြစ်နိုင်တယ်၊ သူက ဒါကို လက်တန်း ရေးနိုင်ရုံတင်မကဘူး၊ နောက်ပိုင်း ရလာမယ့် သန်းချီတဲ့ ပိုက်ဆံတွေကိုပါ ငြင်းနိုင်တာ၊ ဒါ လုံးဝကို သာမန်လူ မဟုတ်ဘူး”
ဤဟင်းချက်နည်းကို ပိုင်ဆိုင်ခြင်းက ရွှေတွင်းတစ်တွင်းကို ပိုင်ဆိုင်လိုက်သည်နှင့် တူညီကြောင်း ဦးလေးကျုံး သိလေသည်။ ယဲ့ဖန်က ဤရွှေတွင်းကို တီထွင်ခဲ့သူ ဖြစ်သော်လည်း ၎င်းအား နွားချေးသဖွယ် သဘောထားနေ၏။
ကျုံးလီအာသည် မိဘများ၏ ယဲ့ဖန်အကြောင်း တအံ့တဩ ပြောဆိုနေသံကို နားထောင်ပြီး ရင်ထဲ၌ ပျော်ရွှင်ကာ ပန်းများ ဖူးပွင့်လာသလို ခံစားမိလာသည်။ သူမ၏ မျက်နှာထက်တွင် ပျော်ရွှင်မှုနှင့် ချစ်ခင်စိတ်အား ဖုံးဖိ၍ ခက်နေ၏။ ထိုစဉ် ဦးလေးကျုံးထံမှ ထူးဆန်းသော စကားမျိုး ထွက်လာသည်။
“လီအာသာ ရှောင်ဖန်နဲ့ ချစ်ကြိုက်သွားမယ်ဆိုရင် တော်တော်ကောင်းမှာ”
ကျုံးလီအာ တုန်ယင်သွားသည်။ ထိုအခါတွင်မှ သူမမိဘများက သူမကို ပြုံးစိစိနှင့် ကြည့်နေကြသည်ကို သတိထားမိပြီး မျက်နှာနီမြန်းသွားရသည်။
“အဖေ၊ အဖေ … ဘာတွေပြောနေတာလဲ”
ထိုသို့ပြောပြီးသည်နှင့် ကျုံးလီအာ၏ မျက်နှာလေးသည် ရှက်စိတ်ကြောင့် သွေးထွက်နေသကဲ့သို့ နီမြန်းနေ၏။ သူမမိဘများကို ဆက်မကြည့်ရဲတော့သဖြင့် မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်သည်။
မီးဖိုချောင်ထဲသို့ ဝင်လာပြီးသည်အထိ ကျုံးလီအာ၏ နှလုံးသားလေးက တဒိတ်ဒိတ် ခုန်နေဆဲပင်။ သူမ၏ အတွေးထဲ၌ ယဲ့ဖန်၏ ပုံရိပ်များဖြင့် ပြည့်နှက်နေလေသည်။
“သူ … သူ ငါ့ကို သဘောကျပါ့မလား”
…
တစ်ချိန်တည်းမှာပင် ယဲ့ဖန်သည် ဆေးဝါးသုတေသနဌာန အဆောက်အဦးသို့ ရောက်လာသည်။ ယန်နယ်မြေသည် ငရဲဘုံနှင့် မတူပေ။ ဤနေရာမှ ဆေးများအားလုံးသည် ယန်နယ်မြေ၏ ရှေးခေတ်အရာများ ဖြစ်သည်။ လက်ရှိ နည်းပညာနှင့် သိုင်းပညာတို့၏ ပေါင်းစပ်မှုကြောင့် ရှေးခေတ် အဂ္ဂိရတ်ဆရာတို့သည် ဆေးဖော်သူ အဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားလေသည်။
သူတို့သည် ဆေးဝါးများအား ကုသခြင်း၊ အဆင့်တက်ခြင်း၊ မျိုးရိုးဗီဇ ပြောင်းလဲခြင်း၊ ဆဲလ်နှင့် တစ်ရှူးများ ပြုပြင်ခြင်း အစရှိသဖြင့် ခွဲခြမ်း စိတ်ဖြာထားသည်။
ဆေးဖော်သူတိုင်း၏ အဆင့်အတန်းက အလွန် မြင့်မားလှသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် များပြားသော ဆေးဝါး ဗဟုသုတနှင့် ဆေးစပ်သော ဗဟုသုတတို့ ရှိရန် လိုအပ်သောကြောင့်ပင်။
ဆေးဝါးသုတေသနဌာနသည် အမျိုးအစား စုံလင်သော ဆေးဘက်ဆိုင်ရာ ပစ္စည်းများနှင့် ဆေးမျိုးစုံကို ရောင်းချရုံ သာမက ဆေးဖော်သူတို့ အသုံးပြုရန် အထူး ဆေးစပ်ခန်းများကိုလည်း ငှားရမ်းလေသည်။ ယဲ့ဖန် ခန်းမထဲသို့ ဝင်သွားသောအခါ ဧည့်ကြိုမိန်းကလေးက ငိုက်မျဉ်းနေသည်ကို တွေ့လိုက်ရသည်။
“ဟဲလို၊ ကျွန်တော် ဆေးစပ်ခန်းတစ်ခန်း လိုချင်လို့ပါ”
ယဲ့ဖန်၏ အသံကြောင့် ဧည့်ကြိုမိန်းကလေး ထိတ်လန့်သွားပြီး ငိုက်နေရာမှ နိုးလာ၏။ ထို့နောက် ယဲ့ဖန်၏ ငယ်ရွယ်သော မျက်နှာကိုမြင်ပြီး မသိမသာ အံ့ဩသွားရသည်။
“လူကြီးမင်း အခု ဘာပြောလိုက်တာလဲ”
“ဆေးစပ်ခန်းတစ်ခန်း ငှားမလို့ ပြီးတော့ ကျွန်တော် ဆေးပစ္စည်းတွေ လိုအပ်တယ်”
ထိုသို့ပြောပြီးသည်နှင့် ယဲ့ဖန်က သူ လိုအပ်သည့် ဆေးပစ္စည်းများ ရေးထားပြီးသည့် စာရွက်ကို ပေးလိုက်သည်။
*ဆေးပစ္စည်း*
*ဆေးစပ်ခန်း*
ထိုအခိုက်တွင် ဧည့်ကြိုမိန်းကလေး ထိတ်လန့်သွားလေသည်။
“လူကြီးမင်း၊ ရှင် … ရှင် အခု ဆေးဖော်မလို့လား”
ဆေးဖော်သူများသည် ဆေးဝါး ဗဟုသုတနှင့် သုတေသန အတွေ့အကြုံများစွာ လိုအပ်သောကြောင့် ဆေးဖော်သူ အများစုသည် အဘိုးအိုများသာ ဖြစ်ကြလေသည်။
သာမန် လူလတ်ပိုင်းအရွယ် ဆေးဖော်သူအား ဂျူနီယာဟု သတ်မှတ်နိုင်သည်။ ဤသည်ကို ငယ်ရွယ်၍ မရင့်ကျက် သေးသော ယဲ့ဖန်လိုလူက ဆေးဖော်ချင်သည်တဲ့လား။ ဤအဖြစ်ကြောင့် ဧည့်ကြိုမိန်းကလေး မအံ့ဩဘဲ မနေနိုင်ချေ။
ယဲ့ဖန်က မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။
“ဟုတ်တယ်၊ ပြဿနာ ရှိလို့လား”
“မ…မရှိပါဘူး”
ဧည့်ကြိုမိန်းကလေးသည် ယဲ့ဖန်က ဆေးဖော်ချင်နေသည်ကို သေချာသိသွားပြီးနောက် အမူအရာက ထူးဆန်း လာသည်။
“ဒါပေမဲ့ လူကြီးမင်း၊ ကျွန်မ ရှင့်ကို အကြံပေးချင်ပါတယ်၊ တကယ်လို့ ရှင် ဆေးဖော်တာကို သင်ချင်တာဆိုရင် အိမ်ပြန်ပြီး ဖြည်းဖြည်းချင်း လေ့လာပါဦး၊ ဆေးဖော်ခန်းက အခြေခံအားဖြင့် တကယ့် ဆေးဖော်သူအတွက်ပါ၊ ပြီးတော့ ဈေးလည်း အရမ်းကြီးပါတယ်”
“တကယ်လို့ ရှင် ဆေးဖော်ခန်း တစ်ခန်း ငှားပြီး ဆေးမဖော်နိုင်ရင် ဖြုန်းတီးတာပါပဲ”
ဧည့်ကြိုမိန်းကလေးသည် ကြင်နာတတ်သူ ဖြစ်သည်။ သူမစိတ်ထဲတွင် ယဲ့ဖန်က ဆေးဖော်သူ လုံးဝ မဖြစ်နိုင်ဟု ထင်နေ၏။ ဆေးဖော်ခန်းအား အသုံးပြုခြင်းက ပိုက်ဆံဖြုန်းခြင်းမှလွဲ၍ အခြားမဖြစ်နိုင်ဟု ထင်နေ၏။ သို့သော် ယဲ့ဖန်က ခေါင်းအသာခါပြလိုက်သည်။
“ကျွန်တော် ပြောတဲ့အတိုင်း လုပ်ပါ”
“ကောင်းပါပြီ … ကောင်းပါပြီ”
ဧည့်ကြိုမိန်းကလေးသည် ယဲ့ဖန်က အလွန် ခေါင်းမာလိမ့်မည်ဟု ထင်မထားမိသောကြောင့် လက်ရှိတွင် သူမစိတ်ထဲ၌ ယဲ့ဖန်ကို အလွန် အထင်သေးနေသည်။
ယဲ့ဖန်က ငယ်ရွယ်နေသေးသဖြင့် သူ ဆေးဖော်နိုင်သည်ဟူသော စကားထက် အမျိုးသားများ ကလေးမွေးဖွား နိုင်သည်ဟူသော စကားကိုသာ ယုံလိုက်ပေမည်။ သို့သော် သူမ ဆက်မပြောဘဲ မနေနိုင်ချေ။
“လူကြီးမင်း၊ ဆေးဖော်ခန်းက ခြောက်နာရီစာ ငှားပါတယ်၊ ငှားခက ယွမ်ရှစ်ထောင်ပါ၊ ပြီးတော့ ရှင် ရေးထားတဲ့ ဆေးပစ္စည်းတွေနဲ့ဆို စုစုပေါင်း ယွမ် နှစ်သောင်းကိုးထောင်ပါ”
ထိုစကားကြောင့် ယဲ့ဖန်က ခေါင်းညိတ်၍ ယွမ်သုံးသောင်း ပေးလိုက်သည်။ ဧည့်ကြိုမိန်းကလေးသည် လိုအပ်ချက်များကို ဆောင်ရွက်ပြီးသည်နှင့် ယဲ့ဖန်အား အခန်းကဒ်တစ်ကဒ် ပေးလိုက်လေသည်။
“ရှင့်ဆေးဖော်ခန်းက နှစ်ဆယ့်လေးလွှာမှာ ရှိပါတယ်၊ အခန်းနံပါတ်က ၂၄၀၄ ပါ”
“ရှင့် ဆေးပစ္စည်းတွေကိုလည်း အခန်းထဲမှာ ကြိုထည့်ထားပေးပြီးပါပြီ”
ယဲ့ဖန် ခေါင်းညိတ်ပြလိုက်ပြီး ဘာမှထပ်မပြောတော့ဘဲ ဓာတ်လှေကားရှိရာသို့ တန်းလျှောက်သွားလိုက်သည်။ ယဲ့ဖန်၏ နောက်ကျောကို လှမ်းကြည့်ပြီး ဧည့်ကြိုမိန်းကလေးသည် အထင်သေးသလို ပြုံးလိုက်လေသည်။
“ချီး … ဟန်ကိုယ့်ဖို့အတွက် ယွမ်ရှစ်ထောင်ဖြုန်းပြီး ဆေးဖော်ခန်း ငှားနေသေးတယ်”
“ဒီလူက တကယ့် အရူးပဲ”