← Chapters

အခန်း ၁၀၆၂

Vol. 71 Ch. 1062

အခန်း ၁၀၆၂

Vol. 71 Ch. 1062

Chapter 1062 အဲ့လူကို … ရှာတွေ့ပါပြီ

ရေတိမ်ခရိုင်၏ မြေအောက်လောက၌ ထိတ်လန့်မှုတစ်ခု ဖြစ်ပွားလာသည်။ ရေတိမ်ခရိုင်၏ မြေအောက်ဘုရင် ကင်းမြီးကောက် လူသတ်သမားက မြေအောက်လောက အဖွဲ့သားအားလုံးကို ဆင့်ခေါ်၍ ဆံပင်အဖြူရောင်နှင့် လူငယ်တစ်ယောက်အား လိုက်ရှာခိုင်းလေသည်။

ပိန်ပါး၍ ချောမောသော မျက်နှာရှိပြီး ဆံပင်အဖြူရောင်နှင့် လူငယ်ပင် ထပ်ဖြစ်နေပြန်၏။

ထန်မိသားစုက ဆံပင် အဖြူရောင်နှင့် လူငယ်ကို ရှာပေးလျင် ဆယ်သန်းချီးမြှင့်ဟု ကြေငြာပြီးနောက် ဖျင်အန်းမြို့၏ မြေအောက်လောကသားများလည်း ဆံပင်အဖြူရောင်နှင့် လူငယ်လေးကို လိုက်ရှာခဲ့ကြသည်။

ယဲ့ဖန်သည် သူ မတော်တဆ ဖိတ်စင်အောင် လုပ်ခဲ့မိသော ဆေးရည်တစ်ချို့က ရေတိမ်ခရိုင်၏ မြေအောက် လောကကို ထိတ်လန့်မှုကြီး ဖြစ်သွားစေလိမ့်မည်ဟု ထင်မထားမိချေ။

လက်ရှိတွင် အပြင်ဘက်၌ ကမောက်ကမ ဖြစ်နေစဉ်တွင် ယဲ့ဖန်က ကျုံးမိသားစု၏ စားသောက်ဆိုင်သို့ ပြန်သွားလေသည်။ သူ တံခါးဖွင့်ပြီး ဝင်လိုက်သည်နှင့် ကျုံးလီအာက စစ်ဆေးသည့်ဟန်ဖြင့် တံခါးဝသို့ ခဏခဏ လှည့်ကြည့်၍ အပြင်ဘက်သို့ စိုးရိမ်တကြီး ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“လီအာ မင်း ဘာဖြစ်လို့လဲ”

ယဲ့ဖန် အံ့ဩသွားပြီး အထဲသို့ ဝင်လိုက်ပြီးသည်နှင့် မေးလိုက်မိသည်။ ယဲ့ဖန်ကို မြင်သည်နှင့် ကျုံးလီအာ၏ မျက်လုံးလေးများက ဝင်းလက်သွားသည်။

“အစ်ကိုယဲ့ ရှင် ပြန်လာပြီပဲ၊ ညီမ အစ်ကို့ကို စောင့်နေတာ”

*ငါ့ကို စောင့်နေတာလား*

ယဲ့ဖန် အံ့ဩသွားပြီးမှ ကျုံးလီအာက ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသည်ကို သတိပြုမိသွားလေသည်။ သူမက ရှိရင်းစွဲ ဖြူစင်ချောမွေ့သော မျက်နှာလေးအား မိတ်ကပ် ခပ်ပါးပါး လိမ်းထားလေသည်။ မိတ်ကပ်လိမ်း ထားသောအခါ သူမ၏ ဖြူစင်သော အလှက ပို၍ ဆွဲဆောင်မှု ရှိလာ၏။

သူမက နှင်းကဲ့သို့ ဖွေးစွတ်သော အဖြူရောင် ဂါဝန်လေးကို ဝတ်ဆင်ထားသဖြင့် ဖူးသစ်စ ပန်းပွင့်လေးသဖွယ် လှပလွန်းလှသည်။ သူ ကြည့်နေသဖြင့် ကျုံးလီအာ၏ မျက်နှာလေးက ရှက်သွေးဖြာလာသည်ဟု ခံစားမိ လာသည်။

“အစ်ကိုယဲ့၊ ဒီနေ့က နွေရာသီ ကျောင်းပိတ်ရက်ရဲ့ နောက်ဆုံးနေ့လေ၊ မနက်ဖြန်ဆို ကျောင်းပြန်ဖွင့်တော့မှာ၊ အဲ့ဒါကြောင့် ညီမအတန်းထဲက အတန်းဖော်တွေက အတူတူ ပြန်ဆုံကြဖို့ စီစဉ်ထားတာ”

“အစ်ကို့ကို ညီမနဲ့အတူ လိုက်ပေးစေချင်လို့၊ အဲ့ဒါ အစ်ကို့အတွက် အဆင်ပြေရဲ့လား”

ထိုသို့ပြောပြီးသည်နှင့် ကျုံးလီအာက ယဲ့ဖန်ကို ချစ်ခင်သော အကြည့်များဖြင့် ကြည့်နေသည်။ သူမသည် စိုးရိမ်၍ မျှော်လင့်နေပြီး ရတက်မအေးဖြစ်နေဟန်ဖြင့် လက်နှစ်ဖက်ကို ကျစ်နေအောင် ယှက်ထားသည်။

*ကျောင်းသားဟောင်း ပြန်ဆုံပွဲလား*

ကျုံးလီအာက သိပ္ပံနှင့် နည်းပညာကျောင်းတွင် ပထမ တက်နေဆဲ ကျောင်းသူဖြစ်ကြောင်း ယဲ့ဖန် သိထားသည်။ သူမ၏ အတန်းဖော်များသည်လည်း သိုင်းပညာရှင် ကျောင်းသားအချို့ ဖြစ်လေသည်။

ယဲ့ဖန်သည် ဤသို့သော စုဝေးပွဲမျိုးကို စိတ်မဝင်စားချေ။ သို့သော် ကျုံးလီအာ၏ စိတ်လှုပ်ရှား‌ မျှော်လင့်နေသော အကြည့်ကြောင့် သူ မငြင်းရက်တော့ဘဲ ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပြီလေ၊ ငါ မင်းနဲ့ လိုက်ခဲ့ပေးမယ်”

“ရေး…”

ယဲ့ဖန်ထံမှ လိုက်ခဲ့ပေးမည်ဟူသော စကားကြောင့် ကျုံးလီအာ ချက်ချင်း အားတက်သွားလေသည်။ အနားမှ ကျုံးလီအာ၏ မိဘများသည်လည်း စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလာပြီး ပြုံးစိစိ လုပ်လာကြသည်။

ဦးလေးကျုံးက အရင် စကားစလာ၏။

“ရှောင်ဖန် မင်း သမီးနဲ့အတူ လိုက်ပေးမယ်ဆိုတော့ ဦးလေး စိတ်အေးသွားပြီ”

ထို့နောက် ဦးလေးကျုံးက စားပွဲပေါ်မှ အဝတ်အစား အသစ်တစ်စုံကို ယူ၍ ယဲ့ဖန်ကို ပေးလိုက်သည်။

“ဒီမှာ ဒါ နေ့လယ်က ငါနဲ့ လီအာ ကုန်တိုက်ကိုသွားပြီး မင်းအတွက် ဝယ်လာတဲ့ အဝတ်အစားအသစ်”

“မြန်မြန် သွားလဲလိုက်”

ထိုသို့ပြောပြီးသည်နှင့် ဦးလေးကျုံးက သမီးဖြစ်သူကို အပြုံးဖြင့် လှမ်းကြည့်ပြီး ရွှင်ပျစွာ ပြောလိုက်သည်။

“မင်း တော်တော် ကံကောင်းတာကွ၊ လီအာက မင်းအတွက် ဝတ်စုံ ရွေးပေးဖို့ ဖျင်အန်းမြို့က အမျိုးသား အဝတ်အစားဆိုင် အားလုံးနီးပါးကို ပတ်ထားတာလေ၊ ပြီးတော့မှ ဒီဝတ်စုံကို ရွေးလာတာ”

ထိုစကားကြောင့် ကျုံးလီအာသည် နီမြန်းနေသော မျက်နှာကို လက်ဖြင့် အုပ်လိုက်မိပြီး ရင်ခုန်သံက ပိုမို မြန်ဆန်လာ၏။ ယဲ့ဖန်သည် အဝတ်အစားကို လှမ်းယူပြီး ကျုံးလီအာ၏ ဦးခေါင်းကို ခပ်ဖွဖွ ပွတ်ပေးလိုက်သည်။

“ကျေးဇူးပဲ လီအာ”

ထို့‌နောက် ယဲ့ဖန်က စားသောက်ဆိုင် အနောက်မှ အိပ်ခန်းထဲ ဝင်သွားပြီး အဝတ်လဲလေသည်။ နှစ်မိနစ် ကြာပြီးနောက် ယဲ့ဖန် အခန်းထဲမှ ပြန်ထွက်လာသောအခါ စားသောက်ဆိုင် တစ်ခုလုံး တိတ်ဆိတ်သွားသည်။

ဦးလေးကျုံး၊ အန်တီကျုံးနှင့် ကျုံးလီအာတို့က ယဲ့ဖန်ကို ငေးကြည့်နေကြသည်။ တောင်းမှာ အကွပ်၊ လူမှာ အဝတ်ဟူသော စကားက မှန်ပေ၏။

ဤသာမန်ကာလျှံကာ အနက်ရောင်ဝတ်စုံနှင့် ယဲ့ဖန်သည် အမှောင်ထုထဲမှ လျှောက်လာသော ဧကရာဇ်တစ်ပါးနှင့် အသွင်တူလှသည်။ သူ့တွင် ခက်ထန်၍ မြင့်မြတ်သော အရှိန်အဝါမျိုး ရှိနေသည်။ အထူးသဖြင့် သူ၏ဆံပင် အဖြူရောင်က အနက်ရောင်ဝတ်စုံနှင့် လိုက်ဖက်ညီလှပြီး အလွန် ခံ့ညားလှသည်။

သူ၏ မပြုံးတပြုံးပုံစံကိုပါ ထည့်ပေါင်းလိုက်လျင် သူ၏ ပင်ကိုယ်ပုံစံက အလွန့်ကို သာမန်ထက် ထူးကဲသွားသည်။ ဧကရာဇ်တစ်ပါး ပြန်လည်မွေးဖွားလာသည်ဟု ထင်မှတ်ရပြီး အလိုလို ရှိန်သောခံစားချက်မျိုး ဖြစ်လာရသည်။

“ဘာဖြစ်လို့လဲ၊ ကြည့်ရဆိုးလို့လား”

မိမိကို အားလုံး ငေးကြည့်နေသဖြင့် ယဲ့ဖန် ခေါင်းကုတ်မိကာ ဇဝေဇဝါဖြင့် ပြန်မေးလိုက်မိသည်။

“မဟုတ်ဘူး … ကောင်းတယ် … ကြည့်ကောင်းတယ်”

ထိုအခါတွင်မှ ဦးလေးကျုံးနှင့် အန်တီကျုံးတို့ သတိဝင်လာပြီး ပြန်ပြောလိုက်သည်။ နှစ်ယောက်သား တောက်ပစွာ ရယ်မောကြလေသည်။

“ရှောင်ဖန်၊ မင်း ဒီဝတ်စုံ ဝတ်လိုက်တော့ မင်း အရှိန်အဝါက ပြင်းလွန်းတယ်ကွ၊ ငါတောင်မှ ရှေးခေတ်က ကြောက်စရာကောင်းတဲ့ ဧကရာဇ် ပြန်မွေးလာတယ်လို့ ထင်မိသွားတယ်”

“ဟုတ်တယ်၊ ဒါက ဧကရာဇ်တစ်ပါးရဲ့ အရှိန်အဝါမျိုးပဲ၊ ရှောင်ဖန်၊ ဒီလောက် အသက်ငယ်ငယ်လေးနဲ့ မင်းမှာ ဘယ်လိုလုပ် ဒီလို အရှိန်အဝါမျိုး ရှိနေသလဲ ငါ မတွေးတတ်တော့ဘူး”

ကျုံးလင်မယား အံ့ဩနေသလို ကျုးလီအာသည်လည်း ရင်တဒိတ်ဒိတ် ခုန်နေလေသည်။

“သွားမယ်လေ”

ကျုံးလီအာက ချက်ချင်း ရှေ့တိုး၍ ယဲ့ဖန်ကို ဆွဲကာ ဆိုင်ထဲမှ ထွက်လာလိုက်သည်။

…

ဖျင်အန်းမြို့၏ ညတာသည် အလွန် သက်ဝင်လှုပ်ရှားမှု ရှိလှသည်။ လမ်းမထက်၌ လူများစွာတို့ သွားလာနေပြီး မီးရောင် ထိန်လင်းနေသော မိုးမျှော်အဆောက်အဦးများက လူတို့အား သိပ္ပံနည်းပညာ၏ အံ့ဩစရာကောင်းမှုကို ပေးစွမ်းနေ၏။

ညအချိန်သို့ ရောက်နေသော်လည်း ယန်စွမ်းအင်က ပေါများလျက် ရှိပြီး လူတို့သည် သွားလာ၊ စားသောက်၍ အိပ်စက်နေစဉ်တိုင်း မိမိတို့၏ ခန္ဓာကိုယ်များက ယန်စွမ်းအင်အောက်၌ သန်စွမ်းကြံ့ခိုင်လာ၏။

ဘုရင့်ဘားသည် ဖျင်အန်းမြို့ ရေတိမ်ခရိုင်၏ အဆင့်မြင့်သော နေရာများထဲမှ တစ်ခုဖြစ်သည်။ ဤနေရာမှ သောက်စရာများသည် ယန်နယ်မြေမှ မိစ္ဆာများ၏ သွေးဖြင့် ပြုလုပ်ထားသော ဝိုင်ဖြစ်ပြီး တစ်ခွက်ချင်းစီက ခန္ဓာကိုယ်ကို ကြံ့ခိုင်စေပြီး ယန်စွမ်းအင်ကို သန့်စင်ပေးနိုင်သည့် အကျိုးအာနိသင် ရှိလေသည်။

ထို့အတူ ဤနေရာသည် ယန်နယ်မြေမှ သိုင်းပညာရှင်များ တစ်နေ့တာအတွက် ဇိမ်လာခံသည့် အကြိုက်ဆုံး နေရာတစ်ခုလည်း ဖြစ်ပေသည်။

ကျုံးလီအာနှင့် ယဲ့ဖန်တို့ ဘုရင့်ဘား၏ တံခါးဝသို့ ရောက်လာသည်နှင့် လူတော်တော်များများ၏ အာရုံကို ဆွဲဆောင်သွားသည်။ ကျုံးလီအာတွင် ညတာ၌ ဝင်းလက်နေသည့် နှင်းဆီဖြူတစ်ပွင့်ကဲ့သို့ လှပ‌သော မျက်နှာထား ရှိလေသည်။ ယဲ့ဖန်မှာမူ အမှောင်ထဲမှ ဧကရာဇ်တစ်ပါးကဲ့သို့ ခက်ထန်၍ ထိန်းချုပ်မရနိုင်သော အရှိန်အဝါမျိုး ပေးစွမ်း၏။

တောက်ပသော လူငယ်လေးနှင့် မိန်းမပျိုလေးတို့ ယှဉ်တွဲလာခြင်းက ဘေးပတ်လည်မှ လူတိုင်း၏ အာရုံကို ဖမ်းစားသွားသည်။

ယဲ့ဖန်နှင့် ကျုံးလီအာတို့ ဘားထဲသို့ ဝင်လာချိန်တွင် သလင်းကျောက် ကင်မရာတစ်ခုက ယဲ့ဖန်၏ပုံရိပ်အား မှတ်တမ်းတင်နေသည်ကို သူတို့ မသိလိုက်ကြချေ။ တစ်ချိန်တည်းမှာပင် ဘုရင့်ဘား၏ လုံခြုံရေး စောင့်ကြည့် ခန်း၌ ဝမ်းသာအားရ အော်သံ ထွက်လာ၏။

“ခေါင်းဆောင်၊ ဒီဆံပင်အဖြူနဲ့ လူငယ်လေးကို ကြည့်ပါဦး၊ သူက ဘော့စ် ရှာနေတဲ့လူများလား”

စောင့်ကြည့်သူ တစ်ယောက်က အော်ပြောလိုက်သဖြင့် ဘေးမှလူများက ခေါင်းခါ၍ ပြန်ပြောလိုက်သည်။

“လောင်ချီ၊ ဒီနေ့ မင်း ဒီလို ပြောနေတာ ဒါနဲ့ဆို ရှစ်ခါရှိပြီ”

“အခုဆို ဆံပင်အဖြူနဲ့ လူငယ်တွေက အများကြီး ဖြစ်နေတာ၊ မင်း တွေ့တိုင်း ငါတို့ကို လာကြည့်ခိုင်းနေတာလား”

“တစ်ခြား စောင့်ကြည်သူတွေလည်း ခေါင်းကိုက်နေရပြီ”

ထန်မိသားစု၏ ဆုကြေး ကြေငြာပြီးနောက် ဖျင်အန်းမြို့မှ လူငယ် ဆယ်ယောက်တွင် ခုနစ်ယောက်လောက်က ဆံပင်အဖြူရောင် ဆိုးလာကြသည်။ ယခု သူတို့၏ဘော့စ်က ဆံပင် အဖြူရောင်နှင့် လူငယ်ကို ရှာနေသဖြင့် ရှာတွေ့ရန် ခက်ခဲလှသည်။

ကျွီ

ထိုစဉ် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက် ခပ်သွက်သွက် လျှောက်၍ဝင်လာ၏။ ထိုသူထံမှ ပြင်းထန်သော ယန်စွမ်းအင်များ ထွက်ပေါ်နေသဖြင့် ကြောက်စရာကောင်းလှပေသည်။

သူသည် ဆေးဝါး သုတေသနဌာနသို့ ကင်းမြီးကောက် လူသတ်သမား ခေါ်သွားသည့် အနက်ရောင်ဝတ်စုံနှင့် လူများထဲမှ တစ်ယောက် ဖြစ်နေသည်။

လက်ရှိတွင် ထိုအနက်ရောင်ဝတ်စုံနှင့်လူသည် ဖန်သားပြင်ပေါ်မှ ယဲ့ဖန်ကိုမြင်ပြီး တစ်ကိုယ်လုံး တုန်ယင်သွားပြီး စိတ်လှုပ်ရှားဟန် ပေါ်လာ၏။

“ဟုတ်တယ် … ဟုတ်တယ်၊ သူက ဘော့စ် ရှာနေတဲ့ ဆေးပညာရှင်ပဲ”

“မြန်မြန်၊ သူ့ကို မြန်မြန်လိုက်ကြည့်၊ သူ ဘယ်ကိုသွားလဲ ရှာကြ”

“ငါ အခု ဆရာ့ကို သတင်းပို့လိုက်မယ်”

ထိုသို့ပြောပြီးသည်နှင့် အနက်ရောင်ဝတ်စုံနှင့်လူက စမတ်နာရီမှ နံပါတ်တစ်ခုကို နှိပ်လိုက်သည်။

All Chapters