အခန်း ၁၀၆၆
Vol. 72 Ch. 1066
Chapter 1066 မှတ်မိတယ်၊ ဘာကိစ္စလဲ
ဒေါက် ဒေါက် ဒေါက်
ထိုသို့သောအချိန်၌ လူတိုင်း၏ ထိတ်လန့်နေသော အကြည့်အောက်တွင် အနက်ရောင်ဝတ်စုံနှင့် လူတစ်စုက ဘုရင့်ဘား၏ တံခါးကို ဖြတ်၍ လျှောက်လာကြသည်။ သူတို့၏ အရှိန်အဝါက ပြင်းထန်၍ လွှမ်းမိုးနိုင်စွမ်း ရှိသည်။
ထိုသူများ ဘားထဲသို့ ဝင်လာသည်နှင့် ဘားထဲမှ အပူချိန်သည် ရုတ်ချည်းဆိုသလို ရေခဲမှတ်သို့ ကျဆင်းသွား လေသည်။
လူတော်တော်များများ မရည်ရွယ်ဘဲ တုန်ယင်လာကြသည်။ ဝင်လာကြသူများက လူတစ်စု မဟုတ်ဘဲ ကြောက်စရာကောင်းသော သားရဲတစ်စုဟု ထင်မှတ်မှားနေသည်။
“မြတ်စွာဘုရား၊ တကယ်ပဲ အရှင် ကင်းမြီးကောက် ဖြစ်နေတာကိုး၊ အရှင် ကင်းမြီးကောက်ကိုတောင် ထိတ်လန့် သွားစေတယ်ဆိုတော့ အဲ့သခင်လေးရဲ့ နောက်ခံက ဘာလဲ မသိဘူး”
“ငါ အဲ့လူကို သိတယ်၊ သူက ဖန်းမိသားစုက သခင်လေးပဲ၊ ဖန်းမိသားစုက ချမ်းသာပြီး ဩဇာကြီးတယ်ဆိုပင်မယ့် ပထမတန်းစား မိသားစု မဟုတ်ပါဘူး၊ ဘာလို့ အရှင် ကင်းမြီးကောက်က လူကိုယ်တိုင် ရောက်လာရတာလဲ”
“သခင်လေးဖန်းနဲ့ အရှင် ကင်းမြီးကောက်မှာ ထူးဆန်းတဲ့ ပတ်သက်မှုမျိုး ရှိနေတာလား”
“…”
လက်ရှိအချိန်၌ ဘားထဲမှ လူများအားလုံး အချင်းချင်း ပြောဆိုနေကြသည်။ အားလုံးက ဖန်းရီပေါ်ကို အားကျစိတ် အပြည့်ဖြင့် လှမ်းကြည့်နေကြလေသည်။ ဖျင်အန်းမြို့၏ ထိပ်တန်းပုဂ္ဂိုလ်များဖြင့် ကင်းမြီးကောက် လူသတ် သမားနှင့် အတူသောက်နိုင်ရန် ခက်ခဲလှသည် မဟုတ်ပါတကား။
လက်ရှိတွင် ကင်းမြီးကောက် လူသတ်သမားက စားပွဲ ၆၀၆ သို့ လာနေသည်ကို မြင်ပြီး ဖန်းရီပေါ်နှင့် အခြားသူများသည် စိုးရိမ်နေကြသလို စိတ်လည်း လှုပ်ရှားနေကြသည်။ အထူးသဖြင့် အားပင်းနှင့် အခြားသူများသည် ယဲ့ဖန်အား အလွန်အမင်း အနိုင်ကျင့် နှိပ်စက်ချင်နေ၏။
“ဟားဟားဟား … ယဲ့ဖန်၊ မင်း မြင်ပြီလား၊ သခင်လေးဖန်းက အရှင်ကင်းမြီးကောက်ကိုတောင် ထိတ်လန့်အောင် လုပ်နိုင်တာကွ၊ မင်း ဒါတောင် ရှေ့ဆက်တိုးချင်နေတာလား၊ မင်းသာ နောက်နည်းနည်းဆုတ်လိုက်ရင် မင်းရဲ့ ခွေးလိုဘဝကို ဆွဲဆန့်နိုင်ဦးမှာ”
အားပင်း စိတ်လှုပ်ရှားမှုကြောင့် မျက်နှာ နီရဲနေ၏။ သူသည် ယဲ့ဖန်ကို နင်းချေပြောဆိုပြီး ဖန်းရီပေါ်အား မျက်နှာချို သွေးနေသည်။ သူ့စိတ်ထဲတွင်လည်း ကျေနပ်အားရနေ၏။ သူသည်သာမက ဖေးဖေးနှင့် အခြားသူများလည်း ယဲ့ဖန်ကို အထင်သေး စက်ဆုပ်စွာ ကြည့်နေကြသည်။
“ဟုတ်တယ်၊ တစ်ချို့လူတွေက တော်တော် ထောင်လွှားတာ၊ အရှင် ကင်းမြီးကောက် ငါတို့ကို လာတွေ့ရင် ယန်စွမ်းအင် မရှိတဲ့ အမှိုက်ကောင်ကိုပါ တွေ့တော့မှာ၊ ဒါ ငါတို့အတွက် ရှက်စရာပဲ”
“ဟုတ်တယ်၊ တကယ်ပါပဲ၊ ယန်စွမ်းအင် မရှိရင် နိမ့်ကျတဲ့လူပဲလေ၊ အဲ့လိုလူမျိုးကိုသာ အရှင် ကင်းမြီးကောက် မြင်သွားရင် ငါတို့ မျက်နှာ ဘယ်နားသွားထားရမလဲ သိတော့မှာ မဟုတ်ဘူး”
“…”
သူတို့သည် အချင်းချင်း ပြောဆိုနေကြပြီး သူတို့ အရှက်မရရန် ယဲ့ဖန်အား ဝေးဝေး ထွက်သွားစေချင်နေ၏။ ဤအဖြစ်ကြောင့် ကျုံးလီအာ ပို၍ မျက်နှာပျက်ကာ ယဲ့ဖန်၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး မိမိကိုယ်မိမိ အပြစ်တင်ကာ တောင်းပန်လိုသော မျက်နှာထားဖြင့် ကြည့်လိုက်မိသည်။
အားလုံး စိတ်ဝင်တစား ကြည့်နေစဉ်မှာပင် ကင်းမြီးကောက် လူသတ်သမားက စားပွဲ ၆၀၆ သို့ ရောက်လာ၏။ ထိုအခါ ရှုထျန်းရှုံးက အလျင်အမြန် ပြုံးရယ်၍ ကင်းမြီးကောက် လူသတ်သမားကို ပြောလိုက်သည်။
“အရှင် ကင်းမြီးကောက်၊ အရှင် မှာထားသလိုပဲ ကျွန်တော် ယူနီကွန်း ဆင်ဘုရင်ဝိုင်နဲ့ ဧည့်ခံထားပါတယ်၊ သခင်လေးဖန်းက အရှင့်ကို စောင့်နေတာ ကြာပါပြီ”
ရှုထျန်းရှုံး၏ အပြုံး၌ မျက်နှာလုပ်နေသော အမူအရာများ ပြည့်နှက်နေ၏။ ဤသည်ကိုကြည့်ပြီး ဖန်းရီပေါ်က အသက်ပြင်းပြင်းရှူ၍ စိတ်ငြိမ်အောင် ကြိုးစားနေရသည်။ ထို့နောက် သူသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ကင်းမြီးကောက် လူသတ်သမားအား အရိုသေပေးကာ လက်လှမ်းပေးလိုက်သည်။
“ဟဲလို အရှင် ကင်းမြီးကောက်၊ ကျွန်တောက် ဖန်းမိသားစုက ဖန်းရီပေါ်ပါ”
ဖန်းရီပေါ်၏ အပြုံးက တောက်ပလွန်းလှသည်။ သို့သော် ရှေ့ဆက် ဖြစ်လာသည့် မြင်ကွင်းတစ်ခုကြောင့် သူ့အပြုံးက ရုတ်တရက် အေးခဲသွားရသည်။
အဘယ်ကြောင့်ဆိုသော် ကင်းမြီးကောက် လူသတ်သမားက သူ ဆန့်ထားသော လက်ကို မမြင်သယောင်ပြု၍ ဘေးမှနေ၍ ယဲ့ဖန်ရှိရာသို့ လျှောက်သွားသောကြောင့်ပင်။
ဤအဖြစ်ကြောင့် ဖန်းရီပေါ် အံ့ဩသွားရုံသာမက ရှုထျန်းရှုံး၊ အားပင်း၊ ဖေးဖေးနှင့် အခြားသူများ၏ အပြုံးများလည်း အေးခဲသွားလေသည်။
ကင်းမြီးကောက် လူသတ်သမားက ဖန်းရီပေါ်ကို လျစ်လျူရှုပြီး ယဲ့ဖန်ရှိရာသို့ လျှောက်သွားလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
*ဘာ … ဘာတွေဖြစ်နေတာလဲ*
လူတိုင်း နားဝေတိမ်တောင် ဖြစ်နေကြသည်။ သို့သော် အားပင်း၊ ဖေးဖေးနှင့် အခြားသူများက အချင်းချင်း နှစ်သိမ့်နေသည်။
“ရှုထျန်းရှုံးက အရှင်ကင်းမြီးကောက်ကို ယဲ့ဖန်က သခင်လေးဖန်းရဲ့ အချစ်ပြိုင်ဘက်လို့ ပြောလိုက်လို့ ဖြစ်မယ်၊ အရှင် ကင်းမြီးကောက်က သခင်လေးဖန်းကို ကူညီပြီး ဒေါသကို ဖြေပေးမယ်နဲ့ တူတယ်”
အားပင်း၊ ဖေးဖေးနှင့် အခြားသူများသည် ထိုသို့တွေးမိပြီး ယဲ့ဖန်အား ပို၍ ထီမထင်သော အကြည့်များဖြင့် ကြည့်လာလေသည်။
အားလုံး၏ အကြည့်အောက်မှာပင် ကင်းမြီးကောက် လူသတ်သမားနှင့် အခြားသူများက ယဲ့ဖန်အနားသို့ နီးကပ် သွားသည်။ ဤမြင်ကွင်းကြောင့် ကျုံးလီအာ၏ မျက်နှာလေးက စက္ကူစကဲ့သို့ ဖြူရော်လာ၏။
သူမသည် နှုတ်ခမ်းကို တင်းနေအောင် ကိုက်လိုက်ပြီး ရုတ်တရက် ယဲ့ဖန်ရှေ့၌ ဝင်ရပ်၍ ကင်းမြီးကောက် လူသတ်သမားအား စူးစိုက်ကြည့်၍ အော်လေသည်။
“ကျွန် … ကျွန်မ ရှင် ဘယ်သူပဲ ဖြစ်ဖြစ် ဂရုမစိုက်ဘူး၊ ဒါပေမဲ့ ကျွန်မရဲ့ အစ်ကိုယဲ့ကို ရှင် လိုချင်တယ်ဆိုရင် ကျွန်မအလောင်းကို နင်းသွားမှပဲ ရမယ်”
ကျုံးလိအာ ပေါက်ကွဲနေ၏။ သူမ၏ ဒေါသထွက်၍ ကြံရာမရသော ပုံစံက သားပေါက်လေးကို ကာကွယ်ချင် နေသည့် ခြင်္သေ့မလေးလိုပင်။
သူမစကားကြောင့် ကင်းမြီးကောက် လူသတ်သမားနှင့် အခြားသူများ အံ့ဩသွားကြသည်။ ထို့နောက် ကင်းမြီးကောက် လူသတ်သမားသည် သတိပြန်ဝင်လာပြီး ယဲ့ဖန်ကို ဦးညွှတ်၍ အရိုအသေ ပေးလိုက်ကြသည်။
“ကင်းမြီးကောက် လူသတ်သမားက သခင်ကြီးကို အရိုအသေ ပေးပါတယ်”
အနောက်၌ ရပ်နေသည့် ရေတိမ်ခရိုင်၏ မြေအောက်လောကမှ အရေးပါသော လူများကလည်း ယဲ့ဖန်ကို ဦးညွှတ်၍ အရိုအသေ ပေးလာကြသည်။
“သခင်ကြီးကို အရိုအသေ ပေးပါတယ်”
သူတို့၏ နှုတ်ဆက်သံများ ပဲ့တင်ထပ်သွားသောအခါ ဘားတစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူတိုင်းသည် မိမိတို့ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟုပင် ထင်သွားကြသည်။
*ကင်းမြီးကောက် လူသတ်သမားက အရိုအသေ ပေးတယ်လား*
*ယန်စွမ်းအင် မရှိတဲ့ လူငယ်လေးကိုလေ*
*ဒါ … ဒါ ဘယ်လို ဖြစ်ရတာလဲ*
ရှုထျန်းရှုံးဆိုလျင် တစ်ကိုယ်လုံး တုန်ယင်၍ နဖူးမှ ချွေးစေးများ စီးကျလာ၏။
“ဒါ … ဒါဆို အရှင် ကင်းမြီးကောက် ပြောတဲ့ ပုဂ္ဂိုလ်က … သူလား”
ရှုထျန်းရှုံး၏ မျက်နှာက သွေးမရှိတော့သကဲ့သို့ ဖြူရော်လာသည်။ ယခင် ကင်းမြီးကောက် လူသတ်သမားက စားပွဲ ၆၀၆ ၌ အထူးဧည့်သည်တော် ရှိသည်ဟု ပြောပြီး ဧည့်ခံရန်သာ ပြောခဲ့သည်။ နာမည်အစနှင့် မျိုးရိုး နာမည်ကိုပါ မပြောခဲ့ချေ။
ထိုသူက ဖန်းရီပေါ် ဖြစ်လိမ့်မည်ဟု သူ တန်း၍ ထင်ခဲ့မိသည်။ ထိုစားပွဲ၌ ဖန်းရီပေါ် တစ်ယောက်တည်းသာ အဆင့်အတန်း အနည်းငယ် ရှိသည် မဟုတ်ပါတကား။
ထိုအထူး ဧည့်သည်တော်က ယန်စွမ်းအင် မရှိသည့် ယဲ့ဖန် ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားမိပါ။ ရှုထျန်းရှုံးသည် ခြေလက်များ ပျော့ခွေလာပြီး လဲကျလုနီးပါး ဖြစ်လာ၏။ ဖန်းရီပေါ်ကို မျက်နှာလုပ်ချင်၍ ယဲ့ဖန်အား မောင်းထုတ် ပစ်မည်ဟုပင် သူ ခြိမ်းခြောက်ခဲ့သည့် အဖြစ်အား အမှတ်ရသွားသည်။
ရှုထျန်းရှုံးသာမက ဖန်းရီပေါ်၊ အားပင်း၊ ဖေးဖေးနှင့် အခြားသူများလည်း သရဲသဘက်နှင့် တွေ့လိုက်ရသကဲ့သို့ ထိတ်လန့် ခြောက်ခြားသွားသည်။
“သ…သခင်ကြီးတဲ့လား”
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး၊ ဒါ အမှန် မဟုတ်ဘူး၊ လုံးဝ အမှန် မဖြစ်နိုင်ဘူး”
ဖန်းရီပေါ် ဆိုဖာပေါ် လဲကျသွားပြီး နားဝေတိမ်တောင် ဖြစ်နေ၏။ အားပင်းဆိုလျင် တစ်ကိုယ်လုံး တုန်ယင်၍ ပေါင်ခြံမှ ကျင်ငယ်ရည်များပင် စီးကျလာသည်။
ကျုံးလီအာတောင်မှ ဇဝေဇဝါ ဖြစ်နေလေသည်။ သူမရှေ့မှ ကင်းမြီးကောက် လူသတ်သမားနှင့် အခြားသူများကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
“ရှင် … ရှင်တို့ အခု ဘယ်သူ့ကို … သခင်ကြီးလို့ ခေါ်လိုက်တာလဲ”
ထိုအမေးကြောင့် ကင်းမြီးကောက် လူသတ်သမားက ခေါင်းမော့၍ ယဲ့ဖန်ကို တစ်ချက်ကြည့်ကာ တလေးတစား ပြန်ဖြေလေသည်။
“သခင်ကြီး၊ ကျုပ်တို့ ဒီနေ့လယ်က ဆေးဝါး သုတေသနဌာမှာ တွေ့ခဲ့ပါတယ်၊ ကျွန်တော်တို့ ရေစက်ပါလို့ ဆုံကြတာပါ”
“မှတ်မိပါရဲ့လား”
*တစ်ခါ တွေ့ဖူးရုံနဲ့ ကင်းမြီးကောက် လူသတ်သမားကို ဒီလောက် ရိုသေအောင် လုပ်နိုင်တာလား*
အားလုံး မယုံနိုင် ဖြစ်သွားကြသည်။ ထိုအချိန်ထိ ကျုံးလီအာ မယုံနိုင်သေးသဖြင့် ယဲ့ဖန်ဘက်သို့ တအံ့တဩ လှည့်ကြည့်လိုက်သည်။
ထိုအခါ ယဲ့ဖန်က အသာပြုံးနေပြီး ကျုံးလီအာအား သူ့အနောက်သို့ ဆွဲပို့လိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်၍ ကင်းမြီးကောက် လူသတ်သမားအား ဂရုမစိုက်သလို မေးလိုက်သည်။
“မှတ်မိတယ်”
“ဘာကိစ္စလဲ”
ယဲ့ဖန်က မည်သည့် စိတ်ခံစားချက်မှမပါဘဲ အေးတိအေး ပြောလိုက်သည်။ အရိုအသေ ပေးနေသော ကင်းမြီးကောက် လူသတ်သမားနှင့် အခြားသူများကြောင့် သူ စိတ်မပျော်ရွှင်မှန်း သိသာလှသည်။
ဆင်ကြီးတစ်ကောင်က ပုရွက်ဆိတ်တစ်အုပ်ကို စိုက်ကြည့်သကဲ့သို့ အေးတိအေးစက် ကြည့်နေခြင်းပင်။