← Chapters

အခန်း ၁၀၆၉

Vol. 72 Ch. 1069

အခန်း ၁၀၆၉

Vol. 72 Ch. 1069

Chapter 1069 အဆိပ်မိကျောင်း

ယဲ့ဖန်နှင့် ကင်းမြီးကောက် လူသတ်သမားတို့ သီးသန့်ခန်း၌ စကားပြောနေစဉ် ဘားထဲရှိ စားပွဲဝိုင်း တစ်ဝိုင်းက စားပွဲဝိုင်း ၆၀၆ မှ ကျုံးလီအာအား သုန်မှုန်သော အကြည့်ဖြင့် ကြည့််နေ၏။

“အဲ့ခွေးမလေး ဒီရောက်နေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

“ပြီးတော့ ဟိုမျိုးမစစ်ကောင်က တကယ်ကို ကင်းမြီးကောက် လူသတ်သမားနားအထိ ကပ်သွားနိုင်တာပဲ”

ထိုသို့ပြောနေသူမှာ မိန်းမဝကြီးတစ်ယောက် ဖြစ်သည်။ သူမသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အဆီပိတ်နေသော သူမခန္ဓာကိုယ်ကြောင့် ဝက်မကြီးကို အနီရောင်ပိတ်စ ပတ်ထားသည်နှင့် ဆင်တူနေ၏။

သူမသည် ယနေ့မနက်ပိုင်းက ယဲ့ဖန်၏ ဟင်းလျာကြောင့် မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသလို ဖြစ်သွားသည့် ဝမ်စားသောက်ဆိုင်ပိုင်ရှင် ဖြစ်လေသည်။

ယနေ့ ကျုံးမိသားစု၏ စားသောက်ဆိုင်၌ သူမ ကိုယ့်ရှူးကိုယ်ပြန်ပိတ်သလို ဖြစ်ကာ စိတ်ဓာတ်ကျ၍ သွေးအန် လုနီးပါး ဖြစ်ခဲ့ရသည်။

အထူးသဖြင့် ကျုံးမိသားစု၏ စားသောက်ဆိုင်၌ ဆူညံပွက်လောရိုက်နေသည်ကို ကြားနေရသဖြင့် သူမ မနာလိုဖြစ်ကာ မျက်လုံးများ နီရဲလာရသည်။

ညနေ၌ သူမ၏ ဝမ်းနည်းစိတ်ကို ဖြေလျော့ရန် ဘားသို့လာ၍ သောက်နေခဲ့သော်လည်း ယဲ့ဖန်နှင့် ကျုံးလီအာတို့နှင့် ပြန်တွေ့ရလိမ့်မည်ဟု ထင်မထားမိချေ။

“အဲ့ဟင်းလျာ ချက်ပြုတ်နည်းကို ငါ ရမှဖြစ်မယ်”

မိန်းမဝကြီး၏ မျက်လုံးတွင် မကျေနပ်သော အရိပ်အယောင်များ ထွက်ပေါ်နေ၏။ သူမသည် ဝမ်စားသောက်ဆိုင် တစ်ခုတည်း၏ ပိုင်ရှင် မဟုတ်ပေ။ သူမ၏ စားသောက်ဆိုင်များက ဖျင်အန်းမြို့အနှံ့ ရှိပြီး ဆိုင်ပေါင်း ဆယ်ဆိုင် မကချေ။ ဆိုင်တိုင်းက ဖျင်အန်းမြို့၏ လမ်းမကြီးများ၌ ဖွင့်ထားခြင်း ဖြစ်သည်။

“ငါ နေ့လယ်တုန်းက တွက်ကြည့်နေတာ၊ ဒီမျိုးမစစ်လေးရဲ့ ဟင်းလျာက လေးနာရီအတွင်း အသားတင်အမြတ် လေးသောင်း ရအောင် လုပ်ပေးနိုင်တယ်ဆိုတော့၊ တစ်နေ့ ဆယ်နာရီဖွင့်ရင်တောင် တစ်သိန်းကျော်လောက် ရနေပြီ”

“တစ်လဆို သုံးသန်း၊ အဲ့ဟင်းလျာကိုသာ ငါ့ဝမ်စားသောက်ဆိုင်တိုင်းမှာ ရောင်းလိုက်မယ်ဆိုရင် တစ်လကို အသားတင် အမြတ် ဘီလီယံချီပြီး ရနေမှာ၊ တစ်နှစ်တည်းနဲ့တင် တစ်ဘီလီယံကျော် ရနေပြီ”

ဤသည်ကို ပြန်တွေးမိရုံနှင့်တင် မိန်းမဝကြီး အသက်ရှူသံ မြန်လာ၏။ တစ်လ အသားတင် အမြတ်က သန်းရာချီသဖြင့် ဖျင်အန်းမြို့၏ မည်သည့် လူချမ်းသာမိသားစုလက်အောက်မဆို၌ ရှိနေသည့် လုပ်ငန်းများ မရနိုင်သော ပမာဏပင်။

ဤသည်မှာ အကြီးစား ရွှေတွင်းကြီးပင်။ ထိုသို့စဉ်းစားမိသည်နှင့် မိန်းမဝကြီး၏ မျက်လုံး၌ လောဘရိပ်များ ပိုမို ထင်ဟပ်လာ၏။

“ဟမ့် … ကင်းမြီးကောက် လူသတ်သမားက ရေတိမ်ခရိုင်ရဲ့ ဘုရင်ဆိုပင်မယ့် သူ့ကို ဖျင်အန်းမြို့က တစ်ခြားသူတွေ မရှင်းနိုင်ဘူးလို့မှ ပြောလို့မရဘူးလေ”

“ဟေ့ကောင်လေး၊ မင်း စောင့်နေလိုက်၊ မင်းကို ငါ ဘယ်လိုပညာပြမလဲ ကြည့်နေ”

မိန်းမဝကြီးက စဉ်းလဲသော အပြုံးမျိုး ပြုံးလိုက်သည်။ ထို့နောက် သူမသည် တိတ်ဆိတ်သော ထောင့် တစ်နေရာသို့ လျှောက်သွားပြီး စမတ်နာရီကိုဖွင့်ကာ နံပါတ်တစ်ခုကို နှိပ်၍ ခေါ်လိုက်သည်။

ထိုသို့ခေါ်လိုက်ပြီးသည်နှင့် နာရီပေါ်၌ အလင်းကားချပ်တစ်ခု ပေါ်လာပြီး ကတုံးနှင့်လူတစ်ယောက်၏ မျက်နှာ ပေါ်လာသည်။

ထိုကတုံးနှင့်လူသည် အလွန် ကြောက်စရာကောင်းလှသည်။ သူ့မျက်နှာတစ်ခုလုံး၌ အမာရွတ်များဖြင့် ပြည့်နှက်နေပြီး ခက်ထန်ပုံ ပေါ်သည်။

လက်ရှိတွင် သူသည် အလင်းကားချပ်မှနေ၍ မိန်းမဝကြီးကို ကြည့်ကာ ပျင်းရိသလို ပြောလိုက်သည်။

“အစ်မ၊ ကျုပ် ဘာလုပ်ပေးရမလဲ”

အလင်းကားချပ်ပေါ်မှ ကတုံးနှင့်လူကိုသာ အခြားသူများ မြင်သွားပါက ကြောက်လန့်သွားလောက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် ပင်လယ်အော်ခရိုင်မှ မြေအောက်ဘုရင်တစ်ပါးဖြစ်ပြီး ကင်းမြီးကောက် လူသတ်သမားနှင့် အဆင့်တူသော အဆိပ်မိကျောင်း ဖြစ်လေသည်။

ပင်လယ်အော်ခရိုင်မှ အဆိပ်မိကျောင်းသည် ကင်းမြီးကောက် လူသတ်သမားကဲ့သို့ ဖျင်အန်းမြို့၏ မြေအောက်လောက ဘုရင်လေးပါးထဲမှ တစ်ပါး ဖြစ်သည်။ ဤလူသည် လူ့အရေပြားကို ခွာတတ်သောကြောင့် နာမည်ကြီးလှသည်။

သူ့လက်ထဲ၌ သေဆုံးသည့်မည်သူမဆို အရှင်လတ်လတ် အရေခွံခွာခံရပြီး ထိုအရေခွံအား သူ့အိမ်တော်၌ ချိတ်ဆွဲ ထား၏။

သို့သော် ဤမိန်းမဝကြီးက သူ၏ တစ်ဝမ်းကွဲအစ်မမှန်း မည်သူမှ မသိကြချေ။ ဝမ်စားသောက်ဆိုင်က ဖျင်အန်းမြို့၏ နာမည်ကြီး လမ်းမများ၌ ဖွင့်ထားနိုင်ပြီး သူ ဖွင့်သည့် နေရာတိုင်းမှ ပြိုင်ဘက်များကို အနိုင်ပိုင်းနိုင်သည့် အကြောင်းရင်းမှာ အဆိပ်မိကျောင်း၏ ထောက်ပံ့မှုကို ရရှိထားသောကြောင့်ပင်။

သူမ၏ ဝမ်းကွဲမောင်ကိုကြည့်ပြီး မိန်းမဝကြီးက အလျင်အမြန် ပြောလိုက်သည်။

“အဆိပ်မိကျောင်း၊ တစ်နှစ်ကို တစ်ဘီလီယံ ရနိုင်တဲ့ အလုပ်ရှိမယ်ဆို နင် ဘာလုပ်မလဲ”

ထိုစကားကြောင့် ပျင်းရိနေသော အဆိပ်မိကျောင်း တက်ကြွသွားသည်။ သာမန်လူများ၏ စိတ်ထဲတွင် မြေအောက်ဘုရင်များသည် ဘီလီယံနာများဟု ထင်မှတ်ကြသည်။

သို့သော် သူတို့သ်ည လူမိုက်များစွာကို မွေးထားရသဖြင့် ကုန်ကျစရိတ် များလှသည်။ ထို့အပြင် သူတို့သည် လက်အောက်ငယ်သားများ၏ အနိုင်ပိုင်းခြင်း ခံရမည်ကို တားဆီးရန်အလို့ငှာ သူတို့၏ ခွန်အားများ တိုးတက် လာအောင် ဆေးရည်များ ဆက်လက်ဝယ်ယူရသည်။ ထို့ကြောင့် သုံးနေရသည်က ပိုများသေးသည်။

တစ်နှစ်ကို တစ်ဘီလီယံဟူသော ပမာဏက အဆိပ်မိကျောင်းအတွက် အလွန် အရေးပါလှသည်။

“အစ်မ ပြောပါဦး၊ ဘာက အဲ့လောက် တန်ဖိုးကြီးနေတာလဲ”

အဆိပ်မိကျောင်း၏ မျက်နှာ၌ လောဘရိပ်များ ထင်ဟပ်လာသည်။ မိန်းမဝကြီးက အသာပြုံးလေ၏။

“ဒီနေ့လယ်က သတင်းကို နင် ကြားလိုက်သေးလား၊ စားသောက်ဆိုင်လေးတစ်ခုမှာ လူတွေ တန်းစီရတယ် ဆိုတာလေ”

*စားသောက်ဆိုင်လေး*

အဆိပ်မိကျောင်း အံ့ဩသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ကျုံးမိသားစု စားသောက်ဆိုင်ကို ပြောတာလား၊ ကျုပ် သွားကြည့်ဖို့တောင် စီစဉ်ထားတာ”

“ဘာဖြစ်လို့လဲ”

အဆိပ်မိကျောင်း စိတ်ဝင်စားသည်ကိုမြင်ပြီး မိန်းမဝကြီးက ကောက်ကျစ်သော အပြုံးမျိုး ပြုံးလာသည်။

“သွားကြည့်စရာ မလိုတော့ဘူး၊ အဲ့ဆိုင်က ငါတို့ဆိုင်သစ်ရဲ့ ဘေးနားမှာ ရှိတဲ့ဆိုင်ပဲ”

“အဲ့ဆိုင်က ချက်ပြုတ်နည်းတစ်ခုကို မျိုးမစစ်လေးတစ်ကောင်က ရေးထားတာ”

ထိုစကားကြောင့် အဆိပ်မိကျောင်း အံ့ဩသွားသည်။

*ချက်ပြုတ်နည်းလေးတစ်ခုက စားသောက်ဆိုင်လေးတစ်ခုကို ဒီလောက် နာမည်ကြီးလာအောင် လုပ်နိုင်တာလား*

*ဘယ်လိုဖြစ်ရတာလဲ*

အဆိပ်မိကျောင်း တွေဝေသွားရသည်။ သူ၏ ဝမ်းကွဲအစ်မက သူ့ကို ညာမည်မဟုတ်ကြောင်း သူ သိပါသည်။

“အစ်မ၊ နင် ဘာပြောချင်တာလဲ”

အဆိပ်မိကျောင်းသည် တစ်စုံတစ်ရာကို တွေးမိသော်လည်း မယုံနိုင်သေးပေ။

“နင် မှန်းကြည့်လေ”

မိန်းမဝကြီးက အပြုံးကြီးပြုံး၍ ဆက်ပြောလိုက်သည်။

“အဲ့ကောင်က ရှေးခေတ် တော်ဝင်စားဖိုမှူးရဲ့ ဆက်ခံသူလို့ ငါ သံသယရှိတယ်”

ထိုစကားကြောင့် အဆိပ်မိကျောင်း ပို၍ ထိတ်လန့်သွားရသည်။ သို့သော် ရှေးခေတ် ကျုံးကျိုး အင်ပါယာ၏ ဧကရာဇ်တိုင်း၌ တော်ဝင် စားဖိုမှူးများ ရှိသည်ကို သူ သိထားသည်။

ထိုစားဖိုမှူးများ ချက်ပြုတ်သည့် ဟင်းလျာတိုင်းက ဧကရာဇ်ကိုသာ ဆက်သရပြီး ဧကရာဇ်၏ စားချင်စိတ်ကို အားရစေရုံသာမက စားပြီးသည်နှင့် ဧကရာဇ်၏ ခွန်အားကိုပါ တိုးစေနိုင်၏။ သို့သော် လက်ရှိအချိန်၌ တော်ဝင် စားဖိုမှူးများ၏ ဆက်ခံသူများက ပျောက်ကွယ်နေသည်မှာ ကြာလှနေလေပြီ။

“ကောင်းတယ်၊ သိပ်ကောင်းတယ်”

အဆိပ်မိကျောင်းသည် ရတနာသိုက်ကြီးတစ်ခုကို ရှာတွေ့ရသကဲ့သို့ အလွန်အမင်း ရွှင်ပျလာ၏။

“ငါတို့ အဲ့ကောင်ကိုဖမ်းပြီးတော့ သူ့ကို ဖိအားပေးပြီးတော်ဝင်ဟင်းလျာ ချက်ပြုတ်နည်းတစ်ချို့ ရေးခိုင်းမယ် ဆိုရင် ဖျင်အန်းမြို့ မပြောနဲ့၊ ဟိုင်ပေ ခရိုင်တစ်ခုလုံးနဲ့ ကျုံးကျိုးအင်ပါယာရဲ့ စားပွဲဝိုင်းတစ်ခုလုံး ငါတို့ လက်အောက် ရောက်လာနိုင်တယ်”

“ဒါ … ဒါ တကယ့်ကို ရွှေတွင်းကြီးပဲ”

ထိုအခိုက်တွင် အဆိပ်မိကျောင်းသည် ရွှေတွင်းထဲ လှဲနေရသကဲ့သို့ ထင်မှတ်မှားကာ စိတ်လှုပ်ရှား၍ မျက်နှာ နီရဲလာလေသည်။

“အစ်မ အဲ့ကောင် ဘယ်မှာလဲ”

“ဘုရင့်ဘားမှာ”

မိန်းမဝကြီးက စူးရဲသော အကြည့်များဖြင့် ဆက်ပြောလေသည်။

“သူက ကင်းမြီးကောက် လူသတ်သမားနဲ့ ရင်းနှီးမှု ရှိတဲ့ပုံပဲ”

*ကင်းမြီးကောက် လူသတ်သမား*

ထိုနာမည်ကိုကြားပြီး အဆိပ်မိကျောင်း မျက်လုံး မှေးစင်းသွားပြီး တုံ့ဆိုင်းဟန် ပေါ်လာသည်။ ခဏကြာသော် တုံ့ဆိုင်းနေရာမှ လောဘက အစားထိုး ဝင်လာ၏။

“ဟမ့် … ကင်းမြီးကောက် လူသတ်သမားက သူ့ကို ထောက်ပံ့လို့ရော ဘာဖြစ်လဲ၊ ငါ့နောက်မှာ ဖျင်အန်းမြို့ရဲ့ မင်းသား ရှိနေတာပဲ”

“ဒီတစ်ခေါက် ငါ ကင်းမြီးကောက် လူသတ်သမားကို သတ်ပစ်မယ်”

ထိုသို့ပြောပြီးသည်နှင့် အဆိပ်မိကျောင်းက ဖန်သားပြင်ကို ချက်ချင်း ပိတ်လိုက်သည်။ လူစု၍ ကင်းမြီးကောက် လူသတ်သမားကို သတ်ကာ ယဲ့ဖန်ကို ဖမ်းရန် ပြင်ချင်နေမှန်း သိသာလှ၏။ ဤသည်ကိုကြည့်ပြီး မိန်းမဝကြီးက အပြုံးကြီး ပြုံးလေသည်။

“ဟမ့် … စားသောက်ဆိုင်လေးတစ်ခုကို ငါ သိမ်းဖို့ ကြိုးစားတာပင်မယ့် ရွှေတွင်းကြီးကိုပါ ရလာလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

ထိုသို့ရေရွတ်ပြီးနောက် မိန်းမဝကြီးက ဒုတိယထပ်မှ အခန်းကို လှမ်းကြည့်လိုက်မိသည်။

“မျိုးမစစ်လေး၊ ဒီနေ့လယ်က နင် ငါ့မျက်နှာကို ဖြတ်ရိုက်ခဲ့တယ်၊ ငါ အဆိပ်မိကျောင်းကို နင့်အရေပြားကို ခွာခိုင်းပစ်မယ်၊ ဟဲဟဲ …”

All Chapters