အခန်း ၁၀၇၁
Vol. 72 Ch. 1071
Chapter 1071 ဒူးထောက်ဖို့ အရည်အချင်း မပြည့်မီဘူး
လက်ရှိတွင် လူတိုင်း၏ ယဲ့ဖန်အပေါ် အံ့ဩအားကျစိတ်များ ပျောက်ကွယ်သွားပြီး အဆိပ်မိကျောင်းကို ကြောက်သည့် စိတ်များသာ ဖြစ်ပေါ်နေသည်။
ဤသည်ကြောင့်ပင် ဖန်းရီပေါ်နှင့် အခြားသူများက ယဲ့ဖန်ကို ဒူးထောက်၍ တောင်းပန်ရန် အတင်း ဖိအားပေးနေခြင်း ဖြစ်သည်။ ဤမြင်ကွင်းကြောင့် ကျုံးလီအာ၏ မျက်နှာလေး မည်းမှောင်သွားရသည်။
“နင် … နင်တို့”
သူမမျက်နှာလေးက နီမြန်းနေပြီး ဒေါသထွက်လွန်းသဖြင့် စကားပင် ဆက်မပြောနိုင်ချေ။ သူမ၏ အတန်းဖော် များနှင့် မိတ်ဆွေများက အလွန် အရှက်မဲ့လိမ့်မည်ဟု သူမ ထင်မထားမိပါ။
အစောပိုင်းက ယဲ့ဖန်ရှေ့ ဒူးထောက်၍ ဖိနပ်လျက်မတတ် မျက်နှာလုပ်နေသော သူများက ယဲ့ဖန်နှင့် ပတ်သက်ရမည်ကို ကြောက်နေပြန်သည်။
“ဟားဟားဟား …”
အဆိပ်မိကျောင်းက ဝမ်းသာအားရ ရယ်မောနေပြီး ယဲ့ဖန်အား ထီမထင်ဟန်ဖြင့် ကြည့်လိုက်သည်။
“ဟေ့ကောင် မင်း မြင်တယ်မလား၊ မင်း အခုထိ ဒူးမထောက်သေးဘူးလား၊ ငါ့လက်စာ မိချင်နေပြီနဲ့တူတယ်”
အဆိပ်မိကျောင်း၏ စကားအဆုံး၌ သူ့အနောက်မှ ရာချီသော သိုင်းပညာရှင်များက ရှေ့သို့ တိုးလာကြသည်။ အဆိပ် မိကျောင်း အမိန့်ပေးလိုက်သည်နှင့် ဘားထဲမှ လူအားလုံးကို အရေခွံ စုတ်လောက်သည်။
“တော်လိုက်တော့”
ထိုအခိုက်တွင် ယဲ့ဖန် ဘာမှမပြောရသေးခင်မှာပင် ကင်းမြီးကောက် လူသတ်သမားက ရှေ့ထွက်လာပြီး အဆိပ် မိကျောင်းအား ခက်ထန်စွာ ပြောလိုက်သည်။
“အဆိပ်မိကျောင်း၊ လူကြီးမင်းယဲ့က ငါ့ရဲ့ ကျေးဇူးရှင်ပဲ၊ မင်းက သူ့ရန်သူ ဆိုရင် ငါ့ရန်သူ ဖြစ်လာတာနဲ့ အတူတူပဲ”
ထိုစကားကြောင့် အဆိပ်မိကျောင်း အနည်းငယ် အံ့ဩသွားရသည်။ ကင်းမြီးကောက် လူသတ်သမားက ယဲ့ဖန်ကို အလွန် အလေးပေးလိမ့်မည်ဟု သူ ထင်မထားမိချေ။
အဆိပ်မိကျောင်းနှင့် ရင်ဆိုင်လျင် နိုင်နိုင်ချေ မရှိမှန်း သိသော်လည်း သူက ရှေ့ထွက်၍ ယဲ့ဖန်အတွက် ကာကွယ်ပေးရဲနေ၏။
“ရတယ်လေ၊ ကင်းမြီးကောက် လူသတ်သမား မင်းကိုယ်မင်း ဘာထင်နေလဲ”
“ငါ အတော်ဆုံးတွေကို ခေါ်လာခဲ့တာ၊ မင်းအနားမှာကတော့ သုံးစားမရတဲ့ ငါးပေါက်လိုလူတွေပဲ ရှိတာလေ၊ ဒါ သေတာနဲ့ မခြားဘူး”
အဆိပ်မိကျောင်းသည် စကားဆက်မပြောချင်တော့ဟန်ဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။
“သွား၊ သူတို့ကို သင်ခန်းစာ အရင်ပေးလိုက်”
“ဟုတ်ကဲ့ ဘော့စ်”
အဆိပ်မိကျောင်း၏ စကားအဆုံး၌ သူ့နောက်မှ ရာချီသော အတော်ဆုံး လူမိုက်များက ကင်းမြီးကောက် လူသတ်သမားနှင့် အခြားသူများထံသို့ ချက်ချင်း ပြေးဝင်သွားသည်။
ထိုလူများသည် ပြေးထွက်လာသည်နှင့် လက်ထဲတွင် ဓားမြှောင်များ ကိုင်ဆွဲလာပြီး ကင်းမြီးကောက် လူသတ်သမားနှင့် အခြားသူများကို ထိုးသွင်းလေသည်။
ကင်းမြီးကောက် လူသတ်သမားတို့သည် ဤသို့ လာစဉ်ကတည်းက လက်နက် မယူလာခဲ့ကြချေ။ တစ်ဖက်မှ လူရာကျော်က ဓားများ ကိုင်ဆွဲထားသဖြင့် သူတို့ ချက်ချင်း အရေးနိမ့်လာ၏။
ဝိုင်းဖွဲ့၍ တိုက်ခိုက်ခြင်းကြောင့် ကင်းမြီးကောက် လူသတ်သမား၏ လူများ အပြင်းအထန် ဒဏ်ရာရကာ ကြမ်းပြင်ပေါ် လဲကျသွားသည်။ ကင်းမြီးကောက် လူသတ်သမား ဘေးနားမှ လူများ တဖြည်းဖြည်း လျော့နည်း လာ၏။
တစ်ယောက်၊ ငါးယောက်၊ ဆယ်ယောက်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ကင်းမြီးကောက် လူသတ်သမား ခေါ်လာသည့် လူများသည် ရာချီသော လူများ၏ ဝိုင်းဝန်း တိုက်ခိုက်မှုကြောင့် အပြင်းအထန် ရှုံးနိမ့်လာလေသည်။ ကင်းမြီးကောက် လူသတ်သမား တစ်ယောက်တည်းသာ ဆက်လက် တိုက်ခိုက်နေသည်။
တစ်ယောက်နှင့် အယောက်တစ်ရာ ဖြစ်နေသဖြင့် အင်အားမမျှလှချေ။ ထို့အပြင် ထိုလူတစ်ရာကျော်က လက်နက်များ ကိုင်ဆွဲထားသဖြင့် မည်သူမဆို မုချသေဆုံးလောက်သည်။
တစ်မိနစ်၊ နှစ်မိနစ်၊ ငါးမိနစ်။
လက်ရှိအချိန်တွင် ကင်းမြီးကောက် လူသတ်သမား၏ ခုခံမှုက အားနည်းသထက် နည်းလာပြီး သူ၏ကိုယ်၌ ဒဏ်ရာများ ပိုထွက်ပေါ်လာသည်။ သူ အသက်ကို မနည်းရှူနေရသည်။ သူသည် မြှားကုန်နေသော စစ်သည်တော်လို ဖြစ်နေ၏။
ကင်းမြီးကောက် လူသတ်သမား တောင့်မခံနိုင်တော့ချိန်တွင် တားမြစ်သံ တစ်သံ ထွက်လာပြီး ယဲ့ဖန် ရှေ့ထွက် လာလေသည်။
“ရပ်လိုက်”
ထိုစကားကြောင့် အဆိပ်မိကျောင်း လက်ကာပြလိုက်သည်။ လူမိုက် အယောက် တစ်ရာကျော်သည် ချက်ချင်း တိုက်ခိုက်နေရာမှ ရပ်တန့်သွားသည်။ အားလုံး၏ အကြည့်များက ယဲ့ဖန်ထံသို့ ကျရောက်နေသည်။
“ယဲ့၊ လူကြီးမင်းယဲ့ …”
ကင်းမြီးကောက် လူသတ်သမား မှင်တက်သွားပြီး ကျုံးလီအာသည်လည်း မျက်နှာပျက်ယွင်း သွားရသည်။
“အစ်ကိုယဲ့”
ဘားတစ်ခုလုံး၌ ဤလူနှစ်ယောက်သာ ယဲ့ဖန်၏ လုံခြုံရေးကို စိတ်အပူဆုံးသူများ ဖြစ်လေသည်။ သို့သော် ယဲ့ဖန်က သူ အဆင်ပြေကြောင်း ပြောချင်ဟန်ဖြင့် လက်ကာပြလိုက်သည်။
ထို့နောက် အဆိပ်မိကျောင်းကို လှမ်းကြည့်လိုက်သည်။ အစကတည်းက ယဲ့ဖန်၏ခွန်အားအရ လှုပ်ရှားလိုက်၍ ရသော်လည်း တမင် မလှုပ်ရှားခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ကင်းမြီးကောက် လူသတ်သမားက မည်သို့သော လူစားမျိုးလဲ သူ သိချင်သောကြောင့် ငြိမ်နေခြင်း ဖြစ်သည်။ ယဲ့ဖန်က ကင်းမြီးကောက် လူသတ်သမားကို အဆင့်အိတ်စ် ကုသခြင်း ဆေးရည်ကို ပေးလိုက်သော်လည်း တစ်ဖက်လူက ဆေးရည် ရပြီးသည်နှင့် စိတ်ရင်းနှင့် တစ်စက်ကလေးမှ ကျေးဇူးမတင် တာလည်း ဖြစ်နိုင်ချေ ရှိသည်။
သို့မဟုတ် အဆိပ်မိကျောင်းကို ကြောက်၍ မလှုပ်ရှားခြင်းလည်း ဖြစ်လာနိုင်၏။ ထိုသို့ဖြစ် လာပါက ယဲ့ဖန်သည် အဆိပ်မိကျောင်းကိုသာမက ကင်းမြီးကောက် လူသတ်သမားကိုပါ သတ်ပစ်မည်ဟု ဆုံးဖြတ်ထားသည်။ ကင်းမြီးကောက် လူသတ်သမားက ယဲ့ဖန် စိတ်ပျက်အောင် မလုပ်မိသဖြင့် ကံကောင်းသွားရသည်။
“ဟဲ့ကောင်၊ နောက်ဆုံးတော့ နင် ထွက်လာပြီပေါ့လေ”
မိန်းမဝကြီးက ယဲ့ဖန် ထွက်လာသည်ကို မြင်သည်နှင့် ညှင်းဆဲလိုဟန်ဖြင့် ပြုံးလာသည်။
“နင် လိပ်လို ခေါင်းဝပ်ပြီး ပုန်းနေမယ်လို့ ငါ ထင်နေတာ၊ အခုချက်ချင်း ရှေ့တိုးပြီး ဒီမေမေကြီးရှေ့မှာ ဒူးထောက်စမ်း”
မိန်းမဝကြီးသည် မောက်လာလွန်းလှသည်။ သူမစိတ်ထဲတွင် ကင်းမြီးကောက် လူသတ်သမားက အဆိပ်မိကျောင်း၏ ဓားသွားထက်မှ ငါးတစ်ကောင် ဖြစ်နေပြီဟု ထင်နေပြီး ယန်စွမ်းအင် မရှိသော အမှိုက် ကောင်အား သူမ စိတ်ရှိသလို နှိပ်စက်နိုင်ပြီဟု ထင်နေ၏။
ထိုစကားကြောင့် ဖန်းရီပေါ်၊ အားပင်း၊ ဖေးဖေးနှင့် အခြားသူများ မစ္ဆရိယစိတ်ဖြင့် နှစ်ထောင်းအားရ ဖြစ်လာကြသည်။ ယခင်က ဖြစ်ပေါ်ခဲ့သည့် ယဲ့ဖန်ပေါ် ကြောက်စိတ်များလည်း ပျောက်ကွယ်သွားသည်။ အားလုံး မထီမဲ့မြင်ဟန်ဖြင့် ပြုံးလာလေသည်။
“ယဲ့ဖန်၊ မင်း ဘာလုပ်နေတာလဲ၊ အစ်မကြီး ပြောတာကို မင်း မကြားဘူးလား”
“ဟုတ်တယ်၊ အမှိုက်ကောင်၊ ငါ သူ့ကို ကြည့်မရတာ ကြာပြီ၊ အခုတော့ သူက အဆိပ်မိကျောင်းကို ရန်စမိပြီပဲ”
“ဟားဟားဟား … ဒူးထောက်လိုက်တော့၊ အရှင် ကင်းမြီးကောက်က မင်းကို မကာကွယ် နိုင်တော့ဘူး”
“…”
လှောင်ပြောင်ရယ်မောသံများ ပြည့်နှက်လာ၏။ ဖန်းရီပေါ်နှင့် အခြားသူများ၏ စကားများက ပို၍ ဆိုးရွား လာသည်။ ဤအဖြစ်ကြောင့် ကျုံးလီအာနှင့် ကင်းမြီးကောက် လူသတ်သမားတို့ ပို၍ မျက်နှာပျက်သွားကြသည်။
ယဲ့ဖန်တစ်ယောက်တည်းသာ မပြောင်းလဲသော မျက်နှာထားဖြင့် ရှိနေသည်။ သူသည် မိန်းမဝကြီးအား ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေလေသည်။
“အစတုန်းက ငါ မင်းကို သတ်ချင်စိတ် မရှိခဲ့ဘူး၊ နဂါးတစ်ကောင်က ပုရွက်ဆိတ်တစ်ကောင်ကို သတ်ဖို့ ပျင်းနေသလိုပေါ့”
“ဒါပေမဲ့ အဲ့ပုရွက်ဆိတ်က ရန်စလာမယ်ဆိုရင် အဲ့ကောင်ကို နင်းသတ်ရုံအပြင် မရှိတော့ဘူးပဲ”
“အဲ့ပုရွက်ဆိတ်က မင်း ဖြစ်နေတာတော့ စိတ်မကောင်းစရာပဲ”
ယဲ့ဖန်၏ စကားအဆုံး၌ ဘားထဲမှ လူတိုင်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။ ယန်စွမ်းအင် မရှိသော အမှိုက်ကောင်က အဆိပ်မိကျောင်း၏ ထောက်ပံ့မှုရှိသော မိန်းမဝကြီးကို ပုရွက်ဆိတ်ဟု ပြောလိုက်သည်တဲ့လား။
*ဒီ … ဒီကောင် ရူးနေတာလား*
ဖန်းရီပေါ်နှင့် အခြားသူများက ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာ ကြသည်။ ကင်းမြီးကောက် လူသတ်သမားနှင့် ကျုံးလီအာတို့ မျက်ခုံးလှုပ်သွားလေသည်။ ယဲ့ဖန်က အလွန် သွေးကြီး လွန်းလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
ယဲ့ဖန်၌ ယန်စွမ်းအင် စီးဆင်းမနေသည်ကို ခံစားမိပြီး ကင်းမြီးကောက် လူသတ်သမားနှင့် ကျုံးလီအာတို့ မချိပြုံး ပြုံးလိုက်မိသည်။ သူတို့၏ စိတ်ထဲတွင် ယဲ့ဖန် သေတော့မည်ဟု ထင်နေသလို သူတို့လည်း သေရတော့မည်ဟု ထင်နေ၏။
“ဟားဟားဟား … မင်းတို့ ကြားလိုက်လား၊ ယန်စွမ်းအင် မရှိတဲ့ကောင်က အစ်မကြီးကို ပုရွက်ဆိတ်လို့ ပြောနေတယ်ကွ”
ဖန်းရီပေါ်က အလွန် ရင့်သီးစွာ ပြောလာသည်။ အားပင်းနှင့် အခြားသူများကလည်း ထေ့ငေါ့သော စကားများ ပြောလာလေသည်။
“အရူး၊ မင်း အရင်က မောက်မာခဲ့တာတွေကို ထားလိုက်တော့ပေါ့၊ အခု မင်း သေရေးရှင်ရေးပေါ် မူတည် နေပြီလေ”
“ဒီကောင်က သူ့ကိုယ်သူ တကယ်ကြီး စွမ်းအားရှင် မှတ်နေတာလား၊ သွားပြီ၊ သွားပြီပဲ”
ဖန်းရီပေါ်နှင့် အခြားသူများသည် ယခင်က သူတို့ မည်မျှ ကြောက်ခဲ့သလဲ ဆိုသည်ကို မေ့သွားပြီး ထေ့ငေါ့သော စကားများ ပြောလာကြသည်။
သို့ရာတွင် ယဲ့ဖန်သည် ထေ့ငေါ့သော စကားများ ကြားနေရသော်လည်း စိတ်ဆိုးဟန် တစ်စက်ကလေးမျှ မပြဘဲ လုံးဝ ဂရုမစိုက်ဟန်ဖြင့် ဆက်ရှိနေ၏။ သူသည် သေလူများကို ကြည့်သကဲ့သို့ ဖန်းရီပေါ်နှင့် အခြားသူများကို ကြည့်၍ အသာ ပြောလိုက်သည်။
“စိတ်မပူနဲ့၊ ခဏနေရင် မင်းတို့တွေ ငါ့ရှေ့မှာ ဒူးထောက်ဖို့ အရည်အချင်း မရှိစေရဘူး”
ထိုစကားကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။ ဖန်းရီပေါ်နှင့် အခြားသူများ အပြုံးကြီး ပြုံးနေရာမှ ရပ်သွားကြပြီး ယဲ့ဖန်အား စားတော့မတတ် ကြည့်လာ၏။ မိန်းမဝကြီးတောင်မှ ယဲ့ဖန်ကြောင့် အံ့ဩ သွားလေသည်။
“ကောင်းတယ်၊ သိပ်ကောင်းတယ်”
မိန်းမဝကြီး၏ အကြည့်၌ မကျေနပ်စိတ်များဖြင့် ပြည့်နှက်နေသည်။
“ဟဲ့ကောင်၊ နင် ဒူးထောက် တောင်းပန်ပြီး တော်ဝင် ဟင်းလျာ အမွေအနှစ်ကို လက်လွှဲပေးရင် နင့်အသက်ကို ချမ်းသာပေးမယ်လို့ ငါ တွေးထားတာ”
“အခု နင်က ကိုယ့်သေလမ်း ကိုယ်ရှာနေတာပဲ”
ထိုသို့ပြောပြီးသည်နှင့် မိန်းမဝကြီးက အဆိပ်မိကျောင်းကို လှည့်ပြောလိုက်သည်။
“အဆိပ်မိကျောင်း၊ သူ့အရေပြားကို တစ်ဝက် အရင်ခွာလိုက်၊ အဲ့ဒါကို ငါ ယူမယ်”
*အရေပြားကို တစ်ဝက်ခွာတဲ့လား*
ထိုစကားကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။ အဆိပ်မိကျောင်းမှာမူ ရက်စက်၍ သွေးဆာသော စိတ်များဖြင့် ပြည့်နှက်လာ၏။
“ကောင်းပြီလေ၊ လူ့အရေခွံခွာရတာကို ငါ အကြိုက်ဆုံးပဲ”
“ဟေ့ကောင် မင်း အဆင်သင့်ပဲလား”
ထိုစကားအဆုံး၌ အဆိပ်မိကျောင်းက လျှပ်စီးသဖွယ် ယဲ့ဖန်ထံသို့ ပြေးဝင်သွားသည်။ သူ၏ လက်သည်းများက ချွန်ထက်နေပြီး ယဲ့ဖန်၏ ရင်ဘတ်ကို ဆွဲဆုတ်ရန် ပြင်လာသည်။
ဤအဖြစ်ကြောင့် ကင်းမြီးကောက် လူသတ်သမား ထိတ်လန့်သွားပြီး ယဲ့ဖန်အား ဝင်၍ ကူညီပေးချင်သည်။ ထိုစဉ် ယဲ့ဖန်က ဘာကိုမှ မရေးမစိုက်ဘဲ အဆိပ်မိကျောင်း၏ လက်သည်းအား လက်ဝါးဖြင့် ပြန်ရိုက်လိုက်သည်ကို သူ တွေ့လိုက်ရသည်။
*ပြန်ချရတာလား*
ဤမြင်ကွင်းကြောင့် ဖန်းရီပေါ်နှင့် အခြားသူများ မှင်တက်သွားကြပြီး အထင်သေး လှောင်ပြောင်သော အပြုံးမျိုး ပြုံးလာကြပြီး ယဲ့ဖန်အား အရူးဟု သတ်မှတ်လာကြသည်။
ထိုစဉ် အရေပြား စုတ်ပြဲသံနှင့် အရိုးကျိုးသံတစ်သံ ပဲ့တင်ထပ်လာ၏။